Showing posts with label ငယ်ငယ်တုန်းက. Show all posts
Showing posts with label ငယ်ငယ်တုန်းက. Show all posts

Wednesday, September 14, 2011

သုညနှင့်ကျနော်


သုညရဘူးသလား


ဂျာနယ်တစ်ခုတွင်ပါလာသော ရန်ကုန်တွင် စာမေးပွဲ၌် သုညရအောင်ဖြေသဖြင့် ကျောင်းထုတ်ခံရသော ကျောင်းသူလေး တစ်ယောက်အကြောင်း ကျနော်တို့တစ်တွေ စကားပြောဖြစ်ကြသည်။

မိတ်ဆွေလည်းဖြစ် ဆရာလည်းဖြစ်သော ကျနော်တို့ဆရာပင် စာမေးပွဲတွင် သုညရဘူးပါသည်၊ ဆရာကတော့ အလယ်တန်း လပတ်စာမေးပွဲ တစ်ခုတွင် သင်္ချာဘာသာ၌ သုညရခဲ့ခြင်းဖြစ်သည်၊ ထိုသင်္ချာဘာသာ၌ သုညရဘူးသောဆရာသည် ရန်ကုန်စက်မှုတက္ကသိုလ်တွင် နည်းပြ ကထိကဖြစ်လာပြီး ယခုအချိန်မှာလည်း စင်္ကာပူတွင် ကထိကအဖြစ်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်ပါသည်။

နောက်ထပ် သုညရဘူးသူ တစ်ယောက်ရှိပါသည်၊ သူကတော့ ကျနော်ကိုယ်တိုင်ပဲ ဖြစ်ပါသည်။

ဆရာမ နှင့် ကျနော်

မှတ်မှတ်ရရပင် ကျနော်သည်လည်း စာမေးပွဲတွင် သုညရရှိခဲ့ဘူးသည်၊ လေးတန်းတုန်းက တစ်ခုသော အစမ်းစာမေးပွဲတွင် ဖြစ်သည်၊ ထိုအချိန်က လေးတန်းမှာမြို့နယ်စစ်စာမေးပွဲဖြစ်သည်၊ အများသူငှါလို သင်္ချာဘာသာ၌ သုညရရှိခဲ့ခြင်းမဟုတ် သိပ္ပံဘာသာတွင် သုညရရှိခဲ့ခြင်းဖြစ်သည်၊ မှတ်မှတ်ရရဖြစ်ရတဲ့ အကြောင်းကတော့ ဆရာကြီးလို့ခေါ်သော ကျနော်၏ မှုလတန်း ကျောင်းအုပ်ဆရာကြီးကြောင့်ဖြစ်ပါသည်။

လေးတန်းတွင် ကျနော်သည် အနည်းငယ်ဆိုးသော ကျောင်းသားတစ်ယောက်ဟု ဒီအချိန်မှာ သုံးသပ်ကြည့်လျှင် ဆိုနိုင်ပါသည်၊ ထိုအချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ဆိုးတယ်လို့မထင်ခဲ့မိပါ၊ ကလေးမို့လို့လဲ ဖြစ်ပါလိမ့်မည်၊ လေးတန်းတွင် အမေက အပြင်ကျုရှင်ထားသည်၊ သင်ပြီးသောစာတွေ ပြန်သင်ရသဖြင့် အတန်းထဲတွင် စိတ်ဝင်စားမှုလျှော့နည်း လာခြင်းလည်းဖြစ်နိုင်ပါသည်။

ထိုအချိန်က ကျနော့်တွင် စိန်ဝင်သန်း ဟုခေါ်သော သူငယ်ချင်းတစ်ယောက်ရှိပါသည်၊ ကျနော်တို့တစ်တွေက သူ့ကိုစိန်မျောက်မျောက်ဟုခေါ်ပါသည်၊ စိန်မျောက်မျောက်နဲ့ ကျနော်ပေါင်းဖြစ်ရခြင်း အကြောင်းက အတန်းပိုင်ဆရာမကြောင့် ဖြစ်သည်၊ ထိုဆရာမသည် ကျနော်ကို သုညအမှတ်ပေးသော ဆရာမလည်းဖြစ်ပါသည်၊ သုံးတန်းတွင် အဆင့် ၁ မှ ၁၀ အထိရလာသူများ လေးတန်းရောက်သောအခါ ရှေ့ဆုံးခုံများတွင် ထိုင်ကြရသည်မှာ ကျောင်း၏ထုံးစံပင်ဖြစ်သည်၊ ကျောင်းဖွင့်ပြီး တစ်ပတ် နှစ်ပတ်လောက်နေတော့ နောက်တန်းက ကျောင်းသားလေးတစ်ယောက် မျက်စိမှုန်သည်ကို အကြောင်းပြ၍ သူ့အမေက ဆရာမကို သူသားကို ရှေ့ဆုံးတန်းကို ပြောင်းပေးရန် လာပြောပါသည်၊ ဆရာမက ရှေ့ဆုံးတန်းတော့ မဖြစ်နိုင်ကြောင်း ရှေ့ဆုံးတစ်တန်းနှစ်တန်းလောက်ကို သူမေးပေးပါမည်ဟုပြောသည်၊ ပြီးနောက် ဆရာမက ကျောင်းသားတွေဘက်လှည့်၍ နေရာပြောင်းပေးနိုင်သူရှိမရှိ မေးပါသည်၊ ဘယ်သူကမှ မပြောင်းပေးကြပါ၊ အမေကိုပြောရဦးမည်ဟု အဖြေများသာများပါသည်၊ ဆရာမက အတင်းပြောင်းပေးလိုက်ပြန်လျှင်လည်း ဘာဖြစ်လို့ ကျမသားကို နောက်တန်းပို့တာလဲဆိုပြီး ပြဿနာတွေ ထပ်လာပါဦးမည်၊ ကျနော်သည် ထိုကျောင်းသားလေးကို ကြည့်ရတာ တကယ် မျက်စိမှုန်နေသည်ဟုထင်မိသည်၊ မျက်မှန်ကလည်း အထူကြီး တတ်ထားရသည်၊ ကျနော်ကလည်း ရှေ့ဆုံးတန်းတွင် သိပ်မထိုင်ချင်၊ အမေကလည်း ဝင်ပါမည် မထင်ပါ၊ ဒါကြောင့်မို့ ဆရာမကို ကျနော်ပြောလိုက်သည် ကျနော်ပြောင်းပေးမယ်ဆရာမ၊ ဒီလိုနဲ့ ကျနော်သည် နောက်ဆုံးတန်းက စိန်မျောက်မျောက် ဘေးကိုရောက်ခဲ့ရသည်။

ထိုအချိန်တုန်းက တရုတ်သိုင်းကားများ၊ ဂျပန်ကရာတေး ရုပ်ရှင်ကားများ ခေတ်စားပါသည်၊ တစ်ယောက်နဲ့တစ်ယောက် ဖိုက် fight မည်ဆိုပါက၊ လက်သီးထိုးမည့်အစား ယား ယိ ဆိုပြီး ကီသွင်းခြင်းကစပါသည်၊ ကျနော်သည် ဂျပန်ဇတ်လိုက် ဟင်နရီဆန်ဒရားကို သဘောကြသည်၊ ကျနော်နဲ့စိန်မျောက်မျောက်တို့သည် အတွင်းအားပြိုင်ဘက်များ ဖြစ်လာကြသည်။

ကျနော်တို့ ကျောင်းအုပ်ဆရာကြီးသည် လေးတန်းကို မြန်မာစာနှင့် သင်္ချာဘာသာရပ်များကို တစ်ချိန်နှစ်ချိန် ဝင်သင်လေ့ရှိသည်၊ ဆရာကြီးသင်သည့် အချိန်များတွင် ဆရာကြီးကို ကြောက်ကြ၍ တစ်တန်းလုံး တိတ်ဆိတ်စွာ ဆရာကြီးသင်တာကို နားထောင်လေ့ရှိသည်၊ တစ်နေ့ဆရာကြီး သင်္ချာဝင်သင်နေသည့် အချိန်တွင် ကျနော်နဲ့စိန်မျောက်မျောက်တို့ လက်ချင်းအတွင်းအားပြိုင်နေကြသည်၊ လက်ချင်းအတွင်းအားပြိုင်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အပေါ်ပိုင်းက ငြိမ်နေသော်လည်း ထိုင်ခုံအောက်တွင် လက်အချင်းချင်း သိုင်းကားတွေထဲကအတိုင်း တိုက်ခိုက်နေကြခြင်းဖြစ်ပါသည်၊ တစ်ချိန်တွင် ကျနော့်အတွင်းအား များသွားသလားမသိ၊ စိန်မျောက်မျောက်ကပဲ မထိမ်းနိုင်သလားတော့မသိပါ၊ စိန်မျောက်မျောက်လက်တစ်ဖက်သည် ခုံပေါ်သို့အရှိန်နဲ့ရောက်လာကာ ဖြောင်းဆိုသော အသံနဲ့အတူ စိန်မျောက်မျောက်၏ စာအုပ်များခဲတံများ လေထဲလွင့်သွားလေသည်၊ ဘာဖြစ်တာလဲဟူသော ဆရာကြီး၏ အသံနဲ့အတူ စိတ်ဆိုးနေသော ဆရာကြီး၏ မျက်နှာကြီးကိုတွေ့လိုက်ရသည်၊ ဆရာကြီးကို ရင်ဆိုင်ရတော့မည်ကို ကျနော်သိလိုက်ပါပြီ၊
‘မောင် လုပ်လိုက်တာဆရာကြီး၊’ စိန်မျောက်မျောက် ကြောက်ကြောက်နဲ့ ကျနော့်ကိုအပြစ်ပုံလေပြီ၊
‘မောင် မင်းအရှေ့ထွက်ခဲ့၊ မင်းဘာလုပ်လိုက်တာလဲ’
“အတွင်းအားပြိုင်တာ များသွားလို့ပါဆရာကြီး၊”
‘ဟိုဘက်လှည့် စာသင်နေချိန် အတွင်းအားပြိုင်ချင်တဲ့ကောင်တွေ အတွင်းအားနဲ့တွေ့မယ်’
“ဖြန်း”၊ ကျနော် ဆရာကြီး၏ လက်စွဲတော် ကြိမ်စာမိသွားခဲ့သည်၊
‘ဟိုကောင်လာခဲ့’ စိန်မျောက်မျောက်ကို ခေါ်လိုက်သည်၊ စိန်မျောက်မျောက်၏ မျက်နှာမှာကား ဖြူဖတ်ဖြူရော်ဖြစ်နေပေသည်၊ ဆရာကြီးသည် စိန်မျောက်မျောက်ကို ရိုက်လိုက်လေသည်၊
“ဖတ်” ဆိုသော အသံထွက်ပေါ်လာသည်၊
ဆရာကြီး၊ ဆရာမနှင့် ကျောင်းသားများပါ အံ့အားသင့်သွားသည်၊
စိန်မျောက်မျောက်ငိုလေသည် ‘ကျနော်နာမှာ ကြောက်လို့ပါဆရာကြီး၊’
စိန်မျောက်မျောက်တစ်ယောက် ပုဆိုးအောက်တွင် စာအုပ်ခံလာခြင်းဖြစ်သည်၊
ဆရာကြီးသည် မျက်နှာကိုချက်ချင်းတည်လိုက်ပြီး အတန်းထဲသို့ လှည့်ကာ
‘ဒါ cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊ cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’
‘ဘယ်သူမှ ဘယ်တော့မှ ဒီလိုမလုပ်နဲ့၊ ဟိုကောင်လှည့် မင်းကိုနှစ်ဆအပြစ်ပေးရမယ်၊’
“ဖြန်းဖြန်း”၊ စိန်မျောက်မျောက်တစ်ယောက် ပေါင်တွင်တစ်ချက် ခြေသလုံးတွင်တစ်ချက် နှစ်ချက်ထိသွားခဲ့သည်၊ ဆရာကြီးသည် အရေးကြီးသည် ထင်သော စကားလုံးများကို အင်္ဂလိပ်လို ကြားညှပ်ပြောလေ့ရှိသည်၊ ဆရာကြီးသည် ကျနော်ကိုကြည့်ကာ ဆရာမဘက်လှည့်ပြီး မောင်ဘာလို့နောက်တန်းထဲ ရောက်သွားသလဲ မေးသံကြားလိုက်ရသည်၊ ဆရာမပြန်ဖြေတာကို ကျနော်မကြားရပါ၊ ဆရာမသည် ကျနော်ကို တစ်မျိုးကြီး ကြည့်နေသည်ကိုတော့ သိလိုက်ရသည်၊ အရိုက်ခံရသော်လည်း ကျနော်နဲ့ စိန်မျောက်မျောက်တို့ရဲ့ အတွင်းအားပြိုင်မှုတော့ မလျှော့သွားပါ၊ ကျနော်ဘဝတွင် cheating ဆိုတဲ့စကားလုံးကို စသိလိုက်ရခြင်းဖြစ်ပါသည်။

ကြိမ်နဲ့ရိုက်ခံထိပြီး နောက်ပိုင်းတွင် စိန်မျောက်မျောက်သည် ကျောင်းသားတွေကို မင်းဘယ်လောက်မိုက်လဲ ကြိမ်ရိုက်ခံထိဖုးလား၊ ကြိမ်ရိုက်ခံထိဖုးတယ်ကွ ဆိုကာ နည်းနည်းအနိုင်ကျင့်လာသည်၊ ကျနော်ကတော့ အေးအေးဆေးဆေးပင် အတွင်းအားလေ့ကျင့်လျှက်ရှိသည်၊ ကျနော်သည် ဆရာဆရာမကို ပတ်ချွဲနှပ်ချွဲလုပ်သူများ၊ အတို့အထောင်များ၊ အကြွားသန်သူများကို ကြည့်မရပေ၊ ငယ်ငယ်ကတည်းက ယနေ့အထိပင်၊ သုံးတန်းတွင် မိုးဇော်ဆိုသော ကျောင်းသားတစ်ယောက်ရှိပါသည်၊ သူ့အဖေသည် ပီနန်သို့မှောင်ခိုကုန်ကူးသူတစ်ယောက်ဖြစ်သည်၊ ပစ္စည်းအသစ်အဆန်းများ သူ့သားအတွက် ဝယ်လာပေးလေ့ရှိသည်၊ ထိုကျောင်းသားလေးကလည်း ထုတ်ထုတ်ကြွားတတ်သည့် အကျင့်ရှိသည်၊ တစ်နေ့တွင် သူ့အဖေဝယ်လာသော ပေတံကိုကြွားနေသည်၊ ပေတံလေးမှာ ပလပ်စတစ်အကြည်နဲ့ ပြုလုပ်ထားသည် အပြာနုရောင်လေးဖြစ်သည် နည်းနည်းထူသည်၊ ထိုအချိန်၌ ထိုပေတံမျိုး ကျောင်းတွင် သူတစ်ယောက်သာ ကိုင်သည်၊ ကြွားနေတာကလည်း သုံးလေးရက်ရှိနေပြီဖြစ်၍ ကျနော်ကြည့်မရတော့၊ မိုးဇော်ဆီသွားကာ မင်းပေတံက အကောင်းစားလား ဘယ်လောက်တန်သလဲ မေးလိုက်သည်၊
မိုးဇော်က ၂ကျပ်တန်သည်ဟုဖြေသည်၊ ဖြေတာဖြေရသည် ကျနော်နဲ့ စိန်မျောက်မျောက်ကိုတော့ ကြောက်၍နေပြီ၊ ကျနော်ကပြစမ်း မင်းပေတံ ကောင်းလား မကောင်းလားကြည့်ရအောင်၊ ပေတံကိုထောင်ကာ လက်ဝါးစောင်းနဲ့ရိုက်ချိုးလိုက်သည်၊ ဖျောင်းကနဲ အသံနဲ့အတူ ထိုပေတံလှလှလေးကျိုးသွားသည်၊ ကျနော့်အတွင်းအား လက်စွမ်းပြလိုက်ခြင်းဖြစ်သည်၊ ရော့ ၄ ကျပ် မိုးဇော်ကို ပိုက်ဆံပေးပြီးထွက်ခဲ့သည်၊ စိန်မျောက်မျောက်တစ်ယောက် ခြောက်လှန့်စကားတွေပြောကာကျန်ခဲ့သည်၊ ထိုခေတ်က ငွေ၂ကျပ်၏ တန်ဘိုးသည် တော်တော်ကြီးမားပါသည်။

မိုးဇော်သည် သူ့ပေတံချိုးခံရသည်ကို ဆရာမတွေကိုပြန်မပြော၊ သူ့အိမ်ကိုလည်း မတော်တဆကျိုးသွားသည့် ပုံစံပြောထားသည်၊ စိန်မျောက်မျောက်၏ ခြောက်လုံးတွေကြောင့်ဖြစ်မည်၊ ဒါပေမဲ့ ပြဿနာက ပြီးမသွားပါ၊ အတို့အထောင်တစ်ယောက် ပေါ်လာသည်၊ ကျနော်တို့အတန်းထဲက ချိုချိုလွင် ဆိုသော ကျောင်းသူတစ်ယောက်ဖြစ်သည်၊ ဆရာမကို အမြဲကပ်နေသူလည်းဖြစ်သည်၊ ပေတံ ပြဿနာကို ချိုချိုလွင် ဆရာမကို သတင်းသွားပေး၍ ဆရာမသိသွားခဲ့သည်၊ ဆရာမသည် ကျနော်နှင့် စိန်မျောက်မျောက်ကို ခေါ်ကာ ဆူသည်၊ ဝမ်နိမ်ပေးသည်၊ ဒါပေမဲ့ မိုးဇော်မိဘတွေကလည်းမတိုင် မိုးဇော်အတန်းပိုင်ဆရာမကလည်း မတိုင်၍ ပြဿနာပြီးသွားခဲ့သည်၊ ပြဿနာကောင်တွေဟုဆိုကာ ဆရာမမျက်လုံးများ၏ အကြည့်ဒဏ်ကိုခံခဲ့ရသည်။

ကျနော်ရော စိန်မျောက်မျောက်ပါ ချိုချိုလွင်ကို မကြည်တော့၊ တစ်နေ့ ကျောင်းလှေခါးအောက်တွင် ချိုချိုလွင်ကို တစ်ယောက်ထဲတွေ့ရသည်၊ စိန်မျောက်မျောက်က ဟိုမှာ ချိုချိုလွင်ဟုပြောကာ ချိုချိုလွင်ရှေ့ကပိတ်ရပ်လိုက်သည်၊ ချိုချိုလွင်က ပြေးဘို့ကြံပါသေးသည် စိန်မျောက်မျောက်က ရှေ့ကလက်နဲ့ တန်းပိတ်ထားလိုက်သည်၊ ပြေးလို့မရ၊ ကျနော် ချိုချိုလွင်နားကပ်သွားသည့်အခါ ချိုချိုလွင်တစ်ယောက် ကြောက်၍တုန်နေသည်၊ တကယ်တော့ ချိုချိုလွင်သည် မျက်နှာလေးမှာ ချစ်စရာကောင်းသူလေးဖြစ်သည်၊ ရွှေကြာကာတွန်းထဲက မင်းသမီးနဲ့တူ၍ ရွှေကြာမ ဟုခေါ်ကြသည်၊ ကျနော်က “ရွှေကြာမ ဆရာမကို အတိုင်အတောထူဦးမှာလား၊” လေသံမာမာနဲ့မေးလိုက်သည်၊ ‘မထူတော့ပါဘူး၊’ ပြန်ဖြေ၍ ကျနော်နောက်ဆုတ်လိုက်သည်၊ စိန်မျောက်မျောက်က မပြီးသေးပေ ချိုချိုလွင်ကို ရွှေကြာမ နင်မောင်ကိုချစ်တယ်လို့ပြော ဒါဆိုမောင်ခွင့်လွတ်လိမ့်မယ်၊ ချိုချိုလွင် ဘာမှပြန်မပြော ကျနော်ကိုကြည့်၍နေသည်၊
စိန်မျောက်မျောက်က ‘မပြောသေးဘူးလား၊ ပြောမှာလား’ ထပ်မေးရာ၊ ချိုချိုလွင်မှာ ‘မောင်ကိုချစ်ပါတယ်’ ‘မောင်ကိုချစ်ပါတယ်’ ကြောက်၍ပြောလိုက်သည်ဟုထင်ပါသည်၊
စိန်မျောက်မျောက်က ‘နင့်မောင်ကိုချစ်တယ်ဆိုရင် နင့်ဘေးနားဘယ်သူမှ မကပ်စေနဲ့ ဟိုအတို့အထောင် အောင်ဇော်ရောပါတယ် ကြားလား၊’
‘ကြားတယ်၊ ကြားပါတယ်၊’
ဒါဆိုသွားတော့၊ ချိုချိုလွင် အပြေးကလေးထွက်သွားတော့သည်၊
ကျနော်က စိန်မျောက်မျောက်ကို ဘာလို့အဲဒီလိုလုပ်တာလည်းလို့မေးရာ ဒါမှ တော်ရုံကြမယ်ဟုဆိုသည်၊
စိန်မျောက်မျောက် ဘာလို့ဒီအကြံထွက်သလဲ ကျနော်လည်းမစဉ်းစားတော့ပါ၊ နောက်နေ့တွေတွင် ချိုချိုလွင်သည် ကျနော်ကိုကြည့်နေတတ်သလို ကျောင်းသားတွေနဲ့ ရောရောမနေတော့ပါ၊ ကျနော့်ဘဝတွင် ပထမဦးဆုံးအကြိမ် ချစ်ပါတယ်လို့ ပြောခံရခြင်းဖြစ်ပါသည်။

သုည ရရှိခြင်း

အမေသည် ကျနော်၏ စာမေးပွဲရလဒ်များကို အမြဲစောင့်ကြည့်နေသူဖြစ်သည်၊ ဒါပေမဲ့အမေသည် ပထမရရမယ် အတော်ဆုံးဖြစ်ရမယ် ဆိုသောအမေမျိုးမဟုတ်ပေ၊ ကိုယ်သားသမီးအခြေအနေကို သိချင်သောကြောင့်ဖြစ်ပါသည်၊ တစ်နေ့မှာတော့ အိမ်ပြန်ရောက်ရောက်ချင်းပင် အမေကို “မေမေရေ သား ဒီနေ့သုညရလာတယ်”၊ ပထမတော့ အမေသည်နားမလည်သလိုဖြစ်နေပြီ ‘ဘယ်လိုဖြစ်ရတာလဲ သားရယ်’ဆိုပြီး အမေကမေးလာသဖြင့်၊ ကျနော်လည်း ဆရာမပြန်ပေးလိုက်သော အဖြေစာရွက်တွေကို အမေကိုပြလိုက်သည်၊ ထိုစာမေးပွဲမှာ လေးပုဒ်မေး၍ လေးပုဒ်ဖြေရသော စာမေးပွဲဖြစ်ပါသည်၊ အမေသည် အဖြေစာရွက်များကိုကြည့်ပြီး ‘ဟင်သားဖြေထားတာပဲ’ ဟုဆိုသည်၊
တကယ်လည်း ကျနော်လေးပုဒ်လုံးဖြေခဲ့ပါသည်၊ ဒါပေမဲ့ ဆရာမက အပုဒ်တိုင်း အပိုဒ်တိုင်းတွင် မှင်နီတွေခြစ်၍ နားမလည်၊ ဖတ်မရ ဆိုပြီး သုညတွေပေးထားသည်၊ အဖြေလွှာထိပ်တွင်တော့ ၁၀၀ တွင် ၀ ဟုရေးထားခဲ့သည်၊ ‘ဆရာမက ဘာလို့ဖတ်မရမှာလည်း အမေတောင်ဖတ်ရသေးတာပဲ’ မနက်ဖြန် အမေဆရာမကိုသွားတွေ့မယ်ဟုဆိုသည်။

နောက်နေ့တွင် ဆရာမနှင့် အမေနဲ့ဘယ်လို ဖြစ်ကြသလဲတော့ ကျနော်မသိပါ၊ နောက်တစ်နေ့ညနေတွင် ကျနော်နဲ့အမေသည် ကျောင်းအုပ်ဆရာကြီး၏အိမ်သို့ သွားရပါသည်၊ အိမ်တွင်ဆရာကြီးသည် ပက်လက်ကုလားထိုင်ပေါ်ထိုင်ကာ ကျနော်တို့သားအမိကိုစောင့်နေသည်၊ ကျနော်တို့ရောက်လာသောအခါ ထလာကာ ကျနော်ကို ကွပ်ပျစ်ပေါ်တွင်ထိုင်စေသည်၊ ဆရာကြီးလည်း ကွပ်ပျစ်ပေါ်တွင်ထိုင်သည်၊ အမေကတော့ ဘေးက ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်သည်၊ ဆရာကြီးက ကျနော်ကို ‘မောင် မင်းတော့ ဖြစ်ရမယ်လေ’ ဆိုသည်၊ ဆရာကြီးသည် ကျောင်းသားတွေကို မောင်တတ်ခေါ်လေ့ရှိပါသည်၊ ဆရာကြီး၏ လက်ထဲတွင် ကျနော်အဖြေလွှာရှိပါသည်၊ ဆရာကြီးက အမေကို ‘မောင်က နှစ်တန်းသုံးတန်းတွေမှာ ဆုရဘူးတယ်နော်၊’ “ဟုတ်ကဲ့ ဆရာကြီး၊” ‘အဓိကကတော့ မောင် လက်ရေးပဲ ဘယ်လိုဖြစ်တာလဲ ကြည့်ကြရအောင်’ ဆိုပြီး၊ ဆရာကြီးသည် ကျနော်ကို ခဲတံနှင့် စာရွက်တွေထုတ်ပေးသည်။

ဆရာကြီးသည် ကျနော်ကို သိပ္ပံသင်ခန်းစာတစ်ခုကို အလွတ်ဆိုခိုင်းသည်၊ ကျနော်ဆိုပြနိုင်ခဲ့သည်၊ မြန်မာစာထဲက သင်ခန်းစာတစ်ခုကို ဆိုခိုင်းပြန်သည်၊ ကျနော်ဆိုနိုင်ခဲ့သည်၊
ဟုတ်ပြီဟုဆိုပြီး၊ ကျွန်တော်အကြောင်း ဆိုပြီး ဆယ်ကြောင်းလောက် စာစီစာကုံးရေးခိုင်းပြန်သည်၊ ကျနော်ရေးပြီးပြလိုက်သည်၊ ဟုတ်ပြီဆိုပြန်သည် ပြီးနောက်၊
‘ကဲ ကျွန်တော်အကြောင်းကို အင်္ဂလိပ်လိုရေး’
ကျနော် အင်္ဂလိပ်လိုရေးရပြန်သည်၊
‘ဟုတ်ပြီ နောက်ထပ် ဆရာကြီးကဗျာရွတ်ပြမယ် မောင်လိုက်ရေး’
လကလေးကသာ
ညကလေးကလှ
ကြယ်တွေကလည်းက
အရောင်တွေကလည်းထ
ပြေးလို့ ခုန်လို့
အရေးထဲ ချုံသို့
ဖမ်းလို့မမှီဘူးဗျို့
ပိုစုန်းကြူး။
ပြီးပြီဟုဆိုသည်၊
ဆရာကြီးသည် ကျနော်ရေးထားသည်များကို ယူကြည့်ပြီး၊ ကျနော်ကို ပြန်ပေးကာ ‘ကဲ မင်းဖတ်ပြ ငါရဲ့ လက်တန်းကဗျာကို၊’ ကျနော်လည်း ဖတ်ပြလိုက်သည်။

‘မောင် ခုရေးတော့ကောင်းနေတယ်၊ စာမေးပွဲအဖြေထဲမှာ ရေးထားတာတွေက တော်ရုံဖတ်လို့မရဘူး၊’ ‘ဆရာကြီးပြောမယ် သေချာနားထောင်၊ concentrate သေချာစိတ်ဝင်စားစွားလုပ်ပါ၊ serious အရေးတယူထားပါ၊ respect ရိုသေလေးစားပါ၊ အလုပ်ကို သေချာစိတ်ဝင်စားစွာလုပ်၊ စာမေးပွဲကို အရေးတယူထား ရိုသေလေးစား၊ အဲဒါဆို မောင်ပြင်လို့ရပြီ၊ ဒီလက်ရေးနဲ့ ဒီလိုဆက်ဖြေလို့တော့ မင်းကို စာမေးပွဲဖြေခွင့်မပေးဘူး၊ နားလည်လား ဆရာကြီးစောင့်ကြည့်နေမယ်’။

ဆရာကြီးသည် အမေဘက်လှည့်ကာ ‘ကလေးကိုကျူရှင်ပေးသလား’၊ အမေက “ပေးပါတယ်” လို့ဖြေလိုက်သည်၊ ‘အဲဒါခက်တာပဲ ကလေးက အကုန်သိနေတော့ အတန်းထဲမှာ စိတ်ဝင်မစားဘူး၊ ရေရှည်မှာ မကောင်းဘူးပေါ့၊’ ‘ခုန ဆရာကြီးပြောတဲ့ဟာသုံးခုကို ကလေးကိုလေ့ကျင့်ပေး ဒီမောင် သေချာပေါက်အောင်တယ်’။

ဆရာကြီးသည် စာပေဝါသနာရှင် တစ်ယောက်လည်းဖြစ်သည် မွန်စာပေ ယဉ်ကျေးမှု အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်၊ အရေးကြီးသည်ထင်သည့် နေရာများတွင် အင်္ဂလိပ်စကားလုံးတွေ သုံးလေ့ရှိသည်။

ဘယ်လိုပင်ဖြစ်နေပါစေ လေးတန်းအောင်စာရင်း ထွက်ပြီးသောအခါ အမေသည် ကျနော်ကိုခေါ်ကာ ဆရာမကို သွားကန်တော့ခဲ့သည်၊ ကျနော်သည်လည်း စိတ်ထဲတွင်မထား မေ့မေ့ပျောက်ပျောက် ရှိသွားလွန်းကာ ဒီနေ့ ဆရာမကို သိပ်မမှတ်မိတော့ပါ။

လေးတန်းအောင်ပြီးသောအခါ ကျနော်နဲ့ စိန်မျောက်မျောက်တို့ အထက်တန်းကျောင်းပြောင်းသွားသလို၊ ချိုချိုလွင်ကလည်း တခြားအထက်တန်းကျောင်းသို့ ရောက်သွားခဲ့သည်၊ ထိုအချိန်က ကျနော်တို့ကလေးအရွယ်ဆိုပေမဲ့ ဆရာ၊ ဆရာမတို့၏ စကားများ၊ အဆုံးအမများသည် ဘယ်လောက်ထိ နုငယ်သော ကျနော်တို့ ထဲသို့ ဝင်ရောက်မှုရှိမရှိ သေချာမသိနိုင်သော်လည်း၊
ထိုနေ့ကစပြီး ကျနော်သည် လက်ရေးကို သူများဖတ်တတ်အောင် ရေးပါတော့သည်၊ ဆရာကြီးပြောသည့်အတိုင်း အင်္ဂလိပ်စာကို လက်ရေးဆက်မရေးပဲ တစ်လုံးချင်းရေးသည်မှာ ယနေ့အထိပင်ဖြစ်ပါသည်။

သူငယ်ချင်း စိန်မျောက်မျောက်တစ်ယောက် Cheating ကို သဘောပေါက်သွားလို့လားတော့ ကျနော်မသိပါ၊ ရှစ်တန်းမအောင်သောအခါ ကိုရင်ဝတ်သွားခဲ့သည်၊ ယနေ့တိုင် ရဟန်းဘဝဖြင့် သာသနာ့ဝန်ထမ်းလျှက်ရှိပါသည်။

ယခုပြန်လည် စဉ်းစားမိသည်မှာ ဆရာကြီးနှင့် ဆရာမ ဘယ်လိုကွာသလဲ ဆိုတာကိုပင်ဖြစ်သည်၊
ကလေးကို သုညပေးသော ဆရာမသည်၊ ကလေးကို သုည မရအောင်လုပ်ပေးနိုင်ရမည်၊ မလုပ်နိုင်ရင် ဆရာမ မလုပ်သင့်တော့ပေ၊
ဆရာ ဆရာမတွေရဲ့ အဓိကတာဝန်က ကလေးတွေကို တတ်အောင်သင်ပေးဖို့ပဲ မဟုတ်ပါလား။

ယနေ့အချိန်တွင် မြန်မာပြည်တွင်
ကလေးကို သုညရအောင် သင်ပေးသော ဆရာ၊ ဆရာမများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းအုပ်ကြီးများ၊
ကလေးကို သုညရအောင် သင်ပေးသော ကျောင်းများ၊
ကလေးကို သုညရအောင် သင်ပေးသော ….ဌါနများ
ဘယ်လောက်ရှိနေသလဲ ကျနော်မသိပါ။

ရမှတ် သုညရတာထက် အောင်မှတ်ရဖို့ ဂုဏ်ထူးတွေထွက်ဖို့ အမှတ်များဖို့ Cheating လုပ်ပြီး အမှတ်တွေကိုဖြည့်ယူတာက တသက်လုံးအတွက် ရှက်ဖို့ကောင်းပါသည်။

Cheating ကိုပြောခဲ့သော ကျနော်၏ ဆရာကြီးသည်လည်း ကွယ်လွန်သွားခဲ့ပြီဖြစ်သည်၊
ဆရာကြီး အသက်ရှင်၍ ရှိနေသေးလျှင် ဆရာကြီး ဆိုခဲ့သော
‘cheating လုပ်တယ်၊ ခိုးကြောင်ခိုးဝှက်လုပ်တယ်လို့ခေါ်တယ်၊ မသမာတဲ့သူတွေလုပ်တာ၊ မကောင်းတဲ့လူတွေလုပ်တာ၊ ဘဝမှာ ဘယ်တော့မှ မကောင်းစားဘူး၊ ကောင်းစားလည်းခဏပဲ၊
cheating ဆိုတာ အရမ်းရှက်ဖို့ကောင်းတဲ့ ကိစ္စ၊’ ဆိုတာကို ယနေ့အချိန်တွင် ဆရာကြီး ဘယ်လို အဓိပ္ပါယ်ပြန်ဖွင့်မလဲ မသိပါ။


End
ဆရာကြီး ဦးတိုးခင်သို့ အမှတ်တရ။
ဆရာကြီး၏ ပိုစုန်းကြူးလက်တန်း ကဗျာကို အထင်နဲ့ ပြန်ရေးလိုက်ပါသည်။



ဂျာနယ်
စာမေးပွဲမှာ သုညရအောင် ဖြေလို့ ထုတ်လိုက်တာ http://thevoicemyanmar.com/index.php?option=com_content&view=article&id=564:2011-09-04-10-26-05&catid=3:local&Itemid=34



Sunday, August 1, 2010

မနေ့တစ်နေ့က ငယ်ရုပ်ပုံလွှာ ( ၂ )

မော်လမြိုင်တွင်ရှစ်တန်းထိ ကျောင်းနေခဲ့ရစဉ် ခုနှစ်တန်းသည် ကျနော်အပျော်ဆုံးအတန်းဖြစ်ပါသည်။

သတိရစရာ မမေ့နိုင်သော ကျောင်းသားဘဝ တစ်ချို့အဖြစ်အပျက်လေးတွေက ခုနှစ်တန်းတွင် အများဆုံးဖြစ်ခဲ့ပါသည်။

ကျနော်နဲ့ စောခရစ္စတိုဖါတို့သည် အတန်း၏ အပြင်ဘက်ဆုံး နောက်ဆုံးခုံတန်း မတိုင်မီ ခုံတွင်နေရာယူထားသည်၊ ကျနော်တို့နောက်တွင် သင်းအောင် နှင့် မင်းစိုးနိုင်၊ အရှေ့တွင် စောလွင်ဦး နှင့် သန်းထွန်းအောင် တို့ဖြစ်သည်၊ သင်းအောင်သည် ပြည်နယ်တရားသူကြီး အဖွဲ့ဝင်၏သားဖြစ်သည်၊ သန်းထွန်းအောင်သည် ကျိုက်မရောဘက်မှာ ကျောင်းလာတက်သူဖြစ်သည်၊ ဦးလေးအိမ်တွင်နေသည် မွန်ဆရာကြီးတစ်ယောက်၏ သားဟုသိရသည်၊ အလွန်အေးသည်၊ ကျနော်၏ မဲဆွယ်မှု့ကြောင့် ၆ ယောက်လုံး ပထမအစမ်း ဒုတိယအစမ်း စာမေးပွဲများတွင် အောင် အောင်သာဖြေကြသည်၊ သို့သော် စာမေးပွဲကြီးတွင် သန်းထွန်းအောင်သည် အဆင့်တစ်ရရှိခဲ့သည်။

ခုနှစ်တန်းတွင် ကျနော်ပထမဦးဆုံးအကြိမ် ကျောင်းပြေးဖြစ်ခဲ့ပါသည်၊ ပထမဦးဆုံးအကြိမ် အုပ်စုလိုက်ရန်ဖြစ်ဘူးပါသည်၊ ကျောင်းပြေးခြင်းကို စောခရစ္စတိုဖါက အစပြုခဲ့ခြင်းဖြစ်ပါသည်၊ စောခရစ္စတိုဖါသည် ကျနော်တို့ကျောင်းက ဆရာမတစ်ယောက်၏တူတော်ပါသည်၊ ဖာဆောင်း၊ ဖားအံတို့တွင်နေပြီးတော့ မော်လမြိုင်ကိုရောက်ရှိခဲ့ခြင်းဖြစ်ပါသည်၊ စကားအလွန်ပေါသော်လည်း ဘယ်သူကိုမဆို မင်းနဲ့ငါနဲ့ပြောပါသည်၊ ထိုအတွက် ဆရာဆရာမများသည်းခံရသည်၊ ဟုတ်ဟုတ်မဟုတ်ဟုတ်ငြင်းတတ်ပါသည်။

ကျနော်က ငယ်ငယ်ကနေခဲ့သော လာရှိုးတွင် လာရှိုးကြီး၊ လာရှိုးလေးရှိကြောင်း ရေပူစမ်းရှိကြောင်းပြောသောအခါ၊ ခရစ္စတိုဖါကလည်း ဖာဆောင်းကြီး ဖာဆောင်းလေး၊ ဖားအံကြီး ဖားအံလေးရှိသည်ဟုပြန်ပြောသည်၊ ကျနော်က မကြားဘူးကြောင်း မဖြစ်နိုင်ကြောင်းပြန်ပြောရာ ဇွတ်ပြန်ငြင်းပါသည်၊ ဒီအတွက် ကျနော်ရှေ့က စောလွင်ဦးကို အကူအညီယူပြီးမေးရာ၊ လွင်ဦးက မဟုတ်ကြောင်း ခရစ္စတိုဖါ ပေါက်ကရပြောကြောင်းပြန်ပြောပါသည်၊ ခရစ္စတိုဖါက သူ ပေါက်ပြီးတော့လည်းပြောတာမဟုတ် ကပြီးတော့လည်းပြောတာမဟုတ် ရလို့လည်းပြောတာမဟုတ် သူငယ်ငယ်တုန်းကရှိကြောင်း၊ ခုရောဟုဆိုရာ ခုတော့မသိတော့ဘူးဟုလုပ်ပြန်သည်၊ နောက်ဆုံး မင်းညာတာလို့ အားလုံးကဝိုင်းပြောသောအခါ၊ သူ့ဘကြီးကို မေးလို့ရတယ်ဟုဆိုပြန်သည်၊ ကျနော်တို့က ဘယ်မှာလဲ မင်းဘကြီးဟုမေးရာ၊ မဲဆောက်၊ ရှမ်းဘက်ကမ်းမှာဟုဆိုကာ လုံးဝအလျှော့မပေးပဲ ပြောနေဆဲဖြစ်သည်၊ နောက်ဆုံး စောလွင်ဦးနဲ့ရန်ဖြစ်ကြသည်၊ ခရစ္စတိုဖါက လွင်ဦးကို မင်းတို့ တလိုင်းကရင်တွေ သတ္တိမရှိဘူး၊ လွင်ဦးက ခရစ္စတိုဖါကို ကိုလိုနီကရင် ပျက်နေတယ် စသဖြင့် တော်တော်တင်းမာလာသည်၊ နောက်ဆုံး ကျနော်နဲ့ သင်းအောင် ကရင်ချစ်ကြည်ရေး လုပ်ပေးလိုက်ရသည်၊ တကယ်တော့ ခရစ္စတိုဖါသည် သူငယ်ချင်းများနဲ့နေရခြင်းကို အထူးပျော်မွေ့နေသည်၊ သူဒီလိုမနေခဲ့ဘူးကြောင်း၊ မြန်မာစကားတွေ အများကြီး မပြောဘူးကြောင်း ကျနော်ကိုပြောပြသည်၊ ကျနော်တို့တွေသည် ဘယ်လိုပဲစစ နောက်နောက် ရန်ဖြစ်ဖြစ် နောက်နေ့တွင် မေ့သွားကာ အသစ်ပြန်စကြမြဲဖြစ်ပါသည်။

ကျနော်တို့ အုပ်စုသည် ၉ တန်း ၁၀ တန်းမှာ ကျောင်းသားကြီးများ၊ အတန်းမတက်ဘဲ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ်၊ ကြက်ခြေနီ အဖွဲ့ဝင်ကာ ဟိုဟိုဒီဒီ လျှောက်လုပ်နေခြင်းကို သတိထားမိကြသည်၊ နောက်ဆုံး ကျနော်ကပင်ဦးဆောင်ကာ အတန်းမတက်ရရင်ပြီးရောဟုဆိုကာ ကြက်ခြေနီ အဖွဲ့ဝင်ကြသည်၊ အိမ်သို့ မဝင်ရင်မရသည်ပုံစံနဲ့ ဝတ်စုံဖိုး တောင်းရသည်၊ ဆရာမကိုကြက်ခြေနီ ဟောပြောပွဲရှိလို့ သွားတက်ဦးမယ်၊ နာရီဝက်လောက်တက်ပြီးသောအခါ စတင်ကျောင်းပြေးဖြစ်ခဲ့သည်၊ ကျောင်းတဝိုက် ဆေးရုံကြီး၊ တရားရုံး၊ ဦးဇိနဘုရားနဲ့ တောင်ရိုးတန်းပေါ်တက်ကြသည်၊ ထိုသို့ ကျောင်းပြေးခြင်းကို အပျော်ဆုံးတစ်ယောက်ကတော့ စောခရစ္စတိုဖါ ဖြစ်သည်။

တစ်နေ့၌ မော်လမြိုင် ကျုံဒိုး၊ ကော့ကရိတ်သွား သင်္ဘောကို ကရင်တို့ကပစ်ရာ၊ လူပေါင်း သုံးဆယ်ကျော်သေ၍ တော်တော်များများ ဒဏ်ရာရကြသည်၊ သေဆုံးသူများထားရာ ရေခဲတိုက်သို့ ကျနော်တို့ ကျောင်းပြေးတစ်စု သွားကြည့်ကြသည်၊ သေဆုံးသူ တော်တော်များများမှာ မွန်လူမျိုးများဖြစ်ကြပြီး ကရင်၊မြန်မာ နှင့် တစ်ခြားလူမျိုးတို့ တစ်ယောက် နှစ်ယောက်ပဲဖြစ်သည်၊ ရေခဲတိုက်ထဲမလောက်၍ အပြင်မှာပင် ထားထားသည်၊ မင်းစိုးနိုင်တို့ အမျိုးတစ်ယောက်သေဆုံးခဲ့သည်၊ သွေးသံရဲရဲနှင့် သေသူများကိုကြည့်ပြီး၊ ကျနော်နှစ်ရက်ဖျားသွားခဲ့သည်၊ ကျနော်တို့အားလုံး ကျောင်းပြေးရင် ဆေးရုံကြီးသို့ မသွားရန် ဆုံးဖြတ်လိုက်ကြသည်။

ကျနော်ကျောင်းပြန်တက်သောနေ့တွင်၊ ကျောင်းကဒီရေတက်ကြမ်းမည်ဆိုပြီး အတန်းငယ်များကို စောစောပြန်လွတ်သည်၊ ခရစ္စတိုဖါက သူနဲ့ ဘုရားကျောင်းလိုက်ခဲ့ပေးပါဆို၍၊ အိမ်ကိုအကြောင်းကြားပြီး ခရစ္စတိုဖါနှင့်အတူ ဘုရားကျောင်းသို့လိုက်သွားခဲ့သည်။ Church ဘုရားကျောင်းသည် မော်လမြိုင် အထက်လမ်းမကြီးတွင် တည်ရှိသည်ကလွဲလို့ နေရာအတိအကျနဲ့ နာမည်ကိုမမှတ်မိတော့ပါ၊ အင်္ဂလိပ်ခေတ်ကဆောက်ထားခြင်းဖြစ်သည်၊ ခရစ္စတိုဖါသည် ဝတ်ပြုသည့်နေရာများကို ကျော်ဖြတ်ကာ အနောက်ဘက် စာကြည့်ခန်းမှတဆင့် မြေအောက်ခန်းသို့ဆင်းသွားသည်၊ ဝတ်ပြုသည့်နေရာတွင် မျက်နှာဖြူစစ္စတာတစ်ယောက်ကိုတွေ့ရသည် ကရင်လိုပြောတတ်သည်၊ မြေအောက်ခန်းသည် နှစ်ထပ်ဖြစ်သည်၊ ရုံးခန်းများ၊ စာအုပ်ခန်းများ၊ ပစ္စည်းသိုလှောင်ခန်းများနဲ့ ပြည့်ကြပ်နေသည်၊ အခန်းတစ်ခန်းသို့ ရောက်သောအခါ ကရင်လူမျိုး ဖာသားကြီးတစ်ယောက်ကို တွေ့ရသည် အသက် ၇၀လောက်ရှိပြီဖြစ်သည်၊ ကျနော်ကိုခုံတစ်ခုံတွင်ထိုင်ခိုင်းထားသည်၊ ခရစ္စတိုဖါသည် ဖာသားကြီးရှေ့တွင် မျက်စိမှိတ်ကာ လက်အုပ်ချီထားသည်၊ ဖာသားကြီးကိုလည်း တတွတ်တွတ်ပြောနေသည် ဖာသားကြီးကလည်း ပြန်လည်ဆုတောင်းပေးနေသည်ထင်သည်၊ သူတို့သည် ကရင်လိုပြောနေကြခြင်းဖြစ်သည်၊ ထိုနောက် ဖာသားကြီးက ဖန်ခွက်ထဲမှ ရေဖြင့် ခရစ္စတိုဖါကိုဖျန်းပေးသည် ပြီးနောက်ကျနော်ကိုလည်း ဖျန်းပေးသည်၊ ဖာသားကြီးက ကျနော်ကို ခရစ္စတိုဖါက သူမမြင်အပ်တာတွေကိုမြင်ပြီး အိပ်မပျော်ဖြစ်နေတယ် လူကလေးလည်းဒီလိုပဲလို့ပြောတယ် ခုဆုတောင်းပေးလိုက်ပြီ လူကလေးတို့ အိပ်ပျော်ကြတော့မှာပါ စိတ်ထဲမှာ ဘာမှမထားနဲ့တော့ ဘုရားသခင်က စောင့်ရှောက်မှာပါ ဟုဆိုသည်၊ ကျနော်ကလည်းဟုတ်ကဲ့ပါဟုဆိုလိုက်သည်၊ ထိုနောက်
ကျနော်လည်း ကျနော့်အိမ်ပြန် ခရစ္စတိုဖါလည်း သူ့အိမ်သို့ပြန်သွားခဲ့သည်၊ ကျနော် ပထမဦးဆုံး အကြိမ် Church ဘုရားကျောင်းသို့ ရောက်ဖူးခြင်းဖြစ်သည်။ နောက်နေ့များတွင် ကျနော်ရော ခရစ္စတိုဖါပါ လူသေများကို မေ့သွားကြသည်။

တရုတ်နှစ်ကူး တစ်ရက်နှင့်နောက်နေ့တစ်ရက်ကျနော် ကျောင်းမတက်ပါ၊ ကျနော်အဖိုး(အမေ၏အဖေ)သည် နှစ်ကူးကို အကြီးအကျယ်ပြုလုပ်လေ့ရှိသည်၊ အဖိုးသည် အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် တရားသူကြီးလုပ်ခဲ့ဘူးသည်၊ တရုတ်ဆေးဆရာလည်းဖြစ်သည်၊ အဖိုး၏အမေ အဘွားသည် မော်လမြိုင်တစ်ဝိုက်တွင် သစ်စက်၊ ဆန်စက်၊ ရာဘာလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်သည်၊ ပြည်သူပိုင်သိမ်းခံရပြီးနောက် ခြံများသာကျန်ခဲ့သည်၊ အဘွား၏မောင်အငယ်ကတော့ မလေးရှားနိုင်ငံ ပီနန်သို့အပြီးပြောင်းရွေ့သွားသည်၊ နောက်တစ်ယောက်က ဘန်ကောက်သို့ အပြီးပြောင်းရွေ့သွားသည်၊ အဖိုးသည် ခြံသုံးခြံနှင် မောင်ငံက ခြောက်ထပ်တိုက်ကြီး၊ ပန်းပဲတန်းက တိုက်ပုလေးကို အမွေရခဲ့သည်၊ မောင်ငံက ခြောက်ထပ်တိုက်ကြီးကို အဖိုးလက်ထက်မှ ပြည်သူပိုင်သိမ်းခံရခြင်းဖြစ်သည်၊ ထိုအတွက် အဖိုးသည် မြေနီကုန်း၊ တောင်ဝိုင်း၊ စမ်းကြီး ခြံများတွင်လှည့်ပတ်နေထိုင်ခဲ့သည်၊ နှစ်ကူးကို မြေနီကုန်းခြံတွင် အကြီးအကျယ်ပြုလုပ်လေ့ရှိသည်၊ နှစ်ကူးဒုတိယနေ့တွင် ဆရာမတွေကို မုန့်တွေစားစရာတွေပို့ရင်း၊ သူငယ်ချင်းတသိုက်ကို မြေနီကုန်းခြံထဲသို့ နှစ်ကူးစားရန် ခေါ်လာခဲ့သည်။

ခရစ္စတိုဖါသည် ကျနော်တို့ ဆွေမျိုးများ နှစ်ကူးရှိခိုးနေကြပုံကို အံ့သြစွာဖြစ်နေသည်၊ ပြီးနောက်တိုးတိုးလေး မင်းအမျိုးတွေကလည်း တစ်ရွာလောက်ရှိတယ်၊ ကျနော်က မဟုတ်ပါဘူး အလုပ်သမားတွေလည်းပါတယ်၊
နောက်ဗိုက်ဆာပြီဟုဆိုလာသည်၊ မင်းစားချင်ရင် တရုတ်ဘုရားရှိခိုး လို့ဆိုလိုက်သည်၊ ခရစ္စတိုဖါက ငါ့ဘုရားမှ မဟုတ်တာ၊ ဒါဆိုလည်းမင်းမုန့်ပဲစားလို့ ကျနော်ကပြောလိုက်သည်၊ လွင်ဦး၊ သန်းထွန်းအောင်နှင့် မင်းစိုးနိုင်တို့ အမွှေးတိုင် ကိုယ်စီဖြင့် တရုတ်ဘုရားရှိခိုးပြီး ထမင်းနှင့် ကိုယ်ကြိုက်တဲ့ဟင်းထည့်ကာ စစားကြသည်၊ ခရစ္စတိုဖါလည်းထပြီး အမွှေးတိုင်ဖြင့် တရုတ်ဘုရားရှိခိုးကာ စစားတော့သည်၊ ဟဲဟဲနဲ့ ဝက်သဲကြော် ငါတအားကြိုက်လို့ဟုဆိုသည်။
ဒီလိုနဲ့ ကျနော်တို့သည် ၇တန်းအောင်ကာ ၈ တန်းရောက်ခဲ့ကြသည်။
၈ တန်းတွင် ကျောင်းပြေးမြဲပြေး၏၊ အထက ၃ မိန်းခလေးကျောင်းမှသည် သံလွင်ရုံ၊ ဘုရင့်ရုံ ရုပ်ရှင်ရုံတွေထိ နယ်ချဲ့ခဲ့ကြသည်၊ PT ချိန်မိုးရွာ၍ ဘောလုံးကန်ရာတွင် ကျနော်ကစ၍ စဂိုးသွင်းခံရတဲ့ဘက် ဘောင်းဘီချွတ် ကန်ကြေးဖြင့် ကန်ခဲ့ကြသည်၊ မင်းစိုးနိုင်က ကျနော်တို့ဘက်က ဂိုးစသွင်းလိုက်ရာ တခြားဘက်က ဘောင်းဘီချွတ်ရတော့သည် ကိုယ်လုံးတီးတွေနဲ့ကန်ကြရသည်၊ ထိုဖက်တွင်ပါသော ခရစ္စတိုဖါနှင့် နောက်တစ်ယောက်က မချွတ်ဘူးလုပ်နေသဖြင့် မချွတ်တဲ့ကောင် အခြောက်ဟု ဝိုင်းအော်တော့မှ ချွတ်ကြသည်၊ PTဆရာ၏အဆူကိုခံရသည်မှလွဲ၍ ကျနော်အတွက်တော့ မမေ့နိုင်စရာ ဘောလုံးပွဲဖြစ်ခဲ့သည်။

ကျနော်သည် ၈ တန်းအောင်သောအခါ မန္တလေးသို့ ပြောင်းခဲ့ရသည်၊ ဒီလိုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ဝေးခဲ့ရသည်။

ခရစ္စတိုဖါသည်လည်း ၈ တန်းအောင်သောအခါ ရန်ကုန် လိုလို ဖားအံလိုလို ပြောင်းသွားခဲ့သည်၊
နောက်မှ သိရသည်မှာ ခရစ္စတိုဖါ၏ ဘကြီးဆိုသူမှာ ကရင်အဖွဲ့အစည်း၏ အကြီးအကဲတစ်ဦးဖြစ်သည်၊
ခရစ္စတိုဖါနှင့် ကျနော်ယနေ့ထိ မတွေ့ဖြစ်တော့ပါ။
သန်းထွန်းအောင်သည် ယခုအခါ ဆရာဝန်ဖြစ်ကာ မွန်ပြည်နယ်မှာပင် အခြေကျနေထိုင်လျှက်ရှိသည်၊
စိုးနိုင် ခေါ် မင်းစိုးနိုင် သည် ဗိုလ်သင်တန်းတက်ကာ တပ်မတော်ထဲသို့ ဝင်ရောက်သွားသည်၊ ယခုအခါရှမ်းပြည်နယ်တွင် ကြာနေပြီဖြစ်သည်၊ ရှမ်းအမျိုးသမီးနှင့် အိမ်ထောင်ကြ၍ မွေးလာသော သူ့ကလေးနှစ်ယောက်သည် မွန်နှင့်ရှမ်းရော၍ ယိုးဒယားရုပ်ထွက်နေသည်၊ ကျိုင်းတုံ သစ်တပင်ကုန်းရှိ သူ့အရင်အိမ်ကိုသွားလည်တုန်းက သူသားကို ကျနော်က မင်းစိုင်းဟုနာမည်ပေးခဲ့သည်၊ စောလွင်ဦးသည် DKBA တွင်နေရာရနေလေသည်။

Friday, July 16, 2010

မနေ့တစ်နေ့က ငယ်ရုပ်ပုံလွှာ

ငယ်ငယ်တုန်းက သူငယ်ချင်းတွေအကြောင်း စဉ်းစားကြည့်လျှင် တော်တော်များများမေ့လောက်ပါပြီ၊ ငယ်ငယ်တုန်းက သူငယ်ချင်းဟူ၍ ကျနော်တွင် နှစ်မျိုးနှစ်စားရှိပါသည်၊ ကျောင်းနေဖေါ် သူငယ်ချင်း၊ ရပ်ကွက်ထဲမှ ကစားဘက် သူငယ်ချင်းဟူ၍ဖြစ်သည်၊ မေ့လောက်နေပြီဖြစ်သော ငယ်ငယ်တုန်းက သူငယ်ချင်းတွေထဲက အမှတ်တရလေးတွေကို ပြန်စဉ်းစားကြည့်ရင် တစ်ချို့အဖြစ်အပျက်လေးတွေက မနေ့တစ်နေ့ကလိုပါပဲ။

ကျနော်သည် မူလတန်းကို လာရှိုးမှ စနေပြီး တစ်ဝက်မှာပင် မော်လမြိုင်သို့ ရောက်ရှိခဲ့ပါသည်၊ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်း တွေကို ထူးထူးထွေထွေ ကျနော်မမှတ်မိတော့ပါ၊ အမေပြောသည်မှာ လက်ရေးအလွန်ညံ့၍ လက်ရေးလှစာအုပ်များကို ဖြုန်းတီးသူတစ်ယောက်ဖြစ်ပါသည်၊ သုံးတန်းခေါ်တတိယတန်းသို့ ရောက်ရှိသောအခါ အမှတ်တရဖြစ်ရသည်မှာ၊ ဘယ်လိုအကြောင်းကြောင့်ရယ်မှန်းမသိ အတန်းထဲက ကျောင်းသားတစ်ယောက်ကို ကြည့်မရပါ၊ တစ်နေ့သောအခါ သူ့ကို ကျနော်ကျောင်းလှေခါးပေါ်မှ တွန်းချလိုက်ပါသည်၊ ဘာဖြစ်လို့ ဘာကြောင့် တွန်းချဖြစ်သည်ကို မမှတ်မိပါ၊ နှစ်ပေလောက်သာမြင့်၍ ဘာမှမဖြစ်သွားသော်လည်း သူကြောက်လန့်သွားခဲ့သည်၊ သူ့နာမည်က သက်ဦးဖြစ်ပါသည်၊ ထိုအတွက် ကျနော်အပြစ်ပေးခံရပါသည်၊ ကျောင်းအုပ်ဆရာကြီး၏ ကြိမ်လုံးစာမိပါသည်၊ ဘယ်နှစ်ချက်လည်း ကျနော်မမှတ်မိပါ၊ ကျနော်အမေလည်း ဆရာကြီး၏ အဆူကိုခံရပါသည်၊ ဒါပေမဲ့ ဒေါသဖြစ်နေသော သက်ဦး၏အမေကို ကျနော်ကြိတ်ပြုံးလေးပြုံးပြခဲ့သည်ကို အမှတ်ရပါသည်၊ သက်ဦးနှင့် ကျနော် သူငယ်ချင်းဖြစ်မလာခဲ့ပါ၊ လေးတန်းအောင်၍ အထက်တန်းကျောင်းသို့ ပြောင်းသောအခါ ကျောင်းချင်းလည်းမတူတော့ပါ၊ သက်ဦးသည်ကျနော်ကို ငယ်ကြောက်ဖြစ်သွားခဲ့သည်၊ တကယ်တော့ သက်ဦး၏အမေကို ကြည့်မရ၍ လုပ်လိုက်ခြင်းဖြစ်သည်၊ မှောင်ခိုလုပ်ငန်းဖြင့်ကြီးပွားနေသော သက်ဦး၏အမေသည် ကျောင်းသို့လာ၍ စောင့်ကြွားစောင့်ကြွားလုပ်ခြင်းကြောင့်ဖြစ်သည်။

လေးတန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ပထမအစမ်း စာမေးပွဲတွင်ဖြစ်သည်၊ စာမေးပွဲမေးခွန်းတွင် ငါးပုဒ်လုံးဖြေပါဟုရေးထား၍ ကျနော်က ဆရာမကို ဘာလို့လဲဟုထမေးရာ၊ ဆရာမက တပုဒ်ကို အမှတ်၂၀ စုစုပေါင်းငါးပုဒ် အမှတ်တစ်ရာပေးတယ် အမှတ်၄၀ ရရင် အောင်ပြီ ဟုဆိုသည်၊ စာမေးပွဲပြီး၍ အမှတ်များထွက်သောအခါ ဆရာမက ကျနော်ကို ဘာလို့လေးပုဒ်ထဲဖြေသလည်း မေးသည်၊ ကျနော် မဖြေသည့် မေးခွန်းသည် ပြည်ထောင်စုနေ့အကြောင်းဖြစ်သည်၊ ဒီအတွက် ဆရာမက မင်းပြည်ထောင်စုနေ့ အကြောင်းမသိဘူးလားဟု ထပ်မေးသည်၊ ကျနော်ကသိပါတယ် ဆရာမ၊ ဒါဆိုရွတ်ပြဆို၍ ကျနော်လည်းနူတ်တိုက်ဖြေလိုက်သည်၊ ရရဲ့သားနဲ့ ဘာလို့မဖြေတာလဲဟုထပ်မေးရာ၊ ကျနော်က ကျနော် အမှတ်၄၀ မကရနေပြီလေဆရာမဟုဖြေလိုက်သည်၊ ဒီတစ်ခါတော့ ဆရာမက ပျော့ပြောင်းသော လေသံဖြင့် မဟုတ်ဘူးကွဲ့ မင်းအကုန်လုံးဖြေတော့ အမှတ်အများကြီးရမှာပေါ့၊ ကျနော်ကလည်း အမှတ်အများကြီးရတော့ ဘာဖြစ်လဲဆရာမ၊ ဆရာမကတဖန် အမှတ်အများကြီးရတော့ အဆင့် တစ်ရတာပေါ့ မင်းလူတော်ဖြစ်ပြီ၊ ကျနော်ကလည်းထပ်ဆင့်၍ လူတော်ဖြစ်တော့ကော ဘာဖြစ်လဲဆရာမ၊
လူတော်ဖြစ်တော့ ကောင်းတာပေါ့ကွဲ့ ဆရာမပြန်ဖြေသည်၊ ကျနော်ကဆက်၍ ဒါဆိုမတော်တဲ့သူတွေ မကောင်းတဲ့သူတွေ အများကြီးပေါ့ဆရာမ၊ ဆရာမက ဟုတ်တယ်မင်းတော်အောင်လုပ်၊ ကျနော် မတော်ချင်ဘူးဆရာမ အများလိုပဲနေချင်တယ်၊ နောက်ဆုံးဆရာမက အေးကွယ်မင်းမတော်ချင်ပေမဲ့လည်း နောက်ဆုံးဖြစ်အောင် မလုပ်နဲ့၊ ဒါကြောင့်အကုန်ဖြေနော် ဟုဆိုကာ ရပ်လိုက်သည်၊ ကျနော်ကတော့ သိပ်မကျေလည်ခဲ့ပါ၊ ဒီနောက်ဆရာ၊ဆရာမတော်တော်များများကို ဒီမေးခွန်းမေးဖြစ်ခဲ့ဘူးသည်။
မူလတန်းများတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။

အထက်တန်းကျောင်းသို့ ပြောင်းသော အခါ ကျနော်သည် မော်လမြိုင် အမှတ်(၁) အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့သည်၊ ယခင် နော်မန်ဟိုက်စကူးဖြစ်သည်၊ မော်လမြိုင် အထက ၁ ကျောင်းသည် ယောက်ျားလေးကျောင်းဖြစ်သည်၊ ငါးတန်းနှင့် ခြောက်တန်း အတန်းတော်တော်များသည်၊ ခပ်ညံ့ညံ့ရောက်လာသော ကျနော်အတွက် (F)တန်းတွင်နေရသည်၊ အတန်းပိုင်ဆရာမှာ ပင်စင်ယူပြီးမှာ ကျောင်းကဆရာ မလောက်၍ ပြန်ခေါ်ထားသော မွန် ဆရာကြီးဖြစ်သည်၊ ဆရာကြီးသည် အေးအေးဆေးဆေးရှိပြီး ကျနော်ကြိုက်သော ဆရာတစ်ယောက်ဖြစ်ပါသည်၊ ဆရာကြီးပြောပြခဲ့သော မွတ်မလိန်း ခေါ် မော်လမြိုင်သမိုင်း၊ မွန်ပုံပြင်များ၊ ဘီးလူးကျွန်း ဇာတ်လမ်းများကား ယနေ့တိုင် ကျနော် အမှတ်တရ ရှိနေဆဲပါ၊ မော်လမြိုင် အထက ၁ ကျောင်းသည် တကယ့်အထက်တန်းကျောင်းကြီးပင်၊ အဆောင်ဟောင်းနှင့် အဆောင်သစ်ဟု၍ရှိသည်၊ ကြားထဲတွင် တိုက်နီဆောင်တစ်ဆောင်ရှိသေးသည်၊ အဆောင်ဟောင်းနှင့်တိုက်နီဆောင်တို့သည် အင်္ဂလိပ်ခေတ်ကဆောက်ထားခြင်းဖြစ်သည်၊ ထိုစဉ်က ဘောလုံးကွင်းသုံးကွင်း၊ အားကစားရုံ၊ တင်းနစ်ကွင်း၊ ကြက်တောင်ကွင်း၊ ကျွမ်းဘားရုံ၊ ကဇာတ် တင်ဆက်နိုင်သော ဟောခမ်းမ၊ ပန်းချီခန်း၊ စက်မူခန်း၊ ဓါတ်ခွဲခန်းများ နှင့် အဆောင်သစ်ဘက်တွင် ဘုရားခန်းတို့တည်ရှိသည်၊အင်္ဂလိပ်စတိုင် အထက်တန်းကျောင်းကြီးဖြစ်သည်၊ ငါးတန်း Fသည် တိုက်နီဆောင်တွင်ရှိသည်၊ ထူးခြားသည်မှာတိုက်နီဆောင်ဘေးတွင် ညောင်ပင်အိုကြီးတစ်ပင်ရှိသည်၊ ကျောင်းသားတိုင်း ထိုညောင်ပင်တွင် တစ်စုံတစ်ရာရှိသည်ဟုယုံကြည်ကြသည်၊ သို့သော်လည်း ကျောင်းသားများမှာ တက်ဆော့ကြမြဲဖြစ်သည်၊့ တစ်နေ့၌ ထိုညောင်ပင်မှကျောင်းသားတစ်ယောက်ပြုတ်ကျသည်ဆို၍ သွားကြည့်ရာ ခုနှစ်တန်းမှာ ကျနော့်အစ်ကိုဝမ်းကွဲဖြစ်နေသည်၊ အယူသည်းသော ဆရာမ တစ်ဦးမှာ ရေမီးပူဇော်ခြင်း ရှစ်ခိုးတောင်းပန်ခြင်းများလုပ်ပေးနေသည်ကို တွေ့ရသည်၊ှ

ငါးတန်းသည် ကျောင်းကြီးကို လိုက်ကြည့်ရင်းနဲ့ပင် ကုန်ဆုံးခဲ့သည်၊

ငါးတန်းတွင် ကျနော်အတွက် ထူးထူးထွေထွေ ကျောင်းနေဖေါ် သူငယ်ချင်း မရှိခဲ့ပါ။ ငါးတန်းစာမေးပွဲအောင်ရာ၌ (F)တန်းတွင် အတော်ဆုံး ၁၀ ရောက်တွင်ပါသဖြင့်၊ ခြောက်တန်း ရောက်လာသောအခါ (A)တန်းတွင်နေရပါသည်၊ ဇော်အောင် ဆိုသော ကျောင်းသားတစ်ယောက်နှင့် တွဲထိုင်ရသည်၊ ဇော်အောင်သည် ပထမဦးဆုံး ကျနော်၏ အတွဲဆုံး ကျောင်းနေဖေါ် သူငယ်ချင်းဖြစ်ခဲ့ပါသည်၊ ခြောက်တန်းတွင် မှတ်မှတ်ရရ တစ်ခုရှိပါသည်၊ ကျနော်တို့ အတန်းပိုင်ဆရာမ မလာ၍ (C)တန်းမှ ဆရာမ အတန်းခဏဝင်ထိန်းပေးပါသည်၊ ဆရာမသည် မွန်ပြည်နယ်ကောင်စီအကြီးအကဲ၏ ဇနီးဖြစ်ပါသည်၊ ထိုအချိန်ကရိုးရိုးအေးအေးနေပါသည်၊ ယခုခေတ် ကတော်တွေနဲ့ တစ်ခြားစီပါ၊ ဆရာမက ကျောင်းသားတွေကို သမိုင်းစာတွေကို ဖတ်ထားရန်မှာပြီးထွက်သွားပါသည်၊ သမိုင်းစာအုပ်ကို လိုက်လှန်ရင်း ကျနော်သည် ၁၃၀၀ ပြည့် အရေးတော်ပုံ ကိုဖတ်နေမိပါသည်၊ တစ်နေရာရောက်သောအခါ ကျနော်အသံထွက်ဖတ်လိုက်ပါသည်၊
ကျနော်ဖတ်သည်ကို အားလုံးစိတ်ဝင်စားသွားပြီး လိုက်ဖတ်ကြသည်၊ ဘေးနားက ထွန်းလှအောင်မှ ကဲ အားလုံး ညီညီညာညာ လိုက်ဆိုဟုဆို၍ သံပြိုင်ဟစ်ကြရာ ဟိန်းထွက်သွားပါသည်၊ အဲဒါကတော့ သပိတ်သပိတ် မှောက်မှောက်၊ သခင်မျိုးဟေ့ ဒို့ဗမာ၊ လာမဲ့ဘေး ပြေးတွေ့၊ ကြောက်မွေးပါ ဇာဂနာနဲ့နုတ်၊ ဖြစ်ပါသည်၊
အဲဒါကိုပင် ကျနော်တို့ သံပြိုင်လိုက်ဆိုနေကြပါသည်၊ ဆိုလို့အော်လို့ကောင်းနေတုန်းမှာပင် PT ဆရာရောက်လာပါသည်၊ သူနောက်က ရှစ်တန်းက ဆရာတစ်ယောက်လည်းပါလာသည်၊
'ဟေ့ကောင်တွေ ရပ်ကြစမ်း၊ ရပ်ကြစမ်း၊'
PT ဆရာက ဘယ်သူဆိုခိုင်းတာလဲကွ၊ ကျနော်တို့ကို စဟောက်ပါသည်၊
အားလုံးငြိမ်နေကြပါသည်၊ ထိုနောက်ဆရာက ပြောကြစမ်း ပြောကြစမ်းဆိုပြီး တုတ်ဖြင့် ကျောက်သင်ပုန်းကို ရိုက်ပါသည်၊
ထွန်းလှအောင်သည် ကျနော်တို့ထဲတွင် အကြီးဆုံးတစ်ယောက်ဖြစ်ပါသည် ဒီအတွက် အားလုံးငြိမ်နေကြပါသည်၊ ဆရာက ရှေ့ဆုံးစားပွဲကို တစ်ချက်လှမ်းရိုက်လိုက်ပါသည်၊
ထိုအချိန်တွင် ဇော်အောင်က ကျနော်ဘက်လှည့်၍ သူစဆိုတာ ဆရာ ဟုဆိုလိုက်ရာ၊
'ဟေ့ကောင်ထ' ဟုဆို၍ ကျနော်ထလိုက်ရသည်၊ ကျနော်လည်း ဆရာမက ဖတ်ဆိုလို့ဖတ်တာပါ၊ ဆရာက ဒါဆိုဘာလို့ အော်တာလဲ၊ ကျနော်ကလည်း ဖတ်တာပါဆရာ၊ ဆရာက ဘာဖတ်တာလည်း တစ်ကျောင်းလုံးကြားတယ်၊ ကျနော်ကလည်း ဖတ်တာလို့ဆက်ငြင်းနေပါတယ်၊ အဲဒီအချိန်မှာပဲ၊ ထွန်းလှအောင်ထပြီး 'ကျနော်စအော်တာပါဆရာ' လို့ဖြေလိုက်သည်၊ PTဆရာကလည်း ဒါဆိုမင်းရှေ့ထွက်ခဲ့၊ ထွန်းလှအောင် အတန်းရှေ့သို့ထွက်လာသည်၊ ထိုအချိန်မှာပင် ဆရာမ ပြန်ရောက်လာသည်၊ ဆရာနှစ်ယောက်ကလည်း သက်ပြင်းချလိုက်သည့်ပုံစံ၊ ဆရာမ ကလည်း ကလေးတွေဘာဖြစ်ကြတာလဲ၊ တစ်တန်းလုံးသံပြိုင် အော်လို့ပါဆရာမ၊ အဲဒီနောက် ဆရာမနှင့် ဆရာတွေ စကားအနည်းငယ်ပြောပြီး၊ ဆရာတွေထွက်သွားကြသည်၊ ဆရာမ အတန်းဘက်ကိုလှည့်ကာ အားလုံးပြန်ထိုင်မယ်ဆို၍၊ အားလုံးနှင့်ရောကာ ကျနော်လည်းပြန်ထိုင်လိုက်သည်၊ ထွန်းလှအောင်လည်း သူနေရာသို့ပြန်ဝင်ထိုင်လိုက်သည်၊ ပြီးတော့ 'ကလေးတို့က စာကိုအော်ဖတ်ချင်ကြတာကိုး၊ စာကိုပဲဖတ်ဖတ် ကဗျာကိုပဲဖတ်ဖတ် သူ့နေရာနဲ့သူ ဖတ် အော်ရတယ်၊ ကိုယ်ထင်တာကိုပဲ ဖတ်လို့ကောင်းတာကိုပဲ ထပ်တလဲလဲ အော်နေလို့တော့ အော်တာပဲ အဖတ်တင်မယ် ဘာမှအကျိုးမရှိလာဘူးကွယ်၊' 'ခု ဆရာမ ကဗျာတစ်ပုဒ်ပေးလိုက်မယ် မင်းတို့အော်ဖတ်ကြပေတော့၊ ဒါပေမဲ့ ကိုယ့်ကြောင့် ကိုယ့်ပတ်ဝန်းကျင် ဒုက္ခရောက်အောင်မလုပ်မိဘို့ သတိထား၊ တခြားအခန်းတွေက စာသင်နေကြတာ သူတို့ကို အနှောက်အယှက်မဖြစ်စေနဲ့ပေါ့' ဟုပြောကာ ထွက်သွားသည်၊ ကျနော်တို့အားလုံးကဗျာကို အသံထွက်ဖတ်ကြတော့လည်း မအော်ကြတော့ပါ၊ ထိုကဗျာကို စိတ်မဝင်စားသဖြင့် မမှတ်မိပါ၊ ထိုနေ့မှစ၍ ဇော်အောင်သည် ပွကြီးမည်သော နာမည်တစ်ခု ထပ်တိုးခဲ့ပါသည်၊ မှတ်မှတ်ရရ ကျနော်ပေးခဲ့ခြင်းဖြစ်ပါသည်၊ ထွန်းလှအောင်တစ်ယောက် ကတော့ ဇော်အောင်ကို သည်နေ့ထိ ချီးထုပ်ဟုခေါ်နေဆဲဖြစ်ပါသည်။

ဒီလိုနဲ့ ကျနော်လည်း ခုနှစ်တန်းသို့ရောက်ခဲ့ပါသည်။

ခုနှစ်တန်းမှာလည်း (A)တန်းမှာပင် နေရသည်၊ ဇော်အောင်သည် ရှေ့ဆုံးမှာထိုင်ချင်သည်ဟုဆိုကာ ရှေ့တန်းသို့ပြောင်းသွားသည်၊ ထိုအတွက် ကျနော်သည် ကျောင်းသားသစ် တစ်ယောက်နဲ့ထိုင်ရသည်၊ သူ နာမည်က စောခရစ္စတိုဖါ ဖြစ်သည်၊ စောခရစ္စတိုဖါ သည်အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ကျနော်၏ ကျောင်းနေဖေါ် သူငယ်ချင်း တစ်ယောက်ဖြစ်လာပါသည်၊ မော်လမြိုင်တွင်ရှစ်တန်းထိ ကျောင်းနေခဲ့ရစဉ် ခုနှစ်တန်းသည် ကျနော်အပျော်ဆုံးအတန်းဖြစ်ပါသည်။




ပူးတေတို့ မရွှေစင်တို့ရဲ့ ငယ်အကြောင်းတွေဖတ်ရင်း သတိရလာ၍ ရေးဖြစ်ခဲ့ပါသည်။