Sunday, November 21, 2010

လူသစ်



(၁)

သောမာတိုဘာဂျီဂို တစ်ယောက် အလုပ်ခန်းသို့ စဝင်ပြီး ဆက်သွယ်ရေးနှင့်အချက်ပြစက်များ အခြေအနေကို ခဏမျှစောင့်ကြည့်လိုက်သည်၊ အားလုံးပုံမှန် အနေအထားတွင်ရှိသဖြင့် သူလေ့လာကျမ်းပြုနေသော ပြောင်းလဲလာသော လူဘဝနှင့် အကျင့်သိက္ခာများ အကြောင်း အဆုံးသပ်ချက်များကို ပြန်လည်စမ်းစစ်ရန် သူ၏ ဇီဇီးရိုးမှတ်စုစာအုပ်လေးကို ဖွင့်လိုက်သည်၊ ပထမဦးစွာ အနယ်နယ်အရပ်ရပ်မှ အကြံပေးသုံးသပ်ချက်များပေါ်လာသည်၊ တကယ်တော့ ဇီဇီးရိုးမှတ်စုစာအုပ်လေးသည် နောက်ဆုံးပေါ်နည်းပညာတွေ သုံးထားသည်၊ အီးဇီဆက်သွယ်မှုကွန်ယက်နှင့်၎င်း သူ၏ဦးနှောက်လှိုင်းများနှင့်၎င်း ဆက်သွယ်ထားသည်၊ သူ၏စိတ်တွင်ပေါ်လာသမျှ စိတ်ကမှတ်မိသမျှကို သိမ်းထားနိုင်သည်၊ လိုအပ်လျှင် အချက်အလက်များကို တခြားသူများထံမှလည်း ဆက်သွယ်တောင်းဆိုနိုင်သည် ဖလှယ်နိုင်သည်၊ အင်နာဂျီ မလိုပဲသုံးနိုင်သော ကရိယာတစ်ခုဖြစ်သည်။

သူ၏ကျမ်းပြုစုချက်သည် နှစ်ပေါင်း ၄၀၀ ကျော်က သူ့အမျိုးဆက်နှင့် ယခု သူနေထိုင်ရာ မီလမာတိုင်း ဘုံအိမ်စုမှ မိုင်တစ်ရာလောက်ဝေးသည့် ရောမမြို့ဟောင်းတို့နှင့် ပတ်သက်နေ၍လည်း အီးဇီဆက်သွယ်မှုကွန်ယက်တွင် လူစိတ်ဝင်စားဖွယ်ဖြစ်နေသည်။

တကယ်တော့ ဘာဂျီဂိုသည် ခပ်ညံ့ညံ့ဖြစ်၍လည်း ဒီ မီလမာတိုင်း သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး တာဝန်ခံ အလုပ်ကိုလုပ်နေရခြင်းဖြစ်သည်၊ သီလနှင့်ဉာဏ်ပညာပိုင်းတွင် အနည်းငယ်အားနည်းမှု ရှိခဲ့ခြင်းကြောင့်ဖြစ်သည်၊ အဲဒီ့ အနည်းငယ်အားနည်းမှုက သူကို လက်ရှိအဆင့်ကို ရောက်ခဲ့စေခြင်းဖြစ်သည်။

သူ၏ကျမ်းပြုစုချက်နှင့် ပတ်သက်၍ဆက်သွယ်နေသူများထဲတွင် မင်္ဂတိုင်းမှ ကိုဘအေးနှင့် သူ အတိုင်အဖေါက်ညီသည်၊ ကိုဘအေးသည်လည်း သူ့လိုပဲ မင်္ဂတိုင်း၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး တာဝန်ခံ တစ်ယောက်ဖြစ်သည်၊ သီလနှင့်ဉာဏ်ပညာပိုင်းတွင် အနည်းငယ်အားနည်းမှု ရှိသူတစ်ယောက်လည်းဖြစ်သည်၊ ကိုဘအေးကလည်း ယနေ့ကမ္ဘာပေါ်တွင် လူတိုင်းနီးပါး လိုက်နာလေ့ကျင့်လိုက်စားနေသော အယူအဆသည် သူ၏အမျိုးဆက်တို့လွန်ခဲ့သောနှစ်ပေါင်း ၄၀၀ ကျော်က အများယုံကြည်ခဲ့ပြီး၊ လွန်ခဲ့သောနှစ် ၂၀၀ ကျော်က ဘာကြောင့်မှေးမှိန်သွားရကြောင်း လေ့လာရန်ကြိုးစားနေသူဖြစ်သည်။

ကိုဘအေးနေထိုင်ရာ မင်္ဂတိုင်းသည် နှစ်ပေါင်း ၄၀၀, ၃၀၀ ကျော်လောက်က မြန်မာပြည်ဟုခေါ်သော အရပ်ဖြစ်သည်၊ ကိုဘအေးနေထိုင်ရာ စေတီအိမ်စုနှင့် မိုင် ၁၀၀ အကွာတွင် ရန်ကုန်မြို့ဟောင်းတည်ရှိခဲ့သည်။

ကိုဘအေးရော ဘာဂျီဂိုပါ လာမည့် နောက်နှစ် ခရစ်နှစ် ၂၅၀၀ ပြည့်နှစ်တွင် သူတို့ကျမ်းများကို ပြီးစီးနိုင်မည်ဟု ယုံကြည်ထားကြသည်။


(၂)

အချိန်ကား ခရစ်နှစ် ၂၄၉၉ ခုဖြစ်သည်၊ ပြောင်းလဲနေသော ကမ္ဘာကြီးနှင့်အတူ လူတို့သည်လည်းပြောင်းလဲခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်က ကမ္ဘာပေါ်တွင် လောင်စာစွမ်းအင်အတွက် အဓိကသုံးသော ရေနံ ရှားပါးကုန်ခန်းခဲ့သည်၊ အစားထိုးလောင်စာများကိုအသုံးပြုရင်း ကမ္ဘာကြီး၏ သဘာဝပတ်ဝန်းကျင်များ ပျက်သုန်းခဲ့သည်၊ ရှင်သန်ရေးကို အကြောင်းပြုပြီး လူသားအချင်းချင်း ရန်ပွဲများ စစ်ပွဲများ နေ့စဉ်နဲ့အမျှဖြစ်ပွားခဲ့သည်၊ ကမ္ဘာကြီးသည် တဖြေးဖြေးပူနွေးသထက်ပူနွေးလာပြီး နောက်ဆုံး ကမ္ဘာကြီး၏မျှခြေပါပျက်ရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ကမ္ဘာကြီး၏ပျမ်းမျှ နေ့အပူချိန်သည် ၅၀ ဒီဂရီ စင်တီဂရိတ်သို့ရောက်ခဲ့သည်၊ ပူနွေးမှုတက်နှုန်းကတော့ နှေးလာခဲ့သည်၊ မျှခြေမှာမရှိတော့သည်အတွက် အရင်တုန်းက သီအိုရီများ တွက်ချက်နည်းများ အားလုံးမှားယွင်းသွားခဲ့သည်၊ လူတို့သည် ရှင်သန်ရေးအတွက် နည်းပညာအသစ်များကို တီထွင်ကြံဆလာကြသည်။

ယနေ့ကမ္ဘာကြီးတွင် ရာသီဥတုဟူ၍ မိုးရွာခြင်းနဲ့ နေပူခြင်းသာရှိတော့သည်၊ နေ့နှင့်ည အပူချိန်ကွာခြားချက်သည် ၄၀ ဒီဂရီ စင်တီဂရိတ်ရှိသည်၊ ပင်လယ်သမုဒ္ဒရာသည် ပိုကျယ်ပြန့်လာပြီး ပိုဖေါက်ပြန်မှုများဖြစ်ခဲ့သည်၊ လူတို့သည် ပင်လယ်သမုဒ္ဒရာကို ရှောင်ရှားလာသည်၊ ပင်လယ်သွားလာမှု ပင်လယ်ကမ်းခြေနားနေထိုင်မှုများ လုံးဝမရှိတော့၊ မြစ်ချောင်းအင်းအိုင်ဟူ၍ အတည်တကျ မရှိတော့ မိုးရွာလျှင် ရေလျှံကာ ဖြစ်သလိုစီးစင်းကြသည်၊ မီးတောင်မျိုးစုံကလည်း နေ့စဉ်ဆက်တိုက်ပေါက်ကွဲကြသည်၊ လေပြင်းမုန်တိုင်းများကလည်း နေ့တိုက်လိုက် ညတိုက်လိုက်နှင့်ဖြစ်သည်၊ ကုန်းတွင်းသွာလာမှုကိုလည်း လူတို့သည် အရေးကြီး မဖြစ်မနေမှသာ သွားလာကြသည်။

ကျွန်းနိုင်ငံများ၊ ကမ်းခြေဒေသများ ကွယ်ပျောက်သွားရသည်၊ ဟိုနှစ်ပေါင်းများစွာက ရွှေမဲခေါ်ရေနံထွက်ရှိရာဒေသတို့သည် ပင်လယ်ရေအောက်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။

ထိုမျှလောက် အပူချိန်မြင့်မားပြီး ဖေါက်ပြန်မှုများကြောင့် တိရိစ္ဆာန် တစ်ချို့ပျောက်သုန်းသွားခြင်း သို့မဟုတ် ပုံစံပြောင်းသွားခြင်းတို့ဖြစ်လာသည်၊ အပင်ဟူ၍ရှားပါးလာပြီး နွယ်ပင်များသာဖြစ်ထွန်းတော့သည်။

ရှင်သန်ရေးအတွက် လူတို့၏ အသွင်ပုံသဏ္ဍန်လည်းပြောင်းလဲခဲ့သည်၊ ရာသီဥတုဒဏ်ကိုခံနိုင်ရန်နှင့် ပထဝီအနေအထားပြောင်းလဲမှု၊ မျှခြေပြောင်းလဲမှုများကြောင့်ဖြစ်သည်၊ ဆံပင်တို့သည်ကောက်ကွေးကာ ကြီးမားလာသည်၊ နားရွက်သည်လည်းကပ်သွားခဲ့သည်၊ နှာခေါင်းသည်ပြားဝင်ကာ နှာခေါင်းဝများကျယ်ပြန့်လာသည်၊ နူတ်ခမ်းများထူထဲလာသည်၊ ကမ္ဘာကြီးပေါ်တွင် လူသားတို့ အသားရောင် သုံးမျိုးသာရှိလာသည်၊ အညို၊ အညိုဖျော့နှင့် အညိုရင့်တို့ဖြစ်သည်၊ အမြဲတမ်းရေဖုံးလွှမ်းနေသော ဝန်းကျင်၊ နေ့ပူလောင် ညအေးစက် ရာသီဥတု များကြောင့်လည်း လူသားတို့ နေထိုင်မှုနှင့် စားသုံးမှုများပြောင်းလဲလာသည်။

ဂျုံဆန်စပါးများ စိုက်ပျိုးလို့မရနိုင်တော့၊ အသစ်ဖြစ်ပေါ်လာသော နွယ်ပင်တစ်မျိုး၏ပင်စည်ကို အဓိကစားရသည်၊ ထိုပင်စည်ထဲတွင် ကာဘိုဟိုက်ဒရိတ် ကဇီဓါတ်တို့ အများဆုံးပါဝင်သည်၊ မိုးရွာအပြီး နေပူချိန်တွင် ပေါက်တတ်သော ရေညှိတစ်မျိုးကိုလည်းစားသုံးလာသည်၊ ထိုရေညှိတွင် ပရိုတိန်းဓါတ်အဓိကပါသည်၊ လူတို့နှင့်အတူ ခွေးတို့သည်လည်း ပုံသဏ္ဍန်ပြောင်းလဲခဲ့သည်၊ လူတို့ကိုအဓိက တိုက်ခိုက်သော သတ္တဝါဖြစ်လာသည်၊ ထိုအတူ ပုံသဏ္ဍန်လည်းပြောင်းလဲလာသော ကြွက်များ၊ ခြင်ကောင်များ နှင့် ပုရွတ်ဆိတ် အချို့သည် လူတွေကို ဒုက္ခအပေးဆုံးဖြစ်သည်၊ ရန်ကိုကာကွယ်ရင်း ဖမ်းဆီးရမိလာသော ခွေးများ၊ ကြွက်များကို လူတို့စားသုံးကြသည်။

လူတို့သည် ဘေးအန္တရာယ်နှင့် သဘာဝဝန်းကျင်ဒဏ်တို့ ခံနိုင်သောနေရာများကိုရွေးကာ စုစည်းနေထိုင်လာသည်၊ အရှေ့ပိုင်းဒေသတွင် စေတီပုံအိမ်များဖြင့်နေထိုင်လာကြသည်၊ ဆက်သွယ်လို့ရသော အိမ်စုများစုပေါင်းကာ တိုင်းနိုင်ငံများဖြစ်လာသည်၊ စေတီပုံအိမ်ဆိုသည်မှာ ခေါင်မိုးပေါ်တွင် စေတီလေးများတည်ထားပြီး အောက်ထဲတွင် လူများအစုလိုက် အစုလိုက်နေထိုင်ခြင်းဖြစ်သည်၊ အနောက်တိုင်းတွင်ကာ အမိုးတွင် အချွန်လေးများစွာ လုပ်ထားတာပဲကွာသည်၊ ဉာဏ် အကျင့်သီလပေါ်မှုတည်ပြီး အလုပ်ခွဲခြားလုပ်ကိုင်ကြသည်။

ကမ္ဘာကြီး၏ ပထဝီအနေအထားပြောင်းလဲဖြစ်ပေါ်မှုသည် လူတို့ကို တစ်နေရာနှင့်တစ်နေရာ သွားလာဆက်သွယ်ရေးကို ခက်ခဲစေခဲ့သည်၊ မိုက်ခရိုဝေ့၊ ရေဒီယိုဝေ့ ဆက်သွယ်မှုများသည် အသုံးမဝင်တော့ပေ၊ ထို့အတွက် သွားလာဆက်သွယ်ရေးနည်းအသစ်များကို တီထွင်ဖန်တည်းလာရသည်။

နှစ်ပေါင်းများစွာက လူနေအများဆုံးတိုင်းပြည်နေရာများမှာ ယခုအခါ နေလို့ထိုင်လို့ မရသောနေရာများဖြစ်လာသည်၊ လူနေထိုင်လို့ရသော တိုင်း တစ်တိုင်း နှစ်တိုင်းလောက်သာရှိသည်၊ ကော့ကေးဆပ်၊ ဆိုက်ဘီးရီးယား၊ ချီလီ၊ ဟင်းမလားရားအရှေ့ပိုင်းများတွင် လူနေများသော တိုင်းနိုင်ငံများ ပေါ်ပေါက်ခဲ့သည်။

ရှင်သန်နေထိုင်ရေးနှင့် သွားလာဆက်သွယ်ရေး အတွက် လူတို့သည် ပါရာဆက်များနှင့် ဆက်ဆံလာရသည်။

(၃)

ပါရာဆက်များသည်လည်း လူသားများဖြစ်သည်၊ ယနေ့အချိန်တွင် ကမ္ဘာပေါ်တွင် လူသားနှစ်မျိုးရှိနေသည်၊ ပါရာဆက်များက ယနေ့လူသားများကို ‘လူသစ်’ (newmen) များဟုခေါ်ကြသည်၊ ‘လူသစ်’ဆိုသော ယနေ့လူသားများသည်၊ ပါရာဆက်များသို ယခင်လူဟောင်းအနွယ်များဟုခေါ်ကြသည်၊ ပါရာဆက်သည် (preserved) မှ ဆင်းသက်လာခြင်းဖြစ်သည်။

ပါရာဆက်များ ကမ္ဘာသို့လာသည့်အခါ ဝတ်စုံ အသုံးအဆောင်များနဲ့လာရသည်၊ လက်ရှိဖြစ်ပေါ်နေသော ရာသီဥတုနှင့် သဘာဝဒဏ်များကို ခံနိုင်ရန်ဖြစ်သည်၊
ပါရာဆက်များ ဘာကြောင့်ရှိနေရသနည်း မေးခွန်းတွေရှိနိုင်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀၀ ကျော်က၊ လူသားတို့သည် တချိန်တွင် ကမ္ဘာကြီးပူပြင်းလာက ပထဝီမြေကြီးလည်းဖေါက်ပြန်လာနိုင်ကြောင်းသိရှိလေ့လာခဲ့ကြသည်၊ လူသားတို့ ဘယ်လိုနည်းနဲ့မှ မရှင်သန်နိုင်ဟုယုံကြည်ကြပြီး၊ လူသားမျိုးနွယ်မပပျောက်ရေးကို စီမံကိန်းများချဆောင်ရွက်ခဲ့သည်၊ ဒဏ်ခံနိုင်ရည်ရှိသော မြေပြင်နှင့် အာကာသစခန်းများတည်ဆောက်ခဲ့ပြီး၊ ထိုစခန်းများတွင် နည်းပညာပေါင်းစုံသိုလှောင်ထားပြီး၊ စဉ်ဆက်မပျက် သုသေတနများပြုလုပ်ခဲ့သည်၊ နှစ်ပေါင်း ၁၀၀ တွင်စီမံကိန်းအောင်မြင်ခဲ့ပြီး၊ ထိုစခန်းများရှိ လူသားများကို အပြင်နဲ့ဆက်သွယ်ထိစပ်မှုလုံးဝပေးမလုပ်ပေ၊ preserved လုပ်ထားခဲ့သည်၊ မျိုးဆက်များကို စခန်းအတွင်းမှာပင်ပေါက်ဖွားစေခဲ့သည်။

ကမ္ဘာကြီးပူပြင်းလာက ပထဝီမြေကြီးစဖေါက်ပြန်ပြီး ယနေ့အထိ ပါရာဆက်တို့ ထင်မြင်သကဲ့သို့ လူသားများ မပျောက်ဆုံးသွားပါ၊ ကမ္ဘာ့လူဦးရေ၏ ရှစ်ပုံတစ်ပုံခန့် ရှင်သန်ကျန်ရစ်ခဲ့သည်၊ ထိုအခါ ပါရာဆက်တို့သည် ယနေ့လူသားများနဲ့ ဆက်သွယ်ခဲ့ကြသည်။

ပါရာဆက်တို့သည် ၎င်းတို့အမြင် ကြမ်းတမ်းရုပ်ဆိုးသော ယနေ့လူသားများကို ‘လူသစ်’ ဟုခေါ်လာကြခြင်းဖြစ်သည်။

ပါရာဆက်တို့နောက်ထပ်သိရှိရသည်မှာ လူသစ်များသည် သူတို့နှင့် အသွင်ပုံသဏ္ဍန်၊ နေထိုင်စားသောက်ပုံ ကွာခြားသည်သာမက၊ ဉာဏ် ပညာနှင့် စိတ်ပိုင်းဆိုင်ရာတို့တွင် သူတို့ထက်များစွာ သာလွန်နေကြောင်းသိလာရသည်၊ ဒီထက်ပိုသည်မှာ လူသစ်များသည် သီလ၊ သမာဓိ ပို၍မြဲနေသူများ ဖြစ်နေကြသောကြောင့်ဖြစ်သည်။

ပထမဦးဆုံးအကြိမ် ပါရာဆက် နှင့် လူသစ်များတွေ့ဆုံပွဲတွင်၊ ပါရာဆက်များလာမည်ကို ကမ္ဘာပေါ်ရှိ တိုင်းအသီးသီးက သိရှိနေခဲ့သည်၊ ဘယ်လိုသိရှိနေကြသနည်း၊ ပါရာဆက်များဆီက သူတို့ဘာလိုချင်ကြောင်းနဲ့ ပါရာဆက်များဘာလိုသနည်းကိုလည်း သိရှိနေကြသည်၊ ယခုလိုခေါင်းဆောင်များကို တွေ့ရ၍ ဝမ်းသာကြောင်းပြောရာ၊ ယနေ့ခေတ်တွင် ခေါင်းဆောင်မရှိတော့ကြောင်း ကိုယ်စားလှယ်များသာဖြစ်ကြောင်း လူသစ်များကပြောကြားခဲ့သည်၊ ပါရာဆက်များက ယုံကြည်မှုနှင့် ဘုရားရှင်များအကြောင်းပြောကြားသောအခါ၊ လူသစ်များက တုန်လှုပ်မှုမပြ၊
ယေရှုကိုသိပါသလား၊ မိုဟာမက်ကိုသိပါသလား၊ သီဝကိုသိပါသလားမေးသောအခါ သိကြသည်ဟုဖြေသည်၊ ထာဝရဘုရားသခင်၊ ဗုဒ္ဓဘုရားတို့ကိုသိပါသလား ဟုထပ်မေးသောအခါ နိူက်နိူက်ချွတ်ချွတ်သိပါသည်ဟုဖြေသည်၊ တည်ငြိမ်စွာနဲ့ပင်

"ငါတို့သည် ကိုယ်တိုင်လက်တွေ့ ကျင့်ကြံသောသူများ" ဖြစ်ကြောင်းဖြေကြားခဲ့သည်၊ ပါရာဆက်များက မည်သည့် အကျင့်များကို ကျင့်ကြံပါသနည်းဟုမေးသောအခါ၊

ငါတို့သည် သစ္စာလေးပါး ကိုသိနိုင်ရန် မှန်ကန်သောအကျင့်ကို ကျင့်ကြံကြပါသည်ဟု ပြန်ဖြေသည်၊
အဘယ်ကြောင့် ကမ္ဘာပေါ်ရှိ လူသစ်အားလုံးသည် တူညီစွာ ထိုအကျင့်ကို ကျင့်ကြံကြပါသနည်း။

ပါရာဆက်များအတွက်မေးခွန်းတွေများလှသည်၊ ကမ္ဘာကြီးကို အပေါ်ယံကပဲစောင့်ကြည့်ရင်း အကုန်သိသည်ထင်နေသော ပါရာဆက်များ အံ့သြမှုများကြုံရသည်။


……………………………..

ဆက်လက်ဖေါ်ပြပါမည်။

စိတ်ကူးစိတ်သန်းတစ်ခုဖြစ်ပါသည်

ပုံကိုဂိမ်းတစ်ခုမှယူပါသည်၊ ပန်းချီညံ့သဖြင့် လူသစ်များပုံကို မဆွဲပြနိုင်ပါ။
လာရောက်လည်ပတ် ဖတ်ကြသော မိတ်ဆွေ သူငယ်ချင်းများအားကျေးဇူးတင်ပါသည်။

23 comments:

ahphyulay said...

လူသစ် တဲ့ လား ..
နောက်မှ ဝင်ဖတ်တော့ မယ်၊
အလုပ်အပြန်လေ....။

M said...

very interesting....
pls continue asap.

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်ဖြစ်မလာဘူးလို့တောင် ပြောလို့ မရတော့ဘူး
ဟိုတုန်းက သိပ္ပံပညာနဲ့ ပတ်သက်တဲ့ ကာတွန်းတွေ ၀တ္ထုတွေကို လူတွေက စိတ်ကူးယဉ်တွေ.. တကယ်မဖြစ်နိုင်ဘူးလို့ ပြောခဲ့ကြပေမဲ့ ခုချိန်မှာအဲဒီအတိုင်း တကယ်ကို ဖြစ်လာတာတွေ ရှိလာတယ်..
သိပ်မကြာခင်ကလည်း နောင်လာမဲ့နှစ်မကြာခင်မှာ ကမ္ဘာ့လူဦးရေ ပေါက်ကွဲမှုဖြစ်ပြီး လူတွေ နေစရာရှားပါးလာလို့ လူတစ်ယောက်ကို ၃ပေစာ အိပ်စရာနေရာလေးတစ်နေရာဘဲ ပေးနိုင်တော့တယ်ဆိုတဲ့ ၀တ္ထုလေးဖတ်လိုက်ရတယ်..
တကယ်များ ဖြစ်လာရင်လို့ စဉ်းစားပြီး စိတ်လေးမိတယ်.. အဲဒါလည်း မဖြစ်လာဘူးလို့မှ ပြောမရတာကို..ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေက များများလာတယ်.. ခု ကိုဆိုဆီ ၀တ္ထုလဲ ဒီလိုဘဲ
ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပူပြင်းလာနေတာ လက်တွေ့ဘဲလေ
ဒီတော့ နောင်လာမဲ့ နှစ်တွေမှာ ဘာတွေ ဖြစ်မလဲ.. ပိုဆိုးဖို့ဘဲ ရှိတော့မှာပေါ့။
စိတ်ဝင်စားဖို့ကောင်းတယ်.. ဆက်ရန်ကို စောင့်နေပါတယ်..

မိုးယံ said...

အိုး ..... ဒဂယ် ပဲ အဲလိုတွေ ဖစ်လာရင် ဒွတ်ခ ပဲ

ဘာပဲဖြစ်ဖြစ် ဆက်ဖေါ်ပြမယ်ဆိုတော့ ဆက်ဖတ်ရမှာပေါ့လေ...

အဟီး ...အရင်အကြွေးတွေတောင် ကုန်အောင် နဖတ်နိုင်တေးဝူးဂျ

ဂျစ်တူး ( မုံရွာ ) said...

အား-----တကယ်ကြီးလား-
တိတိကျကျရေးတာနေမှာပါ။
ဘယ်နှယ်လုပ်ရပါမလဲဗျာ-

ရွှေရတုမှတ်တမ်း said...

ကမ္ဘာကြီးသည်အမြဲတမ်းဖြစ်ချင်သလို ဖြစ်နေတတ်သောသဘောရှိခဲ့ဖူးပါသည်။ တကမ္ဘာလုံးရေခဲဖုံးသောရေခဲခေတ်လဲရှိခဲ့ဖူးပါသည်၊ ဘူမိဗေဒမှတ်တမ်းများအရ သမုဒ္ဒယာအောက်သို့ငုတ်လိုက်ပေါ်လိုက်ကုန်းမြေတွေလဲရှိခဲ့ဖူးပါသည်၊ ကမ္ဘာကြီးကိုသစ်တောတွေဖုံးပြီး သစ်တောတွေ ပင်လယ်အောက်နစ်မြုတ်လို့ ကျောက်မီးသွေးကျောတွေဖြစ်လာရပါသည်။ ဗမာပြည်အလယ်ပိုင်းကတောင်ကုန်းတန်းများသည်လွန်ခဲ့သောနှစ်၂သန်းက ပင်လယ်အောက်မှာရှိနေခဲ့ပါသည်၊ ကမ္ဘာကြီးသူ့ဖာသာပြောင်းချင်သလိုပြောင်းနေသောကိစ္စအတွက် ဘာမျှခေါင်းရှုတ်ခံစဉ်းစားမနေပါ...အရာရာသည်..အနတ္တသာ ဖြစ်ပါသည်။

လသာည said...

စိတ်ကူးစိတ်သန်းပုံပြင်တစ်ခုဆိုပေမယ့် တကယ့်ကို စာဖတ်သူကို စွဲခေါ်သွားနိုင်ပါတယ်။ ကို sosegado .. အခုလို အချိတ်အဆက်မိမိ ရေးနိုင်တာ တကယ်ချီးကျူးမိပါတယ်။

အခုလို သိပ္ပံဆန်ဆန်အကြောင်းအရာရုပ်ရှင်တွေဆို တအားစိတ်ဝင်စားပါတယ်။ ပိုစ်အဆက်ကို စောင့်မျှော်နေပါတယ်။

SHWE ZIN U said...

အမယ်လေး ဗျာ

ခေါင်းကိုမူးသွားတာဘဲ လူဟောင်းလေး လာဖတ်သွားတယ်ဗျို့ ဆက်လည်း ဖတ်ပါ့မယ် လို့ မရဲတရဲ လေး ဂတိပေးသွားပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ယင်စားဖို့ကောင်းတယ်.... အိမ်ရောက်မှ အမျိုးသားကို ပေးဖတ်လိုက်ဦးမယ်... သူက ဒါမျိုးတွေကို ပူးတေထက် ပိုစိတ်ယင်စားတယ်... ဒါမျိုးတွေ တနေ့ကျ ဖြစ်မလာဘူးလို့ မပြောနိုင်ဘူးချည်း ပြောနေတာ...

ပို့စ်အဆက်ကို မျှော်နေပါတယ်....

:)

NEWMAN sorry
newwoman
:P

မောင်မိုး said...

ရှေ့မျှော်အတည်ဖြစ်လာနိုင်တဲ့ ၀တ္တုတွေဆိုရင် စိတ်ဝင်တစားဖတ်ဖြစ်တယ်။ အခုဟာကို စဖတ်တုန်းက ဟာသလုပ်မယ်ထင်ထားတာ။ နောက်ပိုင်းတွေကို စောင့်ဖတ်နေမယ်ဗျာ။

nyan gyi said...

စိတ်ဝင်စားမိတယ်၊ ကမ္ဘာသစ်မဟုတ်ပဲ လူသစ်ဆိုတော့၊
နောက်နှစ်ပိုင်း၂၀၀ မှာအဲဒီလောက်ပူရင် နောင် ဆယ်နှစ် ဘယ်လောက်ပူမယ်မသိဘူး၊
အပူမကြိုက်သူ၊

ahphyulay said...

အင်း ..
ဖြစ်လာနိုင်ပါတယ်ဗျာ..၊ ဒါမျိုးတွေ..၊
သစ္စာလေးပါး ကိုရှာဖွေ တယ်ဆိုတာတော့ အကြိုက်ဆုံးပဲ။
ရေးတာတွေးခေါ်တာ မြင့်ပါတယ်။
ကျွန်တော်လည်း ဒါမျိုးလေးတွေ ရေးနိုင်ဘို့ 
ကြိုးစားကြည့်မယ်လေ..။

blackcoffee said...

အား... ဖတ်ရင်းနဲ့ တဖြည်းဖြည်းကြောက်တောင်လာတယ်။လူတွေ တော်တော်ရုပ်ဆိုးလာတော့မှာပါလားးးးးးးးးးးး

မြစ်ကျိုးအင်း said...

အချိတ်အဆက်မိမိရေးနိင်လို့ ဇာတ်လမ်းကို
သဘောကျတယ်ဗျာ။အပျော်ဖတ်တွေ ကိုယ်ရေးကိုယ်တာတွေကြားမှာ တကူးတက စဉ်းစားပြီး ရေးလို့ အားပေးပါတယ်။
စောင့်ဖတ်ပါ့မယ်။

ကိုဇော် said...

စိတ်ဝင်စားတယ်ဗျို့။
ဒီလိုလေးတွေ ကြိုက်တယ်။ ဘာပဲ ပြောပြော ဖြစ်ဖြစ် မဖြစ်ဖြစ်ပေါ့. . . သိပ္ပံဇာတ်လမ်းလေးတွေကို သဘောကျမိတယ်။ ဆက်ပါဦး။

Anonymous said...

လူအသစ်ဖြစ်သွားမယ်လို့ မတွေးခဲ့ဖူးဘူး၊ ကွယ်ပျောက်သွားမယ်ပဲထင်ခဲ့တာ၊
ဒီအပတ်ဆက်ပါလို့၊
Min Min

Anonymous said...

ကိုယ်ကိုကိုယ် မှန်ထဲကြည့်ပြီးတော့
ငါဆံပင်တွေကောက်ပြီးတုတ်တုတ်ကြီးဖြစ်လာရင်၊ နားရွက်တွေကပ်သွားရင်
နှခေါင်းကြီးပုဝင်သွားပြီး အဝတွေကျယ်သွားရင်
အင်း တော်သေးတာပေါ့ မျက်လုံးမပြောင်းလို့
အသားတော့ အညှိဖျော့လေးပဲကြိုက်တယ်၊
ကျမရဲ့လူသစ်ပုံ။

အမည်မဖေါ်လိုသူ

အိမ့်ချမ်းမြေ့ said...

စိတ်ဝင်တစားဖတ်သွားပါတယ်။
ဆက်ရန်ကိုလည်း မျှော်နေပါတယ်။

Anonymous said...

စိတ်ကူးထားတာဆိုတော့၊ ဘာမှမပြောတော့ပါဘူး၊
ဖတ်လို့ကောင်းပါ၏၊
ယမင်း

အုပ်ကြီး said...

လိုက်မမှီဘူးဗျာ ...
လူဟောင်းတွေဆိုတောာာ့ :D

ပေါ့ဆိမ့် said...

ဖန်တီးထားတဲ့ စိတ်ကူးအဆန်းလေးကိုတော့ သဘောကျတယ်ဗျာ။ အဆက်ကို လာဖတ်အောင်ဖတ်မယ်ဗျာ ...

နေသွေး(ဘရာဗို) said...

တကယ် ဖြစ်လာမလား ပဲး)

Anonymous said...

စိတ်ကူး...အတွေး..အရေး...သဘောတရားတွေ
မိပါ၏။ စိတ်ဝင်စားစရာ ကောင်းပါ၏။ ခုမှပဲ (၁)
နဲ့ (၂) သေချာပေါင်းမိတော့တယ်ရှင်။ :)
တွေးလဲတွေးတတ်ပါပေတယ်။
..လေးစားအားကျလျှက်..ခင်မာလာအောင်..:)