Friday, October 22, 2010

ပီကာဆို နှင့် ပုံမှန်မဟုတ်သူများကို ခံစားကြည့်ခြင်း



Art ကို မြန်မာလို အနုပညာလို့ ဆိုကြပါသည်၊ ဘေးကတစ်ယောက်ကငြင်းပါသည်၊ dictionary ထဲမှာ မဟုတ်ဘူးတဲ့၊ မဟုတ်ရင်ဘာလဲဆိုပြီးတော့၊ ကျနော်တို့မှာရှိတဲ့ တစ်အုပ်တည်းသော dictionary, မော်ဒန် အင်္ဂလိပ် မြန်မာ အဘိဓာန်ကို လှန်ကြည့်ကြမိသည်၊ ဘေးကတစ်ယောက် ပြောတာမှန်နေသည်၊ အဘိဓာန်ထဲတွင် art ကို လက်တွေ့ကျွမ်းကျင်မှု၊ စဉ်းလဲကောက်ကျစ်ခြင်း၊ လက်စွမ်းလက်စ၊ ဝိဇ္ဇာပညာဟုဆိုထားသည်၊ ကျနော်ကလည်း အလျှော့မပေး ဆက်ရှာသည်၊ artist ကို အနုပညာရှင်လို့ ဆိုသည်၊ art ကနေ artist ဖြစ်လာတာ ဆိုပြီး သူ့ကိုစောဒကတက်သည်၊ သူကတော့ ဒီမှာကြည့် art ကို မြန်မာလို အနုပညာလို့မပါဘူး၊ လက်တွေ့အရသူမှန်နေသည်၊ နောက်ဆုံး online ထဲက windows Myanmar translator ကိုဝင်ပြီး art ကိုရိုက်ထည့်လိုက်တော့ အနုပညာ ဆိုပြီးထွက်လာသည်၊ ဘေးကတစ်ယောက်က ဆက်မငြင်းတော့ အဘိဓာန်၏ အားနည်းချက်လို့ သဘောတူ သတ်မှတ်လိုက်ကြသည်၊ ချစ်သူမို့ အလျှော့ပေးလိုက်သည်လားတော့မသိ။
အနုပညာသည် အမျိုးမျိုးရှိသည်ဆို၏ အက၊ အဆို၊ အရေး၊ အပြော၊ အပြ စသဖြင့်ရှိမည်၊

အနုပညာကို ခံစားဘူးသလားမေးရင် အားလုံးနီးပါး ခံစားဘူးတာပေါ့လို့ ဖြေကြပါလိမ့်မည်၊

အကကောင်းလိုက်တာ အချိုးကိုပြေလို့၊ သီချင်းထဲမှာနစ်မျောသွားတာပဲ၊ ပြကွက်တွေသရုပ်ပါတော့ ငိုတောင်ငိုရတယ်၊ ကဗျာရွတ်သွားလိုက်တာ နားထောင်ပြီး ကြက်သီးတောင်ထတယ်၊ ဆွဲထားတာကြည့်ဦး အရောင်တွေက လှမှလှ စွဲလို့ကျန်ရစ်တယ် စသဖြင့် ခံစားပြီး ပြောကြပါလိမ့်မည်။

အနုပညာရှင်တွေကဘာလဲလို့မေးရင် ဖန်တီးရှင်တွေလို့ အများကဖြေကြပါလိမ့်မည်၊ လီယိုတော်စတွိုင်းကပြောသည် အနုပညာရှင်တွေဟာ ပုံမှန်မဟုတ်သူတွေ၊ ပုံမှန်မဟုတ်လို့လည်း အဆိုကောင်းတယ် သရုပ်ဆောင်ကောင်းတယ် အရေးကောင်းတယ် အတီးကောင်းတယ် ဆိုပြီး သာမန်တွေနဲ့ ခွဲထွက်လာခြင်းဖြစ်သည်။

ဒီမှာလည်း ပုံမှန်မဟုတ် နှင့် သာမန်မဟုတ်ကို ကျနော်တို့ အငြင်းပွားကြသည်၊ windows Myanmar translator ကိုဝင်ပြီး abnormal ကိုရိုက်ထည့်လိုက်တော့ ပုံမှန်မဟုတ်ဟု ဆိုပြီးထွက်လာသည်၊ အဘိဓာန်၏ အားနည်းချက်လို့ပဲ သတ်မှတ်လိုက်ပါသည်။

နောက်ဆုံး ဒေါက်တာလူစီယားက အနုပညာရှင်တို့၏ ဦးနှောက်သည် သူများထက်အခန်းပိုတွေပိုပါသည်၊ အနုပညာ ဖန်တီးမှုအတွက်ဖြစ်သည်ဟုဆိုသည်၊ အခန်းပိုမပါသူတွေကတော့ ဘယ်လောက်ပဲကြိုးစား ကြိုးစား အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်မလာနိုင်ဟုဆိုသည်။

ထိုအတူ အနုပညာကို ခံစားဘို့အတွက် ဦးနှောက်ထဲတွင် သူ့အခန်းနဲ့သူရှိသည်ဟုဆိုသည်၊ ထိုသို့မဟုတ်ပါက ဘာမျှမခံစားရပေ ကမ္ဘာကျော်တယောဆရာ တယောထိုးပြနေသည်ကို ဒီကောင် တကျွီကျွီနဲ့ ဘာတွေတီးနေတာလည်းလို့ပြောလိမ့်မည်၊ မိုက်ကယ်ဂျက်ဆင်ကနေတာကို ဒီကောင်မျောက်လိုခုန်နေတယ်လို့ ဆိုကြပါလိမ့်မည်၊ ကဗျာတွေရေးထားတာကို ပေါက်တတ်ကရတွေ ရေးထားတာလို့ ပြောပါလိမ့်မည်။

ဒေါက်တာလူစီယား၏ အဆိုကို ကျနော်ဟာကျနော် ပြန်သုံးသပ်ကြည့်သည်၊ အနုပညာကို ငါတကယ် ခံစားတတ်ပါသလား?

ခံစားတတ်တာပေါ့၊ ရုပ်ရှင်ဆိုလည်းကြည့် အငြိမ့်ဆိုလည်းကြည့်၊ သီချင်းတွေဘာခံစားသလဲမမေးနဲ့ ကိုယ်မသိတဲ့ဘာသာနဲ့ ဆိုထားတဲ့ သီချင်းတွေတောင် နားထောင်လိုက်သေးသည်၊ စာပေဟောပြောပွဲ ကဗျာရွတ်ပွဲတွေလည်း နားထောင်ဖြစ်သည်၊ ကြိုက်သည် ခံစားရသည်။

ကျနော်မှာရှိသည့် မသေချာတာ တစ်ခုကတော့ ပန်းချီ ပန်းပုကိုခံစားကြည့်ခြင်းဖြစ်သည်၊ လက်ရာမြောက်လိုက်တာ၊ အရောင်တွေကစို လှလိုက်တာ ဒီလောက်ပဲဖြစ်သည်၊ သီချင်းတို့ ပြဇာတ်ရုပ်ရှင်တို့လို အထဲထိ ဝင်ရောက်မခံစားရ၊ ဒီမှာဘက်တွင် ကျနော် အခန်းလိုနေလိမ့်မည်၊
Emotion နှင့် Feeling ရောထွေးနေခြင်းဖြစ်မည်၊ ပန်းချီ ပန်းပုကိုခံစားတတ်သည် အခန်းမပါ၍၎င်း နည်းနေ၍၎င်း ဦးနှောက်က judge မလုပ်နိုင်တာလည်းဖြစ်နိုင်သည်။
ဒါပေမဲ့ ပန်းချီကားတစ်ချို့ကိုတော့ လှလို့ဝယ်ခဲ့ဘူးသည်၊ ဦးပိန်တံတားပေါ်မှ နှစ်ကား၊ ဘာလီနှင့် ပီကင်း ရောက်တုန်းက အမှတ်တရ တစ်ကားစီဝယ်ဖြစ်ခဲ့သည်၊

အဲဒီလို ပန်းချီ ပန်းပုကိုမခံစားတတ်သူတစ်ယောက်သည် ပီကာဆို ပန်းချီပြပွဲကို ရောက်ခဲ့သည်။

ပြောင်မြောက်တဲ့ အနုပညာရှင်တစ်ယောက်ဟာ အခန်းပိုတွေများသည် အတွက် ဖန်တီးနိုင်မူစွမ်းအား ပိုကောင်းသည်ဟုဆိုသည်၊ သာမန်ထက်ကျော်လွန်ခဲ့လျှင်မူ မျှခြေမှာမရှိပဲ အစွန်းရောက်သွာကြသည်ဟု ဒေါက်တာလူစီယားက ဆိုလိုက်ပြန်သည်၊ ထိုအထဲတွင် ပီကာဆိုလည်းပါဝင်သည်၊ အပြာခေတ် နှင်းဆီခေတ် အာဖရိကန်ခေတ် ဆိုပြီး အရောင်တွေမှ အစပြုကာ ကျူပဇင်း Cubism အပါအဝင် အသစ်သစ်တွေကို တီထွင်ဖန်တီးခဲ့သည်။

ပီကာဆို၏ သမိုင်းနဲ့ ကိုယ်ရေးအကျဉ်းချုပ်ကို တစ်စုံတစ်ယောက်က တက်ဖတ်နေသည်၊ စပိန်မှာမွေး ပြင်သစ်ကို အခြေခံသူ၊ Barcelona နှင့် Paris တွင်ကျင်လည်ခဲ့သူ၊ ကွန်မြူနစ် အနုပညာသည်ဟုခံယူထားသည်၊ လီနင်ငြိမ်းချမ်းရေးဆုကိုရခဲ့သည်၊ ဆယ်ကျော်သက် မိန်းခလေးများကို စိတ်ဝင်စားသူ၊ မွေးရာပါအခွင့်အရေးဟုဆိုကာ တစ်ခါတစ်လေ ဘာမှမဝတ်ဘဲ ပန်းချီဆွဲသူ စသဖြင့်ဂုဏ်ပြုပြောကြားသွားသည်၊ သေချာသွားပြီ ပီကာဆိုသည် အောင်မြင်သော အနုပညာရှင်၊ ဒါဆို ပုံမှန်မဟုတ်၊ ပန်းချီကားတစ်ခုတွင် ရေးထားသည်ကိုကြည့်ဦး ဇောက်ထိုးကြည့်ပါ။
ပုံမှန်မဟုတ်လို့ နာမည်ကြီးတာလား၊ နာမည်ကြီးလို့ ပုံမှန်မဟုတ်တာလား။ ပုံမှန်မဟုတ်သူတစ်ယောက်နဲ့ နေထိုင်ခြင်းကို သိလိုလျှင် Life with Picasso စာအုပ်တွင်ပါသည်။

ဒေါ်လာ သန်းရာနဲ့ချီတန်သော ပန်းချီကားတွေရှေ့ ကျနော်ရောက်ခဲ့သည်။

တွေးမိသည်မှာ ဒီပန်းချီကားကြီးကို ဒေါ်လာ သန်းရာနဲ့ချီ ပေးဝယ်ရတယ်လို့၊ ရုပ်လုံးကြွနေတာကလွဲလို့ ဘာမှ မထူးဆန်း၊ ဒီဘက်ကဟာကို သေချာနားမလည် မိန်းမပုံတော့ဖြစ်မည်၊ ဒေါ်လာ သန်းနှစ်ရာ ဆိုပါလား၊ ဟိုပန်းချီကားလေးကကောင်းသည် ကလေးလေးပုံ ဆွဲထားတာလှသည်၊ အဲဒါကြတော့ ဒေါ်လာတစ်သန်းပဲတန်သည်တဲ့၊

မယုံရင်ကျနော်ရိုက်လာတဲ့ပုံတွေကိုကြည့်ကြည့်ပါ တကယ်တန်သလားလို့။

အရင်တုန်းက ဟာသလေးတစ်ခုဖတ်ဘူးသည်၊ သားက အမေကို၊ အမေ ဒီမှာ ပန်းချီကားတစ်ချပ် ၅ သိန်းနှင့်ဝယ်လာတယ် ဘယ်လောက်လက်ရာမြောက်လည်း လာခံစားကြည့်ပါအမေ၊ အမေက လာကြည့်ပြီး၊ သားရယ်ဒီပုံကြီးများ ၅ သိန်းပေးရတယ်လို့၊ ကိုရီးယားမင်းသား၊မင်းသမီး ပုံတွေဝယ်လာတာက ပိုပြီး ကြည့်ပျော်ရှုပျော် ရှိဦးမယ်၊ သားလည်း တိန် ခနဲမြည်သွားသည်။

လီယိုတော်စတွိုင်းကဆိုပြန်တယ် ပန်းချီကားတိုင်းမှာ အနုပညာမရှိဘူး၊ ခံစားမှုပါမှ အနုပညာတဲ့၊ ဒီတစ်ယောက်က မခံစားပေမဲ နောက်တစ်ယောက်က ခံစားမိရင်ရောလို့ မေးခွန်းပြန်ထုတ်ကြပါတယ်၊

ဘေးကတစ်ယောက်ကဆိုသည် စာရေးတာလည်း အနုပညာပဲတဲ့၊ ဘလော့ဂ်ရေးတာလည်း စာရေးတာပဲတဲ့၊
ဘလော့ဂ်ရေးတာက ကိုယ်ရေးချင်တာရေးတာလေဟု ပြန်ဖြေလိုက်ပြီးမှ၊
တစ်ချို့ဖန်တီးထားတာလေးတွေ တော်တော်ကောင်းသည်၊ တစ်ချို့က စတိုင်လေးတွေရှိသည်၊ ကိုယ်ပိုင်ဟန်လေးတွေရှိသည်ကိုသတိရမိသည်၊ စဉ်းစားရခက်နေစဉ်၊ နောက်ထပ်မေးလာပြန်သည်၊
ဘလော့ဂ်ရေးသူတစ်ချို့ဟာ ဖန်တီးသူတွေပဲပေါ့၊ ဒါဆိုရင် ဘလော့ဂ်ရေးတဲ့သူတစ်ချို့တွေဟာ ပုံမှန်မဟုတ်ဘူး ဟုတ်တယ်မဟုတ်လား၊?

ခဏလေးငြိမ်ပြီး၊
အဲဒီ ဒေါက်တာမှားရင်မှားမှာပေါ့ ၊ ဒါမှာမဟုတ် အဘိဓာန်၏ အားနည်းချက်လည်းဖြစ်မှာပါ၊ ပြန်လည်ပြောလိုက်သည်၊

စိတ်ထဲမှာတော့ …………………..

(လသာည ကို မေးရင်ကောင်းမလား၊ သူကစိတ်ပညာရှင်)


ဘလော့ဂ်ရေးရတာမလွယ်ပါလား။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ပြည့်သွားခဲ့ပြီ။




ပီကာဆို ဆုရသွားတဲ့ လက်ရာ ကိုရီးယားစစ်
ပီကာဆိုပြပွဲ လက်ကမ်းစာစောင် မှ ပုံများ၊

ပီကာဆို၏လက်ရာတစ်ချို့









 ပီကာဆို၏ပုံ

နာမည်ကျော်ပန်းချီးကားများ 
  





ဦးပိန်တံတားပေါ်က ပန်းချီကားဆိုင်၊



ခံစားနေကြသူများ၊

တစ်ချို့က အနီးကပ်၊ တစ်ချို့က ကိုင်ကြည်ချင်ကြတယ်၊



ပုံမှန်မဟုတ် သို့မဟုတ် သာမန်မဟုတ် (ဆင်တဲကဖေးက ပုံမှန် ကိုပြောခြင်းမဟုတ်)



Refer;
Art by Leo Tolstoy
Expressive Arts Therapist Dr. Lucia Capacchione
The Journal of Neuroscience;Brain Structures of artist
Brain Structures Differ between Musicians and Non-Musicians


Art
The activity of art is based on the fact that a man, receiving through his sense of hearing or sight another man's expression of feeling, is capable of experiencing the emotion which moved the man who expressed it. To take the simplest example; one man laughs, and another who hears becomes merry; or a man weeps, and another who hears feels sorrow. A man is excited or irritated, and another man seeing him comes to a similar state of mind. By his movements or by the sounds of his voice, a man expresses courage and determination or sadness and calmness, and this state of mind passes on to others. A man suffers, expressing his sufferings by groans and spasms, and this suffering transmits itself to other people; a man expresses his feeling of admiration, devotion, fear, respect, or love to certain objects, persons, or phenomena, and others are infected by the same feelings of admiration, devotion, fear, respect, or love to the same objects, persons, and phenomena.
by Leo Tolstoy (1828-1910),




ပီကာဆိုပြပွဲ လက်ကမ်းစာစောင် မှ ပုံများ၊ New York, USA
Museum of Modern Art, Metropolitan Museum of Art, New York, USA
LACMA Los Angeles, California USA.
National Gallery of Art, Washington DC, USA.
တို့မှ ရိုက်ကူးခဲ့သော ကိုယ်ပိုင်ဓါတ်ပုံများဖြစ်ပါသည်။

33 comments:

Anonymous said...

တစ်ချို့က ဖတ်ရခက်တဲ့ ဖွန့်တွေနဲ့ ရေးကြတယ် ….. စတိုင်

ရွှေရတုမှတ်တမ်း said...

မခံစားတတ်လို့ ကိုယ့်ကိုယ်ကို ပုံမှန်လားမမှန်လားတောင် မသိတော့ဘူး...

Bravo said...

အနုပညာကို ခံစားတတ်သလိုတော့ ခံစားမိပါတယ်
တစ်ခါတစ်လေလည်း ပုံမှန်မဟုတ်ဘူးလို့လည်း အပြောခံ ထိဖူးပါရဲ့
(ဂေါက်နေတာ ဆိုတာမျိုးပေါ့)

ဘလော့ရေးတာလည်း ရေးချင်တာတွေ ရေးထားတာ ဆိုပေမယ့် အနု ဖြစ်အောင်တော့ ရေးမိပါတယ်
အနုပညာ မြောက်မမြောက်ဆိုတာ ကိုတော့
စာဖတ်သူတွေပဲ ဆုံးဖြတ်တာ အကောင်းဆုံးပါပဲ

အဲ.. ကျနော်လည်း တစ်ခါတစ်လေ မမှန်ချင်ဘူး


ခင်မင်လျက်။ ။ ဘရာဗို

ahphyulay said...

အင်း...
တစ်ချို့ က လိုက်မမှီ တာနဲ့  မော်ဒန်အတ် ပဲ လို့ 
ပြောပြီးထွက်သွားတတ်ကြတယ်တဲ့ ။
ရေးဆွဲတဲ့ သူက သူ့ အိုင်ဒီယာနဲ့ သူဖန်တီးခဲ့ ပေမဲ့ 
လာရောက်ခံစားတဲ့ သူရဲ့ ဘယ်လောက်ကွန့် မြူးနိုင်သလဲ
ဆိုတဲ့ အပေါ်လဲ မူတည်ပါတယ်၊ များသောအားဖြင့် 
ရူးနေတဲ့ သူကလွဲလို့ ကျန်သူအားလုံးတော့  ခံစားလွယ်
ကြမှာပါ၊မော်ဒန်အတ် က တော့  အင်းခြွင်းချက်ဖြစ်မယ်။
ဒါပေမဲ့  လူတွေကလဲ ယဉ်ယဉ်လေးရူးနေကြတာဆိုတော့ 
ခုနကပြောတဲ့  ညပက္ခဒိန်လောက်ဟာလေးကို ဒေါ်လာသန်းချီ
ပေးဝယ်ကြတယ်၊ရောင်းတဲ့ သူကလဲ ရောင်းကြတယ်။

Anonymous said...

ကိုဆိုစီ ရေ

အမှန်အတိုင်း ပြောရရင် ကျနော် ပန်းချီဆရာ တွေရဲ့ ဘိုင်အိုဂရပ်ဖီ တွေကိုဖတ်တယ်... ခံစားနိုင်တယ် ဒါပေမဲ့ မူရင်းပန်ချီကား တွေကို ကြည့်ပြီးမခံစားတတ်ဖူး ကျနော့် ရဲ့ အနုပညာ အားနဲချက် လိုဘဲ သဘောထားလိုက်ပါတော့

တနှစ်ပြည့် ဆိုရင် ကျနော် ထက်ငယ်တယ်နော် အပြင်မှာ ပိုငယ်မှာ ... နှစ်တရာ တိုင်ပါစေဗျာ...

ကျမ်းမာချမ်းသာပါစေ

ခင်မင်စွာဖြင့်
shwezinu

ကိုဇော် said...

ကျနော့်ဖာသာပေါ့နော်...
အနုပညာကို အဓိက အားဖြင့် ၃ မျိုးခွဲထားတယ်။
၁။ ပန်းချီနဲ့ တူသော အနုပညာ
၂။ ပန်းပုနဲ့ တူသော အနုပညာ
၃။ ဂီတနဲ့ တူသော အနုပညာ
ဆိုပြီးတော့. . . .
ပို့စ်အဖြစ်နဲ့ အကျယ် ရေးထားတာလည်း ရှိပါတယ်။

ပုံမှန် အုတ်ရောရော ကျောက်ရောရောထက် စာရင်တော့ ပုံမမှန်တာ ကောင်းပါတယ်။ Clumsy လို့ ဆိုကြပါတယ်။ ဒါကို တနည်းအားဖြင့် အာလူးလို့ ခေါ်ကြပြီး ထိုအရာကို ပုံဖော်ဖြစ်သူများရဲ့ အနုပညာတွေက ပြောင်မြောက် တတ်ကြပါတယ်။

Sint Si said...

If you are in LA, pls visit Getty Museum.

SF MOMA has a good collection of pop art too.

အတွေးကမ္ဘာ..မှတ်တမ်း said...

ပန်းချီ နဲ့ ပက်လိုကတော့ ပုံမှန်သလား မမေးနဲ့... ပန်းချီ Catalogue တွေကြည့်တာ တခုမှ နားမလည်လိုက်ဘူး... အဲဒါနဲ့ ပန်းချီ Catalogue တွေကိုထပ်ဖွင့်ကြည်ဖို့ မကြိုးစားဖြစ်တော့ဘူး...:D

တနှစ်မှသည် နှစ်တရာတိုင် အောင်ဆုတောင်းပေးပါတယ် ဗျာ...

လသာည said...

လသာညက စိတ်ပညာရှင်မဟုတ်ပါဖူး။ လေ့လာနေတဲ့ ကျောင်းသူပါးD..။

ပုံမှန်မဟုတ်ခြင်း အကြောင်းကို ပြောကြရင် စိတ်ပညာရှင်တွေအများစုလက်ခံတာက လူတိုင်းဟာ ပုံမှန်မဟုတ်ဖူးတဲ့..။ နည်းနည်းမဟုတ်တာနဲ့ များများမဟုတ်တာပဲ ကွာတာ။ များများမဟုတ်တဲ့သူတွေကတော့ ထူးသူ(ထူးဆန်းသူ)တွေဖြစ်ကုန်တာပေါ့နော။

ထူးတဲ့သူတွေထဲမှာ (ပုံမှန်မဟုတ်တဲ့သူများထဲမှာ) ပီကာဆိုအပြင် တခြားနာမည်ကြီး ပညာရှင်ကြီးသုံးဦးကို ဝေဖန်ထားတာဖတ်မိတယ်။ ရူးတယ်လို့ကို ပြောကြတယ်။ ပညာရှင် နယူတန်ကိုလည်း ရူးတယ်တဲ့လေ။ စိတ်ဝင်စားစရာ...နော်။

ဘလော့ဂါတွေက abnormal တွေလားဆိုရင်တော့ ကိုsosegado ပြောထားသလိုပဲ တွေးမိပါတယ်.. ဘလော့ဂါတစ်ဦးက သူ့ဘာသာ သူရေးချင်သလို ရေးထားပေမယ့် အဲဒီလိုသူရေးတဲ့ စတိုင်ကိုပဲ နှစ်သက်လို့ ပိုစ်တင်တိုင်း ပြေးဖတ်နေရတာက ပန်းချီကားကို ငါးသိန်းပေးဝယ်သလို တအားတန်ဖိုးရှိတာပဲ။

အဲဒီလိုအပြေးအလွှားဖတ်ရတဲ့ ဖီလင်ကို နားမလည်သူက “အချိန်ကုန်တယ်၊ ဗွီဒီယိုကြည့်မယ်ကွာ”လို့ လာပြောလည်း ခဏလေး ခဏလေး ဒါလေးတော့ ဖတ်လိုက်ဦးမယ်လို့ ပြောမိမှာ.း)))

အဲ့တော့ ဘလော့ရေးသူရော၊ ထိုဘလော့ဂါရဲ့ စာကိုစွဲဖတ်သူရောဟာ abnormal တွေပါလို့ ကျွန်မပြောရင် ရမလားဟင် :D

ခင်မင်စွာဖြင့် ကွန်မန့် အရှည့်ကြီးရေးမိသွားပြီ။
လသာည ဖြစ်ပါတယ်..

လသာည said...

ပီကာဆိုပုံတွေကို နားမလည်ပေမယ့် ကြိုက်တယ်။ သူ့ပုံတွေ့ကြည့်တိုင်း ကိုယ့်စိတ်ကြိုက် ဇာတ်လမ်းအများကြီးဆင်နိုင်လို့လေ။ အခုလို စုစည်း အများကြီးတင်ပေးတာ ကျေးဇူးတင်ပါတယ်။

blackcoffee said...

အနုပညာကို ခံစားဘို့အတွက် ဦးနှောက်ထဲတွင် သူ့အခန်းနဲ့သူရှိသည်ဟုဆိုသည်၊ ထိုသို့မဟုတ်ပါက ဘာမျှမခံစားရပေ ကမ္ဘာကျော်တယောဆရာ တယောထိုးပြနေသည်ကို ဒီကောင် တကျွီကျွီနဲ့ ဘာတွေတီးနေတာလည်းလို့ပြောလိမ့်မည်၊ မိုက်ကယ်ဂျက်ဆင်ကနေတာကို ဒီကောင်မျောက်လိုခုန်နေတယ်လို့ ဆိုကြပါလိမ့်မည်၊ ကဗျာတွေရေးထားတာကို ပေါက်တတ်ကရတွေ ရေးထားတာလို့ ပြောပါလိမ့်မည်။
ဒီအပုဒ်လေးကိုတော်တော်ကြိုက်တယ်။ကျွဲပါစောင်းတီးဆိုသလိုပေါ့။အနုပညာနားမလည်တဲ့လူကတော့ဘယ်တော့မှနားလည်လာမှာမဟုတ်ပါဘူး။ပိုစ့်ကောင်းလေးတစ်ပုဒ်ပဲ။
တစ်နှစ်ပြည့်အတွက်ဆုတောင်းပေးခဲ့ပါတယ်။
နောင်နှစ်ပေါင်းများစွာအထိစာကောင်း
ပိုစ့်ကောင်းများဆက်လက်ရေးသားနိုင်ပါစေလို့ ............

ချော(အစိမ်းရောင်လွင်ပြင်) said...

အနုပညာကို အဓိပ္ပါယ်ဖွင့်ဆိုချက် အမျိုးမျိုး ရှိသလို သိပ်လဲကျယ်ပြန့်ပါတယ်.. ကိုယ်တိုင်လဲ ဒီလောက်ဥာဏ်မမီတဲ့အတွက် ဘာမှတော့ ထူးထူးခြားခြား မပြောတတ်ပါဘူး။
ဘလော့ရေးတာတော့ ကိုယ်တိုင်လည်း စိတ်ချမ်းသာဖို့ ရေးတာဖြစ်ပါတယ်..
စိတ်မချမ်းသာတဲ့အကြောင်းအရာတွေ ကြုံလာရင်လည်း ဥပက္ခာသာပြုလိုက်ပါတယ်..
ဘလော့တစ်နှစ်ပြည့်မှသည် စိတ်ဆန္ဒရှိတဲ့ အချိန်အထိ ပျော်ရွှင်စွာ စာတွေ ရေးနိုင်ပါစေ။

Anonymous said...

တစ်ချို့က အမြဲစာလုံးပေါင်းမမှန်အောင်ရေးတယ်၊ ဓါတ်ပုံတွေကို မရှင်းအောင်ရိုက်တယ်၊
…ဟဲဟဲ

အင်ကြင်းသန့် said...

ကိုဆိုဆီရေ....တကယ်တော့လေ အနုပညာဆိုတာ သိပ်ကိုကျယ်ပြန့်လွန်းအားကြီးတယ်လို့ ကျနော်တော့ထင်မိတယ်။
အနုပညာနဲ့ပတ်သက်ရင် အက၊ အဆို၊ အရေး၊ အပြော၊ အပြလို့ အမျိုးမျိုးရှိကြပေမယ့် ကျနော့်အတွက်ကတော့ တစ်ခုနဲ့တစ်ခုအမြဲ ဆက်စပ်ခံစားရလေ့ရှိတယ်။
အနုပညာရှင်တွေဟာ ပုံမှန်မဟုတ်သူတွေလို့လီယိုတော်စတွိုင်းဆိုတာကို ရာနှုန်းပြည့်လက်ခံမိတယ်။

ဘလော့ဂ်ရေးတဲ့သူတွေပုံမှန်ဟုတ်မဟုတ်ဆိုတာကိုတော့......

ဟုတ်တယ်နော်.....ကျနော့်ဘလော့နဲ့ ရက်ပိုင်းပဲကွာတာပဲ။ တစ်နှစ်ပြည့်မှသည်နောင်နှစ်ပေါင်းများစွာတိုင်အောင် ဗဟုသုတပေးတဲ့ ပိုစ့်ကောင်းတွေမြောက်များစွာကို ဆက်လက်ဖန်တီးသွားနိုင်ပါစေ.......

nyan gyi said...

ပန်းချီကားတွေကို တစိမ့်စိမ့်ကြည့်ကြည့်ပါ၊ ခံစားတတ်သွားပါလိမ့်မယ်

မြစ်ကျိုးအင်း said...

သန်းရာချီတန်တယ်ဆိုတဲ့ ပန်းချီကားတွေ တွေ့ရတိုင်း ကိုယ့်ကိုကိုယ်ပဲ စိတ်မကောင်းဖြစ်ရတယ်။ ဘယ်အရာတွေက ဒီလောက်တန်စေတာလဲ။ ဒါကိုကြည့်ပြီး ဘာခံစားရလဲ မေး နေမိလို့ပါ။
အနုပညာဖန်တီးသူက အခန်းပို ပါတယ်ဆိုတာတော့ ယုံကြည်ချင်တယ်။ လူတိုင်းမမြင်တဲ့ ရှုထောင့်က မြင်တတ်ကြတာဟာ အဲဒီအခန်းရဲ့ လုပ်ဆောင်မှုနဲ့တူတယ်။
ဗန်ဂိုး အကြောင်းလေး ဖတ်ပြီးတော့ ပန်းချီဆရာတွေရဲ့ စိတ်ကို အနည်းငယ်တော့ သိလာရသလိုပဲ။

Anonymous said...

‘ဒီတစ်ယောက်က မခံစားပေမဲ နောက်တစ်ယောက်က ခံစားမိရင်ရော’
တစ်ယောက်နဲ့တစ်ယောက် ခံစားမှုခြင်းတူကြမှာ မဟုတ်ဘူး၊ တချို့က ကျော်ဟိန်း မကြိုက်ဖူး၊ တချို့က လေးဖြူ မကြိုက်ဖူး၊
ခင်တဲ့ La Min

ZT said...

တစ်ခါက နိုင်ငံခြားက ဧည့်သည်တစ်ယောက်ကို လိုက်ပို့တော့ ပေါ်ဦးသက်ရဲ့ ပန်းချီကားကို သူလိုချင် လိုက်တာတဲ့။ ဒေါ်လာ သောင်းဂဏန်းဆိုရင် ပေးပြီး ဝယ်လိုက်ပါတယ်။ သိန်းဂဏန်း ဆိုတော့ မတတ်နိုင်လို့ပါတဲ့။ သူဘာကြောင့် ကြိုက်သလဲတော့ ကျွန်တော်လည်း နားမလည်ပါ။

ညိမ်းနိုင် said...

ပန်ချီကတော့ နည်းနည်းခံစားလို့ရတယ်(တနည်းပြောရရင်
နည်းနည်းပုံမှန်မဟုတ်ဘူးပေါ့ :) ) ။ပန်းပုကတော့ လုံးဝ
ကို ခံစားလို့မရ။ပန်းပုတစ်ခုကို ရုပ်တု တစ်ခုထက်ပိုပြီး
မမြင်တတ်ဘူးဗျ။(ပုံအမှန်လွန်သွားတယ်ထင်ရဲ့ )။
လူတိုင်းက ပုံမှန်မဟုတ်ဘူးဆိုရင် ပုံမှန်ဆိုတာကရော
ဘာလည်းဗျ..ဟင်...။နည်းနည်းတော့စားသွားပြီဗျာ..။:D

blackroze said...

အင်းး
သေသေချာချာတွေးတယ်..
ဒါပေမဲ့အဖြေထွက်မလာဘူး..

lwin said...

ပန်းချီ ကားတွေတော့ မခံစားတတ်ဘူး...ဝယ်ပြီ အလှတော့ ချိတ်ထားတတ်တယ်...
အခန်းဆက် လေးတွေထပ်ရေးပါဦး...အားပေးနေမယ်

~ဏီလင်းညို~ said...

ဆရာမြသန်းတင့် ဘာသာပြန်ထားခဲ့တဲ့ မှော်ရုံတောမှာ မောလှပြီဆိုတဲ့ စာအုပ်တော့ ဖတ်ဖူးခဲ့တယ်....။
ပန်းချီဆရာ ဂေါ်ဂင်ရဲ့အကြောင်းပါ....။
ပန်းချီတွေကြည့်ရလို့ကျေးဇူးဗျာ.....။
တချို့ကားတွေတော့ ခံစားလို့ မမှီပါဘူး....။
အနုပညာကတော့ ဖန်တီးမှု၊ ပါရမီ၊ ခံစားမှုနဲ့ ကြိုးစားမှုတွေကောင်းရင် ကောင်းသလို အရောင်လက်လာတတ်ကြတာအမှန်ပါပဲ....။
ကိုယ်နဲ့ မသိတဲ့လူတွေကို ရယ်ရအောင်၊ လွမ်းရအောင်၊ ငိုရအောင် လုပ်နိုင်စွမ်း၊ ကိုယ်နဲ့အတူ လိုက်ပါပျော်ဝင်နိုင်စွမ်းရှိအောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်ဘူးလေ......။ ပေးသူနဲ့ လက်ခံသူကြားမှာ အစပ်အဟပ်တည့်သွားမယ်ဆိုရင် လုံလောက်ပြီလို့ထင်ပါတယ်....။
လူတိုင်းမလုပ်နိုင်ကြတာတော့ အမှန်ပါပဲ....။
အဲ့......ပြောရင်းနဲ့ ကော်မန့်တောင်ရှည်သွားပြီလားမသိ........း)))
စာတွေဆက်ရေးနိုင်ပါစေလို့ ဆန္ဒပြုပေးခဲ့ပါတယ်ကိုဆိုဆီ......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ညီမလေး said...

မိုက်တယ် ...
ပန်းချီကို ခံစားလို့ရတာ ရှိသလို မရတာလဲရှိတယ် ..ပန်းချီဆရာကြောင့်မဟုတ်ပါဘူး ကိုယ့်ရဲ့ညံ့ဖျင်းမှုကြောင့်ပါ ..ဒါပေမဲ့ ပန်းချီတွေ ကြည့်ရတာ ကြိုက်တယ် .. ဒါပေမဲ့ ဖန်တီးမှုတိုင်းက လူတိုင်းလက်ခံနိုင်တဲ့ အနုပညာမျိုး ဖြစ်ဖို့ကြ မလွယ်ဘူးဗျ ။ လူတကိုယ် အကြိုက်တမျိုးလို့ ဆိုထားတာကိုးလေ..

Anonymous said...

ပန်းချီကားတော့ မခံစားတတ်ဘူး...ဒါပေမယ့် ဟန်တလုံး ပန်တလုံးနဲ့တော့ ကြည့်ဖူးတယ်....မရပါဘူးဗျာ...လေတယ်။

မြတ်မွန် said...

ဂျူးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ညတွေ ဖတ်နေရသလိုပဲနော်..ပန်ချီကားတွေနဲ့မို့လို့..။

ဘလော့လေးတစ်နှစ်ပြည့်မှ နောင်နှစ်ပေါင်းများစွာ ရေးပါလို့..။

အဖြူရောင်နတ်သမီး said...

Happy (1)Year Blog Annivessary....

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
ပုံမှန်ထဲမှာပုံမှန်မဟုတ်တာကတော့
တည်ုငိမ်အေး ကပိုဆိုးတယ်-
ဘလော့ထဲကနေ ချွန်ပြီးခွဲထွတ်နေလို့ လေ-
ကျနော်ကတော့အဲဒါကိုဘဲကြိုက်တယ်-

သိင်္ဂါကျော် said...

အဲဒီ ပန်းချီကားတွေကိုတော့ မခံစားတတ်ဘူး တကယ်..ပန်းချီကားဆို ရိုးရိုးစင်းစင်းတွေပဲ ကြိုက်တယ်။ ပြီးတော့ တယောတို့ စန္ဒယားတို့.. မခံစားနိုင်ဘူး.. အနုပညာတိုင်းတော့ ဘယ်ခံစားတတ်မလဲနော်.. ကိုယ်ကြိုက်နှစ်သက်ရာ လိုင်းမှာပဲ ခံစားတတ်ကြတာပေါ့..

Unknown said...

ခက်ရန်ကောဗျာ.. ကိုယ့်ကိုကိုယ် မှန် မမှန် စဉ်းစားနေရပြီဗျ။ ထားဗျာ။ share သွားတယ်ဗျ။ ကျေးဇူးအထူးပါ။

သော်ဇင်စိုး said...

အနုပညာက ကျယ်ပြန့်တယ်ဗျာ..
အကြောင်းရာတစခုကို သူတို့ ဘယ်လိုရင်ခုန်တယ်.. ခံစားတယ်ဆိုတာ လယ်သူမှမသိနိုင်ဘူးလို့တောင် ထင်ရတယ်..
အဲဒီအနုပညာဆိုတဲ့ အရာတွေ ထဲမှာပဲ ပန်းချီ၊ ပန်းပု လိုဟာမျိုးတွေကို ခံစားတတ်ဖို့ ဆိုတာ ခံစားသူကလည်း အများကြီး ဖြည့်ဆည်း(သို့) ပါရမီရှိဖို့လည်း လိုသေးတယ်ထင်တယ်.. ဥပမာ ပန်းချီမှာဆိုရင် သူတို့ဆွဲထားထားတဲ့ စုတ်ချက်တစ်ချက်က အပေါ်ကအောက်ကိုလား.. အော်ကက အပေါ်လား.. နောက် အရောင်တွေ ပထမအရောင် ဒုတိယအရောင်.. ကျွန်တော်လည်း ဘာမှကိုနားမလည်ပါဘူး.. အရင်ကတော့ ဆရာ ဇော်ဇော်အောင်ရေးတဲ့ မော်ဒန်ပန်းချီ စာအုပ်၊ ဆောင်းပါးတွေတော့ ဖတ်ဖူးတယ်.. ကိုယ့်နဲ့ မရင်းနှီးတာမို့ မေ့ကုန်ပါပြီ..
အကိုပြထားတဲ့ ပန်းချီပုံတွေ ကြည့်ရတဲ့အတွက် ၀မ်းသာမိပါတယ်.. တစ်မျိုးလေးတော့ခံစားရတယ်..
တစ်နှစ်ပြည့်သွားပြီဆိုလို့ ၀မ်းသာရပါတယ်.. နောင်အထိ စိတ်မမှန်တဲ့ (အဲ) ဘလော့ရေးနိုင်ပါစေ.. :D

ဝက်ဝံလေး said...

ဟင့်အင်း ပန်းချီ ပန်းပု တွေ မခံစားတတ်ဘူး ကဗျာလဲ စပ်ဖို့နေနေသာသာ မခံစားတတ်ဘူး ဒါဆို ကိုယ်က အနုပညာသမား မဟုတ်ဘူးပေါ့နော် ဒါဆို အကြမ်းပညာသမား လား ဟင် ကိုယ့်ဟာကို ခေါင်းကုတ်ပြီး မေးသွားတယ်
ပုံတွေ ကြည့်သွားတယ် နားမလည်ပါ (စိတ်မဆိုးနဲ့နော် နားမလည်ဘူးပြောလို့)

အဘောက်ကျ ပြောသလိုပဲ ကိုယ့်ဟာကို ပုံမှန်လား မမှန်လား မသိဘူး သိရင်ပြောပြနော် ခစ်ခစ်

မြသွေးနီ said...

ပန်းချီဆရာတွေနဲ့ ငယ်ငယ်ကနီးနီးစပ်စပ်နေခဲ့ဘူးတယ်။ သူတို့က နည်းနည်းတော့ ထူးခြားကြတာအမှန်ပဲ။ သူတို့ အနုပညာတွေ၊ သူတို့ အယူအဆတွေက ပုံမှန်ကနေတော့ လွတ်နေတတ်တယ်။ အဲ့ဒါကိုက ဖန်တီးမှုအားတွေ ပိုကောင်းစေသလားမပြောတတ်။ ပန်းချီကားတိုင်းမကြိုက်ဘူး။ပန်းချီကားတစ်ချပ်ကြည့်နေတုန်း " သူက ဒီလိုလေးဆိုလိုတာလားမသိဘူးနော်.. " လို့ အဖော်လာညှိရင် အမြင်ကို ကပ်ရော။ ပန်းချီကားဆို တစ်ယောက်ထဲကြည့်ပြီး ကိုယ့်ဟာကို တိတ်တိတ်လေး အဓိပ္ပါယ်ဖော်နေချင်မိတာမျိုး..။
ပီကာဆိုရဲ့ ပုံတွေကြည့်ခွင့်ရလို့ ကျေးဇူးပါ။ သိပ်တော့ ခံစားလို့မရဘူးရယ်။
အဲ.. မြသွေးနီလည်း ဟုတ်မှဟုတ်သေးရဲ့လားမသိ..။ :)

Anonymous said...

Thank you for the auspicious writeup. It in
truth used to be a entertainment account it. Look advanced to more brought agreeable from you!
However, how can we be in contact?

Look at my web page - password protection