Showing posts with label story. Show all posts
Showing posts with label story. Show all posts

Friday, September 12, 2014

ကျနော်နဲ့ အပေါ်ထပ် ဇာတ်လမ်း


အပေါ်ထပ်ကို တက်ဘူးကြပါသလား၊ အပေါ်ထပ်ကို တက်ဘူးကြပါလိမ့်မည်၊

အိမ် ရုံး အဆောက်အဦး တို့တွင် အပေါ်ထပ်ရှိပါသည်၊
စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းတွေမှာလည်း အပေါ်ထပ်ရှိ ကြပါသည်၊

တစ်ချို့ အဆောက်အဦးတွေမှာ အပေါ်ထပ်ပေါင်း များစွာ အထပ်ထပ် ရှိကြပါသည်၊
ထို အပေါ်ထပ်ပေါင်းများစွာကို လူပေါင်းများစွာက အတက်အဆင်း အကြိမ်ပေါင်းများစွာ လုပ်နေကြသည်မှာ အချိန်နဲ့အမျှ ဖြစ်ပါသည်။

ဒီလို လူပေါင်းများစွာက တက်လိုက်ဆင်းလိုက် အကြိမ်ပေါင်းများစွာ လုပ်နေသည့်ကြားက အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ရှိပါသည်၊
ဟုတ်ပါသည်၊ ထို အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ကတော့ ကျနော် ကိုယ်တိုင်ပါပဲ။

------------------------------------

ခုတလော ခရီးတွေထွက်ခဲ့ရသည်၊ လုပ်ငန်းအားလုံးကိုလည်း စုပုံပြီး ဖြေရှင်းခဲ့ရသည်၊ သည့်အတွက် လူသည် စိတ်ရော ကိုယ်ရောပင်ပန်းလျှက် ရှိနေသည်၊

မိန်းမက မောင်ရေ စပါ (spa) သွားပါလားလို့ ကိုယ်ဖြစ်နေပုံကိုကြည့်ပြီး အကြံပေးလာသည်၊ ကိုယ်ယောက်ျား ဘာဖြစ်နေသည်ကို အလိုက်သိသော တော်လိုက်တဲ့ မိန်းမလို့ စိတ်ထဲက ချီးကျူးလိုက်သည်၊
ဒါပေမဲ့ ခက်နေပါပြီ၊
ဘန်ကောက်၊ စင်္ကာပူ၊ တိုင်ပေ၊ တိုကျို တို့မှာ စပါ (spa) ကို အကြိမ်ကြိမ် သွားရောက်ခဲ့ဘူးသည်၊ ကိုယ်နေတဲ့ မြို့မှတော့ စပါ (spa) ဘယ်ဆီရှိမှန်းမသိပါ၊ ကိုယ်ရဲ့ညံ့ဖျင်းချက်လည်း ဖြစ်နိုင်သလို၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေး သောကြောင့်လည်း ဖြစ်နိုင်ပါသည်၊ ဒါကလည်း ကြုံခဲ့ရတဲ့ လက်တွေ့ အခြေအနေတွေကြောင့်ပဲ ဖြစ်သည်၊ ဒါအပြင် လူတွေရဲ့ အမြင်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်၊ စပါ (spa) ကို သွားတယ်၊ အနှိပ်ခန်းက ပြန်လာတယ်ဆိုရင် လူတွေရဲ့ အကြည့်က တစ်မျိုးဖြစ်လို့နေသည်၊ ဒါတွေကလည်း စပါ (spa) တို့ အနှိပ်ခန်းတို့ကို ဘန်းပြပြီး လုပ်စားကြသော လူတစ်ချို့ကြောင့် ဖြစ်ပါလိမ့်မည်၊ စပါ (spa)တို့ အနှိပ်ခန်းတို့ကို တရားဝင်ဖွင့်ခွင့်ပေးမပေး မသိပါ၊ ဒါပေမဲ့ ဖွင့်နေကြပါသည်၊ တကယ်တော့ အကြောဖြေချင်သူ အညောင်းဖြေချင်သူ စိတ်အပန်းဖြေလိုသူတွေ Relax, Refresh တွေလုပ်ချင်နေသူတွေ အတွက် လိုအပ်နေသည် မဟုတ်ပါလား။

“ဘယ်က စပါ (spa) ကို သွားမှာလဲ”၊ မိန်းမကို မေးလိုက်သည်၊
‘စုံစမ်းလိုက်ရင် ရပါတယ် မောင်ရယ်’ ဆိုတဲ့အဖြေနဲ့အတူ မိန်းမကတော့ စပါ (spa) သွားရေးကို စတင် လုပ်ဆောင်နေပါပြီ၊ အမေ ရော မင်းရော သွားလို့ရတဲ့ စပါ (spa) ကို ရှာပါလို့၊ လိုလိုမယ်မယ် ပြောလိုက်သည်၊
မကြာခင်မှာပဲ “တွေ့ပြီ မောင်ရေ မြို့ထဲ ဘုရားသွားတဲ့လမ်းမှာပဲ၊ အမေ ကိုမေးပြီး ကျမ အချိန်ကို တောင်းလိုက်တော့မယ်”၊ ဒီလိုနဲ့ ကျနော်တို့ ဒီညနေ စပါ(spa) သွားဖြစ်တော့မှာပါ၊ ကိုယ်နိုင်ငံမှာ ကျနော် ပထမဦးဆုံးအကြိမ် စပါ(spa) သွားဘူးခြင်းဖြစ်ပါလိမ့်မည်။
မြို့ထဲမှာ ရှိတဲ့ စပါ (spa) ကို နေ့လယ် ၂နာရီခွဲ အရောက်သွားရမည် ဖြစ်သည်၊ လမ်းမှာကားကြပ်နိုင်၍ နေ့လယ်တစ်နာရီလောက် အိမ်ကထွက်ဖြစ်ကြသည်၊ မိန်းမက စီစဉ်ထားသည့် အတွက် သူနောက်ကိုပဲ လိုက်ရန် ဆုံးဖြတ်ထားသည်၊ ဘယ် စပါ(spa) လည်း ဆိုတာလဲ မမေးမိပါ၊ အမေသည်လည်း ဘန်ကောက်တို့ စင်္ကာပူတို့တွင် စပါ (spa)ကို သွားဘူးသဖြင့် သူ့အတွက် မစိမ်းပါ၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးသည် ကိုယ်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် စပါ(spa) သွားကြခြင်းဖြစ်ပါသည်။

စပါ(spa) ကို ရောက်သွားသောအခါ ဝင်လိုက်သည်နဲ့ ကောင်မလေး တစ်ယောက်က လာကြိုသည်၊ appointment ယူထားသလားလို့မေးသည်၊ မိန်းမက ယူထားကြောင်းနဲ့ သူ့နာမည်ကို ပြောလိုက်သည်၊ ခဏစောင့်ပါ ဆိုပြီး ဆိုဖါတွေမှာ ကျနော်တို့ကို ထိုင်ခိုင်းထားသည်၊ ထိုင်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့် လိုက်သည်၊ အပြင်ခန်းကို ကြည့်တော့ အပြင်အဆင်က ယိုးဒယားက အနှိပ်ခန်းတွေနဲ့တူသည်၊ အထဲမှာတော့ ဝင်မကြည့်ရ၍ မသိရသေးပါ။

များမကြာမီ ပိုင်ရှင် ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက် ထွက်လာသည်၊ အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး ဖြစ်နိုင်သည်၊ ဝတ်စားထားပုံကတော့ ခေတ်မှီ စမတ်ကြသည်၊ ထိုအချိန်တွင် ကျနော်တို့ကို ဂရင်းတီး နွေးနွေးလေး လာတိုက်သည်၊ ပိုင်ရှင်အမျိုးသမီးသည် ကျနော့်မိန်းမကို spa package တွေ အကြောင်းရှင်းပြနေသည်၊ တကယ်တော့ ရောင်းချနေခြင်းဖြစ်ပါသည်၊ ကျနော်ကတော့ ကျနော်ဘာလုပ်ချင်သည်ကို မိန်းမကို ပြောထားပြီး၍ စောင့်၍ပဲနေလိုက်ပါသည်၊ ခဏနေကြတော့ ‘မောင်ရေ ကျမတို့ နှစ်ယောက်အတွက်တော့ သုံးမျိုးပေါင်း၊ အမေ့အတွက်ကတော့ အကြောဖြေ တစ်မျိုးပဲ ယူလိုက်တယ်၊ သူတို့လာခေါ်လိမ့်မယ်’ ဆိုလာပါသည်၊ ကျနော်ကတော့ အဆင်ပြေသလိုပေါ့လို့ ပြန်ပြောလိုက်မိသည်။

ခဏနေကြာတော့ ဝတ်စုံပြည့်ကောင်မလေး တစ်ယောက်ရောက်လာပါသည်၊ ကျနော်တို့ကို spa အဝတ်အစားတွေလဲရန်ပေးပါသည်၊ ကျနော်တို့အသီးသီး အခန်းထဲ ဝင်လဲပြီးသောအခါ၊ ကျနော့်မိန်းမအတွက် အခန်းသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ကောင်မလေးက သူနှင့်လိုက်ခဲ့ရန်ပြောသည်၊ ကျနော်နဲ့ အမေကို ဆယ်ငါးမိနစ်လောက် စောင့်ပါလို့ဆိုသည်၊ တဆက်ထဲမှာပင် အမေနှင့် မိန်းမက အောက်ထပ် အခန်းတွေမှာဖြစ်ပြီး၊ ကျနော့်အတွက်တော့ အပေါ်ထပ်အခန်းမှာလို့ဆိုသည်၊ အမေ့အတွက် အကြောဖြေတာက တစ်နာရီပဲဖြစ်သည်၊ ကျနော်တို့ နှစ်ယောက်ကတော့ နှစ်နာရီကျော်ကျော် ကြာမည်ဖြစ်သည်လို့ ဆိုသည်၊ ဒီလိုနဲ့ မိန်းမကတော့ ပြုံးပြုံးလေးနဲ့ ကောင်မလေးနောက်သို့် လိုက်သွားတော့သည်။

ကျနော်တို့ စောင့်နေတုန်း ပိုင်ရှင်အမျိုးသမီးထွက်လာပြီး ဒီနေ့မှ အခန်းတွေပြည့်နေလို့ ခုလိုစောင့်ပေးနေတာ ကျေးဇူးတင်ပါတယ်လို့ ဆိုပြီး ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်၊ စောင့်နေတဲ့အခန်းမှာတော့ ကျနော်တို့ရယ် ဧည့်ကြိုကောင်မလေးရယ်ပဲရှိသည်၊ အခန်းတစ်ခုလုံးကတော့ ငြိမ့်ညောင်းသော တေးသံဖြင့် ဖုံးလွှမ်းလျှက် ရှိပါသည်၊ ခဏနေကြာ ကျနော်စိတ်ထဲမှာ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့တစ်ခုကို ရရှိလိုက်သည်၊ ထိုအချိန်မှာ အပေါ်ထပ်မှ အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး တစ်ယောက် ဆင်းလာပါသည်၊ ထိုနောက် အလွန်ယဉ်ကျေးပျူငှာစွာဖြင့် ကျနော်ကို အပေါ်ထပ်ကို လိုက်ခဲ့ဖို့ ခေါ်ပါသည်၊ ကျနော်လည်း အမေကို သားအပေါ်ထပ် လိုက်သွားလိုက်ဦးမယ် ဆိုပြီး ကျနော်လိုက်သွားခဲ့သည်၊ အမေက အမေအရင်ပြီးလို့ရှိရင် ဒီမှာပဲ သားကိုစောင့်နေမယ်လေ ဆိုပြီး ကျန်ရစ်ခဲ့ပါသည်။

………………………………………

အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး နောက်သို့ လိုက်ရင်း အပေါ်ထပ်ကို ရောက်လာတော့သည်၊ လှေခါးထိပ်အဝမှာပင် ခါးတောင်းကျိုက်ထားသော ကောင်လေးတစ်ယောက်နဲ့ ထမိန်ရင်ရှားပုံစံ ဝတ်ထားသော ကောင်မလေး တစ်ယောက်တို့က ခရီးဦးကြိုဆိုသလို လက်ကလေးတွေနဲ့ ကျနော်သွားရမည့် နေရာကို ညွှန်ပြနေပါသည်၊ အစိမ်းရောင် ကောင်မလေးက အခန်းတစ်ခုကိုပြရင်း ဒီအခန်းထဲက စောင့်နေပါဆိုပြီး ခေါင်းလေးငြိမ့်ကာ တရိုတသေ ထွက်သွားသည်၊ ကျနော်လည်း အခန်းထဲသို့ ဝင်လိုက်ပါသည်။


အခန်းတစ်ခုလုံးသည် အေးစိမ့်နေပါသည်၊ ဖယောင်းတိုင် တစ်တိုင်အားထက် တစ်ဝက်နည်းသော အလင်းရောင် ရှိသည်၊ အခန်းအလယ်တွင် ခုတင်တစ်လုံးရှိနေသည်၊ ကုတင်သည် ကတ္တီပါ အပြည့်ခင်းထားပါသည်၊ ကတ္တီပါ စွတ်ထားသော ခေါင်းအုံးတစ်လုံးလည်း ရှိပါသည်၊ စပါ(spa) တို့ ထုံးစံအတိုင်း ခုတင်ပေါ်တွင် မှောက်လျက်အိပ်ကာ စောင့်နေပါသည်၊ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့သည် အခန်းထဲမှာ ခုနကထက်ပိုပါသည်၊ တေးသံကလည်း တကယ့် ရေစီးဆင်းနေသလို အေးငြိမ့်နေပါသည်၊ အကြောမဖြေရခင်မှာပင် တစ်ဝက်လောက်ပြေလို့ နေပါပြီ၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေးသော ကျနော်သည် ဒီမှာတွေ့ရတာတွေက တခြားစီဖြစ်လို့ နေပါသည်၊ ဒီအချိန်မှာပဲ ထူးခြားသော အမွေးရနံ့ တစ်ခုကို ထပ်ရလိုက်ပါသည်၊ တစ်ချိန်ထဲမှာပင် ‘မောင်တော် နှမတော် စပြီးပြုစုပါရစေ’ ဆိုတဲ့ သာယာစရာအကောင်းဆုံး အသံကိုကြားလိုက်ရပါသည်၊ ရပါတယ် ရပါတယ်လို့ ပြောပြီး စဉ်းစားလိုက်မိသည်၊ ဒီ စပါ(spa)က သူ့ဝန်ထမ်းတွေကို ဆားဗစ်ကို တော်တော် လေ့ကျင့်ပေးထားတာပဲ၊ လာတဲ့ customer ကို မောင်တော်တို့ အစ်ကိုယ်တော်တို့ အစ်မတော်တွေ ခေါ်ခိုင်းထားတယ်လို့ ဖြစ်ပါသည်၊ သူမကတော့ ကျနော့်ကို ဆီမွှေးနံ့သာတွေ လိမ်းပေးကာ အကြောတွေ စဖြေနေပါပြီ။

ကျနော်သေချာ ကြည့်လိုက်မိသည် ကျနော့်ကို အကြောဖြေပေးနေသော အမျိုးသမီးသည် ရွှေဝါရောင် ဝမ်းဆက်ကို ဝတ်ထားသော်လည်း ဒီဇိုင်းက အဆန်းဖြစ်သည်၊ ထမိန်ရင်ရှားပုံစံဖြစ်သော်လည်း အစိမ်းရောင် အထက်ဆင်က ကြီးမားကာ ဗိုက်ကစပြီး ရင်ကိုဖုံးစေသည်၊ ရွှေဝါရောင်ပုဝါကို ခြုံထားသည်မှာလည်း ဘယ်လိုလှုပ်ရှား လှုပ်ရှား ပုဝါသည် မကျပေ၊ ခဏအတွင်းမှာပင် အညောင်းအညာတို့သည် ယူပစ်သလို ပျောက်သွားခဲ့သည်၊ ‘အဆင်ပြေပါရဲ့လား မောင်တော်’လို့ သူမေးလာသည်၊ ကျနော်က အလိုက်သင့်ပင် ခေါင်းထဲမှာ stress တွေများနေလို့ ဆိုပြီး ဖြေလိုက်မိသည်၊ နှမတော် ဖြေပေးပါမယ် မောင်တော်လို့ ဆိုသည်၊ ထိုနောက် ကျနော်ကို တင်ပလ္လင်ခွေ ထိုင်ခိုင်းလိုက်သည်၊ သူမသည် ဒူးထောက်ခါ ကျနော်ရှေ့မှာနေသည်၊ သူမမျက်နှာကို ခုမှကြည့်မိပါသည်၊ အလွန်တစ်ရာမှ ကျက်သရေရှိလှသည်၊ နောက်ပြီး သူမ၏ သန့်ရှင်းလှပသော အပြုံးတို့ကို တွေ့လိုက်ရလေသည်။

‘မောင်တော် မျက်စေ့လေးမှိတ်ပြီး ကျမ ပြောတာတွေ စိတ်ထဲကနားထောင်၊ မောင်တော်ရဲ့ အပူအပင်အမောတွေ ပျောက်သွားရလိ့မ်မယ်’၊ ‘ကဲ မျက်စေ့လေးမှိတ်လိုက်’ ဆိုပြီး ကျနော်ရဲ့ နားထင်လေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါသည်၊ ပြီးနောက်နဖူး၊ နောက်ဆံပင်လေးတွေကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါတော့သည်၊ အလွန်ညှင်သာသော ထိတွေ့မှုပါပဲ၊ တကယ်ပါ ဒီလိုမျိုး ကျနော် ပထမဦးဆုံး အကြိမ် ခံစားဘူးခြင်းဖြစ်ပါသည်၊
‘မောင်တော်’
‘နှမတော် မောင်တော်ကို အရင်တုန်းက တစ်ဝကြီး မပြုစုပေးလိုက်ရဘူး ခုမှပြုစုရမှာပါ၊ အဲဒီစိတ်က နှမတော်ကို အစွဲအလန်းကြီးစေခဲ့ပါတယ် မောင်တော်’
‘ခုတစ်ဝကြီှးပြုစုပါရစေ မောင်တော်’
ကျနော်ကတော့ သူမ ပြောနေတာတွေကို သိပ်မသိတော့၊ သေချာတာကတော့ ဒီကို ကျနော် ပထမဦးဆုံးအကြိမ် လာဖူးခြင်းဖြစ်သည်၊ ဒီကောင်မလေး လူမှားနေတာဖြစ်နိုင်သည်လို့ တွေးလိုက်မိသည်၊ ပြီးနောက် အထိအတွေ့က ကျနော့်ကို ဖမ်းစားသွားသည်၊ သူမ ပြောနေသည့် စကားတွေထဲတွင် နားထောင်ရင်း မျောပါသွားခဲ့ပါပြီ။

မောင်တော် နှမတော်တို့ ရွှေတိဂုံ ဘုရား သွားဖူးရအောင်လေ၊ နှမတော်တို့ ဖူးခဲ့ဘူးကြတယ်လေ၊
ကျနော်သည် ရွှေတိဂုံ ဘုရားကို သွားနေသည်လို့ ခံစားလိုက်ရသည်၊
ဒီမုဒ်ဦးကို မှတ်ထားနော် မောင်တော် ဒီဘက်မှာ မယ်တော်ကြီး နန်းရှိတယ် မောင်တော်ရောက်လို့ရှိရင် ဝင်ပြီးကန်တော့ပေါ့၊ အရိုသေ ပေးတဲ့ သဘောပေါ့၊
ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ရွှေတိဂုံဘုရား ပတ်ကြသည်၊ သူမသည် ကျနော်ကို အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုထဲက ဘုရားတို့ကို ဖူးစေခဲ့သည်၊ နောင်ရောက်လျှင်လည်း ဖူးရန်မှာလေသည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ မောင်တော် နောင်အခက်အခဲတွေ ရှိခဲ့လျှင် ဒီစေတီလေးမှာ လာဆုတောင်းပါလို့ ဆိုသည်၊ ခုမှ သတိထားမိသည် ကျနော်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည်၊ နောက်ပြီး ဘုရားပေါ်တွင် လူရှင်းနေသည်လို့ ထင်နေမိသည်၊

ဒီလိုနဲ့ ကျနော်တို့ စေတီလေးနှစ်ဆူကြား ရောက်ခဲ့ကြသည်၊ ကွက်လပ်ကလေးရှိသည်၊
လာ မောင်တော် နှမတော်တို့ ဒီနေရာကနေ ဘုရားကို အာရုံပြုကြရအောင်၊ ကျနော်ထိုင်လိုက်သည် ထိုနေရာလေးသည် ရွှေတိဂုံစေတီ တစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း ဖူးမြင်ရသည်ကို တွေ့ရလေသည်၊
ဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ် မောင်တော်
အဲဒီ ဆည်းလည်းသံတွေကို အာရုံပြုလိုက်ပါ မောင်တော်
မောင်တော်ရဲ့ စိတ်မော လူမော ရင်မောတွေ ပျောက်သွားပါလိမ့်မယ်၊
အာရုံပြုထားသော ဆည်းလည်းသံတွေ တိုးတိတ်သွားချိန် မှာတော့၊
မောင်တော်ကို နှမတော် ပြုစုလို့ ဝခဲ့ပါပြီ၊ မောင်တော် ရေချိုးသန့်စင်ပြီး ပြန်ဆင်းလို့ရပါပြီ၊
ဆိုပြီး ကျနော်ကို ရေချိုးခန်းသို့ ပြပေးပါသည်၊ ကျနော်လည်း ပြန်ဆုံကြသေးတာပေါ့လို့ ပြောပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်ပါသည်။

---------------------------------

ရေချိုးပြီးသောအခါ ကျနော်သည် တကယ်ကို တက်ကြွလန်းဆန်းလို့နေပါသည်၊ စိတ်သစ်လူသစ်ကဲ့သို့ ဖြစ်လို့နေပါသည်၊ တကယ့် Refresh ဖြစ်လို့သွားခဲ့ပါသည်၊ ဒီလိုနဲ့ ကျနော်အောက်ထပ်ကို ပြန်ဆင်းခဲ့ပါသည်၊ လှေခါး အဝတွင် အရင်လို ကြိုဆိုနေသော ကောင်လေးနှင့် ကောင်မလေးတွေကို မတွေ့ရတော့ပါ၊ ငြိမ့်ညောင်းသော တေးသံလည်း မကြားရတော့ပါ၊ အမွှေးရနံ့တို့လည်း ပြောင်းလဲလို့နေသည်၊ မိတ်ကပ် အလှဆီ အနံ့များသာ ရရှိလို့နေလေသည်။

ကျနော်အောက်ထပ်ကို ရောက်ခါနီး လှေခါးအဆုံးမှာ အလန့်တကြား အော်သံများကြားလိုက်ရသည်၊ လူတစ်ယောက် အပေါ်ထပ်ကဆင်းလာတယ်၊ ယောက်ျား တစ်ယောက် ဆင်းလာတယ် စသဖြင့် အော်နေကြသည်၊ ‘ရှင်ဘယ်သူလဲ ဒါမိန်းမသီးသန့် အလှပြင်တဲ့နေရာ ရှင်ဘယ်လို ဝင်လာသလဲ’၊ ကျနော်ကို ရပ်ကာ မေးတော့သည်၊ မိန်းမကြီးကြီးသုံးယောက်လောက်က ကျနော်ကို ဝိုင်းထားသည်၊ ကျနော်ကလည်း “ငါအားလုံးပြီးလို့ အဝတ်လဲဖို့ ပြန်လာတာလေ မင်းတို့ကဘယ်လိုလဲ ဘာတွေလာမေးနေတာလဲ”၊ ကျနော်ပြန်မေးလိုက်သည်၊ ကျနော် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အခန်းတွေသည် လုံးဝပြောင်းလဲနေသည်၊ အမေစောင့်နေမည်ဆိုသော ဆိုဖါတွေလည်း မရှိတော့ပါ၊ ကျနော်ခုမှ လုံးဝအံ့အားသင့်ရပါတော့သည်၊ အားလုံးသည် ပြောင်းလဲလို့နေသည်၊ ကျနော်ဘယ်ကို ရောက်နေတာလဲ၊ လှေခါးကတော့ ဒီလှေခါးကြီးပဲဖြစ်သည်၊
ထိုသို့ ကျနော်စဉ်းစားနေချိန်တွင် အန်တီလာပြီဆိုသော အသံနှင့်အတူ မိန်းမကြီးတစ်ယောက်နဲ့ ကောင်မလေး နှစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်၊ သူတို့သည် ကျနော်ဘေးနားက ခွာပေးလိုက်သည်၊ အန်တီလို့ သူတို့ခေါ်သောမိန်းမကြီးကို ကျနော်မြင်ဘူးသလိုလိုဖြစ်နေသည်၊ ဟုတ်သည် စပါ(spa) ပိုင်ရှင်အမျိုးသမီးနဲ့ တော်တော်တူသည် အသက်ကြီးတာပဲ ကွာပါလိမ့်မည်၊ အန်တီလို့ခေါ်သောမိန်းမကြီးသည် ကျနော်ကိုကြည့်ပြီး တုန်လှုပ်နေသည်၊ ‘မင်း မင်း ရှင် ရှင်ဘယ်လိုပြန်ရောက် လာတာလဲ’၊ တုန်တုန်ရီရီနဲ့မေးသည်၊ အန်တီကြီး၏ တုန်တုန်ရီရီနှင့် မေးခွန်းတွေကြောင့် အားလုံးကြောင်၍ နေကြသည်၊ “ခုပဲကျနော် အားလုံးပြီးလို့ အပေါ်ထပ်က အဝတ်လဲဖို့ ပြန်ဆင်းလာတာလေ”၊ ‘မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး’ ‘ခုမှ ရှင်ပြန်ရောက်လာတာ၊ ဘယ်ကပြန်ရောက်လာတာလဲ’၊ ထိုသို့ပြောရင်း ကျနော်ကို သေချာသိုက်ကြည့်နေရင်း ထိုမိန်းမကြီးလဲကျသွားတော့သည်၊ အားလုံးက မိန်းမကြီးကို အာရုံဝိုင်းစိုက်နေကြတဲ့ အချိန်မှာ၊ ရှုပ်ရှုပ်ယှက်ယှက်နဲ့ ငါဘာသာ ဒီအတိုင်းပြန်တော့မယ် ကျန်တာတွေ မိန်းမကိုရှင်းခိုင်းမယ်ဆိုပြီး ကျနော် စပါ(spa) အပြင်သို့ ထွက်လာခဲ့သည်။

လမ်းမကိုရောက်သော အခါ ဘုရားလမ်းသည် ပြောင်းလဲလို့နေကြောင်း တွေ့ရသည်၊ လမ်းသည် သေသေသပ်သပ်နဲ့ ဖြစ်လို့နေသည်၊ လူတွေ မထူထပ်တော့ပါ၊ လူများ ကားများသည်လဲ အနည်းငယ် သစ်လွင်နေသည်ကို တွေ့ရသည်၊ ကျနော်မမြင်ဘူးသော ကားမော်ဒယ်များဖြစ်လို့နေသည်၊ အိမ်ကိုပြန်ချင်သော စိတ်ကြောင့် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်အားပါ၊ Taxi လို့ရေးထားသော ကားတစ်စီးကို တားလိုက်သောအခါ ရပ်ပေးသည်၊ ကားထဲဝင်လိုက်ပြီး အိမ်လိပ်စာကို ပြောလိုက်သည်၊ ကားသမားသည် ကျနော်ကို ဘာမှပြန်မပြောပဲ မောင်းလို့သွားသည်၊ ဒီ Taxi မျိုးကို ကျနော်တစ်ခါမှ မစီးဘူးပါ အဆင့်မြင့်ပါသည်၊ ကျနော်ဝတ်လာသော စပါ(spa)က အဝတ်အစားကိုလည်း ယာဉ်မောင်းကဘာမှ မပြောပါ၊ စဉ်းစားနေရင်းနဲ့ပင် Taxi သည် အိမ်ပေါက်ဝသို့ ရောက်လာလေသည်၊ ကျနော်က ခဏနေဦး ကျနော်ကားခ တောင်းပေးမယ်ဆိုပြီး အိမ်ထဲသို့ “မချိုရေ မချိုရေ ဒီမှာ ကားခလာပေးပေးဦး” လှမ်းပြောလိုက်သည်၊

ထိုအခါ အိမ်ထဲက ကျနော် မသိသော မိန်းမကြီးတစ်ယောက် ထွက်လာသည်၊ ကျနော်ကို မြင်တော့ အမယ်လေးတော့ ဆိုပြီးလန့်အော်သည်၊ ဘာအော်တာလဲ ကားခပေးလိုက်ဆိုပြီး ပြန်အော်လိုက်မိသည်၊ မိန်းမကြီးလည်း ကြောက်လန့်သော ပုံစံဖြင့် ကားခသွားပေးလေသည်၊ ပြီးနောက် ကျနော်အိမ်ထဲသို့ဝင်နေသည်ကို ရှေ့ကအတင်းဖြတ်က အိမ်ထဲသို့ ပြေးဝင်ရင်း ‘ဆရာပြန်ရောက်လာပြီ’ ‘ဆရာပြန်ရောက်လာပြီ’ အော်ကာနေလေတော့သည်။

ကျနော်သည် အိမ်ထဲသို့ ဝင်လာရင်း ဘယ်နှယ် ငါ့အိမ်က ဟောင်နွမ်းသွားပါလိမ့်၊ ဆိုဖါအပါအဝင် ပရိဘောဂ တွေက အရောင်မှိန်လို့နေပါသည်၊ ထိုအချိန်တွင် လူငါးယောက်လောက် ဧည့်ခန်းထဲ ထွက်လာပြီး အံ့သြသော တုန်လှုပ်သော မျက်နာတွေနဲ့ ကျနော်ကို ကြည့်လို့နေသည်၊ ကျနော်လည်း သူတို့ကို တစ်ယောက်ချင်း လိုက်ကြည့်လိုက်မိသည်၊ ခင်ဗျား ကိုစိုးဝင်း မဟုတ်လား၊ မိန်းမကြီးကို ခင်ဗျားက မချို၊ နောက်တစ်ယောက်ကြတော့ နွယ်နီ သူတို့ကို ကျနော်မှတ်မိသွားသည်၊ “ခင်ဗျားတို့ ဘာလို့အသက်တွေ ကြီးသွားကြတာလဲ” ကျနော်မေးလိုက်မိသည်၊ ခင်ဗျာ ရှင်ဆိုပြီး အံ့သြသံတွေကြားရသည်၊ ဆရာထွက်သွားတာ အနှစ်နှစ်ဆယ် ရှိပြီလေ၊ ဗျာ ကျနော် အလန့်တကြားအော်လိုက်မိသည်၊ ဘယ်လိုဘာ ကျနော် ပြန်မေးလိုက်သည်၊
‘ဟုတ်တယ် ဆရာ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆရာ စပါ ဆိုတာသွားပြီး အပေါ်ထပ်တက်သွားတာ ပြန်မဆင်းလာပဲ ပျောက်သွားခဲ့တယ်’၊
“ဟာ မဟုတ်တာ”ဆိုပြီး ကျနော် အနီးနားက မှန်ထဲ ကျနော်ကိုယ်ကျနော် ပြေးကြည့်လိုက်သည်၊ ကျနော်သည် ဘာမှ မပြောင်းလဲပါ အရင်အတိုင်းအသက် သုံးဆယ် မပြည့်သေးတဲ့ အရွယ်ပါပဲ၊ ‘ဟုတ်တယ် ဆရာရုပ်က ဘာမှမပြောင်းလဲလို့ ကျမတို့က သရဲထင်ပြီး လန့်နေတာ’လို့ မချိုကဆိုသည်၊ “ဒါဆို အမေနဲ့ မီမီရော”၊ မီမီက ကျနော်မိန်းမဖြစ်သည်၊ မချိုက
‘အမေကြီးအခန်းထဲမှာရှိတယ် လာကြ လာကြ အမေကြီးဆီသွားရအောင် အမေကြီးတအားဝမ်းသာသွားမှာပဲ’၊
‘ဘယ်သူတွေဘာပြောပြော အမေကြီးက ငါ့သားတစ်နေ့ပြန်လာမှာ ဆိုပြီး ဆရာကို စောင့်နေတယ်၊ နေ့တိုင်နည်းပါးပါပဲ စပါဖွင့်ခဲ့တဲ့အိမ်နားသွားပြီး ဆရာကိုသွားရှာခဲ့သည်၊ ဆရာစိတ်နဲ့ အမေကြီးနှလုံးရောဂါ ရသွားခဲ့တယ်လေ၊’
‘ရောဂါက တော်တော်ဆိုးဝါးခဲ့တယ်၊ လွန်ခဲ့တဲ့၂နှစ်လောက်က ဆေးကျောင်းသူ ကလေးမလေးတစ်ယောက်နဲ့ စပါဖွင့်ခဲ့တဲ့အိမ်နားမှာ အမေကြီးတွေ့ခဲ့ရပြီး အဲဒီကလေးမလေးက အမေကြီးကို လာပြီးပြုစုခဲ့တယ်၊ ဒါနဲ့ တဖြည်းဖြည်း အမေကြီးရောဂါသိသိသာသာ သက်သာလာပြီး တရားတွေအားထုတ်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ရောဂါအခံတော့ ရှိနေပါသေးတယ်၊ အမေကြီးက အရင် မချိုနေတဲ့ အခန်းထဲမှာနေတယ်လေ’၊ ကျနော်တို့အခန်းဝရောက်တဲ့ အချိန်မှာတော့ ကိုစိုးဝင်းတို့ အမေအခန်းထဲရောက်လို့နေပါသည်၊ ‘ငါ့သားပြန်ရောက်လာပြီ မဟုတ်လား ငါ အသံကြားရတယ်’ ဆိုတဲ့ အမေ့အသံကို ကျနော်အခန်းဝက ကြားနေရသည်၊ အမေ အသံသည် အရင်အတိုင်း မပြောင်းလဲသေးပါ။

----------------------------------

အမေက ကျနော်ကိုဖက်၍ ငိုသောအခါ ကျနော်လည်း ငိုမိပါသည်၊ အမေသည် တကယ့် အဖွားကြီး တစ်ယောက်လိုဖြစ်သွားပါပြီ၊ အမေနဲ့သားတို့ကြားတွင် အသက်တွေ အရွယ်တွေကို သတိမပြုနိုင်အားပါ၊ အမေနဲ့သားတို့ရဲ့ အလွမ်းသည်မှုသည် နှစ်နာရီလောက်ကြာခဲ့လေသည်၊ ပြီးနောက် အမေသည် ကျနော်နဲ့အတူ အိမ်ရှေ့သို့ ထွက်လာခဲ့သည်၊ အိမ်ရှိ လူအားလုံးတို့သည်လည်း အိမ်ရှေ့ဧည့်ခန်းသို့ ရောက်ရှိလို့နေပါသည်၊


အမေသည် ကျနော့်မျက်နှာကို တစိမ့်စိမ့်ကြည့်၍ နေသည်၊ “အမေ သားဘယ်ကိုမှ မသွားဘူးအမေ၊ သားအပေါ်ထပ်တက်ပြီး ပြန်အဆင်းမှာ အားလုံးဟာ ပြောင်းလဲနေတယ် အမေ”၊
“ယုံပါအမေရယ်” “ယုံပါအမေရယ်”၊ ကျနော် တုန်တုန်ရီရီနဲ့ အမေ့ကိုပြောလို့နေပါသည်၊
အမေယုံပါတယ် သားရယ်၊ ဒါကြောင့် ငါ့သားပြန်ရောက်လာမယ် ဆိုတဲ့ ယုံကြည်မှုဟာ အမေဆီမှာ အမြဲရှိခဲ့တာပေါ့၊

ဒါပေမဲ့ သားရယ်၊ သားအပေါ်ထပ်တက် သွားခဲ့တာ အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ တကယ့်ကို အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ ငါ့သားလည်း ယုံပါ၊ အမေတို့ မချိုတို့ ကိုစိုးဝင်းတို့ ရုပ်တွေနဲ့ အသက်တွေကိုပဲကြည့်လေ၊ သားပြောသလို သားအပေါ်ထပ်တက်သွားနေတုန်း ဘာတွေဖြစ်ခဲ့သလည်း ဆိုတာ အမေပြောပြမယ်လေ၊ အမေသည် လက်ရှိဖြစ်နေတာကို ပကတိအခြေအနေလို့ ယူဆကာ ကျနော်ကို တည်ငြိမ်စွာဖြင့် ပြောပြပါတော့သည်။

ငါသား စပါအပြီးကို အမေရော သမီး မီမီပါ ဆိုဖါပေါ်မှာထိုင်ပြီးစောင့်နေခဲ့ပါတယ်၊ နှစ်နာရီလောက်ကြာတဲ့အထိပေါ့၊ သားပြန်မဆင်းလာတော့ တစ်ခုခုမှားနေပြီ ဆိုပြီးတော့ မီမီက ကောင်တာကို သွားမေးပါတယ်၊ သူတို့က အပေါ်ထပ်တက်ကြည့်ပေးပါတယ်၊ အပေါ်ထပ်မှာ သားမရှိတော့ဘူးလို့ပြောတယ်၊ ပိုင်ရှင်အမျိုးသမီးလည်း ဝင်ရှာတာပေါ့သားရယ်၊ သားကိုလုပ်ပေးရမဲ့ ကောင်မလေးက၊ သားမလာလို့ တခြားတစ်ယောက်ကို လုပ်ပေးလိုက်တယ်ဆိုတယ်၊ ဒီလိုပဲ တစ်ချို့သူတွေလို မစောင့်နိုင်လို့ ပြန်သွားကြတယ် ထင်လို့ပါလို့ ဆိုတယ်၊ စပါ(spa) တစ်ခုလုံးကတော့ ရှုပ်ယှက်ခတ်လို့သွားခဲ့ပါတယ်၊ မီမီကလည်း သေချာအောင် သားအိမ်ပြန်သွားလား ဆိုပြီး အိမ်ကိုဖုန်းဆက် ရှာခိုင်း၊ ကိုစိုးဝင်းတို့က သားပြန်မလာဘူးလို့ ရှာပြီးတော့ ဖြေကြတယ်၊ နောက် အဝတ်လဲခန်းက လော်ကာဘူးထဲမှာ သားအဝတ်အစား၊ နာရီ၊ ဖုန်း နှင့် ပိုက်ဆံအိတ် တွေက ဒီအတိုင်းရှိနေတုန်းပဲလေ၊ သား ဒီ စပါ(spa) ဝတ်စုံ တစ်ခုထဲနဲ့ အပြင်ကို ဘယ်လိုမှ မထွက်သွားနိုင်ဘူးပေါ့၊ မီမီက ပိုင်ရှင်တွေနဲ့ ငြင်းတော့တာပါပဲ။

ဒီနောက် သူတို့က သား အပေါ်ထပ် တက်မလာဘူးလို့ ဆိုကြပြန်တယ်၊ အမေက အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ်ကို တက်သွားတာလို့ ပြောရတာပေါ့၊ သားကို အစိမ်းရောင် ဝတ်ထားတဲ့ ကောင်မလေး လာခေါ်သွားတာလို့ ပြောတော့၊ အဲဒီမှာ သူတို့ကပြောတယ် သူတို့ဝန်ထမ်းတွေထဲမှာ ဘယ်သူမှ အစိမ်းရောင် မဝတ်ဘူးပေါ့၊ သေချာတာကတော့ အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ် တက်သွားတာလို့ အမေလည်း ငြင်းတာပေါ့၊ အမေနှင့် သမီး မီမီတို့ အပေါ်ထပ် တစ်ခန်းပြီးတစ်ခန်း ဝင်ရှာပါတယ်၊ သားကို မတွေ့ရပါဘူး၊ နောက်ဆုံး အငြင်းအခုံတွေက ပိုပြီးပြင်းထန်လာတယ်၊ သူတို့က သား စပါ(spa) မလုပ်ပဲ၊ ဒီအတိုင်းပဲ ထွက်သွားတာလို့ ပြောတယ်၊ အမေတို့ကလည်း သား ဒီ စပါ(spa) မှာ ပျောက်နေတာ ဆိုပြီးတော့ပေါ့၊ ဒီလိုနဲ့ သမီး မီမီက နောက်ဆုံး ရဲကို အကြောင်းကြားလိုက်တယ်၊ ရဲတွေရောက်လာပြီး စစ်ကြမေးကြတာပေါ့၊ ရဲတွေလည်း စပါ(spa) တစ်ခုလုံးရှာ၊ အနံ့ခံ ခွေးတွေပါ ခေါ်ပြီး ရှာကြပါတယ်၊ ရှာလို့ မတွေ့ကြပါဘူး၊ သေချာတာ တစ်ခုက စပါ(spa)ရဲ့ တံခါးပေါက် CCTV မှတ်တမ်းထဲမှာ သားပြန်ထွက်သွားတာ လုံးဝ မရှိဘူးဆိုတာပေါ့။

ဒီလိုနဲ့ မေမေတို့လည်း အိမ်ပြန်ရောက်လာကြတယ်၊ မယုံနိုင်စရာကောင်းတဲ့ သားရဲ့ ပျောက်ဆုံးခြင်းပါပဲ၊ လူပျောက်ကလည်း သုံးရက်နေမှ အမှုဖွင့်လို့ရတယ်၊ စပါ(spa)ကိုလည်း ရဲတွေက ခဏပိတ်ခိုင်းလိုက်တယ်၊ နောက်ပိုင်း CID မှုခင်းရဲတွေတောင် စပါ(spa)ကို သွားထပ်ရှာကြသေးတယ်လို့ ဆိုတယ်သားရယ်၊ အမေလည်း နေ့တိုင်းနည်းပါး စပါ(spa)နားကို သွားပြီး သားပြန်အလာကို သွားစောင့်နေတာပေါ့၊ နောက်ပိုင်း စပါ(spa)လည်း ပိတ်သွားခဲ့တယ်၊ သမီး မီမီလည်း သားခုလို ရုတ်ခြည်းပျောက်သွားတော့ ဘယ်လိုခံစားရမလဲဆိုတာ သားပဲ တွေးကြည့်ပေါ့ကွယ်၊ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊ တစ်နှစ် နှစ်နှစ်၊ ရက်တွေကြာလာခဲ့ပါတယ်၊ သမီး မီမီလည်း သားရဲ့ လုပ်ငန်းတွေကို သူတတ်သလောက် ဆက်လက်လုပ်တာပေါ့၊ သူလုပ်နိုင်တာတွေကိုပေါ့၊ တစ်ချို့ လုပ်ငန်းတွေကိုတော့ ၊ အမေပဲ ရောင်းခိုင်းလိုက်ပါတယ်၊ နောက်ပိုင်း ကိုယ့်သား အတွက်နဲ့ သမီး မီမီကို မခံစားစေချင်တော့ဘူး၊ မနစ်နာစေချင်တော့ဘူး၊ သား ပျောက်သွားပြီး ဆယ်နှစ်ပြည့်ပြီးတာနဲ့၊ ရဲစခန်းကလည်း အမှုလာပိတ်တယ်၊ တဆက်တည်းမှာပဲ သမီး မီမီ အရွယ်ရှိတုန်း မေမေကိုယ်တိုင်ပဲ သူ့မိဘတွေ ရွေးချယ်ခဲ့တဲ့ သင့်တော်တဲ့ သူတစ်ယောက်နဲ့ အိမ်ထောင်ထပ်ပြုစေခဲ့ပါတယ်။

ရဲစခန်းအမှုကိုတော့ အမေမပိတ်ခဲ့ဘူး၊ သားလေးကို ရှာရင်း၊ သားလေး ပြန်အလာကို အမေစောင့်နေခဲ့တာပေါ့၊ နောက်ပိုင်း အမေ နှလုံးရောဂါ ရခဲ့တာလေ၊ ဒါပေမဲ့ အမေ ဘုရားလမ်းကို သွားပြီး သားရှာတော့ မပျက်ခဲ့ပါဘူး၊ တစ်နေ့ပေါ့ စပါ(spa) ဖွင့်ခဲ့တဲ့ အိမ်အနားမှာ အမေမူးလဲမလို ဖြစ်နေတုန်း၊ ကလေးမလေး တစ်ယောက်က အမေကို ကူညီခဲ့တယ်၊ အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့တယ်၊ နောက်ပိုင်း အဲဒီ့ကလေးမလေးက အမေကိုခင်ပြီး အမေ့ကို လာလာပြုစုပေးတယ်၊ နောက်ပြီး ကလေးမလေးက ငယ်ပေမဲ့ အမေကို တရားဓမ္မတွေနဲ့ နီးစပ်စေခဲ့တာ၊ ဒီလိုနဲ့ အမေလည်း ရောဂါသက်သာလာပြီး တရားတွေလုပ်ဖြစ်ခဲ့တာပဲ၊ ကလေးမလေးကြောင့် ခုသားနဲ့ အမေကျန်းကျန်းမာမာပါ ပြန်တွေ့ရတာပါ၊ အဲဒါ ကလေးမလေးရဲ့ကျေးဇူးပေါ့သားရယ်၊

အမေ ပြောပြလို့ ဘာတွေဖြစ်ခဲ့တာဆိုတာ ကျနော်သိခဲ့ရပါသည်၊ ကျနော် ကလည်း အပေါ်ထပ်မှာ ကျနော့်ကို ပြုစုပေးတဲ့ အကြောင်း၊ ပြီးနောက် အောက်ထပ်ကို ဆင်းလာတဲ့ အကြောင်း ဒီထက် ကျနော်ပို၍ မပြော နိုင်ခဲ့ပါ၊ အကြောင်းစုံကို နားထောင်ပြီးတဲ့ နောက် မချိုတို့ကတော့ သူတို့အချင်းချင်း ကျနော့်ကို နတ်ဖွက်လိုက်တာ၊ နတ်ရေတွေချိုးလာလို့ ရုပ်နုနေတာလို့ မကြားတကြား တီးတိုးပြောနေကြပါသည်။
ကျနော် ပြန်ရောက်ရှိလာသော သတင်းသည် ပျံ့နှံ့သွားခဲ့ပါသည်၊ နောက်နေ့မှာ ရဲတပ်ဖွဲ့ ဝင်တွေရောက်လာပါသည်၊ စစ်ဆေးမေးမြန်းပြီး လက်ဗွေတွေနှိပ် မှတ်ချက်တွေ ယူပါသည်၊ ကျနော်သည် ကျနော်ဖြစ်ကြောင်း ထောက်ခံပေးကြပါသည်၊ ကျနော် အပေါ်ထပ်တက် ပျောက်သွားတုန်းက အမှုလိုက် အရာရှိလေးသည်၊ အခုတော့ ရဲမှုးကြီး ဖြစ်လို့နေပါပြီ၊

မီမီလည်း ရောက်လာပါသည်၊ သူ့အမျိုးသားလည်း ပါလာပါသည်၊ မီမီသည် မိန်းမကြီး တစ်ယောက် ဖြစ်လို့နေသည်၊ အသက် လေးဆယ်ကျော်သွားခဲ့ပြီကိုး၊ ကျနော်ကိုကြည့်ပြီး ပထမတော့ ငိုပါသည်၊ နောက်တော့ စကားတွေပြောဖြစ်ကြပါသည်၊ သူတွင် ရှစ်နှစ်အရွယ် သားလေးတစ်ယောက် ရှိလို့နေပါပြီ၊ ကံတရားသည် မီမီနှင့် ကျနော်ကို ဒီလောက်ပဲ ပေါင်းခွင့်ပေးခဲ့တာပဲလို့ ဆိုပြီး ကျနော် ဖြေယူရပါသည်။

ဆွေမျိုးသူငယ်ချင်းတွေ အသိမိတ်ဆွေတွေ အိမ်သို့ လာရောက်နူတ်ဆက်ကြသည်ကို လက်ခံရင်း ကျနော်အတွက် အချိန်တွေကို ကုန်စေခဲ့ပါသည်၊ ပြန်ရောက်ပြီးကတည်းက အပြင်ကို ကျနော် မထွက်ဖြစ်ခဲ့ပါ၊ အသိမိတ်ဆွေတို့သည် အနှစ်နှစ်ဆယ်ပျောက်ပြီး ပြန်ရောက်လာသူ ကျနော်ကို သူတို့နည်း သူတို့နားလည်မှုနဲ့ လက်ခံကြပါသည်၊ ကျနော်သည် အောက်ထပ်က စာကြည့်ခန်းကို ကျနော့်အခန်းအဖြစ်ပြောင်းလဲ နေထိုင်ပြီး၊ ကျနော်သည် ကျနော် အနှစ်နှစ်ဆယ် ပျောက်သွားသည် ဆိုခြင်းကို လက်ခံ၍ မရသေးပါ၊ ကျနော်အတွက်ကတော့ ကျနော်သည် အပေါ်ထပ်တက်ကာ ပြန်ဆင်းလာခြင်းပဲ မဟုတ်ပါလား။

-----------------------------

ဒီနေ့ထိ အပြင်သို့ မထွက်သေးသော ကျနော်ကို အမေသည် ရွှေတိဂုံဘုရားသွားဘို့ ခေါ်ပါသည်၊

ဒီနေ့ ဘုရားမှာ ကလေးမလေးနဲ့ အမေ ချိန်းထားတယ်သားရယ်၊ သားလဲလိုက်ခဲ့ပေါ့၊ အမေ့ကျေးဇူးရှင်လေးကို သားတွေ့ရတာပေါ့၊
စိတ်ထဲတွင် တိုက်တွန်းမှု တစ်စုံတစ်ရာ ရှိနေသည် အလား၊ အမေနှင့်အတူ ဘုရားသွားချင်စိတ်တွေ ဖြစ်ပေါ်လာသည်၊ ဒီလိုနဲ့ ကျနော်သည် အမေနှင့်အတူ ဘုရားလိုက်ဖြစ်ခဲ့သည်။

ကျနော်တို့ ဘုရားကို အရှေ့ဘက်မုဒ် ဓါတ်လှေခါးမှ တက်ဖြစ်ခဲ့သည်၊ ဓါတ်လှေခါး တံခါး အဆုံးမှာ ကျနော်တို့ အမေကကျေးဇူးရှင်လို့ ခေါ်တဲ့ ကလေးမလေးကို စောင့်ရပါသည်၊ ခဏနေကြာ ကလေးမလေး ရောက်လာပါသည်၊ လက်ထဲတွင် ကြာပန်းတွေနဲ့
ဒီနေ့အမေကြီးက ကြာပန်းလှူမယ်ပြောထားလို့ သမီးသွားဝယ်နေတာနဲ့ ကြာသွားတယ်၊ တော်တော် သွက်လက်သော ကလေးမလေးပဲ၊ ကလေးမလေးကို သေချာကြည့်လိုက်တော့ ကျနော် ရင်တွေခုန် တုန်တုန်ရီရီ ဖြစ်သွားရပါသည်၊ ‘သားရေ ဒါက နှင်းမိုးသူဇာတဲ့ အမေပြောတဲ့သူလေးပဲ’၊ ‘သမီးလေး ဒါက အမေသား ဇော်နိုင်ထက် ပြန်ရောက်လာတာ’၊ ‘ဝမ်းသာလိုက်တာ ကိုကြီးရယ်၊ နှင်းမိုးလေ အမေကြီးနဲ့အတူ ဆုတွေတောင်းလိုက်ရတာ၊ ခုလိုတွေ့ရတာ အရမ်းဝမ်းသာတာပဲ’ ဆိုပြီး ပြုံးပြီးတော့ ကျနော်ကို နုတ်ဆက်ပါသည်၊
‘ဟုတ်တယ်သားရေ၊ သားလေးအတွက် အမေဒီမှာ ဆုလာတောင်း၊ အဓိဋ္ဌာန်ပြီး ပုတီးစိတ် တရားထိုင်ရင် သမီးလေးပဲ လိုက်ပေးတာလေ’၊
‘သမီးလေးနှင်းမိုးရေ ဒီနေ့ အမေ အင်္ဂါဒေါင့်မှာ ဘုရားရိုခိုးပြီးရင် နောက်က ဇရပ်သွားပြီး တရားထိုင်လိုက်တော့မယ်၊ အဓိဋ္ဌာန်ပြီး ပုတီးတော့ သွား မစိတ်တော့ဘူး သားလေးပြန်ရောက်လို့ ပြည့်သွားပြီလေ၊ အနှစ်နှစ်ဆယ်လောက် ဘုရားပေါ် မရောက်တဲ့ သားကိုသာ ဘုရားတစ်ပတ် လိုက်ပို့ပေးလိုက်နော်’၊ ‘ဟုတ်ကဲ့ပါ အမေကြီး’၊

အမေသည် ဇရပ်တွင် တရားထိုင်ရန် နေခဲ့သည်၊ ကျနော်နဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးတို့ ဘုရားပတ်ဖြစ်ကြသည်၊ ကောင်မလေးကတော့ ဦးဆောင်သူပေါ့၊ ကောင်မလေး၏ အသက်သည် နှစ်ဆယ်လောက်ပဲရှိဦးမည်၊ ဆေးကျောင်းတက်နေသည် ပြောသည်၊ ‘အစ်ကိုကြီးကို ဓါတ်ပုံထဲမှာ တွေ့ဘူးကတည်းက အပြင်မှာ တွေ့ဖူးချင်နေတာ၊ ဓါတ်ပုံထဲမှာ အစ်ကိုကြီးကို မြင်လိုက်ကတည်းက သမီးစိတ်ထဲမှာ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်’၊ ကျနော်လည်း ဒီလိုပါပဲလို့ အလိုက်သင့် ပြန်ဖြေလိုက်သည်၊ ‘နှင်းမိုး ဖူးနေကြ ဘုရားတွေ အစ်ကိုကြီး ကိုလိုက်ပို့ပေးမယ်လေ’၊ ဒါဆိုလည်း ဖူးရတာပေါ့ ဆိုပြီး ကျနော်လည်း နှင်းမိုးသူဇာဆိုသော ကောင်မလေးနောက်ကို လိုက်ခဲ့မိသည်။

အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုမှာရှိသော ဘုရားတို့ကို ဖူးကြသည်၊ ကျနော် သတိထားမိသည်မှာ ကျနော် နှင်းမိုးနဲ့အတူ လိုက်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည် ကိုပဲဖြစ်သည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီကို ရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ ‘ဒီစေတီလေးမှာ နှင်းမိုး အခက်အခဲတွေ တွေ့တိုင် လာဆုတောင်း နေကြလေ၊ အမေကြီးသား ဘေးမသီရန်မခ ပြန်ရောက်လာပါစေလို့လဲ ဆုတောင်းပေးခဲ့ဘူးပါတယ်’၊ ကျနော်စိတ်ထဲမှာ ဒီစေတီလေးကို တစ်စုံတစ်ယောက်နဲ့ လာဖူးဘူးသလိုပဲ မသေချာတဲ့ သဘောမျိုးနဲ့ပဲ ကျနော်သူကို ပြောလိုက်သည်၊ စိတ်ထဲမှာတော့ ငါတကယ်ဖူးခဲ့ဘူးတာပါ၊ စေတီလေးက မွမ်းမံပြင်ဆင်ထားတာကလွဲလို့ အားလုံး အတူတူပဲ၊ ဒီဘက်မှာ ဦးမောင်ဝိတ် ပြုပြင်မွမ်းမံသည်ဆိုတဲ့ကမုဒ်ပဲ ပိုလာတာ ပြောနေမိသည်။

‘နှင်းမိုးလေ ဟိုအထက်ပစ္စယံပေါ်က ဘုရားစေတီနှစ်ဆူနားက ရွှေတိဂုံ ဘုရားကြီးကို တကယ်ဖူးချင်တာပဲ၊ တက်လို့မရလို့ အဲဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ်တဲ့၊ အစ်ကိုကြီး တက်လို့ရလျှင် သွားဖူးနော်၊ နှင်းမိုးအတွက်ပါ ဖူးခဲ့ပေးပါ’။
ဒီလိုနဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးနဲ့ ကျနော်တို့သည် တစ်ပတ်တစ်ခါ ဘုရားဖူး ဖြစ်ကြပါသည်၊ ကျနော်တို့၏ ခင်မင်ရင်နှီးမှုသည်လည်း ဘုရားဖူးသည့် အဆင့်မှ ကျော်လွန်ခဲ့ပါသည်။

ကျနော်ပြောဘို့ မေ့ခဲ့ပါသည်၊
ယခု ကျနော်သည် အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက် မဟုတ်တော့ပါ၊
နောက်ပြီး နှင်းမိုးသူဇာဆိုသော ကောင်မလေးသည်၊ အပေါ်ထပ်တွင် ကျနော်ကိုပြုစုပေးခဲသော အမျိုးသမီးနဲ့ ရုပ်ရည် အသံ အမှုအရာတို့ ချွတ်စွတ်နည်းပါး တူ၍နေပါသည် ဆိုသည်ကိုပါ။


ပြီးပါပြီ။

ကျေးဇူးတင်ပါသည်။

လောကကြီးတွင်၎င်း ၊ ကမ္ဘာပေါ်တွင်၎င်း၊ လက်တွေ့အရ၎င်း၊ နည်းပညာအရ၎င်း၊ မဖြစ်နိုင်သော၊ မယုံကြည်နိုင်သော၊ မရှိနိုင်သော အရာများသည်၊ ဖြစ်ခဲ့ကြသည်၊ ပေါ်ခဲ့ကြသည်၊ ရှိခဲ့ကြလေသည်၊ ရှေးခေတ် စာပေ များတွင်၎င်း၊ ဘာသာတရား ကျမ်းစာအုပ် များတွင်၎င်း၊ သမိုင်းမှတ်တမ်း များတွင်၎င်း၊
ဖေါ်ပြခဲ့ကြလေသည်၊ အမေရိကန် နိုင်ငံမှာတော့ ထိုမှတ်တမ်းများကို X file လို့ခေါ်လေသည်။

Friday, October 18, 2013

မပြီးခဲ့သော သင်ခန်းစာ


Behavioral Science သင်တန်းတစ်ခုကို သွားတက်ခဲ့စဉ်၊ ပါမောက္ခ ဆရာတစ်ယောက်က သင်တန်းအစမှာပင်၊ သင်ကြားမှု အခြေခံဖြစ်အောင် Case Study လေ့လာခြင်း တစ်ပုဒ် ပေးလိုက်ပါသည်၊   ဆရာပေးလိုက်သော Case Study သည်၊ ကျနော်တို့အတွက် ရိုးရိုးလေ့လာစရာ တစ်ခုဖြစ်ပေမဲ့၊ လူမျိုးစုံ နယ်ပယ်အသီးသီးက သူတွေ တက်ရောက်ခဲ့သော သင်တန်းတွင် အသံတွေ ကျယ်လောင်ခဲ့ပါသည်။

ဆရာသင်သော Behavioral Science ကို၊ ကျနော်တို့နှင့်အတူ နိုင်ငံရေးသိပ္ပံ (PS) ကျောင်းသားများ၊ လူထုဆက်ဆံရေး(PR) ကျောင်းသားများ၊ စီးပွားရေး သင်တန်းသားများ၊ စသဖြင့် စုံစွာ တက်ရောက်ကြပါသည်၊ ဆရာ၏ နောက်ထပ် အတန်းတစ်တန်းကိုလည်း ကျနော်တို့ တက်ရပါသည်၊ ထိုသူတွေမပါတော့ပါ၊ ဒါကတော့ Practice of EQ (emotional intelligence) ဖြစ်ပါသည်။

နောက်ပိုင်း ဆရာသည်၊ ထို Case Study လေ့လာခြင်း ကို၊ အသုံးချသင်ခန်းစာ တစ်ခုအနေဖြင့် ကျနော်တို့ကို သင်ကြားပေးခဲ့ပါသည်၊ ဆရာပေးခဲ့သော Case Studyကို သူငယ်ချင်းမိတ်ဆွေများကို ပြောပြချပြ သောအခါ၊ အသုံးချ Behavioral Science ကို ကျနော်ပိုနားလည်း ခဲ့ရပါသည်၊ Behavioral Science၏ အခြေခံသည်၊ လူတွေရဲ့ အမှုအရာ လှုပ်ရှားပုံကို ဖတ်ခြင်း လေ့လာအသုံးချခြင်း၊ မိမိ၏ အမှုအရာ လှုပ်ရှားပုံကို တစ်ခြားသူတွေ ဖတ်လေ့လာလို့ မရအောင်ပြုမှုခြင်းတို့ ဖြစ်ပါသည်။

Case Studyကို လေ့လာကြည့်ကြပါ။
 
………………………………………………


Fast Food စားသောက်ဆိုင် တစ်ခုတွင်ဖြစ်ပါသည်၊
ကလေးသုံးယောက်ပါသော မိသားစု နှစ်စု သီးခြားစီ စားသောက်နေကြပါသည်၊
မိသားစု တစ်ခု၏ ဖခင်မှာ မစ္စတာ သောမတ်စ် (Thomas) ဖြစ်ပါသည်၊ နောက်မိသားစု၏ ဖခင်မှာ မစ္စတာ ဝူ (Wu) ဖြစ်ပါသည်၊
ထိုမိသားစု နှစ်စုလုံးတွင် အသက်ကိုးနှစ်အရွယ် သမီးတစ်ယောက်စီ ပါဝင်ပါသည်၊ ထိုသမီးနှစ်ယောက်စလုံးသည် အကြီးဆုံးကလေးများဖြစ်ကြသည်၊
အဖေဖြစ်သူ သောမတ်စ်နှင့် သမီးကြီးတို့သည် အစားအသောက်များကို မှာယူခဲ့ကြပါသည်၊
ထို့အတူ ဝူနှင့် သမီးကြီးတို့သည် အစားအသောက်များကို မှာယူခဲ့ကြပါသည်၊
အစားအသောက်များ နေရာချပြီးသောအခါ


ဝူက သူ၏ သမီးကြီးကို အချဉ် Ketchup ကစ်ချပ် အမျိုးအစားကို အားလုံးအတွက် သွားယူဖို့ ပြောလိုက်ပါသည်၊
ထို့အတူ သောမတ်စ်ကလည်း သမီးကြီးကို အချဉ် Ketchup ကစ်ချပ် အမျိုးအစားကို အားလုံးအတွက် သွားယူဖို့ ပြောလိုက်ပါသည်၊

ဝူ၏ သမီးကြီးသည် ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ ဝူသည် ယူလာသော အချဉ် ပန်းကန်ကိုကြည့်ပြီး သမီးကြီးကို
‘မင်းတကယ် အသုံးမကျတာပဲ၊ အချဉ်တွေမှားယူလာတယ်၊ ငါသေချာပြောလိုက်တာပဲ ကစ်ချပ်အချဉ်ကို ယူခဲ့ပါလို့၊ ခုတော့အကုန် ငရုတ်ဆီချည်းပဲ’၊ ‘မင်းတော်တော်ညံ့ဖျင်းတာပဲ’ စိတ်ဆိုးမာန်ဆိုးနဲ့ ဆူပူကြိမ်းမောင်းလေသည်၊
ဝူ၏ သမီးကြီးသည် ဘာမျှပြန်မပြောပဲ အဖေဆူသမျှကို ခေါင်းလေးငုံ့ကာ နေလေသည်။

သောမတ်စ်၏ သမီးကြီးသည်လည်း ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ သောမတ်စ်သည် ယူလာသော အချဉ် ပန်းကန်ကိုကြည့်ပြီး သမီးကြီးကို
“သမီး အချဉ်တွေ မှားယူလာပြီး ထင်တယ်၊ သမီးသေချာ မကြည့်ခဲ့ဘူးထင်တယ်   ခုတော့အကုန် ငရုတ်ဆီချည်းပဲ” ဆိုပြီးပြောလေသည်၊
သောမတ်စ်၏ သမီးကြီးသည် ‘အို ဘုရားသခင် ငါသေချာယူခဲ့ပါတယ်၊ ဘယ်လိုဖြစ်သွားတာပါလိမ့်၊ ဘာဖြစ်လို့ ငါဒီလိုမှားသွားပါလိမ့်’ ဆိုပြီး အဖေကို ပြန်ပြောလိုက်သည်။

ဝူသည် သမီးကြီးကို ဆူပြီးသော အခါ သူကိုယ်တိုင် အချဉ်ကိုထယူလေသည်၊ ပါးစပ်ကလည်း တတွတ်တွတ်နဲ့ ‘နေရာတကာ အဖေမပါရင် မပြီးဘူး’ ဆိုပြီးပြောလို့နေသည်၊
သောမတ်စ်သည်လည်း သမီးကြီးကို ‘သမီးနေလိုက်တော့ အဖေသွားယူပါမယ်’ဆိုပြီး သူကိုယ်တိုင် အချဉ်ကိုထယူလေသည်။

ဝူသည် ယူလာသော အချဉ်ပန်းကန်ပြားလေးများကို အားလုံးရှေ့ကို ချပေးလိုက်ပါသည်၊ ထိုအချိန်တွင် ကလေးများက အဖေ အဖေယူလာတဲ့ အချဉ်တွေကလည်း ငရုတ်ဆီတွေပါပဲ၊ ထိုအခါကြမှ ဝူသည် အချဉ်တွေကို သေချာစွာကြည့်ပြီး ခဏ ငြိမ်သက်လို့နေသည်၊ သမီးကြီးသည် ဘာမှပြန်မပြောပဲ အဖေကို စိုက်ကြည့်လို့နေသည်၊

သောမတ်စ်သည် အချဉ်ပန်းကန်ပြားလေး တစ်ခုကိုသာယူလာပြီး သမီးကြီးရှေ့ချလိုက်သည်၊ ထိုနောက် “တောင်းပန်ပါတယ်သမီး၊ အဖေသမီးကို ပြောဆိုခဲ့မိတယ်ဆိုရင်၊ တကယ်တော့ သမီးမမှားပါဘူး၊ အချဉ်တွေထည့်ထားတာ မှားနေတာပါ၊ သမီးကစစ်ဖို့ပဲလိုသွားတာပါ”၊
‘ကျေးဇူးပါအဖေ၊ နောင်ဆို သမီးဂရုစိုက်ပါမယ်’လို့ သမီးကြီးက ပြန်ပြောလိုက်တယ်၊ “နောက်လူတွေ ဆက်မမှားအောင် ငါတို့ ဆိုင်ဝန်ထမ်းတွေကို ပြောပြရမယ်” ဆိုပြီး သောမတ်စ်က ပြောလိုက်လေသည်။


ဝူသည် ဒေါသထွက်နေသော မျက်နှာဖြင့် ‘ဒါဆိုင်ကမှားတာ၊ ငါသေချာသွားကြည့်မယ်’၊ ‘ဆိုင်တစ်ဆိုင်လုံး ဖွင့်ထားပြီး ဒါလေးတောင် သေချာအောင် မလုပ်နိုင်ဘူး’ဆိုပြီး တတွတ်တွတ်နဲ့ပြောရင်း အချဉ်ထားရာ နေရာသို့ထွက် လာလေသည်။

သောမတ်စ်သည် ဆိုင်အလုပ်သမား တစ်ယောက်ကို ခေါ်လိုက်လေသည်၊ ‘ဟေ့ချာတိတ် မင်းနာမည် ဘယ်လိုခေါ်သလဲ’၊ “ကျနော် နာမည် စတီဗင်ပါ”၊ ‘အိုကေ စတီဗင် ဒီမှာ အချဉ်တွေက တတ်ထားတဲ့ လေဘယ်စာတွေနဲ့ မကိုက်ဘူး၊ အားလုံးဟာ ငရုတ်ဆီချည်းပဲဖြစ်နေတယ်၊ ကစ်ချပ်မရှိဘူး’၊ စတီဗင်က “ဝမ်းနည်းပါတယ် ကျနော်ခုပဲ တာဝန်ရှိသူကို သွားပြောလိုက်ပါမယ်”၊ ထိုဝန်ထမ်းလေး ထွက်သွားသည်၊

 
ဝူသည် တင်းမာသော မျက်နှာပေးဖြင့် အချဉ်ထားရာ နေရာဘေးရှိ ဝန်ထမ်းတစ်ဦးကို၊ လှမ်းမေးလိုက်သည်၊ ‘ဟေ့ဒီမှာ လာဦး၊ ဘယ်မှာလဲ ကစ်ချပ်အချဉ်’၊ ထိုဝန်ထမ်းက လေဘယ်စာကို လက်ညှိးထိုးပြပြီး ဒီမှာပါလို့ ပြန်ဖြေလိုက်သည်၊ ဝူသည် အချဉ်တွေကို ဖိထုတ်လိုက်ပြီး ‘ဒါလား ကစ်ချပ်၊ မင်းသေချာကြည့်စမ်း ငရုတ်ဆီတွေ မဟုတ်လား၊ မင်းသေချာကြည့်စမ်း’ ခပ်မာမာပြောဆိုလိုက်သည်၊ စကားသံသည် ကြိမ်းမောင်းနေသလို ဖြစ်နေသည်၊ ထိုဝန်ထမ်းသည် ချက်ချင်းပင် ‘ဝမ်းနည်းပါတယ် ဒါကျနော်တို့ အမှားပါ၊ ခု ကျနော်တို့ ပြင်လိုက်ပါမယ်’၊ ဝူသည် မရပ်သေးပဲ၊ ‘မင်းတို့ပြင်တာ နောက်ကျသွားပြီး ခုငါတို့ ငရုတ်ဆီတွေ စားမိကြပြီ၊ ငရုတ်ဆီတွေ မဟုတ်ပဲ တခြားအရာတွေ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ၊ ငါမန်နေဂျာကို တွေ့ချင်တယ်’၊ ဆက်၍ မကျေနပ်ကြောင်း ပြောဆိုနေပါသည်၊ ဝူ၏ပြောဆိုမှုများကြောင့် ဆိုင်သည် ဆူညံဆူညံ ဖြစ်လို့သွားခဲ့သည်။

ထိုအချိန်တွင် ရည်ရည်သန့်သန့် လူငယ်တစ်ဦးထွက်လာပြီး၊ ‘အားလုံးငြိမ်ပေးကြပါ ခင်ဗျာ၊ ကျနော်နာမည် ချန်းပါ၊ ဆိုင်ရဲ့ မန်နေဂျာပါ ခင်ဗျာ’၊ ‘ဝမ်းနည်းပါတယ် ခုလို့ဖြစ်ရတာ စိတ်မကောင်းပါဘူး’၊ ‘အားလုံးကို တောင်းပန်းပါတယ်’၊ ‘ကျနော်တို့ရဲ့ အမှားပါ ခွင့်လွတ်ပေးကြမယ်လို့ ထင်ပါတယ်၊ ဒီအတွက် ခုစားသောက် နေသူအားလုံးကို ကျနော်တို့ဆိုင်က အားလူးကြော် တစ်ပွဲဆီပေးပါမယ်’၊ ‘ဝမ်းနည်းပါတယ် ခင်ဗျာ၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ’၊ ဆိုပြီး လူအားလုံးကို ခေါင်းငုံ့တောင်းပန်လေသည်။

  
သောမတ်စ်တို့ မိသားစုသည် တပြိုင်နက် ဟေးလို့အော်လိုက်ပြီး၊ အားလုံးဆီက ကျေးဇူးပါချန်း ဆိုတဲ့ စကားသံတွေ ထွက်ပေါ်လာသည်၊
ဝူတို့ မိသားစုသည် မျက်နှာပုံစံ အမျိုးမျိုးဖြစ်လို့နေသည်၊ ဝူက ‘တွေ့လား ငါကြမ်းလိုက်တာ၊ အားလူးကြော် တစ်ပွဲထွက်လာခဲ့တယ်’၊ လို့ပြောဆိုလိုက်သည်၊
ဝူ၏ သမီးကြီးသည် အပြုံးတစ်ခု ပြုံးလို့နေပါသည်။

ဆရာပေးတဲ့ Case Study ဖြစ်ပါသည်၊ ကျနော်တို့ ကိုယ်ဟာကို Case Study ထဲက Behavior တွေကို လေ့လာပြီး နောက်အချိန် စာသင်ခန်းထဲတွင် ဆွေးနွေးကြမည်ဆိုသည်။

 
……………………………………………………


 
စာသင်ခန်းထဲတွင် ဆွေးနွေးကြသည့်အချိန် ရောက်သောအခါ၊
နိုင်ငံရေးသိပ္ပံ (PS)သမား များက ဒီလေ့လာမှုသည် Racist လူမျိုးခွဲခြားမှု ဖြစ်နေ၍၊ ဆက်၍ မဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ ဆရာ၏ Case Studyသည် အရှေ့တိုင်းသားတို့ကို သေးသိမ်အောင် ပြုလုပ်သဖြင့် ရှုပ်ချကြောင်း အဆိုကိုတင်သွင်းလာသည်၊ ဆရာ၏ Case Studyတွင် အသုံးအနူန်းများကို ဥပဒေသများ ပြင်သကဲ့သို့ ပြင်စေချင်ကြောင်း ဥပမာ မိသားစု A ၊ မိသားစု B စသဖြင့် ပြင်သင့်ကြောင်း ထောက်ပြကြသည်၊ ဆရာသည် ဒီ Case Studyကို ဆက်လက်သင်ကြား ဆွေးနွေးခြင်းမပြုရန်၊ အကယ်၍ ဆက်ဆွေးနွေးနေရင် လိုအပ်ပါက ဆရာ၏ရုံးခန်းရှေ့တွင် ကန့်ကွက်ဆန္ဒပြကြမည်လို့ နိုင်ငံရေးသိပ္ပံ ကျောင်းသားတစ်ယောက်က ထုတ်ဖေါ်ပြောဆိုလာသည်။

လူထုဆက်ဆံရေး(PR)ကျောင်းသားများက ဆရာ၏ Case Study သည် Racist လူမျိုးခွဲခြားမှု မဟုတ်ကြောင်း နေစဉ်တွေ့ကြုံနေရသော ပတ်ဝန်းကျင်ကို အခြေခံထားသော၊ လက်တွေ့ကျသော ပတ်ဝန်းကျင်လေ့လာမှု တစ်ခုဖြစ်၍ ဆက်၍ဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ နောက်ပြီး ဆရာ၏ Case Studyတွင် ကိုယ်စားပြုစံချိန်စံညွှန်းများ မပါ၍ ဘယ်အုပ်စုကို ကိုယ်စားပြုတယ် ဆိုတာ သေချာမဆိုလို နိုင်ကြောင်း ထောက်ပြကြသည်၊ ထိုနောက် အဖေများ၏ နာမည်ကို ထည့်ခြင်းသည် common life experiences နှင့် Case Studyကို ပိုမိုလေးနက်စေကြောင်း ဆွေးနွေးလိုသည်များကို အထောက်အကူဖြစ်စေကြောင်း တင်ပြလာသည်။

စီးပွားရေးသင်တန်းသားများက၊ မိမိတို့သည် ဆရာ၏ Case Studyကို B to C လို့ ရှုမြင်ပါကြောင်း၊ ဆရာ၏ Case Study ပါ အကြောင်းအရာများသည် Personal Factors များဖြစ်ပါသည်၊ ထို့အတွက် ဆက်၍ဆွေးနွေးသင့်ကြောင်း ပြောဆိုလာသည်၊ မန်နေဂျာ၏ ဆုံးဖြတ်မှုကိုလည်း မိမိတို့ အပြည့်အဝ မဟုတ်တောင် ထောက်ခံပါကြောင်း၊ စားသောက်ဆိုင်၏ စစ္စတန် စနစ်ကိုပိုသေချာအောင် လုပ်သင့်ကြောင်း ထောက်ပြကြသည်၊
နောက်ပြီး အချဉ်များ ဆုံးရှုံးမှု၊ အာလူးကြော်များအတွက် အပိုထွက်ငွေများကို Value vs Cost တွက်ချက်မှုဖြင့် လေ့လာသင့်ပါကြောင်း တင်ပြလာသည်။


ဆရာသည် ထိုကျောင်းသားများ၏ ဆွေနွေးတင်ပြမှု များကို ခေါင်းတညိတ်ညိတ်နဲ့ ပြုံးကာ စိတ်ဝင်စားစွာ နားထောင်နေပါသည်၊ အတန်းချိန် နှစ်နာရီ ပြည့်သွားသဖြင့် ကျနော်တို့ မဆွေးနွေးလိုက်ရပါ၊ တကယ်တော့ ကျနော်တို့တစ်တွေ Case Study ထဲတွင်ပါသော အဖေနှင့်သမီးများ၏ Behavior အမှုအရာ လှုပ်ရှားပုံများကို လေ့လာ ဆွေးနွေးရမည် မဟုတ်ပါလား။

နောက်မှာတော့ ဆရာသည် ထို Case Study ဆွေးနွေးမှုကို အခြေခံ၍ Behavioral Science ကို စသင်ပါတော့သည်၊ နောက်ပြီး နိုင်ငံရေးသိပ္ပံ ကျောင်းသားများ၊ လူထူဆက်ဆံရေး ကျောင်းသားများ၊ စီးပွားရေးသင်တန်းသားများမှတဆင့် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ စီးပွားရေးသမားများ၏ Behavior များကို ဆရာက ဆွေးနွေးပါသည်၊
နောက်ဆုံး ဆရာနှင့် ကျနော်တို့ ဆက် ဆွေးနွေးဖြစ်ကြသည်မှာ တကယ်လိုရင်းကို မရောက်ပဲ ကျနော်တို့ ဘာလို့ အချိန်တွေ ကုန်သွားရပါသနည်း၊ ဆိုတာကိုပဲ ဖြစ်ပါသည်။


 
တစ်ခါတစ်လေ လူအများသည် အခြေခံနှင့် လိုရင်းကို မေ့နေတတ်ကြပါသည်၊
"If you want to make an apple pie from scratch, you must first create the universe."


လိုရင်းနှင့်အသုံးချနိုင်သော အတွေးအခေါ်များသည် လက်တွေ့မကျစေကာမှု ကြီးကျယ်သော အောင်မြင်မှုကို ဖြစ်စေပါသည်။
A Yale University management professor in response to student Fred Smith's paper proposing reliable overnight delivery service;
"The concept is interesting and well-formed, but in order to earn better than a 'C', the idea must be feasible."
Later Smith went on to found Federal Express Corp. FedEx.


 
……………………………………………..


 
ကျနော်တို့ ဆရာ၏ Case Studyကို ဆက်ဆွေးနွေးကြပါစို့
ကျနော်တို့ ဘာတွေနဲ့ ဘယ်လို အချိန်တွေ ကုန်သွားရပါသနည်း
အချိန်တွေ မကုန်ကြပါစေနဲ့…………………………………….



 
sosegado

Friday, September 27, 2013

ကျမအတွက် ဘုရားသခင် မရှိတဲ့ နေရာ


ကျမ နာမည် သီသီမြင့်ပါ၊ ရန်ကုန် မှော်ဘီဘက်ကပါ၊
ဟုတ်ကဲ့ ကျမက ဗမာကရင် ကရင်ဗမာ တစ်ခုခုဖြစ်မယ်ထင်တယ်၊ ဒီလိုလေ အဖေက ဗမာ၊ အမေက ကရင်ပါ၊
ခရစ်ယာန် ဟုတ်ကဲ့၊ အမေက မှတ်ပုံတင်လုပ်ပေးတာ ဒါကြောင့် ခရစ်ယာန်လေ၊ အမေတို့က ခရစ်ယာန်လေ၊ အဖေလား သူစိတ်မဝင်စားဘူးထင်တယ်၊ သူ့အလုပ်က ပင်ပန်းတယ်လေ၊
ကျမက ဘုန်းကြီးလည်း ရှိခိုးတယ်၊ ဘုရားကျောင်းလည်း တက်ပါတယ်၊ ဘုရားကျောင်း တက်ရတာပိုကြိုက်တယ်၊ ပျော်စရာကောင်းတယ်လေ၊ ဟိုအထောက်အပံ့တွေလဲရတယ်၊
သိတယ် မဟုတ်လား ကျမတို့က ဆင်းရဲတယ်လေ၊ နောက်ပြီး မောင်နှမတွေ ခုနှစ်ယောက်တောင် ရှိတယ်၊ ကျမက အကြီးဆုံးပါ၊အောက်က မောင်လေးက စစ်တပ် အဲလေ လေတပ်ထဲ ဝင်သွားပြီ၊
အော် ကျမအသက် နှစ်ဆယ့်ငါးနှစ်ရှိပါပြီ၊ ဆယ်တန်းဖြေဘူးပါတယ်၊
ဒီကို ဘာလို့ ထွက်လာသလဲလို့ မေးတာလား
သြော် အခု နိုင်ငံခြားထွက် နေကြတယ်လေ၊ ဟိုမှာ ကျမ ကောင်းတဲ့အလုပ် လုပ်ရင် တစ်လ သုံသောင်း ငါးသောင်းလောက်ပဲရတယ် နောက်ပြီး အဝေးကြီးမှာ သွားလုပ်ရတယ်၊ ကျမတို့နားမှာ ကျမလုပ်နိုင်တဲ့ အလုပ်တွေသိပ် မရှိဘူး၊ ဒီမှာ လာလုပ်ရင် နှစ်သိန်းကနေ သုံးသိန်းထိရမယ် ဆိုတယ်၊ ပိုက်ဆံပိုရတော့ ကျမတို့ ပိုအဆင်ပြေတာပေါ့၊
အစ်ကိုတို့ရော ကြီးပွားချင်လို့ ပိုက်ဆံပိုရချင်လို့ အဆင်ပြေချင်လို့ နိုင်ငံခြား ထွက်လာကြတာပဲ မဟုတ်လား၊
အစ်ကိုရေ ဘုရားသခင်က ကျမကို မေ့နေတာလား၊ ကံဆိုးတယ်လို့ ဆိုမလား ကျမထင်သလို ဖြစ်မလာဘူး၊ ကျမ သူများတွေလို ဖြစ်မလာခဲ့ဘူး၊
အဲဒီမှာ နေတုန်းကပေါ့ ရှေ့ကတိုက်အမြင့်ကြီးပေါ်တက်ပြီး ကျမခုန်ချလိုက်ချင်တာ၊ ဟုတ်တယ် ကျမလေ သိပ်စိတ်ညစ်တယ် မခံစားနိုင်တော့ဘူး၊ ကြိတ်ငိုခဲ့ရတဲ့ အကြိမ်တွေ အများကြီးပါပဲ၊ ကျမအတင်းထွက်ပြေးဖို့ ကြိုးစားတယ်၊ ကျမ ဘုရားသခင်ကို တမ်းတဆုတောင်းတာလည်း အကြိမ်ကြိမ်ပါ၊ နောက်ဆုံး ဒီကိုရောက်လာခဲ့တာပါပဲ၊ ခု အစ်ကိုတို့ကို တွေ့ရပြီ၊ အစ်ကို့ကို ပြောပြလိုက်ရတာ ကျမ ရင်ထဲက ပြည့်ကျပ်နေတာ တစ်ဝက်သက်သာသွား သလိုပဲ၊ ဘုရားသခင်က အစ်ကိုကို ကျမအတွက် လွတ်လိုက်တာလားဟင်၊
သြော် အစ်ကိုတို့က ကျမကို ကူညီကြမှာလား၊ ဘယ်လို ကူညီကြမလဲ ကျမ မသိတော့ဘူး၊ ကျမ မစဉ်းစားတတ်တော့ဘူး၊တကယ်တော့ ကျမအတွက် ဘုရားသခင်က အဝေးကြီးမှာ နေမှာပါ၊
သေချာပါတယ် ဒီနေရာဟာ ဘုရားသခင် မရှိတဲ့ နေရာ၊
ကျမအတွက် ဘုရားသခင် မရှိတဲ့ နေရာ။
------------------------------
ဒီကိုရောက်ပြီး နှစ်ရက်လောက် ရုံးခန်းတစ်ခုထဲတွင် ဖြစ်သလိုနေထိုင်ရပါသည်၊ အဲဒီလို နေနေတဲ့ ကျမတို့လိုလူတွေ ခုနှစ်ယောက်လောက် ရှိပါသည်၊ ဖီလစ်ပင်းရယ် မြန်မာရယ် အင်ဒိုနီရှားရယ် သုံးနိုင်ငံကပေါ့၊ သုံးရက်မြောက်နေ့မှာတော့ ဆေးစစ်ရသည်၊ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေ ကျမလက်မှတ် ရေးထိုးရပါသည်၊ ပြီးနောက် ကျမအလုပ်လုပ်ရမည့် အိမ်ရှင်လင်မယားကို ကျမ ပထမဦးဆုံးမြင်ဘူးလိုက်ပါသည်၊ အပြုံးကိုယ်စီနဲ့မို့ သဘောကောင်းတဲ့ လူကောင်းတွေဆီမှာ အလုပ်လုပ်ရတော့မှာပဲလို့ စိတ်ထဲကလဲ ထင်လိုက်မိပါသည်၊ ခုနှစ်ရက်မြောက် နေ့မှာတော့ ထိုလင်မယား နှစ်ယောက် ကျမကို အလုပ်လုပ်ရန် သူတို့အိမ်သို့ ခေါ်ဆောင်သွားခဲ့ပါသည်။
ကျမ အလုပ်လုပ်ရမည့် အိမ်သည် အထပ်မြင့် အဆောက်အဦးဖြစ်ပါသည်၊ အိမ်လို့သာဆိုပါသည် တကယ်တော့ တိုက်ခန်းတစ်ခုတာဖြစ်သည်၊ အထပ်က ငါးထပ်မှာဖြစ်သည်၊ နောက်မှ သိရသည်မှာ ထိုအိမ်များကို အစိုးရ HDB တိုက်ခန်းများလို့ခေါ်ပါသည်၊ ကျမရုံးခန်းထဲက မသွားခင် ကျန်နေတဲ့သူတွေက နင်တော့ ဝုဒ်လန်းဘက်မှာ လုပ်ရတော့မယ်ဆိုလို့ ကျမ အလုပ်လုပ်ရမည့် နေရာသည် ဝုဒ်လန်းအရပ်တွင် ဖြစ်ကြောင်း ကျမမှတ်သားလိုက်ပါသည်။
အိမ်ရောက်သွားသောအခါ အိမ်ရှင်အမျိုးသမီးသည် ကျမကို တစ်အိမ်လုံးကို လိုက်ပြပါသည်၊ အထူးသဖြင့် ကျမနေရမည့်အခန်းနှင့် ကျမသုံးရမည့် ရေချိုးခန်း အိမ်သာကို သေချာပြပါသည်၊ လက်ညှိုး အကြိမ်ကြိမ်ထိုး၍ ပြောနေသဖြင့် ကျမအတွက်ဆိုတာ သိလိုက်ပါပြီ၊ ကျမနေရမည့် အခန်းသည် တကယ်တော့ ဗုံးခိုကျင်းလို့ခေါ်သော စတိုခန်းလေးပါပဲ၊ ကျမကို ပန်ကာအသေးလေး တစ်လုံးလာပေးပါသည်၊ နောက်ပြီးတော့ ပြောပါသေးသည်၊ ကျမနားမလည်ပါ နိုက်နိုက် ဆိုတာပါနေ၍ ညကျမှ ပန်ကာဖွင့်ရန် ပြောတာပဲ ဖြစ်မည်ဆိုပြီး ခေါင်းကိုသာ ငြိမ့်နေမိပါသည်။
အားလုံးလိုက်ပြပြီးသော အခါ ကျမကို အိမ်ရှေ့သို့ ခေါ်လာပါသည်၊ သူတို့မိသားစုက ဆိုဖါတွင်ထိုင်ကာ ကျမကမတ်တတ်ရပ်နေရပါသည်၊ ရုံးခန်းက ကျမကို အိမ်ရှင်တွေကို ဆာနှင့် မဒမ်လို့ပဲ ခေါ်ရမည်လို့ သေချာမှာလိုက်ပါသည်၊ ကလေးတွေကို ဘယ်လိုခေါ်ရမည်ကို ပြောနေတာဖြစ်နိုင်ပါသည်၊ သူတို့တွင် ကလေးနှစ်ယောက်ရှိပါသည် တစ်ယောက်က ခုနှစ်နှစ်လောက်ရှိပြီး တစ်ယောက်က လေးနှစ်လောက် ဖြစ်ပါလိမ့်မည်၊ အကြီးက ဂျင်မီဖြစ်ပြီး အငယ်က အန်ထော်နီဆိုတာ ကျမမှတ်ထားလိုက်ပါသည်။

ရောက်ရောက်ခြင်း ကျမစိတ်ညစ်ရသည်မှာ သူတို့ပြောနေတာကို ကျမ နားမလည်ခြင်းဖြစ်ပါသည်၊ မြန်မာပြည်က လူတွေပြောလိုက်သလို တစ်လနှစ်လလောက်နေ နင်အဆင်ပြေသွားလိမ့်မယ် ဆိုတာကို တွေးပြီး ကိုယ်နားလည်သလို လုပ်ရန်ဆုံးဖြတ်လိုက်ပါသည်၊ ရွာဘက် ရွာဘက်လို့ ပြောနေတာ ကျမနားမလည်းပါ၊ ရွာကိုပြန်ခိုင်းတာလား ဘာလား ကျမကြောင်နေမိပါသည်၊ ထိုအချိန်တွင် ကလေးအကြီးလေးက ကျမအိတ်ကို ဆွဲထုတ်လာပါသည် အဲဒီအခါမှ ဘက်ဆိုတာ အိတ်ဆိုတာ ကျမသတိလိုက်ရပါသည်၊ အိတ်ကို ဖွင့်ခိုင်းပြီး ပါသမျှကို အကုန်စစ်ပါသည်၊  can, can not ကို ဘယ်လိုသုံးရမယ်ဆိုတာ ရုံးခန်းကပြောလိုက်သဖြင့် ကျမနားလည်ပါသည်၊ ကျမ၏ သစ်လွင်နေသော အကျတွေကို မဝတ်ရန်၊ ထမိန်နှင့်စကပ်ကို လုံးဝ မဝတ်ရန်ပြောဆိုလာပါသည်၊ တီရှပ်တစ်ချို့ကို သူတို့ပေးမည်ဟုဆိုပါသည်၊ အိတ်ထဲတွင် အဖေပေးလာသော ဘုန်းကြီးပုံ တစ်ပုံပါလာသည်၊ ထိုအခါ အိမ်ရှင်အမျိုးသားက ထိုပုံကိုကိုင်ပြီး ခရစ်ယာန် ဟုတ်တယ်မဟုတ်လားလို့ မေးပါသည်၊ ခရစ်ယာန်လို့ ပြန်ဖြေပြီး သူငယ်ချင်းက ပေးတာလို့ ပြောလိုက်တော့ ထိုပုံကို အိတ်ထဲ ပြန်ထည့်လိုက်ပါသည်၊ သူတို့က စထရောင်း ခရစ်ယာန်ဖြစ်ကြောင်း၊ ခရစ်ယာန်ကိုပဲ လိုချင်လို့ ကျမကိုခေါ်ခြင်းဖြစ်ကြောင်း ပြောပါသည်၊ သူတို့တွင် ကျမဓါတ်ပုံကပ်ထားသော စာရွက်စာတမ်းများရှိပါသည်၊ ကျမ၏ ကိုယ်ရေးရာဇဝင် ဖြစ်နိုင်ပါသည်၊ ကျမအိပ်ခန်းနံရံတွင် ဘာမှ ချိတ်ခွင့် ကပ်ခွင့်မရှိကြောင်း ပြောပါသေးသည်၊ ဆက်ပြီးပြောနေကြပါသည်၊ ကျမအတွက် စည်းကမ်းချက်များ လိုက်နာရန်များ ဖြစ်ပါလိမ့်မည်၊ ကျမတော်တော်များများကို နားမလည်ပါ၊ ရုံးခန်းကပြောလိုက်သော သူစိမ်းတွေနဲ့ လုံးဝ စကားမပြောရန် အဆက်အသွယ် မလုပ်ရန်ကို၊ သူတို့ကလည်း အကြိမ်ကြိမ် ပြောနေသည်ကို တွေ့ရပါသည်၊ ကျမကတော့ ရက်စ်မန် ရက်စ်မန် လုပ်နေမိပါတော့သည်။
ကျမအတွက် ထိပ်တိုက်တွေ့ရသော အခက်အခဲကတော့ ကျမတစ်ခါမှ မမြင်ဘူး၊ မသုံးဘူးသော အဝတ်လျှော်စက်၊ ဂတ်စ်မီးဖိုနှင့် မိုင်ကရို့ဝေ့ အာဗန်တို့ပဲဖြစ်ပါသည်၊ အိမ်မီးတွေ အဖွင့်အပိတ်ကို ကျမသိနေပါပြီ၊ မိုင်ကရို့ဝေ့ အာဗန်လည်း သုံးရက်လောက်နဲ့ ကျမသုံးတတ်သွားပါပြီ၊ ဒါပေမဲ့ အဝတ်လျှော်စက်နှင့် ဂတ်စ်မီးဖိုကိုတော့ အိမ်ရှင်မက ထပ်ထပ်သင်ပေးသော်လည်း ကျမကြောက်နေ၍လား အိမ်ရှင်မ စိတ်မရှည်လို့လား မသိပါ၊ ကျမ မှန်ကန်စွာ မသုံးတတ်သေးပါ၊ နောက်တစ်ခုကတော့ မော့လို့ခေါ်တဲ့ အဝတ်ကြမ်းတိုက် တံမြက်စီးကို ကျမ မသုံးတတ်ခြင်းပဲ ဖြစ်ပါသည်၊ ဟုတ်ပါသည် ကျမတစ်သက်မှာ တစ်ခါမှ မော့မတိုက်ခဲ့ဘူးပါ၊ ကျမတို့အိမ်တွေမှာ ဘယ်နေရာမှာ မော့သွားတိုက်ရမှာလဲ ကျမတို့ဆီမှာ မလိုအပ်ဘူး မဟုတ်ပါလား၊ အိမ်ရှင် အမျိုးသမီးက ကိစ္စမရှိပါဘူး၊ နောက်အပတ်မှာ ငါ့အမေလာမယ် နင့်ကို သူကောင်းကောင်း သင်ပေးမှာပါလို့ ကျမကိုပြုံး၍ ပြောလိုက်သည်၊ ထိုအပြုံးသည် နောင်တွင် အလွန်ဆိုးဝါးသော အပြုံးတစ်ခုဖြစ်ကြောင်း ကျမ မသိရှိခဲ့ပါ၊ ဒါအပြင် ရောက်လာမည့် အိမ်ရှင်မ၏ အမေသည် ဆေတန်နတ်ဆိုးက လွတ်လိုက်သော ကျမအတွက် မကောင်းဆိုးဝါး တစ်ယောက်ဖြစ်နေမှန်း ထိုအချိန်က ကျမ မသိရှိခဲ့ပါ။
------------------------------
အိမ်ရှင်ရော၊ အိမ်ရှင်မပါ အလုပ်လုပ်ကြပါသည်၊ စနေနှင့် တနင်္ဂနွေ နေ့တွေကလွဲလို့ မချက်စားကြပါ၊ ကလေးတွေအတွက် ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်များကိုတော့ နေ့တိုင်း ကျမချက်ပြုတ်ရပါသည်၊ ကျမ၏ နေ့စာနှင့် ညစာတို့သည်လည်း ခေါက်ဆွဲပြုတ်၊ ဆန်ပြုတ်များ ဖြစ်ပါတော့သည်၊ ချက်ပြုတ်ရခြင်းကို အနည်းငယ်သာ ကျမ လုပ်ရပါသည်၊ ဒါပေမဲ့ ဘာပြီးရင် ဘာလုပ်ရမယ်တွေနဲ့ ကျမသည် နံနက် လေးနာရီခွဲ ငါးနာရီမှာ ထပြီး ညဆယ်နာရီကျော်မှ အိပ်ရပါသည်၊ လေးနာရီခွဲ ထရတဲ့ နေ့တွေကတော့ မော်တော်ကားကို ရုံးသွားအမှီ ဆေးပေးရသော နေ့တွေဖြစ်ပါသည်။
မဒမ်တန်သည် အိမ်ရှင်မ၏ အမေဖြစ်ပါသည်၊ အိမ်ရှင်မ၏ ညီမအိမ်တွင် အနေများပြီး ဒီအိမ်ကိုတော့ တစ်ပတ်တစ်ခါ လာနေပါသည်၊ ခုတော့ ကျမကို သင်ပေးစရာတွေ ရှိသည်ဆို၍ ဒီအိမ်တွင် သုံးပတ်လောက်နေမည် ဆိုပါသည်၊ သူမ၏အကြည့် သူမ၏ အမှုအရာကို ကျမ မကြိုက်ပါ၊ သူမ၏အကြည့် သူမ၏ အမှုအရာသည် ဘာဆိုလိုသလဲဆိုတာ ကျမသိနေလို့ ဖြစ်ပါသည်၊ သူမရောက်လာသော အချိန်တွင် ကျမသည် ကရိယာအားလုံးကို ကိုင်တွယ်တတ်နေပါသည်၊ ဒါပေမဲ့ သူမသည် ဒီလိုလုပ်ရသည် ဒီလိုကိုင်ရသည်နဲ့ သူ့လိုလိုက်လုပ်ပါဆိုပြီး နေရာတိုင်းကို ဆရာလုပ်ပါသည်၊ ကြမ်းကိုနှစ်ခါလောက် တိုက်ခိုင်းတတ်ပါသည်၊ ကျမအားတယ်လို့ ထင်တာနဲ့ အိမ်သာတွေကို ထပ်ဆေးခိုင်းခြင်း ပြူတင်းပေါက်တွေကို ထွက်သုတ်ခိုင်းခြင်း လုပ်တတ်ပါသည်၊ သူမသည် ကျမကို စကားလုံး သုံးလုံး သင်ပေးခဲ့ပါသည်၊ စတူးပစ် အီးဒီရပ်စ်နှင့် ဘိုဒိုး တို့ဖြစ်ပါသည်၊ အများအားဖြင့် စတူးပစ် ‘stupid’ ဆိုသော စကားလုံးသည်၊ တစ်နေ့ကို အကြိမ်ပေါင်းများစွာ ကြားနေရသော စကားလုံးဖြစ်ပါသည်၊ ကလေးအကြီးလေးကပါ လိုက်ခေါ်သောအခါ အမေတို့ အဖွားတို့က လိုက်ရယ်ကြပါသည်၊ ဒီစကားလုံးတွေသည် ကျမကို မီးပူတိုက်သင်ပေးရာမှ အစပြုခဲ့ခြင်း ဖြစ်ပါသည်၊ တကယ်တော့ ကျမဟာ မီးပူတိုက်တတ်သူပါ မီးပူအမျိုးအစားခြင်း မတူလို့ လေ့လာနေချိန်မှာပင် ဒါလေးတောင် မသိဘူးလား၊ နင်တို့တိုင်းပြည်မှာ မရှိဘူးလား ဆိုသည်တို့နဲ့အတူ ထိုစကားလုံးများ ဝင်ရောက်လာခြင်းဖြစ်ပါသည်။

အဖွားကြီး မဒမ်တန် အိမ်မှာရှိသောနေ့များတွင် နေ့တိုင်းချက်ပြုတ်ရပါသည်၊ မိသားစုလိုက် ညစာထွက်စားသော နေ့များတွင် သူတို့ကျမအတွက် ထုပ်လာပေးပါသည်၊ ကျမသီးသန့် ချက်ပြုတ်စားခွင့် မရှိပါ၊ တစ်ခါတစ်လေ သူတို့ထုပ်လာသော အကျန်များ စုထားသော အစားအစာ များသည် သိုးလို့နေပါသည်၊ ရသလောက်ကို စားပြီး ဆိုးဝါးနေသည်များကို ကျမလွင့်ပစ်ရပါသည်၊ ထိုနေ့ညများ အတွက်တော့ ဆာလောင်မှုနဲ့အတူ ကျမအိပ်စက်ရပါသည်၊ မနက် ကလေးတွေ ခေါက်ဆွဲတွေကို အကုန်မစားကြပါစေနဲ့လို့ ဆုတောင်းရင်း ကလေးတွေအကျန်ကို ပန်းကန်ဆေးရင်း ဘယ်သူမှ မသိအောင် စားရပါသည်၊ အဖွားကြီးသည် ခေါက်ဆွဲခြောက် အထုပ်များကို အမြဲရည်တွက်နေလေ့ရှိသည်၊  ကျမယူစားသလား သိအောင်လို့ ဖြစ်ပါလိမ့်မည်၊ တစ်နေ့ အရမ်းသိုးနေ၍ ညကမစားပဲ ကျမလွင့်ပစ်ထားသော စားစရာတွေကို အဖွားကြီးမြင်သွားပြီး သူ့သမီးကိုလည်း ခေါ်ပြကာ နှစ်ယောက်လုံးက ကျမကို ဆူပူကြိမ်းမောင်းကြပါတော့သည်၊ ကျမသည် ထိုအိမ်က ထွက်ပြေးလို့ သွားချင်မိပါသည်၊ မြန်မာပြည်ရှိ အဖေ အမေနှင့် မောင်နှမတွေ မျက်နှာ ပြန်မြင်ယောင်ရင်း ဘုရားသခင်ထံ စိတ်ထဲက ဆုတောင်းနေမိပါသည်၊ ဒေါသထွက်နေသော သူတို့၏ ဒေါသများ ပြေပါစေလို့၊ ကျမအား ဆူပူကြိမ်းမောင်းခံရခြင်းမှ လွတ်မြောက်အောင် ဘုရားသခင်ချီးမြင့်တော်မူပါလို့။
မှန်တင်ခုံကို ဖုန်သုတ်နေရင်း ကျမကိုကျမ မှန်ထဲမှာ ပြန်ကြည့်လိုက်မိသောအခါ လေးလကျော်ကျော်မှာ ကျမ အဲဒီလောက်ပိန်ဆင်းသွားပြီး မျက်နှာကျသွားလိမ့်မည်ဟု ကျမ မထင်ခဲ့မိပါ၊ မြန်မာပြည်က မိသားစုကို ပြန်မြင်ယောင်ပြီး စိတ်တွေကိုတင်းထား လိုက်မိပါသည်၊ ကျမသည် ခြောက်လတိတိ ဘာလစာမှ ရရှိလိမ့်မည် မဟုတ်ပါ၊ ကျမလုပ်စာတွေကို မြန်မာအေးဂျင့်ခအဖြစ် အိမ်ရှင်က အေးဂျင့်ကို ပေးနေမည်ဖြစ်သည်၊ ခြောက်လကျော်မှ ကျမလုပ်စာကို ရရှိမည်ဖြစ်ပါသည်၊ ဘာပဲဖြစ်ဖြစ် ကျမ၏ ပထမဦးဆုံးရသော လစာကို အိမ်ပို့ချင်ပါသည် ဒီထွက်လာဖို့အတွက် ငွေနှစ်သိန်းကို အတိုးနဲ့ ချေးခဲ့ရပါသည်၊ ယူခဲ့သော အကြွေးကို အမြန်ပြန်ဆပ် ချင်ပါသည်၊ ထိုနေ့မှာပင် ကျမကြောင့် ပန်းကန်ပြား သေးသေးလေးတစ်ခု ကွဲသွားခဲ့ပါသည်၊ စတူးပစ်နဲ့ အစချီသော အမေနဲ့သမီး၏ ဆူပူကြိမ်းမောင်းမှုများ ကျမဆီကို ဆက်တိုက်ဝင်ရောက်လာပါသည်၊ ဒါမျိုးကိုင်ဘူးရဲ့လား၊ နင်တို့တိုင်းပြည်မှာ ရှိသလားနဲ့ နောက်ဆုံး ကျမက လစာထဲက ပိုက်ဆံဖြတ်ဖို့ ပြောလိုက်မှ ရပ်သွားကြပါတော့သည်။
တစ်ခါတစ်လေ အဖွားးကြီးသည် ကျမကို သမီးငယ်အိမ်ကိုခေါ်သွားပါသည်၊  ထိုအိမ်မှာလည်း အိမ်သန့်ရှင်းရေးတွေ ကျမလုပ်ရပါသည်၊ ဒီအိမ်ပြန်ရောက်လာလဲ ဒီအိမ်အလုပ်တွေပြီးအောင် လုပ်ရသမို့ အဲဒီလိုနေမျိုးတွေမှာတော့ သန်းခေါင်ကျာ်မှ ပင်ပန်းကြီးစွာ ကျမအိပ်ရပါတော့သည်၊ တစ်နေ့ မှာတော့ ကျမဗိုက်တွေနာပြီး ဖျားပါသည်၊ အဖွားကြီးက ကျမအလုပ်မလုပ်ချင်လို့ ဟန်ဆောင်နေတယ်ဆိုပြီး တပြစ်ပြစ်ဆူနေသည်၊ အိမ်ရှင်မ လာစမ်းပြီး ကိုယ်ပူနေ၍ ဆေးတစ်လုံး တိုက်သွားပါသည်၊ ကလေးတွေနား မကပ်ရန်မှာသွားပါသည်၊ ထိုနေ့က ကလေးတွေ အလုပ်ကို အဖွားကြီး လုပ်ရပါသည်၊ အဖွားကြီးမျက်နှာက ကျမကို ရန်သူကြီးသဖွယ် ဖြစ်နေပါတော့သည်၊ ညကျတော့ အိမ်ရှင် အမျိုးသားက ဆေးခန်းလိုက်ပြပါသည် ဆရာဝန်က ပန်း၍အားနည်းနေ၍ ဖြစ်ကြောင်းပြောပြီး ဆေးအနည်းငယ် ပေးလိုက်ပါသည်၊ ထိုညက အိမ်ရှင်မက ဆေးတိုက်ပြီး စောစောအိပ်၍ စောစောပြန်ထရန် ပြောပါသည်၊ နေကောင်းအောင်နေ နင်သေသွားရင် ငါတို့အမှုပတ်နေဦးမယ်ဆိုပြီး ပြောလိုက်သေးသည်၊ ထိုညသည် ကျမအတွက် ဒီနေရာမှာ ကိုးနာရီလောက် အရှည်ဆုံး အိပ်ရသော ညတစ်ည ဖြစ်ခဲ့ပါသည်။
တစ်ချို့တနင်္ဂနွေ နေ့တွေမှာ ကျမကို ဘုရားကျောင်းကိုခေါ်သွားလေ့ရှိပါသည်၊ ထိုဘုရားကျောင်းသည် တခြား ဘုရားကျောင်းတွေနဲ့ မတူပါ၊ ကျမတို့ကို ခွဲထားပါသည်၊ ထိုနေရာမှာ ကျမတို့လို့ ဖီလိုပီနိုတွေနဲ့ စသိခဲ့ရပါသည်၊ သူစိမ်းတွေနဲ့ လုံးဝ စကားမပြောရန် သတ်မှတ်ထားပေမဲ့ ဘုရားကျောင်းမှာတော့ ကျမ စကားပြောခွင့်ရပါသည်၊ သူတို့ဆီကနေပြီး နေ့အားအလုပ်ခများ ကျမတို့လုပ်နိုင်သည် မလုပ်နိုင်သည်များ ကို အနည်းအကျဉ်း သိခဲ့ရပါသည်၊ လူတစ်ချို့နဲ့ လွတ်လပ်စွာ စကားပြောခွင့်၊ ဘုရားသခင်ထံ ခိုလှုံခွင့်ရသော ထိုနေ့ခဏတာလေးသည် ကျမအတွက်သည် နောက်နေ့တွေအတွက် ခွန်အားဖြစ်ခဲ့ပါသည်၊ တစ်ခါတစ်လေ အဖွားကြီးသည် ကျမတို့ဆီ ရောက်လာပြီး ကျမဘယ်သူနဲ့ စကားပြောသည် ဘာပြောသည်ကို လာကြည့်စပ်စုလေ့ရှိပါသည်၊ ထိုနေ့တွေမှာတော့ ကျမ ဘုရားကျောင်းကို လိုက်လာချင်စိတ်ပင် မရှိတော့ပါ။
ကျမ အလုပ်လုပ်လို့ ခြောက်လပြည့်မှာတော့ ရုံးခန်းကအေးဂျင့် ကျမကိုလာတွေ့ပါသည် ဒီလမဟုတ်ပဲ၊ နောက်လ လစာတွေကို အိမ်ရှင်က ကျမထံကို တိုက်ရိုက်ပေးမည် ဖြစ်ကြောင်း အကြောင်းလာကြားခြင်း ဖြစ်သည်၊ အဆင်ပြေသလားလို့ မေးသော အခါ၊ ကျမ သိခဲ့ရသော နေ့အားခများအကြောင်းပြောရာ အေးဂျင့်ရော အိမ်ရှင်ပါ မျက်နှာပျက်သွားပါသည်၊ သူတို့ အချင်းချင်း စကားပြောပြီး ထိုနေ့က နေ့အားခ တစ်လ နှစ်ဆယ်အဖြစ် ငါးလစာ ကျမ ၁၀၀ ရရှိခဲ့ပါသည်၊ ပိုက်ဆံ ၁၀၀ ထွက်သွားသည့် အတွက် အိမ်ရှင်များ၏ မျက်နှာ များသည် မဲလို့နေပါသည်၊ အဖွားကြီး၏ မျက်နှာက အဆိုးဆုံးပဲ ဖြစ်ပါသည်၊ ထိုနေ့က အိမ်ရှင်မသည် ကျမကို ဆက်တိုက်ပင်ခိုင်းရာ ကျမ ညတစ်နာရီမှ အိပ်ခဲ့ရပါသည်၊ ထိုနေ့မှစ၍ ကျမသည် ဘုရားကျောင်းသို့ လိုက်ပါရခြင်း မရှိတော့ပါ။
နေ့အားခများ ပေးလိုက်ရ၍ လားမသိ သူတို့ပုံစံများ ပြောင်းလဲလာသည်၊ အိမ်တွင် ထမင်းမချက်သော နေ့များတွင် ကျမအတွက် ဘာမှပါမလာပဲ ပေါင်မုန့်နှစ်ချပ် ယူစားရန်ပြောပါတော့သည်၊ ဒီလိုနဲ့ ကျမအတွက် မနက်စာသည် ကလေးများအကျန်၊ ညစာသည် ပေါင်မုန့်နှစ်ချပ်တို့ ဖြစ်ခဲ့ပါသည်၊ မြန်မာပြည်က မိသားစုအတွက် စိတ်ကိုတင်းထားရင်း အဖေပြောတဲ့ ဝဋ်ဆိုတာ ဒါကိုခေါ်သလား ကျမတွေးနေမိပါသည်၊ တစ်နေ့တွင် ခေါက်ဆွဲခြောက် တစ်ထုပ်ပျောက်တယ်ဆိုပြီး အဖွားကြီးသည် ကျမယူစားပါတယ်ဆိုပြီး စွတ်စွဲကာ ဆူပူကြိမ်းမောင်းပါသည်၊ မြန်မာသူခိုးတွေ ငတ်နေတဲ့နေရာကလာတာ ဆိုပြီး ဆဲဆိုမှုတွေပါလာ ပါသည်၊ ကျမက မဟုတ်ကြောင်း ငြင်းဆိုသော်လည်း သမီးကပါ ဝင်ရောက်ဆူပါတော့သည်၊ ကျမမျက်ရည်တွေ အလိုလိုကျလာပါသည်၊ စိတ်ဓါတ် အဆုံးစွန်ဆုံးထိ ကျမိပါသည်၊ မကြာမှီ ကလေးအခန်းထဲတွင် ခေါက်ဆွဲခြောက်ထုပ်ကို ယ၍ူ ကစားထားသည်ကို တွေ့ပါသည်၊ ဒါကို အဖွားကြီးက ကျမပဲခိုးပြီး ကလေးအခန်းထဲ ထည့်ထားသလိုလို ပြောပါသည်၊ နောက်ဆုံး ကလေးငယ်လေး ကိုယ်တိုင်က သူယူဆော့တာပါလို့ ပြောမှ ငြိမ်သွားကြသည်၊ ကျမကို တောင်းပန်ခြင်း မလုပ်ကြပါ၊ သြော် တော်တော်ယဉ်ကျေးတဲ့ သူတွေပါလား။

ကျမရဲ့ အလုပ်ပင်ပန်းမှုတွေက ဒီရက်ပိုင်းအတွင်းမှာ ကျမယိုင်လဲကျသွားမတတ်ပါပဲ၊ ဘုရားသခင်သည် သူ၏ သမီးတစ်ယောက်ကို မေ့ထားပါသလား၊ အိုအဖ ဘုရားသခင်သည် သမီးကျမကို စောင့်ရှေက်တော်မူပါ၊ ကျမ ဘုရားသခင်ထံသို့ အကြိမ်ကြိမ် ဆုတောင်းနေမိပါသည်၊ တစ်နေ့ မီးပူတိုက်အပြီးမှာပေါ့ ကျမ အဝတ်တွေကို သူနေရာနဲ့သူ ပြန်ထည့်နေပါသည်၊ ထိုအချိန်တွင် အဖွားကြီးရောက်လာပြီး မင်းငါ့အင်္ကျီ ကိုဖျက်ဆီးလိုက်တယ် ဆိုပြီး၊ အင်္ကျီ တစ်ထည်ကိုယူလာပြီး စတူးပစ်နဲ့ အစချီခါ ကျမကိုဆဲဆိုပါတော့သည်၊ ကျမသိပါသည် ထိုအကျီာင်္သည် အရင်ထဲက ထိပ်ပိုင်းတွင် တွန့်လိမ်နေခြင်းဖြစ်ပါသည်၊ အင်္ကျီသည် အသစ်လည်း မဟုတ်ပါ၊ ဒါမျိုး နင်တို့ဝတ်ဖူးလို့လား၊ နင်တို့နိုင်ငံမှာ မြင်ဖူးလို့လား ပြောဆိုပါသည်၊ ဒါတင်မကသေးပါ ကျမနားထင်ကို လက်ညှိုးနဲ့တို့က စတူးပစ် စတူးပစ်လို့ အကြိမ်ကြိမ် အခါခါပြောပါတော့သည်၊ တမင်သက်သက် လာယိုးစွတ်နေခြင်း ဖြစ်ပါသည်၊ ဒီတစ်ခါတော့ ကျမသည်းခံမှုတွေ ပျက်သုန်းသွားပါပြီး၊ ‘Don’t touch me’ ငါ့ကို မထိနဲ့ ငါ့ကို မထိနဲ့လို့ အဖွားကြီးကို ကျမ အော်ပစ်လိုက်ပါသည်၊ နောက်ပြီး မြန်မာလို အရူးမကြီး အရူးမကြီး လို့အော်ပစ်လိုက်သည်၊ အဖွားကြီးက နင်ငါ့ကို ဘာပြောတာလဲ ဆိုပြီး ကျမကို တစ်ခုခုလုပ်မလို ရှေ့တိုးလာပါသည်၊  ‘Stupid’ ‘you don’t know Burmese,  Stupid’ လို့ ကျမအော်ပြောပစ်လိုက်သည်၊ ထိုအချိန် အိမ်ရှင်လင်မယားရောက်လာပြီး အဖွားကြီးကို ခေါ်ထုတ်သွားသည်၊ ကျမက အိမ်ရှင်မကို နင်သိတယ်နော် သူလုပ်တာကို လို့လှမ်းပြောလိုက်သည်၊ အိမ်ရှင်မက ကျမကို ပါးစပ်ပိတ်နေစမ်း ဘာကြောင့်ပြန်အော်ရတာလဲ နင်ပြန်အော်ရဲတယ်ပေါ့လို့ ဆိုသည်၊ အဖွားကြီးက ငါ့ကို သူက စတူးပစ်လို့ ပြောတယ်လို့ တတွတ်တွတ်ပြောရင်း သူ့သမက်ခေါ်ရာ ပါသွားပါသည်၊ သူ့ကို စတူးပစ်လို့ ပြောတော့ နာတတ်လိုက်တာ၊ ခဏနေ အိမ်ရှင်အမျိုးသားလာပြီး ကိုယ်အလုပ်ကိုယ်ဆက်လုပ်ရန် လာပြောပါသည်၊ ကျမကတော့ တဆတ်ဆတ်တုန်နေသော ဒေါသတွေနဲ့အတူ ကျမအလုပ်တွေ ဆက်လုပ်နေပါသည်၊ ဒီအချိန်မှာ ကျမလူသတ်ရဲကောင်း ရဲပါလိမ့်မည်၊ ဒါပေမဲ့ ဘုရားသခင်က ကျမကို ထိန်းချုပ်လိုက်တာ ဖြစ်မှာပါ။
နောက်နေ့ မနက်အစောကြီးမှာပေါ့၊ ဗွမ်းဆိုတဲ့အသံနှင့်အတူ ရေများမျက်နှာကို လာထိသဖြင့် ကျမလန့်နိုးသွားခဲ့သည် ရေပက်၍ အနိုးခံလိုက်ရခြင်း ဖြစ်ပါသည်၊ ထရမဲ့အချိန် မသိဘူးလားဆိုတဲ့ အိမ်ရှင်မရဲ့ အသံကိုကြားရသည်၊ အချိန်ကို ကြည့်လိုက်တော့ နံနက် ၄း၄၀ ရှိပါပြီ၊ လေးနာရီခွဲထပြီး ကားဆေးနေကြ ဖြစ်ပါသည်၊ ၁၀မိနစ်နောက်ကျ၍ ရေပက်၍ အနိုးခံလိုက်ရသည်၊ ခုဆင်းသွားဆိုပြီး ရေပုန်းတွေနဲ့ ဆေးစရာတွေပေးကာ ကျမကို အောက်ဆင်းပြီး ကားဆေးခိုင်းပါသည်၊ ကျမ မျက်နှာ မသစ်ခဲ့ရပါ ရေစွဲစွဲစိုနေသော ညအိပ်အဝတ်များ မလဲခဲ့ရပါ၊ ကားရပ်သည့်နေရာ ရောက်သောအခါ၊ ကျမကားရှေ့တွင် ထိုင်ကာ ကျမငိုချမိပါတော့သည်၊ ဘယ်လောက်အထိ ကြာလဲမသိပါ၊ အိမ်ရှင်မနှင့် အဖွားကြီး ဆင်းလာပြီး၊ ကျမကို ငိုနေရမလား ကားမဆေးဘူးလား ဆိုကာ ဆူပူကြိမ်းမောင်းကာ အိမ်ပေါ်ကို ပြန်ခေါ်ပါသည်၊ ကျမက အိမ်ပေါ်ကို မလိုက်ဘူးပြောဆိုကာ ဆက်ငိုနေမိပါသည်၊ အိမ်ရှင်မနှင့် အဖွားကြီး ကျမကိုအတင်းချုပ်ကာ အိမ်ပေါ်ကိုခေါ်တင်ဖို့ လုပ်ပါသည်၊ ဝိုင်းကြည့်နေသော လူတစ်ချို့ ထိုကဲ့သို့ မလုပ်ရန် ဝင်တားကြပါသည်၊ ကျမကိုယ်လည်း ဘယ်သူလဲ၊ ဘာလဲ ကျမအေးဂျင့် ဘယ်သူလဲ ပြောဆိုမေးမြန်းပါသည်၊ အိမ်ရှင်အမျိုးသားလည်း ရောက်လာပြီး သူ့မိန်းမကို အတင်းမလုပ်ရန် ပြောဆိုပါသည်၊ ကျမက အိမ်ရှင်အမျိုးသားကို ငါ့ဒီမှာ ဆက်ပြီးမနေချင်တော့ဘူးလို့ ပြောလိုက်မိပါတော့သည်၊ ထိုအချိန်တွင် အေးဂျင့်ရုံးခန်းက လူတစ်ယောက် ရောက်လာပြီး ကျမကိုရုံးခန်းသို့ ပြန်ခေါ်ခဲ့ပါသည်၊ ကျမ ပစ္စည်းတွေကိုလည်း တစ်ပါတည်း ယူပေးခဲ့ပါသည်၊ ရှေ့ဆက်ဘာတွေဖြစ်မည်ကို ကျမ မတွေးမိပါ၊ စိတ်ထဲမှာတော့ ဘုရားသခင် မရှိတဲ့နေရာက ငါထွက်လာခဲ့တာလို့ မှတ်ယူနေမိပါသည်။
……………………………………………….
မိတ်ဆွေ တစ်ယောက်  ကူညီလုပ်ကိုင်နေသော လူမှုရေး အဖွဲ့အစည်း တစ်ခုက မြန်မာ စကားပြန် လုပ်ပေးပါဆိုလို့ ကျနော် သူတို့၏ ရုံးခန်းလေးကို ရောက်ရှိခဲ့သည်၊ ထိုရောက်သောအခါ မြန်မာ အိမ်အကူ အလုပ်သမားတစ်ယောက်ကို သူတို့ကူညီနိုင်ရန် သေချာအောင် စကားပြန် လုပ်ပေးဖို့ ဖြစ်ကြောင်း သိခဲ့ရသည်၊ အဲဒီမှာ ဖြူဖြူပိန်ပိန် လူမမာရုပ်ပေါက်နေသော မြန်မာမလေး တစ်ယောက်ကို တွေ့ရှိ သိရှိခဲ့ရသည်၊ သူမ၏ နာမည်သည် သီသီမြင့် ဖြစ်ပါသည်။
သူမ၏ အကြောင်းတွေကို စကားပြန်ပေးဖို့ နားထောင်းရင်း ကျနော်သည် မျက်ရည်ဝဲခဲ့ရသည်၊ ပင်ပန်းဆင်းရဲစွာဖြင့် ခုနှစ်လလောက် ရေခြားမြေခြားတွင် လုပ်ကိုင်ခဲ့သော ထမင်း မဝတဝစား ကျွန်ခံခဲ့ရသော သူမ၏ လုပ်ခများသည် ဘယ်သူတွေအတွက် ဖြစ်သွားကြသနည်း၊ သူမသည် ခေါင်းပုံဖြတ်ခံရသူ တစ်ယောက်ဖြစ်သည်၊ သူမသည် မသိမသာ လူကုန်ကူးခံရသူ တစ်ယောက်ဖြစ်သည်၊ ပင်ပန်းကြီးစွာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ရရှိခဲ့သော ဝင်ငွေတွေကို အေးဂျင့်လို့ပဲခေါ်ခေါ် အလုပ်ရှာပေးတဲ့ သူလို့ပဲခေါ်ခေါ် ဒီလိုလူတွေမို့ ယူရက်ပေသည်၊ သံသရာကို ဝဋ်ကြွေးသယ်ဆောင် သွားကြသူများ ဖြစ်ပေသည်၊ ငေးကြောင်ကြောင် ဖြစ်နေသော သူမနဲ့ ကျနော် စကားတွေပြောဖြစ်ခဲ့သည်၊ စကားတွေပြောနေရင်းနဲ့ သူမအားတက်လာကြောင်း တွေ့ရပါသည်၊ သူမသည်လို အားတက်လာတာကိုပဲ ကျနော်ကျေနပ်မိသည်၊ လောလောဆယ် စိတ်အားထပ်မငယ်စေရန် ကျနော်သည် ထိုအဖွဲ့အစည်းမှတဆင့် ငွေ၂၀၀ ပေးဖြစ်ခဲ့သည်၊ ကျနော်လုပ်ပေးနိုင်တာကို လုပ်ပေးခြင်းဖြစ်ပါသည်။
တကယ်တော့ FDW Foreign Domestic Workers ခေါ်ခေါ် Maid လို့ပဲခေါ်ခေါ်၊ အိမ်အကူ အလုပ်သမားများသည်၊ အပင်ပန်းဆုံး၊ အလုပ်ချိန် အများဆုံး၊ လခအနည်းဆုံးရသော အလုပ်သမားများဖြစ်ပါသည်၊ ထိုထက်ဆိုးသည်မှာ စင်္ကာပူ အလုပ်သမားဥပဒေကို ခံစားပိုင်ခွင့် မရှိသော အလုပ်သမားများဖြစ်ပါသည်၊ တနည်းအားဖြင့် အခွင့်အရေးအနည်းဆုံး အလုပ်သမားများဖြစ်ပါသည်၊ နောက်နေ့မှာတော့ အဖွဲ့အစည်းက အေးဂျင့်၊ အိမ်ရှင်တွေနဲ့ သီသီမြင့် ကိစ္စဆွေးနွေးကြသည်၊ အဖွဲ့အစည်း၏ ဥပဒေအကြံပေးလည်းပါသည်၊ ဥပဒေအကြံပေးသည် သီသီမြင့်အတွက် အေးဂျင့်နှင့်အိမ်ရှင်တွေကို အချက်အလက် တစ်ချို့ကို ထောက်ပြခဲ့သည်၊
Should ensure that she has sufficient rest, especially during the night. Rest days should also be catered for, as agreed between yourself and the worker.
All foreign domestic workers who have their Work Permits issued on or after 1 January 2013 will be entitled to a weekly rest day. The compensation should be at least one day’s salary or a replacement rest day taken within the same calendar month.
FDW Foreign Domestic Workers can only be employed for the performance of domestic chores for their employers, at the residential addresses stated on the Work Permits.
The FDW may experience homesickness and loneliness. As her employer, you can ease those feelings by letting her communicate with her family and friends in her home country.

ဥပဒေအကြံပေး၏ ကျွမ်းကျင်မှုကြောင့်လားမသိပါ၊ အိမ်ရှင်သည် နေ့အားခအကျန်များ၁၆ ရက်စာ လစာတို့အပြင် နစ်နာကြေး ၄၀၀ ပါပေးခဲ့သည်၊ သီသီမြင့် တစ်ယောက် ဒေါ်လာ ၁၀၀၀ လောက်ရရှိခဲ့သည်၊ ထိုအပြင် အေးဂျင့်က သီသီမြင့် လုပ်ချင်ရင် အလုပ်ရှာပေးမည်ပြောသည်၊ တစ်လလောက်လုပ်ပြီး မကြိုက်ပါက ပြောင်းခွင့်ပေးမည်ဟု ဆိုသည်။
ထိုအကြောင်းအရာ ရလဒ်များကို သီသီမြင့်ကို ကျနော်ရှင်းပြခဲ့သည်၊ သူမသည် ကျနော်ကို အပြုံးလျှော့လျှော့လေးပဲ ပြန်ပြုံးပြပါသည်၊ သူမ၏ စိတ်ခံစားမှုသည် အဆုံးစွန်ဆုံး ရောက်လို့နေပါသည်၊ ကျနော်က ညီမပြန်မှာလား၊ ဆက်အလုပ်လုပ်ချင်လား မေးမိပါသည်၊ သူမသည် ကျနော်ကို ကြည့်နေပြီး ဘာမှ ပြန်မဖြေပါ၊ သူမတွင် ကျနော်ပေးထားသောပိုက်ဆံတွေနဲ့အတူ ဒေါ်လာ ၁၃၀၀ လောက်ရှိသည်၊ သူမမြန်မာပြည် ပြန်သွားပါက ထိုပိုက်ဆံတွေပဲ ပါသွားမည်ဖြစ်သည်၊ သူမသည် ဖြည်းဖြည်းခြင်း စကားတွေ ကျနော်ကို ပြန်ပြောပါသည်၊
ကျမလေ အေးဂျင့်ပြောသလိုပေါ့၊ လူထောင်နဲ့ချီမှာ ကံဆိုးသူ တစ်ယောက်ပါ၊ ကျမလေ ကံဆိုးစွာဖြင့် ဘုရားသခင် မရှိတဲ့ နေရာကို ရောက်သွားခဲ့တယ်၊
တကယ်လေ ကျမ အမေဆီကို ပြန်ချင်တယ်၊ ကျမတို့က ဆင်းရဲပါတယ်၊ ဒါပေမဲ့ အမေရှိတဲ့ဆီမှာ ဘုရားသခင် ရှိတယ်၊ ဘုရားသခင်က ကျမတို့ကို အချိန်ပြည့် စောင့်ရှောက်ထားတယ်လို့ ကျမယုံကြည်တယ်၊
ကျနော်အလိုက်အထိုက်ပင် ပြောလိုက်မိသည်မှာ၊ “ခုမြန်မာပြည်လည်း ပြောင်းလည်းနေပြီ ညီမပြန်သွားရင် တစ်ခြားအလုပ်တွေပါတွေ ရနိုင်ပါတယ်”၊
သူမသည် ကျနော်ကို မဲ့ပြုံးလေးနဲ့ ပြန်ပြောပါသည်၊ ‘ဘာပြောင်းလည်တာလဲ အစ်ကို၊ ဈေးနူံးတွေ ပိုကြီးလာတာလား၊ ဒုစရိုက်မှုတွေ ပိုပေါလာတာလား၊ ယုံကြည်မှုတွေ ရှားပါးလာတာလား၊ လူလိမ်တွေ ပိုပေါလာတာလား၊ ကျမတို့လို့ လူတန်းစားတွေအတွက် ပိုခက်ခဲရုန်းကန်ရတာကို ပြောင်းလည်လာတယ်လို့ အကိုဆိုတာလား၊ အစ်ကိုက စာတွေဖတ်ပြီး ပြောင်းနေတယ်ထင်တယ’်၊
ဒါပေမဲ့ အစ်ကိုရယ် အဲဒီလိုတွေ ပြောင်းလည်းနေပေမဲ့ အမေရှိတဲ့ဆီမှာ ဘုရားသခင် ရှိနေပါသေးတယ်၊
ဒါပေမဲ့ အစ်ကိုရယ် ဘုရားသခင် ရှိနေပေမဲ့၊ ကျမမိသားစုအတွက် ဒီမှာ ကျမနေနိုင်သလောက် ဆက်နေ ဆက်လုပ်သွားမလားလို့ စိတ်ကူးမိတယ်၊ အဲဒီလို စဉ်းစားမိတိုင်း ကျမလေ စတူးပစ် စတူးပစ်လို့ အသံတွေ ပြန်ကြားယောင်လာမိတယ်၊ ကျမ ထပ်မခံစားနိုင်တော့ဘူးလို့ ကျမထင်တယ်၊
ညီမ ခု အေးအေးဆေးဆေး နေလိုက်ပါဦး၊ ဒီကိစ္စကို အချိန်ယူပြီှး ဆုံးဖြတ်ပေါ့၊ မနက်ဖြန်ကြရင် ဒီကလူတွေ ညီမတို့ကို စင်္ကာပူတစ်ပတ် အလည် လိုက်ပို့လိမ့်မယ်၊ အစ်ကို သုံးရက်လောက်နေ ပြန်လာခဲ့ပါမယ်၊
ကျနော်သူမကို ပြောဆို နုတ်ဆက်ပြီး ထွက်လာခဲ့သည်၊
သူမ ဘာကို ဆုံးဖြတ်မလဲ ကျနော် မသိသေးပါ၊  
ကျနော့်အတွေးတွေကတော့ ပျံနှံနေပါပြီ၊
သီသီမြင့်လို ဘုရားသခင် မရှိတဲ့ နေရာရောက်နေသော  မြန်မာ မိန်းကလေးငယ်လေးတွေ ထိုင်းနိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ မလေးရှားနိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ တရုတ်နိုင်ငံမှာလည်း ရှိပါလိမ့်မည်၊ နောက်ဆုံး မြန်မာနိုင်ငံမှာတောင် ရှိကောင်း ရှိပါလိမ့်မည်။
သူတို့လေးတွေ ဘုရားသခင် ရှိတဲ့ နေရာကို ရောက်နိုင်ကြပါစေလို့ ဆုတောင်းမိလိုက်ပါတော့သည်။

ကျေးဇူးတင်စွာဖြင့်
sosegado


Thursday, July 25, 2013

သိပ် မုန်းဖို့ကောင်းတဲ့ မိန်းမ အပိုင်း၂


ရန်ကုန်မြို့ ကမ္ဘာအေးလမ်းပေါ်တွင် စားသောက်ဆိုင် တစ်ခု ရှိပါသည်၊ ထိုဆိုင်သည် ကျနော့်သူငယ်ချင်းပိုင်သော ဆိုင်ဖြစ်ပြီး၊ ထိုဆိုင်ဖွင့်ဖြစ်ရန် ကျနော်သည် ငွေကြေး အထောက်အကူပြု ခဲ့ပါသည်၊ တစ်နေ့ ကျနော်နှင့် အပေါင်းအသင်း တစ်ချို့ ထောင့်ကြကြ စားပွဲတွင် ထိုင်ကာ အစားအသောက်များကို ဖြည်းဖြည်းခြင်း စားနေကြသည်၊ ဒီစားပွဲသည် ဆိုင်တစ်ခုလုံးကို ခြုံ၍မြင်ရသော နေရာလည်း ဖြစ်သည်၊ တကယ်တော့ ဒီဆိုင်တွင် လူငယ်တွေအများဆုံး လာရောက်စားသုံးကာ အချိန်ဖြုန်းသော ဆိုင်တစ်ဆိုင်ဖြစ်ပါသည်၊ ယနေ့ လူငယ်များသည် လက်ရဲဇက်ရဲရှိလာသည်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြတော့သည်ကိုလည်း မြန်မာပြည် ပြန်ရောက်လာပြီးမှ ကျနော် ကိုယ်တွေ့သိလာခဲ့သည်၊ မိန်းကလေးငယ်လေးများ အတွက်လည်း ဘီယာသောက်ခြင်း အရက်သောက်ခြင်းများသည် ထင်ထင်ပေါ်ပေါ် ဖြစ်လာခဲ့သည်၊ စားသောက်နေသူထဲတွင် ကျနော်တို့သည် အသက်ကြီးဆုံး ဖြစ်ပါလိမ့်မည်၊ ထိုဆိုင်၏ အလယ်စားပွဲရှည် တစ်ခုတွင် လူငယ် ကောင်မလေး ငါးယောက်နဲ့ ကောင်ကလေး နှစ်ယောက်တို့ ထိုင်ကာ စားသောက်နေကြသည်၊

‘ဟေ့သီရီ ဟိုထောင့်က လူကြီးတစ်ယောက် နင့်ကိုရှုနေတယ်၊ စပွန်စာပေးချင်ပြီ ထင်တယ်’
“ဟေ ဝေးမှာပဲ၊ စိတ်မဝင်စား၊ နင်သွားပြောလိုက် သုံးနှစ်လောက်စောင့်လို့၊ နောက်ဆုံးနှစ်မှ စပွန်စာရှာမယ်လို့၊ ခု အချိန်မကျသေးဘူးလို့ သွားပြောလိုက်”၊
‘ငါးယောက် စလုံးဆို ချက်ချင်းလက်ခံလိုက်မယ်လို့ သွားပြောချီ၊ ဟားဟားဟား’
‘ငါတို့လည်း စပွန်စာ ဘရုတ်ကာဖီးလေး လိုချင်တယ်လို့’၊ “ဟားဟားဟား”

သူတို့ အချင်းချင်း ကျနော်တို့ ဝိုင်းကို ကြည့်ကာ ပြောနေကြခြင်းဖြစ်သည်၊ ကျနော်တို့ကလည်း ကြည့်နေမိသည်ကိုး၊
သူတို့အဖွဲ့ ပြန်ကာနီး သီရီဆိုသော ကောင်မလေး ကျနော်တို့ဝိုင်းကို တည့်တည့်လျှေက်လာပြီးတော့၊ ဘာဖြစ်ချင်လဲ၊ ကြည့်စရာရှားနေလား ဆိုပြီး၊ လက်မနှင့် လက်သန်းထောင်ပြသွားသည်၊ ကျနော်တို့ အဖွဲ့ကတော့ ပြုံးကြည့်ပြီး ကျန်ရစ်ခဲ့သည်၊ ကျနော်တို့ထဲက တစ်ယောက်က ကျနော့်ကို ဆရာရေ ချက်တော့ ထိသွားပြီဆိုပြီး ပြောလိုက်သည်၊ ဟုတ်ပါသည်၊ ကျနော်သည် သီရီဆိုသော ကောင်မလေးကို ပထမဦးဆုံးအကြိမ် တစ်နာရီ ကျော်ကျော်လောက် သေချာကြည့်ခဲ့ဘူးခြင်း ဖြစ်ပါသည်။

သီရီဆိုသော ကောင်မလေးသည် ရဲရင့်ပါသည်၊ သွက်လက်ပါသည်၊ ထက်မြက်ပါသည်၊ သို့သော် ထိုရဲရင့်မှု၊ သွက်လက်မှု ထက်မြက်မှုတို့သည် တစ်လွဲတွေ ဖြစ်နေသည်လို့ ကျနော်ထင်သည်၊ နောက်ပြီး အန္တရာယ်လည်း ရှိပေသည်၊ သူမကို သေချာ လမ်းညွှန် ထိမ်းပေးမဲ့သူ လိုအပ်နေသည်ဟု ကျနော်ထင်မိသည်၊ ကျနော်၏ အတွေ့အကြုံ လေ့ကျင့်သင်ကြားခဲ့မှုတွေအရ သီရီဆိုသော ကောင်မလေးကို အပေါ်ယံသဘော တော်တော်နာလည်း နေပါပြီ၊ သေချာတာ တစ်ခုကတော့ သီရီဆိုသော ကောင်မလေး၏ ရယ်ရွှင်နေမှု ပျော်ရွှင်နေမှုတို့ နောက်ကွယ်တွင် ထိန်းချုပ် ထိမ်ချန်ထားသော အရာများ ရှိပါလိမ့်မည်၊ သူမတို့ သူငယ်ချင်း ငါးယောက်စလုံးတွင် သီရီသည် အိမ်မှာ အနေအနည်းဆုံးလည်း ဖြစ်နေသည်။

တစ်နေ့ ကိုးမိုင်ရှိ ကော်ဖီဆိုင် တစ်ခုတွင် ကျနော် တစ်ယောက်ထဲ မနက်စာ စားနေချိန်မှာတော့ သီရီ ထိုဆိုင်သို့ ရောက်လာပါသည်၊ ကျနော်ထိုင်နေသော စားပွဲကို တည့်တည့် လျှေက်လာကာ ကျနော်ရှေ့တွင် ဝင်ထိုင်လေသည်၊
“ထိုင်မယ်နော် ဖြစ်တယ် မဟုတ်လား”၊ ကျနော်က ‘ထိုင်ပါ သီရိ’၊
“ဒီမှာ သီရိ မဟုတ်ဘူး သီရီ”၊
“ကျမက သီရိလို့ ကျမကို ခေါ်တဲ့ သူတွေကို သိပ်မုန်းတယ်”၊
အမုန်းဆိုသော စကားကို သူမဆီက ပထမဦးဆုံးအကြိမ် ကြားရခြင်း ဖြစ်ပါသည်၊

“ဒီမှာ ကျမတို့ကို လိုက်ကြည့်နေတယ် မဟုတ်လား၊ ကျမတို့ကလည်း ပြန်ပြီးလိုက်ကြည့် နေတယ်ဆိုတာ သိရအောင်၊ ဒီမယ် စားနေကြ ဒီကော်ဖီဆိုင်ကို လာခဲ့တာ”၊
‘တစ်ယောက်ထဲ လာခဲ့တာလား’၊ ကျနော်မေးလိုက်သည်၊
“ဟုတ်တယ် ကျန်တဲ့သူတွေက သူတို့အိမ်မှာပဲ အားဦးမှာ မဟုတ်ဘူး၊ ကျမက အိမ်မှာကို မနေချင်တာလေ၊ လာတုန်းကတော့ ရတဲ့ သတင်း မှန်မမှန်ကြည့်ပြီး ပြန်မလို့၊ နောက်တော့ ခင်ဗျားကို ချဲလင်းချင်စိတ် ပေါက်လာတာနဲ့ ဝင်လာတာ”၊ မျက်ခုံးလေး နှစ်ဘက်ကို ပင့်ကာပင့်ကာ ပြောသည်၊ တကယ်တော့ သီရီသည် တော်တော် ချစ်စရာကောင်းသော ကောင်မလေးပါ၊ တော်တော်လည်း ရဲရင့်သည့် သဘောရှိသည်။

မှာလေ မနက်စာမှာလေလို့ ကျနော်ပြောလိုက်သည်၊ သီရီ မနက်စာကို မှာလိုက်သည်၊ သူမှာသော မနက်စာသည် ကျနော်မှာထားသော မနက်စာနဲ့ တူလို့နေသည်၊
“ကျမက ဟော့ဒေါ့ကြိုက်တယ်၊ ဒီကော်ဖီရဲ့ အနံ့ကိုလည်း ကြိုက်တယ်လေ၊ ကျမကအနံ့နဲ့ ပတ်သက်ရင် နည်းနည်းဆန်းစတစ်ဖြစ်တယ်”၊ မမေးရပဲ ဖြေလေသည်၊
“ဒီမှာ လူကြီး၊ မကြိုက်ရင် ဒီမှာလို့ပဲ ခေါ်မယ်၊ ဒီမှာ ကျမနောက် လိုက်ကြည့်နေတယ်ဆိုရင် ရပ်တန်းက ရပ်ပါ၊ ဒါပြောချင်တာ အဓိကပါပဲ”၊
‘အနှောင့်အယှက် မပေးရပါလား’၊
“အနှောင့်အယှက် မပေးဘူး၊ ဒါပေမဲ့ စိတ် အနှောင့်အယှက် ဖြစ်တယ်၊ သိနေ မြင်နေတယ်လေ”၊
‘သီရီ ဘာမှ မစိုးရိမ်ပါနဲ့’၊
“ကျမက ဘာမှ စိုးရိမ်တတ်တဲ့သူ မဟုတ်ဘူး၊ စိတ် အနှောင့်အယှက်တွေကို ဖယ်ထားတတ်ပါတယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေက ကျမကြောင့်လို့ ပြောလာတော့ ကျမ နေရခက်တယ်”၊
‘အင်း နားလည်ပါပြီ’၊
“နောက်ပြီး ကျမက လူတတ်ကြီး လုပ်တဲ့သူတွေကို သိပ်မုန်းတယ်”၊
“ခု စားပြီးပြီ၊ ပြောပြီးပြီ သွားတော့မယ် ဒါပဲ”၊
ထိုသို့ပြောပြီး သီရီ ဆိုင်ထဲက ထွက်သွားပါသည်၊ ထွက်သွားသော သီရီကို ကြည့်ရင်း၊
ကျနော့်စိတ်ထဲမှာတော့ တစ်စုံတစ်ရာ ကျန်ခဲ့သလိုနေပါသည်။

……………………………..


တစ်ချိန်တုန်းကပေါ့၊
မေဇင်ထွေးနဲ့ တင်မူယာအေး ဆိုတဲ့ ညီမဝမ်းကွဲ နှစ်ယောက်ရှိသည်၊ တကယ်တော့ သူတို့ အဖေတွေက ညီအစ်ကို ဝမ်းကွဲတွေပါ၊ ဒါပေမဲ့ ညီအစ်ကိုအရင်းလို ချစ်ကြသည်၊ နှစ်ယောက်လုံးကလည်း တစ်ဦးတည်းသော သားများဖြစ်လေသည်၊ မေဇင်ထွေးနဲ့ တင်မူယာအေး တို့သည်လည်း တစ်ဦးတည်းသော သမီးများ ဖြစ်ကြသည်၊ မေဇင်ထွေး၏ အဖေက အစိုးရဝန်ထမ်း တစ်ဦးဖြစ်သည်၊ နယ်စုံသို့ ပြောင်းကာ တာဝန်ထမ်းဆောင်ရသည်၊ တင်မူယာအေး၏ အဖေက မိဘလုပ်ငန်းကို ဆက်လုပ်ကိုင်နေသူဖြစ်ပြီး စီးပွားရေးတွင် အဆင်ပြေသည်၊ အလုံဘက်တွင် ခြံနှင့်ဝင်းနဲ့ နေနိုင်သည်၊ တစ်ခါတစ်လေ မေဇင်ထွေး၏ အဖေ ဝေးသောနယ်ဘက်တွေ ပြောင်းရလျှင် မေဇင်ထွေးတို့ မိသားစုကို တင်မူယာအေးတို့ အိမ်မှာ ထားခဲ့လေ့ရှိသည်၊ မေဇင်ထွေး တက္ကသိုလ် တက်သောအခါလည်း တင်မူယာအေးတို့ အိမ်မှ တက်ခဲ့သည်။

တင်မူယာအေးသည် မေဇင်ထွေးထက် အသက်၆လ ကြီးသည်၊ ဒါပေမဲ့ ငယ်စဉ်ကပင် အစ်မကြီးပုံစံနေခဲ့သည်၊ မေဇင်ထွေးသည် ကျောင်းစာထက်မြက်သော်လည်း တင်မူယာအေးသည် ဆယ်တန်းကိုပင် အောင်မှတ်ကပ်၍အောင်ခဲ့သည်၊ မေဇင်ထွေးတို့ မိသားစုသည် အရမ်းမြန်မာဆန်သည်၊ ဒါပေမဲ့ တက္ကသိုလ်ရွေးချယ်သောအခါ သမီးစိတ်ကြိုက်ရွေးချယ်စေသည်၊ မေဇင်ထွေးသည် အမှတ်ကောင်းသော်လည်း ကွန်ပြူတာ တက္ကသိုလ်ကို ရွေးချယ်ခဲ့သည်၊ ကျောင်းမြန်မြန်ပြီး အလုပ်မြန်မြန်ရ မိဘတွေကို ပြန်လုပ်ကျွေးဖို့ ရည်ရွယ်ခဲ့သည်၊ တင်မူယာအေးကတော့ ရွေးစရာသိပ်မရှိပါ သင်္ချာ ဘာသာတွဲကိုသာ ယူခဲ့သည်၊ တက္ကသိုလ်တက်ခါစက တင်မူယာအေးက နောက်ပြောင်သလိုလိုနဲ့ မေဇင်ထွေးကိုပြောသည် ‘နင် ကွန်ပြူတာ တက္ကသိုလ်တက်တာ ငါသိပ်စိတ်ချမ်းသာသွားတယ်၊ နင် ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီး ဖြစ်မလာတော့ဘူးပေါ့’၊ တင်မူယာအေးသည် ငယ်စဉ်ကပင် အရာရာကို လိုက်ပြိုင် အနိုင်ယူချင်သူ ဖြစ်သည်၊ မေဇင်ထွေးက ဘယ်လိုမှ မနေပါ။

တစ်ခါမှာတော့ တင်မူယာအေး၏ အဖေနဲ့ လုပ်ငန်းဆက်စပ်နေသော လူတစ်ဦး၏ သားသည် တင်မူယာအေး၏ အိမ်သို့ အဝင်အထွက်ရှိလာသည်၊ ထိုသူ၏ အမည်မှာ ကောင်းမြတ်ထူးဖြစ်သည်၊ ကိုကောင်းမြတ်ထူးသည် တင်မူယာအေးအိမ်သို့ ဝင်ထွက်သွားလာရင်း၊ တင်မူယာအေးကိုရော မေဇင်ထွေးကိုပါ သတိထားမိသည်၊ အိမ်နဲ့ကျောင်းသွားရင် ရိုးရိုးလေးနေသော မေဇင်ထွေးကို စိတ်ဝင်စားသလိုလို ရှိနေသည်၊ ထိုသည်ကို ရိပ်မိသော တင်မူယာအေးသည်၊ ကိုကောင်းမြတ်ထူးရှေ့တွင် မေဇင်ထွေးကို ဆူပူခြင်း မကောင်းပြောခြင်းများ လုပ်လာလေ့ရှိသည်၊ နောက်ပိုင်း တင်မူယာအေးသည် ကိုကောင်းမြတ်ထူးနဲ့ တွဲသွားတွဲလာ ပိုများလာသည်၊ တင်မူယာအေးသည် မေဇင်ထွေးထက် ပိုချောသည် ဆိုသည်မှာ မှန်ပါသည်၊ ထိုအပြင် ပိုသွက်၍ ရဲရင့်လေသည်၊ ငယ်စဉ်ထဲကပင် တင်မူယာအေးသည် မေဇင်ထွေးလိုချင်သော အရာများကို လိုချင်တတ်သူဖြစ်သည်၊ ထိုအရာများကိုလည်း သူပဲရပြီး မေဇင်ထွေးကို မရစေချင်ပါ၊ တစ်ခါတစ်လေ ကစားစရာ အရုပ်ကလေးတွေကို မေဇင်ထွေးဆီက ရအောင်ယူပြီး မေဇင်ထွေးကို ပြန်ပေးရမည်စိုး၍ ဖျက်ဆီးလိုက်လေ့ ရှိသည်။

ကိုကောင်းမြတ်ထူးနှင့် တင်မူယာအေးတို့ တစ်တွဲတွဲ ရှိနေသောအချိန်တွင် မေဇင်ထွေးသည် အတန်းထဲက ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးနေကြောင်း တင်မူယာအေးသိလာခဲ့သည်၊ ထိုအချိန်မှာပင် မေဇင်ထွေးတို့ မိသားစု ရန်ကုန်တွင် အခြေချနေထိုင်ရန် လှိုင်ဘက်သို့ တင်မူယာအေးတို့အိမ်မှ ပြောင်းရွေ့သွားခဲ့သည်၊ ကိုကောင်းမြတ်ထူးနဲ့ တင်မူယာအေးတို့ ချစ်သူမဖြစ်ကြသေးသော်လည်း မေဇင်ထွေးသည် သူ့တွင် ချစ်သူရှိနေပြီ ဖြစ်ကြောင်း တင်မူယာအေးကို ပြောပြခဲ့သည်၊ တင်မူယာအေးက တွေ့ချင် မြင်ဖူးချင်သည်ဆို၍ ချစ်သူနဲ့ မိတ်ဆက်ပေးခဲ့သည်၊ ထိုအချိန်မှ စ၍ တင်မူယာအေးသည် ကိုကောင်းမြတ်ထူးနဲ့ တွဲသွားတွဲလာ လျှော့လာပြီး၊ မေဇင်ထွေးတို့နဲ့ တစ်တွဲတွဲ ဖြစ်လာသည်၊ မိမိကိုယ်ကို ယုံကြည်၍ ချစ်သူကိုလည်း ယုံကြည်သော မေဇင်ထွေးကတော့ မည်သို့မျှ မဖြစ်ခဲ့ပေ၊ ကျောင်းပြီး၍ အလုပ်တစ်နှစ်လောက်လုပ်ပြီး စင်္ကာပူကို သွားရောက်အလုပ်လုပ်ဖို့ မေဇင်ထွေးတို့ ချစ်သူနှစ်ဦး ပြင်ဆင်ခဲ့ကြသည်၊ မေဇင်ထွေးတို့ စင်္ကာပူကိုထွက်လာသောအခါ တင်မူယာအေးလဲ လိုက်ပါလာသည်၊ စာရင်းစစ် (Accountant) လုပ်ရန် ပြင်ဆင်ခဲ့သည်လို့ဆိုသည်၊ ချစ်သူက ငြိုငြင်ပြောဆို ယူရအောင်ပင် မေဇင်ထွေးတို့ ချစ်သူနှစ်ဦးနှင့် တင်မူယာအေးသည် တစ်တွဲတွဲ ဖြစ်ခဲ့သည်၊ ဒီအတွက် အလိုလိုက်သော နားလည်ပေးသော ချစ်သူကို မေဇင်ထွေး ပိုချစ် ပိုမြတ်နိုးလာခဲ့သည်၊ မကြာမှီ အချိန်တွင်းမှာ ချစ်သူနဲ့ နှစ်ကိုယ်တူ ဘဝခရီး အတူလျှောက်လှမ်းရတော့မည်ဟု မေဇင်ထွေး တစ်ယောက်ယုံကြည် ထားခဲ့ပါသည်။

……………………………..

ကန်တော်ကြီးနားက ဆိုင်တစ်ဆိုင်မှာ သီရီတို့ အုပ်စုနဲ့ တခြား လူငယ်အုပ်စု စကားများရန်ဖြစ်ကြသည်၊ ထိုအုပ်စုသည် သီရီတို့ အုပ်စုကို ရန်စမှုများ ရှိနေသည်လို့ကြားရသည်၊ ထိုအုပ်စုတွင် စစ်တပ်မှ ကြီးကြီးအရာရှိ တစ်ဦး၏ သားလည်းပါလေသည်၊ မိုက်ရိုင်းဆိုးသွမ်းသော အုပ်စုလို့ဆိုသည်၊ တခြားလူငယ် အုပ်စုများကို အနိုင်ကျင့်လေ့ရှိသည်၊ တော်တော်များများက သူတို့ကို ရှောင်ကြသည်ဟုဆိုသည်၊ ပြဿနာဖြစ်ပြီးရင် အရာရှိများ လိုက်လာကာ ပါဝါသုံး ဖြေရှင်းလေ့ ရှိသည်၊ တစ်နေ့မှာတော့ ကမ္ဘာအေးဆိုင်ကို ကျနော်ရောက်သွားသောအခါ သီရီတို့ အုပ်စုနဲ့ ထိုအုပ်စု ရန်ဖြစ်နေသည်ကို တွေ့ရသည်၊ ရန်ဖြစ်သည်ဟုဆိုရာ၌ ထိုအုပ်စုမှ သီရီတို့ အုပ်စုကို အနိုင်ကျင့်နေခြင်းဖြစ်သည်၊ သီရီတို့ အုပ်စုမှ ကောင်လေး ကောင်မလေးတွေသည် ကြမ်းပေါ်တွင် ပုံစံထိုင်နေရသည်၊ မထိုင်သူကတော့ သီရီပါပဲ၊ မထိုင်သူ သီရီကို ထိုကြီးကြီးအရာရှိ တစ်ဦး၏ သားက ဆံပင်ဆွဲကာ အတင်းထိုင်အောင် လုပ်လို့နေသည်၊ ဆိုင်ဝန်ထမ်းတွေလည်း ဝင်မပါရဲကြပါ၊ ကျနော်၏ တောင်းဆိုချက်အရ ကျနော်နဲ့ သူငယ်ချင်းတို့ ထိုအုပ်စုကို သွားပြီး ရပ်ဖို့ပြောသည်၊ ထုံးစံအတိုင်း မင်းတို့က ဘာကောင်တွေလဲ၊ ဘာဝင်ရှုပ်တာလဲ လုပ်သည်၊ ကျနော်ကတော့ အေးအေးဆေးဆေးပင် ဒီမှာ စီစီတီဗီတွေရှိတယ်၊ ဒီလုပ်ရပ် သတင်းပျံ့သွားရင် မင်းအဖေတွေ ဘာဖြစ်မလဲ သိသလား၊ အဘကရော ဒီလိုနေမယ်တဲ့လား၊ အဖေတွေဆိုတဲ့ ချက်ကောင်းကို ထိသွားသောအခါ ထိုအုပ်စုတွေထွက်သွားသည်၊ အဲဒီအချိန်တုန်းက ဒီလိုဆိုင်တစ်ဆိုင်ဖွင့်ဘို့အရေး ကျနော်တို့လည်း အဘတစ်ယောက်လိုသည် မဟုတ်ပါလား၊ ထိုအုပ်စုသည် စွာကျယ်စွာကျယ်လုပ်သော သီရီကို အငြိုးထားနေမည်မှာ သေချာပါသည်၊ သီရီတို့ အုပ်စုမှ ကောင်လေး ကောင်မလေးတွေ၏ မျက်နှာတွင် ခံပြင်းခြင်း စိုးရိမ်ခြင်းများ ရောထွေးနေသည်ကို တွေ့လိုက်ရသည်၊ သီရီ၏ ‘တောက်’ ဆိုသော ခေါက်သံနှင့်အတူ သီရီတို့ အုပ်စု ဆိုင်မှ ထွက်သွားကြသည်၊ ကျနော့်ဘဝတွင် ပထမဦးဆုံး လူကိုလူချင်း အနိုင်ကျင့်ခြင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါသည်။

နောက် နှစ်ပတ်ကြာ တစ်နေ့မှာ၊ သူငယ်ချင်းက ဆိုင်ကိုအမြန်လာရန် ဖုန်းဆက်ခေါ်သဖြင့်၊ ကျနော်ရောက်သွားခဲ့သည်၊ ဆိုင်ကိုရောက်၍ တွေ့ရသည်မှာ၊ ဆိုင်ထဲရှိ လူငယ်တစ်ချို့ကို ရဲနှင့် စစ်တပ် အရာရှိများက ဝိုင်း၍ဖမ်းဆီးနေခြင်းဖြစ်သည်၊ ဆိုင်ထဲရှိ လူငယ်အုပ်စု သုံးစုလောက်ကို သိမ်းကျုံးဖမ်းဆီး ခေါ်ဆောင်သွားသည်၊ သီရီနှင့် သီရီတို့ အုပ်စုလဲ ပါသွားသည်၊ ကျနော်နှင့် သူငယ်ချင်းတို့ လိုအပ်သော ဆက်သွယ်မှုများပြုလုပ်ပြီး၊ ရဲစခန်းသို့ လိုက်သွားရန်ဆုံးဖြတ်လိုက်သည်၊ ကြားသိရသည်မှာ လွန်ခဲ့သော နှစ်ရက်က ထိုကြီးကြီးအရာရှိ တစ်ဦး၏ သားကို လူတစ်ချို့က အလစ်ဖမ်းဆီး၍ တစ်နေရာကိုခေါ်ပြီး ဝိုင်းရိုက်ကြရာ ဆေးရုံရောက်သွားတော့သည် ဆိုသည်၊ ဒီလိုနဲ့ တရားခံရှာပွဲကြီး စတင်လေတော့သည်။

ကျနော်တို့ ရဲစခန်းကို ရောက်သောအခါ ရဲစခန်းမှာ ဆူညံလို့နေပါသည်၊ လူငယ်တွေကို ဖမ်းခိုင်းသော စစ်အရာရှိများကို မတွေ့ရတော့ပေ၊ အဖမ်းခံရသော လူငယ်များ၏ မိဘဆွေမျိုးများ လိုက်လာကြသည်ကို တွေ့ရသည်၊ ဘာလို့ဖမ်းတာလဲက စကာ ရဲတွေနဲ့ အခြေအတင် စကားပြောနေသော လူအများကို တွေ့ရသည်၊ ကျနော်တို့ ဖမ်းတာ မဟုတ်ပါဘူးက စကာ ရဲများ၏ပြန်လည် ဖြေရှင်းသံများဖြင့် ဆူညံနေပါသည်၊ မိဘတွေနဲ့ ပါလာသော အထုပ်များကတော့ ရဲအရာရှိကြီး၏ အခန်းထဲတွင်ကျန်ရစ်ခဲ့သည်၊ ဝဝပုပု လူငယ်တစ်ဦးကိုတော့ ထိုရဲအရာရှိကြီးက သူ့အခန်းထဲတွင် ခေါ်ထားသည်၊ အအေးတွေတိုက် အစားအစာတွေ ကျွေးမွေးထားသည်ကို တွေ့ရသည်၊ ထိုအချိန်တွင် လူတစ်အုပ်ဝင်ရောက်လာသည် ထိုထဲတွင် ပုပုဝဝ လူတစ်ယောက်ပါသည်၊ အရမ်းဒေါသထွက်နေသော မျက်နှာနဲ့ဖြစ်သည်၊ ကျနော်သိပါသည် ထိုသူသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပါ သူသားကိုဘာလို့ စခန်းခေါ်လာရတာလဲက စကာ ရဲတွေကို ဆဲပါတော့သည်၊ စစ်ဗိုလ်တွေကိုလည်း ပယ်ပယ်နယ်နယ် ဆဲပါသည်၊ ရဲတွေက ကျေကျေလည်လည် တောင်းပန်နေသည်၊ နောက်တော့ သူသားကိုယ်တိုင် အရာရှိကြီး အခန်းထဲက ထွက်လာမှ ဆဲဆိုရပ်သွားသည်၊ ငါ့သားက ဒီလိုကြီးကြီးအရာရှိသားနဲ့ မိန်းမပြိုင်လုရအောင် ငါ့သားကို ကြိုက်တဲ့ရုပ်ရှင်မင်းသမီးနဲ့ ပေးစားလို့ရတယ်ကွလို့ အထွက်မှာ ပြောသွားသေးသည်၊ ဒီလိုနဲ့ လူငယ်တွေကို မိဘဆွေမျိုးတွေက လာခေါ်သွားလိုက်တာ သီရီနှင့် ကောင်လေးတစ်ယောက် ကောင်မလေး တစ်ယောက်ပဲ ကျန်တော့သည်၊ ကျနော်တို့ကတော့ ရုံးခန်းတစ်နေရာက အခြေအနေကို စောင့်လို့နေပါသည်။ ကျနော်သည် ပထမဦးဆုံးအကြိမ် ရဲတွေရှေ့တွင် စစ်ဗိုလ်တွေကို ဆဲရဲသော စီးပွားရေးသမားတစ်ဦးကို တွေ့ဘူးခဲ့ခြင်းဖြစ်ပါသည်။

ထိုအချိန်တွင် သန့်သန့်ပြန့်ပြန့် လူတစ်ဦးဝင်လာသည်၊ နည်းနည်းလဲမူးလာပုံပေါက်သည်၊ သူ့ကို ဘာလို့ ခေါ်တာလဲ တာဝန်မှူးကို မေးသည်၊ သမီးကြောင့်လို့ တာဝန်မှူးကဖြေပြီး သီရီကို ခေါ်ထုတ်လာသည်၊ ထိုသူသည် သီရီ၏အဖေဖြစ်ကြောင်း ကျနော်သိလိုက်ရသည်၊ ကျနော် ပထမဦးဆုံး သီရီအဖေကို မြင်ဘူးခြင်း ဖြစ်ပါသည်၊ သီရီကိုမြင်သောအခါ သီရီအဖေ၏ မျက်နှာ ပြောင်းလဲသွားသည်၊ ဒေါသရိပ်တွေပေါ်လာသည်၊ သမီးမိုက်၊ သမီးဆိုး ဆိုပြီး အားလုံးရှေ့တွင် ရစရာမရှိအောင် အပြစ်ပြောပါတော့သည်၊ နောက်ဆုံး သမီးလမ်းသရဲကို ဆုံးမရအောင် နှစ်ရက်လောက် ဆက်ချုပ်ထားဖို့ ရဲတွေကိုပြောတော့သည်၊ ထိုအခါတွင် သီရီသည် ‘ဒက်ဒီကို သိပ်မုန်းတယ်’ ‘ဒက်ဒီကို သိပ်မုန်းတယ်’ ဆိုပြီး ငိုပါတော့သည်၊ နောက်ဆုံး ရဲအရာရှိကြီးက ခင်ဗျားမှုးနေတယ်ပြန်ဦး မနက်ကျမှ ခင်ဗျားသမီးကို လာခေါ်လှည့်ဆိုကာ ပြန်လွတ်လေသည်၊ ထိုသူလည်း ရဲစခန်းထဲက ပြန်ထွက်သွားသည် ပါးစပ်ကလည်း မခေါ်ဘူးကွာ ဘယ်တော့မှ လာမခေါ်ဘူး ဆိုပြီးရေရွတ်နေသည်၊ အဖေနဲ့သမီးတို့၏ ဆက်ဆံရေးကို ကျနော်သိရှိလိုက်ရလေသည်၊ ခုတော့ ကျနော်တို့ အလှည့်ရောက်လာပါသည်၊ ကျနော့်သူငယ်ချင်းက ရဲအရာရှိကြီးကို တီးတိုးစကား အနည်းငယ်ပြောလိုက်သည်၊ ထိုရဲအရာရှိကြီး ပျာပျာသလဲဖြစ်ကာ လုပ်ပေးလိုက်ပါမယ်၊ အဆင်ပြေစေရမယ် ဖြစ်ကုန်သည်၊ ကျနော်တို့လည်း သီရီနဲ့ သီရီ သူငယ်ချင်းကောင်မလေးကို ခေါ်ထုတ်လာခဲ့သည်၊ သီရီဆီမှ ပထမဦးဆုံး ကျေးဇူးတင်ပါတယ် ဆိုသော စကားကို ကျနော်ကြားခဲ့ရသည်၊ ထိုနေ့က သီရီကို သူ့ သူငယ်ချင်းအိမ်သို့ ကျနော်တို့ လိုက်ပို့ပေးခဲ့သည်၊ ကျနော် သီရီကို အချုပ်ခန်းထဲသို့ မဝင်စေချင်ပါ၊ သီရီက ကျနော်တို့ ဘာလို့ အကူအညီ ပေးတာလဲဆိုတာ မမေးခဲ့ပါ၊ အဲဒီနေ့မှာပဲ မြန်မာပြည်တွင် သူထက်သူ လူစွမ်းကောင်းများရှိကြောင်း ကျနော်သိရှိခဲ့လိုက် ရလေသည်။

စနေနေ့တရက်မှာတော့ ကျနော်အိမ်သို့ သီရီရဲ့သူငယ်ချင်းမလေး ရောက်လာသည်၊ ကျနော်ကို ငိုကြီးချက်မနဲ့ သီရီကို ကယ်ပေးဖို့ ပြောဆိုပါတော့သည်၊ သီရီကို သီရီအိမ်ထဲတွင် ချုပ်နှောင်ကာ ထိုအုပ်စုကာ နှိပ်စက်နေကြသည်၊ သီရီအဖေကို ခြောက်တလှည့် မြောက်တလှည့် လုပ်ခဲ့ကြသည်၊ နောက်ဆုံး သီရီအဖေကလည်း မသေရင်ပြီးရောဆိုပြီး ခွင့်ပြုခဲ့သည် ဆို၏၊ သီရီဆီက သူတို့သိချင်တာရအောင် နှိပ်စက် စစ်ဆေးနေကြခြင်း ဖြစ်ပါသည်၊ သူတို့ သိချင်တာက ရိုက်သွားတာ ဘယ်သူလဲ ဆိုတာကိုပင်၊ သီရီမပြောမချင်း အမျိုးမျိုး နှိပ်စက်နေကြသည်၊ ရိုက်တဲ့သူက သမီးတို့မှ မဟုတ်တာ ဘယ်သူလို့ပြောရမှာလည်း ဆိုပြီး ကောင်မလေးသည် ငို၍ ကျနော်ကို ရှင်းပြပါသည်၊ ဒီလိုကောင်မျိုးတွေကို ရိုက်ချင်နေတဲ့ သူတွေ အများကြီးရှိသည်၊ ကျနော် ဒေါသတွေ ထွက်လို့လာသည်၊ လူမဆန်သောအုပ်စုကို၎င်း သီရီအဖေကို၎င်း ဒေါသတွေ ဖြစ်နေမိသည်၊ ဒီကိစ္စသည် အကွက်ချပြီး သေချာလုပ်ရမည် ဖြစ်သည်၊ မဟုတ်ပါက ကြီးကျယ်သွားနိုင်သည်၊ ထွက်ပေါ်နေသော ဒေါသကို ထိန်းယူလိုက်ရသည်၊ ကျနော်လည်း သူငယ်ချင်းတွေနှင့် အဆက်အသွယ်တွေဆီ ဖုန်းဆက်ရတော့သည်၊ သူငယ်ချင်းက ရှစ်မိုင်လမ်းဆုံနှင့် ကုန်းမြင့်သာယာဆီက ပုဂ္ဂိုလ်တွေ ခေါ်လာမည်ဆိုသည်၊ မြန်မာပြည်တွင် သူထက်သူ လူစွမ်းကောင်းများရှိကြောင်း ကျနော်သိရှိထားပြီ မဟုတ်ပါလား။

ဝင်ဒါမီယာ ကြားလမ်းလေးတစ်ခုသို့ ကျနော်တို့ကားတွေ ကွေ့ဝင်လိုက်ပြီး ခြံလေးတစ်ခြံအတွင်းသို့ ဂိတ်ပေါက်ကို အတင်းဖြတ်ဝင်ရောက်လိုက်သည်၊ အိမ်ရှေ့တွင်ရှိနေသော လူတစ်ချို့ကို ကျနော်တို့နဲ့ပါလာတဲ့သူတွေက ထိန်းထားလိုက်သည်၊ ကြိုတင်သိထားသည့်အတိုင်း အိမ်နောက်ဂိုဒေါင်ဆီသို့ ကျနော်တို့ တိုက်ရိုက်သွားလိုက်ကြသည်၊ တံခါးမပိတ် ထားသော ဂိုဒေါင်ကို ကျနော်တို့ ဝင်လိုက်သောအခါ ဂိုဒေါင်ထဲတွင် လူတစ်ချို့ရှိနေကြသည်၊ လူငယ်တစ်ချို့လည်းပါသည်၊ ကုတင်ဟောင်း တစ်လုံးပေါ်မှာတော့ ကြိုးတုပ်ထားသော သီရီကို တွေ့လိုက်ရသည်၊ သီရီအဖေကိုတော့ မတွေ့ရပါ၊ သီရီသည် နှိပ်စက်ထားသော ဒဏ်ရာများဖြင့် မေ့မျောနေသယောင် ရှိသည်၊ ဂိုဒေါင်ထဲတွင် ရှိနေသောသူများသည် မထင်မှတ်ပဲ ကျနော်တို့ရောက်လာသည်ကို အံ့အားသင့်နေကြသည်၊ ကျနော်တို့နဲ့ ပါလာသော သူများကို ဘယ်သူတွေဆိုတာ သူတို့သိပါသည်၊ ကျနော်သီရီဘေးသို့သွားပြီး ကြိုးတွေကို သွားဖြေလိုက်သည်၊ သီရီဆီမှ ညည်းသံတိုးတိုးလေးကြားလိုက်ရသည်၊ နာကျင်လို့ နေမှာပါ၊ တော်တော်ရက်စက်တဲ့ သူတွေပဲ၊ ဒီလိုလူမျိုးတွေကြောင့် အဖွဲ့အစည်းတစ်ခုလုံး သိက္ခာကျ နေရတာဖြစ်သည်၊ သူငယ်ချင်းက ထိုလူတွေကိစ္စ ခေါ်လာတဲ့သူတွေနဲ့ သူလုပ်လိုက်မယ်ဆိုသည်၊ ကျနော်ကို သီရီကိုပဲ ဂရုစိုက်ဖို့မှာကာ ထွက်သွားသည်။

အပြင်က အသံတစ်ချို့ကို ကျနော်ကြားလိုက်ရသည်၊ ဒါငါ့အိမ်၊ ငါ့ခြံ ငါ့ခွင့်ပြုချက်နဲ့ လုပ်နေတာ၊ ဘာဖြစ်ချင်လို့လဲ၊ ဒီကောင်တွေက ဘာကောင်တွေမို့လဲ ဆိုတဲ့ ဒေါသဖြစ်နေသော လူတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရသည်၊ ဝုန်းဆိုသော တံခါးကို ကန်ဖွင့်သံနဲ့အတူ ဂိုဒေါင်ထဲသို့ လူတစ်ယောက် ဝင်ရောက်လာသည်၊ သူငယ်ချင်းနဲ့ လူတစ်ချို့လည်း ဝင်လိုက်လာသည်၊ ဝင်လာသူသည် သီရီ၏ အဖေပဲ ဖြစ်ပါသည်၊ သူငယ်ချင်းတို့ကို ကျနော်ကပြန်ထွက်သွားရန် လက်နဲ့အချက်ပေးလိုက်သည်၊ သီရီအဖေသည် ကျနော်ကို သေချာစိုက်ကြည့်နေသည်၊ ကျနော်လည်း ထိုသူ၏မျက်နှာကို အထူးသဖြင့် မျက်လုံးနှစ်လုံးကို သေချာပြန်ကြည့်လိုက်မိသည်၊ ဒေါသနှင့် အမုန်းတွေကို မျက်လုံးတွေတွင် တွေ့နေရသည်။

‘မင်းကိုး၊ ဟုတ်တယ်မဟုတ်လား မင်းမဟုတ်လား၊ သေချာပါတယ် မင်းပါပဲ’၊

ကျနော်နဲ့ ထိုသူသည် သိကျွမ်းခဲ့ခြင်း မရှိပါ၊ မင်းဆိုသော အသုံးအနှုံးကြောင့် ထိုသူသည် ကျနော့်နာမည်ကို မသိတာလား၊ မေ့နေတာလားလည်း မသိပါ၊ နာမည်ကို မခေါ်ချင်တာလည်း ဖြစ်ပါလိမ့်မည်၊ ကျနော်ဘာမှ ပြန်မဖြေပါ၊ ဒေါသကြောင့် အသိတရားကင်းမဲ့နေသော သူတစ်ယောက်ကို ကြည့်သလို ထိုသူကို ကြည့်နေလိုက်မိသည်၊

‘ဟားဟားဟား’ ‘သွေးကစကားပြောတာပေါ့၊ ကယ်တယ်ရှင်ကြီးပေါ့ ဟုတ်လား ခုမှ ပေါ်လာတယ်’
‘မင်းဆိုတဲ့ကောင်ကို ငါကလည်း တွေ့ချင်နေတာ၊ ရှင်းချင်နေတာနဲ့ အတော်ပဲ၊ ဒီမှာကြည့်လိုက်’
ကုတင်ပေါ်တွင်ရှိသော သီရီကို ထိုသူသည် လက်ညိုးထိုးပြလိုက်သည်၊

‘အဲဒါ မင်းရဲ့သမီးလေ၊ သောက်သုံးမကျတဲ့ကောင်ရဲ့ သောက်သုံးမကျတဲ့ သမီး၊ ခံရတာတောင်နည်းသေး
ပြဿနာတွေ လှည့်ပတ်ရှုပ်လာတယ်၊ ငါ့ကို မထိခိုက်အောင် ဒီနည်းပဲရှိတယ်’
‘ဒီသမီးအတွက် မင်းတော်တော်ခံစားနေရသလား’
‘ဟဟဟ၊ ကောင်းလိုက်တာ မင်းတို့အဲဒီလို ခံစားနေရတာ’၊
‘ငါခံစားရသလို မင်းတို့လည်းခံစားရမယ်’၊ ‘ဟားဟားဟား’
‘မင်းဟာ သောက်သုံးမကျတဲ့ကောင်၊ ဘဝကိုဖျက်ဆီးတဲ့ကောင် ခုတော့ မင်းသမီးကြောင့် မင်းနာကျင်ရပြီ မဟုတ်လား’
ထိုသူသည် အဆုံးစွန်ထွက်နေသော ဒေါသတွေနဲ့ ကျနော်ကို စကားတွေ ဆက်တိုက်ပြောဆို စွပ်စွဲလို့နေပါသည်၊ သူရဲ့မျက်နာတွင် အမုန်းမီးလျှံတွေကို ကျနော်တွေ့နေရသည်၊

ထိုသူ၏မျက်နှာ အထူးသဖြင့် မျက်လုံးကို သေချာကြည့်ပြီး ကျနော်မေးလိုက်သည်၊

“သီရီက ကျနော့်သမီး ဖြစ်တယ်လို့ ဘယ်သူကပြောသလဲ”

‘ဟိုဟိုဟို’ ‘သူ့အမေ ကိုယ်တိုင်ပြောတာကွ၊ ဆယ့်ငါးနှစ်လုံးလုံး ငါ့မှာ သမီးလေး သမီးလေးဆိုပြီး ဖြစ်ခဲ့ရတာ၊ အဲဒီမှာ ငါနွားဖြစ်တယ်ဆိုတာ သိလိုက်ရတယ်’၊ ထိုအချိန်တွင် ထိုသူသည် မျက်ရည်တွေကျလာသည်၊
ကျနော်ကလည်း တစ်လုံးချင်း

“ခင်ဗျား အဲဒါကို ယုံသလား”၊ “အဲဒီ မိန်းမပြောတာကို ယုံသလား”၊

‘ယုံတယ်၊ ငါ့မိန်းမ ငါ့ကို ကိုယ်တိုင်ပြောတာလေ၊ မင်းတို့ မလေးရှားမှာ ဖြစ်ခဲ့ကြတာတွေ၊ ကမြင်းခဲ့ကြတာတွေ၊ နောက်တော့ ငါဆီထိုးအပ်တယ်’

‘ပြော မင်း သောက်သုံးကျသလား၊ နောက် ဒီသမီးဟာ ခုနှစ်လနဲ့ မွေးခဲ့တာကွ’၊

“ဒီမယ် ကျနော်တို့ ဖြစ်ခဲ့ကြတာ၊ ကမြင်းခဲ့ကြတာ ခင်ဗျားမြင်သလား”၊
“လူတစ်ယောက်က ပြောလိုက်တာနဲ့ ယုံတယ်ဆိုတဲ့ သူတွေဟာ တော်တော်လေးကို အသုံးမကျတဲ့သူတွေ”၊
“ကမ္ဘာကြီးမှာ ခုနှစ်လနဲ့ မွေးတဲ့ကလေးတွေ အများကြီးပဲ၊ အဲဒါနဲ့ ခင်ဗျား ဆယ့်ငါးနှစ်လုံးလုံး ချစ်လာတဲ့ သမီးလေးကို ငါ့သမီးမဟုတ်တော့ဘူး တခြားတစ်ယောက်ရဲ့ သမီးဆိုပြီး၊ ခင်ဗျား မုန်းပစ်တယ်”၊ “သူ့အမေကို ကလဲ့စားချေချင်တာနဲ့ ကလေးဘာဖြစ်ဖြစ် ခင်ဗျားဂရုမစိုက်တော့ဘူး၊ ငါ့ကလေးမှ မဟုတ်တာဆိုတဲ့စိတ် ခင်ဗျားဝင်နေတယ် မဟုတ်လား၊ ဒီကလေးမှာ ဘာအပြစ်ရှိလည်း”၊
“ခုခင်ဗျားလုပ်လိုက်တာ လူတစ်ယောက်နဲ့တောင် ခင်ဗျားမတူဘူး၊ ဆိုသွမ်းနေတဲ့သူတွေနဲ့ပေါင်းပြီး အဲဒီအမုန်းအတွက် ကလေးကို နှိပ်စက်တယ်လို့”

ထိုသူကလည်း ‘မင်းသောက်ပိုတွေ ပြောမနေနဲ့၊ ခုတော့ မင်းနာနေပြီ မဟုတ်လား၊ မင်း ငါ့မိန်းမအကြောင်း ဘယ်လောက်သိလိုလဲ’၊

“ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေအတွက် နာကျင်တယ်၊ ကိုယ်ချင်းစာတတ်တဲ့ သူတိုင်း နာကျင်မှာပဲ”၊
“ခင်ဗျားဆိုတဲ့သူက တော်တော် အသုံးမကျတဲ့သူ၊ သိပ်ချောတဲ့ မိန်းမတစ်ယောက် ယူထားပြီး ဘယ်လိုထိန်းသိမ်းရမှန်း မသိတဲ့သူ၊ ဒါကြောင့် ခင်ဗျားချုပ်ချယ်သမျှ ခင်ဗျားမိန်းမ စိတ်ဆင်းရဲဖြစ်၊ ခင်ဗျားတို့နှစ်ယောက်အကြား နေ့တိုင်းပြဿနာတွေ ဖြစ်၊ ခင်ဗျားမိန်းမ ခင်ဗျားကို မုန်းနေတာ ခင်ဗျားသိတယ်နော်”၊
“ဒီမှာ ခင်ဗျားမိန်းမ ခင်ဗျားကို တသက်လုံး ခံစားရအောင် လုပ်သွားတာ မဖြစ်နိုင်ဘူးလား၊ အဲဒီ မိန်းမပြောတာကို ခင်ဗျားယုံသလား”၊ ကျနော်ထပ်မေးလိုက်သည်၊

‘အမေ က သမီးကို ခုတုံးလုပ်ပြီး ဒီလိုပြောဆို လုပ်ပါမလား၊ မင်းလည်း စဉ်းစားကြည့်လိုက်ဦး’၊ ထိုသူကပြန်ပြောပါသည်၊

“ပြန်မေးရဦးမယ် ခင်ဗျားမိန်းမအကြောင်း ခင်ဗျားသေချာ မသိဘူးထင်တယ်”၊ ကျနော်မေးရင်း ဆက်ပြောလိုက်သည်၊
“ကိုယ့်ကလေး ဟုတ်မဟုတ် စစ်ကြည့်လို့ရတဲ့ နည်းတွေ အများကြီးပဲ၊ ခင်ဗျားဘာလို့ မလုပ်တာလည်း၊ ခင်ဗျား တစ်ဖက်သတ် ယုံပြီး ခံစားနေလိုက်တယ်၊ အမုန်းတွေပွားနေလိုက်တာ၊ ဟိုမိန်းမသိရင် သိပ်ပျော်နေမှာပဲ”၊ ထိုသို့ ကျနော်ပြောလိုက်သော အခါ ထိုသူ တွေဝေလို့လာသည်၊
ကျနော်ကဆက်၍
“ဟုတ်တယ်၊ ကျနော် ခင်ဗျားမိန်းမ ပြောတဲ့အကြောင်းတွေကို သိခဲ့ရတယ် ဒါကြောင့်မို့လဲ ကျနော် သီရီကို စောင့်ကြည့်ခဲ့တယ်၊ လိုအပ်ရင် စမ်းသပ် စစ်ဆေးမှုတွေလုပ်ဖို့ စီစဉ်ခဲ့တယ်၊ ကျနော်က အဲဒီ မိန်းမပြောတာကို မယုံဘူး၊ မလေးရှားမှ ဘာဖြစ်ခဲ့သလဲဆိုတာ မသေချာဘူး၊ ခင်ဗျားထင်သလို ကျနော်တို့က ကမြင်းခဲ့တာ မဟုတ်ဘူး၊ ခင်ဗျား သေချာစုံစမ်းသင့်တယ်”၊
“ဒါပေမဲ့ ခု ကျနော် သီရီကို ကျနော့်သမီး ဟုတ်မဟုတ်၊ စစ်ဆေးနေမှာ မဟုတ်ဘူး၊ စမ်းသပ်နေမှာ မဟုတ်တော့ဘူး”၊

“ဘာလို့လဲဆိုတော့ ကျနော် သီရီကို သမီးတစ်ယောက်လို ချစ်သွားလို့ပဲ၊ အမေတစ်ယောက်ရဲ့ အသုံးမကျမှု၊ ဖအေ တစ်ယောက်ရဲ့ အသုံးမကျမှုတွေဟာ၊ ကလေးပေါ် သက်ရောက်မှု မရှိစေရဘူး”၊ “ကလေးတစ်ယောက်ကို မွေးကတည်းက ဆယ့်ခြောက်နှစ်ထိ မကျွေးမွေး မစောင့်ရှောက်ခဲ့ပေမဲ့၊ လူငယ်တစ်ယောက်ကို ရှေ့ဆက် လမ်းမှန်ပေါ် ရောက်အောင်တော့ ကျနော် ပြုစုစောင့်ရှောက်သွား နိုင်တယ်လို့ ယုံကြည်တယ်”၊

“သီရီဟာ ကျနော့်သမီး မဟုတ်ခဲ့ရင်တောင်မှ ကျနော်ပြောင်းလဲမှာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို အဲဒီလောက် မခံစားစေချင်ဘူး”၊ ပြောရင်း ကျနော်အလိုလို မျက်ရည်တွေကျလာပါသည်၊ ထိုအချိန်တွင် သီရီလက်ချောင်းလေးတွေသည် ကျနော့်လက်ကို လာရောက် ဆုပ်ကိုင်လာသည်၊

“ကဲ ခင်ဗျားရဲ့ စိတ်ဆင်းရဲမှု တစ်ခုကို ကျနော်ယူသွားပြီလို့ မှတ်လိုက်ပါ”၊
“လာသမီး သွားကြမယ်” ဆိုပြီး ကျနော်သီရီ ကို ပွေ့ချီပြီး လှမ်းထွက်ခဲ့သည်၊

ထိုသူသည် နောက်က ပြေးလိုက်လာသည်၊ ငါ့သမီးဟုတ်မဟုတ် ငါစမ်းသပ်ဦးမယ် ဟေ့ကောင် နေဦး မပြေးနဲ့၊ ပြောဆိုအော်ဟစ်ရင်း ပြေးလိုက်လာသည်၊

အဲဒီအချိန်မှာပဲ

‘မလိုက်လာနဲ့၊ ကျမ အဖေ မဟုတ်ဘူး၊ ကျမ အဖေ ဘယ်တော့မှ ပြန်ဖြစ်လာမှာ မဟုတ်ဘူး’၊
‘မလိုက်လာနဲ့၊ ကျမ အဖေ မဟုတ်ဘူး’၊

သီရီ၏ အားယူပြီး ပြောလိုက်သံကြောင့် တံခါးဝတွင် လူတစ်ချို့က ထိုသူကိုဖမ်းချုပ်ထားလိုက်သည်၊ ထိုသူကတော့ ပါးစပ်က တတွတ်တွတ်ပြောရင်း ရုန်းလို့နေပါသည်၊

ကျနော်သည် သီရီကို ဆေးခန်းတစ်ခုသို့ အမြန်ဆုံး ပို့နိုင်ဖို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးနေသလို ဖြစ်နေပါသည်၊ ဒါမှမဟုတ် သီရီကို ပြန်မပေးချင်လို့ ဆုံးရှုံးသွားမှာစိုးလို့လဲ ကျနော့်ခြေလှမ်းတွေ ပြေးနေခြင်းလည်း ဖြစ်နိုင်ပါသည်။


……………………………..


စင်္ကာပူတွင် ချစ်သူနဲ့ တွေ့သောအခါ ချစ်သူသည် ကျနော့်ကိုတောင်းပန်းခဲ့သည်၊ ချစ်သူက သူသည် ညံ့သောမိန်းမတစ်ယောက် ဖြစ်ကြောင်း ကိုယ်ချစ်ရတဲ့သူကို လက်လွတ်ဆုံးရှုံးခွင့် ပေးလိုက်ရအောင် ညံ့ဖျင်း သူတစ်ယောက်လို့ ဆိုသည်၊ ဒီလိုနဲ့ ကျနော်တို့ စကားတွေ ဆက်ပြောဖြစ်ကြသည်၊ ချစ်သူပြောတာကို နားထောင်ရင်း အားပေးရင်းနဲ့၊ နောက်ဆုံးတော့ ချစ်သူသည် ကျနော့် ရင်ခွင်ထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။

ချစ်သူပြောပြသည့်ထဲတွင် ထိုမိန်းမသည် မြန်မာပြည် ပြန်သွားပြီး ချစ်သူကို ကျနော်နဲ့ အဆက်အသွယ်ဖြတ်ပစ်ဖို့ တိုက်တွန်းခဲ့သည်၊ မဟုတ်ပါက အရှက်ရစရာတွေ ဖြစ်လာနိုင်ကြောင်း အကျပ်ကိုင်ခဲ့လေသည်၊ ချစ်သူက ကျနော်ကို အဆက်အသွယ်ဖြတ်လိုက်ပြီး သိပ်မကြာမှီမှာ ထိုမိန်းမသည် ကိုကောင်းမြတ်ထူးနဲ့ လက်ထပ်လိုက်သည်၊ ကိုကောင်းမြတ်ထူးသည် သဘောထား သေးသိမ်သူဖြစ်ပြီး ထိုမိန်းမကို အရမ်းချုပ်ချယ်လေသည်၊ သူတို့တွင် သီရီဆိုသော သမီးလေးတစ်ယောက် ရှိလာခဲ့သည်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် စိတ်မကောင်းဖြစ်ခဲ့ရသည်၊ အကြောင်းမှာ ထိုမိန်းမသည် ရုတ်တရက်ဖျားပြီး ကွယ်လွန်သွားခဲ့သည်မှာ တစ်နှစ်ရှိပြီဆိုသည်၊ ထိုမိန်းမသည် ဆုံးခါနီး ကျနော့်ချစ်သူကို စကားတွေပြောခဲ့သည်၊ သူ့သမီးလေး၏အဖေသည် ကျနော်ဖြစ်သည်ဆို၏၊ နောက်ပြီး ထိုမိန်းမသည် ကျနော်ကို ခုထက်ထိ သူချစ်နေပါကြောင်း သူချစ်ခဲ့ပါကြောင်း ပြောပြီး ဆုံးပါးသွားခဲ့သည်၊ ထိုအတူ သူ့ခင်ပွန်း ကိုကောင်းမြတ်ထူးကိုလည်း သမီးလေး၏အဖေသည် ကျနော်ဖြစ်သည်ဆိုပြီး ထိုမိန်းမသည် မသေခင်ပြောသွားခဲ့သည် ဆိုသည်။

သိပ်မုန်းဖို့ကောင်းသော ထိုမိန်းမသည် ကျနော်ကို တသက်လက်ဆောင် တစ်ခုပေးခဲ့ပါသည်၊ ဒါအပြင် မြန်မာပြည်တွင် ကျနော့်ကို သိပ်မုန်းတီးနေသူ တစ်ယောက်ကိုလည်း ရှိစေခဲ့ပါသည်။

ခုတော့ မြန်မာပြည်မှ ကျနော် ပြန်ရပါတော့မည်၊ အပြန်ခရီးမှာတော့ အသွားနဲ့မတူတော့ပါ၊
ကျနော်တွင် ခပ်ညံ့ညံ့ ဇနီးတစ်ယောက်ပါလာခဲ့ပြီး သမီးတစ်ယောက်လည်း အဆစ်ရလာပါသေးသည်။

လေယာဉ်ပေါ်တွင် သီရီက ကျနော့်ကို အဖေလို့ခေါ်ပါသည်၊ ပြီးတော့ ကျနော့်ကို တီးတိုးစကားဆိုပါသည်၊ အမေက သူ့ကိုပြောခဲ့သည်တဲ့ သမီးရဲ့အဖေ ဘယ်သူလဲဆိုတာ သူလဲမသေချာဘူးတဲ့၊ သိဖို့လည်းမေမေက မကြိုးစားခဲ့ဘူးတဲ့၊ သမီးကတော့ အဖေလို့ပဲယုံသည်တဲ့၊ အဖေသမီးကို ချစ်ရမယ်နော်တဲ့၊
ကျနော့်အတွက် ဒီသမီးရဲ့ အမေလောက် သိပ်မုန်းဖို့ကောင်းတဲ့ မိန်းမရှိမည် မထင်ပါ။
ကျနော့် သိပ်မုန်းတဲ့ မိန်းမတစ်ယောက်ရဲ့ သမီးကို ချစ်ရဦးမည်ပေါ့။

ကံ ကံ၏အကျိုး ကို ယုံကြည်သူတစ်ယောက်၊ အကြောင်းကြောင့် အကျိုးဖြစ်သည်(ပဋိစ္စသမုပ္ပါဒ်) ကို လေ့လာနေဆဲသူ တစ်ယောက်မို့၊ သံသရာမှာ သူကမုန်းလိုက် ကိုယ်ကမုန်းလိုက် မဖြစ်ချင်တော့ပါ၊ ဖြစ်နိုင်ရင် အမုန်းတွေကို ဒီဘဝမှာပဲ ထားခဲ့လို့ နေချင်ပါသည်။



ပြီးပါပြီ၊

ကျေးဇူးတင်ပါသည်။

sosegado