Friday, September 23, 2011

ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး


ဟိုက်ဒရိုလောဂျီကိုသိလား
မသိဘူး၊

အပ်စထရင်း ဒေါင်းစထရင်းကိုသိသလား
မသိဘူး၊

အီကိုစစ္စတန်ကို သိလား
မသိဘူး၊

အင်ဗွိုင်မယ်တယ်ကို သိလား
မသိဘူး၊

ဆီတီမန်တန်းရှင်းကို သိလား
နားမလည်းဘူး၊

လျှပ်စစ်မီး မရှိတာသိသလား
သိပ်သိတာပေါ့၊

ပိုက်ဆံ မရှိတာသိသလား
သိပ်သိတာပေါ့၊

မြစ်ပေါ်မှာ ဆည်ဆောက်တာ ဆန်းသလား
မဆန်းဘူး၊

ဆည်ဆောက်ရင် ဘုံပျောက်တယ် ဆိုတာသိသလား
ပျောက်နေပြီလေ၊

အင်းလေးကန် ရေခန်းတာ ဆန်းသလား
မဆန်းတော့ဘူး၊

သံလွင် မှာ တစ်လုံးပြီးတစ်လုံး ဆောက်တော့မှာ ဆန်းသလား
ဆန်းတယ်၊ တစ်ယောက်နှစ်ယောက် လောက်ပဲငိုလို့၊

အဲဒါဆို ခုမှ ဘာကြောင့် ဆိုနေကြတာလဲ
သိဘူး၊

ဒါဆိုရင် သင်ခန်းစာ အစက ပြန်စကြစို့။

သင်ခန်းစာ (၁)


သူဆန်စား ရဲရမယ်ဆိုတာ ငါသိတယ်၊
မင်းဘယ်သူဆန်စားနေသလဲဆိုတာ
မင်းကိုယ်မင်း ပြန်ကြည့်လိုက်ပါ၊
သူများတွေပြောရင်တော့ အကြောင်းအကျိုးတွေပေါ့ ငါ့ရင်ထဲထိ လက်ခံရင် လက်ခံလိုက်မယ်၊
မင်းပြောရင်တော့ သူဆန်စား ပြောနေသလို နေတော့
နားကလောလာပြီး အဟုတ်တွေတောင် မဟုတ်ပါဘူးလို့ နဝေတိမ်တောင်ဖြစ်၊
ငါ မယုံဖြစ်တာပါ ဘာကြောင့်လဲဆိုတော့
မင်း ပြောတာဖြစ်နေလို့ပဲ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်း မပြောပါနဲ့။

၅ နှစ်ကျော်က စခဲ့တဲ့ဇာတ်လမ်း ခှု စခန်းထလာတော့
ငါတောင် တုန်တုန်ရီရီဖြစ်သွား အစက ဒေါသတွေထွက်
ပေါက်ကွဲရတော့မလိုနဲ့ တော်သေးရဲ့ အစအဆုံးပြန်ကြည့်မိလို့
အချိန်ရယ် တိုက်ဆိုင်လွန်းလိုက်တာ အပြောင်းအလဲတွေစပါပြီလို့ ပြောတဲ့အချိန်မှာမှ
အဟောသုတံ စလိုက်ပုံက မောင်းကိုထုပါလူစုပါ ထွက်ကြဝိုင်းကြ အဝေးကလှမ်းအော်၊
ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရဦးမယ်
ဒီမှာက ပထွေးတွေမြောက်ပေးတိုင်း လိုက်ကတဲ့ ပဂေးတွေမဟုတ်ကြတော့ဘူး။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့မအော်ပါနဲ့။

ဟိုစာအုပ်လှန် ဒီစာအုပ်ဖတ် လုပ်မနေနဲ့ ဟိုရှာ ဒီရှာ ကဲ့ရဲ့အပြစ်အနာအဆာအတွက်လား
ခုမှပဲ ချစ်တတ်နေလိုက်တာ
ဆယ်ကျော်သက်တောင် အရှုံးပေးရမယ် မင်းရဲ့ အလုံးပေးမဲ့ဇာတ်လမ်းတွေအတွက်
မင်းတို့ကိုကြည့်ပြီး ငါ တရားတွေရ တောထွက်ရမလိုပါပဲ
ဒါပေမဲ့ မြန်မာပြည်မှာ တောကလည်းရှားနေပြီဆိုတော့
အမောလည်းပြေတဲ့ အဲကွန်းရိပ်သာတွေမှာပေါ့ နတ်လူသာဓု သွားခေါ်လိုက်ပါတယ်၊
သူများအော်လို့ လိုက်အော်မိတာပါ ဆိုပေမဲ့ အဓိပ္ပါယ်သိ အဓိပ္ပါယ်ရှိ တာဝန်သိသိ အော်
ရင်ထဲကလာတာမို့ ဘက်လဲကင်းတယ် အပြစ်လဲကင်းတယ် နောက်ကွယ်ကဘယ်သူမှ ကြိုးမကိုင်
ဒီမှာအော်တာက မင်းတို့ထက် အဆင့်အတန်းမြင့်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့လာမရောပါနဲ့။

တရုတ်ကြီး လာထိုင်ရင် ယန်းကီးတွေလာယိုင် လိမ့်မယ်
အတို့အထောင်တွေနဲ့ လောက်ကောင်တွေကို အသုံးချကောင်း ချလိမ့်မယ်
သရုပ်ဆောင်နေကြတာ ဘယ်သူတွေလဲလို့ အချိန်ကြာလာတော့လည်း
လမ်းဘေးကခွေး သွားမေးရင်တောင် သိတယ်၊
ယန်းကီးလာပြန်တော့လည်း တရုတ်ကြီးအထာကိုင်လေတော့
ငါတို့မှာ သူတို့မွေးထားတဲ့ နယ်စပ်ကမျောက်တွေကို
ခုပဲထချရတော့မလို ခုပဲပြုံးပြရမလို စပ်ဖြီးဖြီး
ခပ်ဟီးဟီးနေရင်း ကြာလာတော့လည်း အနေတတ် ရေခပ်တတ်နေပြီ
မြန်ပြည်ကြီးမှာ ရူးချင်ယောင်ဆောင်နေတဲ့ သူတွေသိပ်များ၊
ကုလားတွေက ကြားဖြတ်လို့ ဝင်ရင်ဝင်၊ ယပလက် ကတစ်မျိုး အမျိုးမျိုး ချိုးနေတော့
လုံးပါးလည်းပါးခဲ့ပါပြီ၊ ဒီကြားထဲ ဘန်ဂါလီတွေကတစ်မှောင့်၊
ငါတို့ကလည်း အချင်းချင်းက မရင်းနှီးအောင် နေကြလေတော့
မိုးချုပ်ရင်မီးငြိမ်းရတဲ့အဖြစ်တွေပါ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့ဝင်မနှောက်ပါနဲ့။

သင်ခန်းစာ (၂)


အမ်အိုယူတွေ ဘာယူညာယူထားတာတွေ လျှော်ကြေးပြန်ပေးရမှ ကြောက်လို့
နောက်မဆုတ်ဘူး ပြောရင်လည်း မဟော်သဓါလို ပြောပေါ့
အို ဆောရီး မေ့သွားတယ် မင်းက မဟော်သဓါမှ မဟုတ်ပဲ
မဟော်သဓါက ငါအတတ်ဆုံးလို့ ဘယ်တော့မှ မပြောဘူး၊
မင်းတို့ယူထားတာတွေ ငါတို့အလှူစုခံပြီး ပြန်ပေးပါမယ်
နားလည်ပါတယ် ဘာမှအလကား မရဘူးဆိုတာ၊
ရပ်လို့မရ ဖျက်လို့မရရင်လည်း လျှော့ပေါ့ သီတာခုနှစ်တန် မလိုပါဘူး
သုံးပုံတစ်ပုံဆို လုံလောက်ပါပြီ
မင်းပြောတာတွေ ငါတို့နားလည်းပါတယ်
ငါတို့ပြောတာတွေ မင်းက နားလည်းအောင်ကြိုးစား
မပြောတတ်ရင် ကိုယ်ပါးကိုယ်ချသလိုပဲ နားထဲခါးလှတာမို့
မင်းပြောမှာကို မင်းအဖေတောင်ကြောက်နေပြီ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းနောက်ထပ်မပြောပါနဲ့။

ဧရာဝတီကို စလိုက်တာ ငါတို့ပဲ မင်းတို့ပါစရာမလိုပါဘူးလို့ မပြောလိုပါဘူး
ပြောချင်ရင်လာခဲ့ ဒီမှာ ငါတို့ပြောကြမယ် ဖိတ်ခေါ်ပြီးသားပါ
ဒါပေမဲ့ မနောမတူရင်နေပါ မင်းသဘောဖြူရမယ်
မင်းတို့ ခုတုံးလုပ်စရာမလိုပါဘူး အချစ်ဆုံးပါလို့ ခုမှလာပြောနေလို့တော့
မင်းတို့လည်း ဟိုလူတတ်ကြီးနဲ့ ဘာမှမထူးဘူး၊
မင်းပြောတာကိုလည်း ငါတို့နားထောင်မယ် ကြိုက်ရင် လက်ခုပ်တီးမယ်
ငါတို့ပြောတာကိုလည်း မင်းတို့နားထောင် ကြိုက်ရင် လက်ခုပ်တီးစရာမလိုဘူး
ငါတို့ရဲ့စကား ရင်ထဲကလာတာ၊
ဧရာဝတီအကြောင်းပြောလို့ သူရဲကောင်းလို့လဲ မဆိုဘူး၊ မပြောလို့ မကောင်းတဲ့သူလို့လည်း မဆိုဘူး
ပြောတိုင်းလည်း မင်းအဖွဲ့ကိုထောက်ခံမှာမဟုတ်ဘူး
မပြောလို့ မင်းအဖွဲ့ကို မထောက်ခံမှာလည်းမဟုတ်ဘူး
လူသားတိုင်းအတွက် လွတ်လပ်စွာပြောပါ အချည်အတုပ်ကင်းပါစေ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ ဧရာဝတီကို အသုံးမချပါနဲ့။

သူများပြောတာကိုလည်း လေးစားပါ ကိုယ်ပြောတာကိုလည်း အလေးထားပါ
ငါတို့ရဲ့ရှေ့ရေးကို မင်းတို့မငြိမ်ဆေးတွေ မတိုက်ကျွေးပါနဲ့
ခံရတာကလည်း ငါတို့ပါပဲ၊
ဒီမှာက အယ်ကေဒါး မကြောက်ဖုး သူတို့ကိုထိမှာပဲ ကြောက်တယ်
ဂျီဟတ်တွေ လူသတ်သင်တန်းတွေ တက်ထားပေမဲ့ မိသွားရင် သုံးနှစ်ထက် ပိုမကျ
သူတို့ကိုထိသွားရင်တော့ ကဗျာလေးပဲရေးရေး အီးမေးလ်လေးပဲပို့ပို့ နှစ်သုံးဆယ် အနည်းဆုံး
မင်းလည်းအသိဆုံးပါပဲ၊
မင်း ငါတို့ကို နားလည်ပါ၊ ငါတို့ကထွက်ပြေးတတ်တဲ့သူ တောင်းစားတတ်တဲ့သူ သူသူတွေမဟုတ်ဘူး၊
ကချင်ပြည်နယ်က ငါ့သူငယ်ချင်းပြောတာ မင်းနားထောင်ကြည့်စေချင်
ကေအိုင်အေ သတ်တာလည်းခံဘူးတယ် စစ်တပ်ရိုက်တာလည်းခံဘူးတယ်
ကေအိုင်အေကိုလည်း ဆပ်ကြေးပေးဘူးတယ် စစ်တပ်ကိုလည်း ပေါ်တာကြေးပေးဘူးတယ်
ဖါးကန့်မြို့ကြီးလည်း ပျက်စီးနေပါပြီ၊ အင်းတော်ကြီးမှာလည်း အာဆင်းနစ်တွေနဲ့
ဦးလေးလည်း မကယ်နိုင်ပါဘူး အရီးလေးလည်း မသယ်နိုင်ရှာဘူး
သူတို့သမီးလေးတောင် ဟိုဘက်ကို ရောင်းစား အကောင်းစားတွေဟာ သူတို့အတွက်မဟုတ်တော့
ဖြစ်နိုင်ရင် မိုးညှင်းမြို့ကို ကချင်ပြည်နယ်ကနေ ထုတ်ပစ်လိုက်ချင်တယ်
စုတ်ပြတ်သတ်နေတဲ့ ဒုက္ခတွေနဲ့ မဟုတ်မဟတ်တဲ့နေရာ နေနေရလေတော့
ဖြစ်နိုင်ရင် မန်စီမှာ မင်းဆယ်ရက်လောက် လာနေကြည့်စေချင်တယ်
အဲဒါဆို မင်း သူပြောတာကို လက်ခံသွားလိမ့်မယ်၊
ငါတို့ ဘယ်လို နေထိုင်စားသောက်ရတာသိသမို့
လျှပ်စစ်မီး မရရင်လဲနေပါစေ
မြစ်ကြီး ရေမစီးရင်လဲနေပါစေ
ပင်လယ်ရေရောက် ဒယ်လ်တာပျောက်လဲပျောက်ပါစေ
ငါးတွေမျိုးတုန်း ငှက်တွေမျိုးပျောက် စားစရာမလောက် မြေနုကျွန်းတွေမရှိစမ်းပါစေ
မိုးရွာရင် ရေကြီး နေပူရင်ခြောက်ကပ် အပင်တွေပုပြတ်ပြတ် ကမ်းတွေကမာဆတ်
ငလျင်ကြီးလှုပ် အုံးကနဲကျိုးပေါက် ဘေးအသီးသီး ရောက်ပါစေ
အေးအေးဆေးဆေး နေရမယ်ဆိုရင်
ငြိမ်းငြိမ်းချမ်းချမ်း နေရမယ်ဆိုရင်
တစ်ရက်လောက် အေးအေးငြိမ်းငြိမ်းလေး နေရမယ်ဆိုရင်
ဧရာဝတီကို စတေးပစ်လိုက်ချင်တယ်။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းသူတို့ကို အပြစ်မပြောပါနဲ့။

သင်ခန်းစာ (နိဂုံး)


ဧရာဝတီထိမှ နာတတ်ကြလိုက်တာလို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
မဟာတရုတ် ဆန့်ကျင်ရေးခွင်ထဲ လမ်းလွဲ ဝင်သွားနိုင်တယ်လို့ မင်းပြောချင်ရင် ပြောလို့ရပါတယ်
ဒါပေမဲ့ မင်းနဲ့မဆိုင်ဘူး ငါနဲ့မဆိုင်ဘူး မပြောပါနဲ့အဆွေ
ညီညွတ်မှုကို ငါတို့ ဧရာဝတီက စရမှာပဲလေ
အေးလေ မင်းဘာမှမပြောနဲ့ဆိုလို့
ငါဘာမျှမပြောတော့ပါဘူး၊

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ ဧရာဝတီကိုတော့ စတေးမပစ်လိုက်ပါနဲ့

ငါ ကိုလိုရာဒိုကို ဖက်တွယ်ထားရပေမဲ့ ငါစိတ်က အမြဲ ဧရာဝတီမှာဆိုတာ
မင်းသိစေချင်တယ်။

sosegado


ဧရာဝတီ အကြောင်းပြောကြရင်း ဒေါသသကြီးနဲ့ မင်းတို့ဘာမှပြောစရာမလိုဘူး၊ ပြောချင်ရင် ဒီမှာလာပြောလို့ စိတ်ဆိုးသွားတဲ့ ကချင်ပြည်နယ်က ကျောင်းနေဖက် သူငယ်ချင်းသို့ အမှတ်တရ။





မရွှေစင်၏ တက်ဂ်ပို့စ်

31 comments:

SHWE ZIN U said...

ကိုဆိုစီ ရေ

သိပ်ကောင်းတဲ့ ကဗျာ လေး ကို အမျိုးသားအရေး အတွက် အားလုံးအတူတူ ဖတ်ခွင့် ရတဲ့ အတွက် ကျေးကျေးပါနော်

ခင်မင်လေးစားစွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ် ကိုစိုးစီရေ၊၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းပါတယ် ဗျာ ...

ဇော်သိင်္ခ said...

မြစ်ဆုံ စီမံကိန်းကို ကန့်ကွက်ပါတယ်ဗျာ... ဧရာဝတီဆိုရင် လူတိုင်းသိတာမို့ ဧရာဝတီကိုလည်း ကာကွယ်ဖို့ လူတိုင်းမှာ တာဝန် ရှိပါတယ်။...

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

သဒ္ဓါလှိုင်း said...

ကိုဆိုဆီ
သင်ခန်းစာလေးတွေကို ဖတ်ရတာ နင့်နင့်နဲနဲဖြစ်ရပါတယ်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အားလုံးအတူတူ ကာကွယ်ကြတာပေါ့။
ခင်မင်လျက်
သဒ္ဓါ

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။

ညီရဲ said...

တကယ်တော့ မြန်မာနိုင်ငံက ပေါက်ဖော်တွေနဲ့ ယန်းကီးတွေကြား ကြားညပ်နေရတာပါ...

မြစ်ပေါ်ဆည်ဆောက်တာ မဆန်းပေမယ့် အတိုင်းအတာလေးတော့ ရှိတာပေါ့ အစ်ကိုရာ...
ခုက လိုတာထက်ပိုလုပ်နေတယ်ထင်လို့ ကန့် ကွက်ရတာပါ။

ချယ်ရိမြေ said...

မြစ်ဆုံရေကာတာစီမံကိန်းအား လုံးဝလုံးဝ ကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

blackroze said...

ကိုဆိုစီနဲ့တပ်တူတပ်မျှပါဘဲ..

“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

ချော(အစိမ်းရောင်လွင်ပြင်) said...

ကချင်ပြည်နယ်ဟာ သယံဇာတပေါကြွယ်ဝသလို၊ တောတောင်တွေနဲ့ အေးချမ်းသာယာလှတဲ့ နေရာတစ်ခုပါ။
အခုတော့ အဲဒီသယံဇာတတွေကြောင့်ဘဲ ကချင်ပြည်နယ်ကြီးလည်း ပျက်စီးကုန်ပြီ။ ကျောက်ရှာသူ၊ ရွှေရှာသူ၊ သစ်ရှာသူတွေနဲ့ တောလည်းကုန် ၊ တောင်လည်းကုန်၊ အားလုံးကုန်ပြီ။
အခုတော့ လျှပ်စစ်မီး လာရှာကြပြန်တော့ မြစ်ဆုံလည်းကုန်ပြီး ဧရာဝတီပါ ကုန်အောင်လုပ်နေပြီ။
တကယ်ကို ဆိုးညစ်တဲ့လူတွေ

ကိုရင် said...

"ဧရာဝတီအတွက် မင်းတို့ဘာမှ ပြောစရာမလိုဘူး"
အလှကြောင့် ဘ၀ပျက်ရမဲ့အထဲမှာ ဧရာဝတီမပါဘူး..
သူ့အလှက တစ်သက်လုံး ငြိမ်းအေးနေမဲ့ အလှမျိုး..
သူတည်တံ့ပါစေ..

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

လင်္ကာ said...

ကဗျာကောင်းတယ်ဗျာ
လင့်ပါရစေ

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါတယ်

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အင်ကြင်းသန့် said...

ကိုယ်သာ ကချင်ပြည်နယ်မှာမွေး၊ ကချင်ပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ ကချင်လူမျိုးတစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် အခုလိုအချိန်မှာ ဘယ်လိုတွေခံစားနေရမလဲဆိုတာကို တွေးနေမိတယ်.....

seesein said...

ကိုဆိုစိ
အရမ်းကောင်းတဲ့ကဗျာတပုဒ်ကို ဖတ်ခွင့်ရလို့ အထူး ကျေးဇူးတင်ပါတယ်

မြစ်ဆုံဆည်ရေကာတာ တည်ဆောက်မှုကို ကန့်ကွက်ပါတယ်....ဧရာဝတီမြစ် သားစဉ် မြေးဆက် ထာဝရ စီးဆင်းပါစေ

ခင်မင်တဲ့
seesein

မေသိမ့်သိမ့် ကျော် said...

ဒေါသလည်း ပါ မာန်လည်းပါတဲ့ ကဗျာလေးကို လာဖတ်သွားပါတယ်။ ဧရာဝတီနဘေးမှာ နှစ်အနည်းငယ် နေခဲ့ဖူးတဲ့သူတောင် ဧရာဝတီကို ချစ်တာ ၊ အမြဲနေခဲ့တဲ့ သူတွေဆို ဘယ်လောက်ချစ်မလဲ တွေးမိတယ်။ အင်းးး ကိုယ့်အတွက် ကိုယ်ကြည့်ရင်း သူများကို ချနင်းမိသွားတတ်တာတွေလည်း အများသား။

Anonymous said...

အိမ်မက်ဆိုးတွေမက်တယ်
္န----်ဖိနပ်သံတွေကြားတယ်
သွားနေကြလမ်းကိုတောင် ခွင့်တောင်းပြီးသွားရမယ်။

မိုးယံ said...

ကုလားတွေက ကြားဖြတ်လို့ ဝင်ရင်ဝင်၊ ယပလက် ကတစ်မျိုး အမျိုးမျိုး ချိုးနေတော့
လုံးပါးလည်းပါးခဲ့ပါပြီ၊ ဒီကြားထဲ ဘန်ဂါလီတွေကတစ်မှောင့်၊
ငါတို့ကလည်း အချင်းချင်းက မရင်းနှီးအောင် နေကြလေတော့
မိုးချုပ်ရင်မီးငြိမ်းရတဲ့အဖြစ်တွေပါ။
ဒီအတွက် ကျေးဇူးပြုပြီးတော့ မင်းတို့ဝင်မနှောက်ပါနဲ့။

ဒီမှာက အယ်ကေဒါး မကြောက်ဖုး သူတို့ကိုထိမှာပဲ ကြောက်တယ်
ဂျီဟတ်တွေ လူသတ်သင်တန်းတွေ တက်ထားပေမဲ့ မိသွားရင် သုံးနှစ်ထက် ပိုမကျ
သူတို့ကိုထိသွားရင်တော့ ကဗျာလေးပဲရေးရေး အီးမေးလ်လေးပဲပို့ပို့ နှစ်သုံးဆယ် အနည်းဆုံး
မင်းလည်းအသိဆုံးပါပဲ၊


အဲဒါတွေ သဘောကျတာ။

Anonymous said...

်ပြောချင်ရင် ဒီမှာလာပြောလို့ စိတ်ဆိုးသွားတဲ့ ကချင်ပြည်နယ်က သူငယ်ချင်းရေ.....အခွန်မဆောင်နိုင်လို့ ဆွေမျိုးရင်းတွေ သေတာတောင် မပြန်နိုင်တဲ့ ဘ၀မှာ ဝေးဝေးကပဲ အော်ပေးမယ်နော်........

မြတ်မွန် said...

ဧရာဝတီ ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်းရတော့မယ် ကိုဆိုဆီရေ..။

လသာည said...

ဧရာဝတီအတွက် မင်းတို့ ဘာမှ ပြောစရာမလိုဘူး ဆိုတဲ့ ပိုစ်.. အခုပိုစ်.. ..

အဓိပ္ပါယ်အတိမ်အနက်များစွာမို့ သေသေချာချာ ဖတ်မိပါတယ်။ အတွေးများစွာလည်း ရသွားပါတယ်။

ဒါကြောင့် ကျေးဇူးအများကြီး တင်ပါတယ်လို့..

ahphyulay said...

အင်း...
ဖတ်ရတာ ဟန်ချက်ညီညီနဲ့  အရှိန်တက်
တယ်ဗျာ..။ အမှန်ကတော့  ကျွန်တော်တို့ က
အသံပဲ တတ်နိုင်တာပါပဲ။ သူတို့ က လက်ဦး
မှုကို ရယူထားပြီးသားဆိုတော့  စေလိုရာ
စေ နေတော့ တာပဲ။ ကန့် ကွက်နေတဲ့ 
စာတွေ လိုက်ဖတ်နေရင်း ဒေါသတွေ ထွက်လာ
ရာကနေ ဝမ်းနည်းလာသလိုပဲဗျာ..။
အသားထဲက လောက်ထွက်နေတဲ့ ကောင်
တွေလောက် ကျွန်တော်တို့ ကုသိုလ်
မကောင်းခဲ့ ဘူးနော်..။ စိတ်လျှော့ တာမဟုတ်
“ ရှုံး ” ပြီနဲ့  တယ်ဗျာ..။

မြစ်ကျိုးအင်း said...

စိတ်တူကိုယ်တူ ထပ်တူထပ်မျှ ပါပဲ။ ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

ကိုဇော် said...

မအားလို့ မရေးလိုက်နိုင်ပေမဲ့ အခုလို ရေးထားတာတွေကို မြင်မိတော့ အားရ အားကျပါတယ်ဗျာ။

မြစ်ဆုံ စီမံကိန်းကို ကန့်ကွက် ရှုတ်ချပါ၏။

ဖိုးကြယ် said...

အစပ်အဟပ် အထေ့အစောင်း ကိုးမောင့်လှည့်ဟစ်နိုင်တယ်... မပြောမပြီး မတီးမမည် ကဲ..ကိုဆိုစီရေ... ခွေးအတွေကို နောင်တရအောင်ပြောဖို့ မလွယ်တာတော့အမှန်ပဲ... :)

ခင်တဲ့(ဖိုးကြယ်)

မဒမ်ကိုး said...

ဟာ ကိုဆုံဆီရယ် တကယ် တကယ်ကိုလေးစားပါတယ်
အိမ်ကကွန်ကျနေလို့ ခုမှဝင်ဖတ်ရတာပါ ..
တကယ်ကိုအားပေးထောက်ခံနှစ်လိုအားရသွားပါကြောင်း အကိုဆုံဆီမြေပဲဆီနှမ်းဆီရေ ..း)

ခင်တဲ့

မဒိုးကန်

မြသွေးနီ said...

ကိုဆိုစီရေ...
စကားလုံးတိုင်း စကားလုံးတိုင်း...
စာကြောင်းတိုင်း...စာကြောင်းတိုင်း..
နှစ်သက်သဘောကျမိတယ်။ သွေးတွေတောင် ပူနွေးလာသလိုပဲ...။

ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ တည်ငြိမ်အေး-
ဂျစ်တူးလည်း အပြည့်အဝ ကန့် ကွက်ပါတယ်ခင်ဗျာ-

noblemoe said...

ကို sose ကြီးရေ အရမ်းလည်းကောင်းတယ် ရေးထားတာလည်းအားကျမိပါတယ်။

"သူများပြောတာကိုလည်း လေးစားပါ ကိုယ်ပြောတာကိုလည်း အလေးထားပါ"


"ဒါပေမဲ့ မင်းနဲ့မဆိုင်ဘူး ငါနဲ့မဆိုင်ဘူး မပြောပါနဲ့အဆွေ"

တကယ်အဖိုးတန်တဲ့ စကားလေးတွေပါ။ ကိုယ့်ခံစားချက်တွေ ကိုဒီစာသားလေးတွေ ကဖော်ပြပေးသလိုပါပဲ ....


ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်းးး
မိုး

ZOX said...

ဖတ်လိုက်ရတာ တော်တော်ကို ထိပါတယ်။ အခုအချိန်မှာတော့ ကျေနပ်စရာတွေ ဖြစ်သွားပါပြီ။ လာလည်ပါဦး အသစ်ဆီကို။

http://zoxagain.wordpress.com