Friday, January 8, 2021

ထိုးရတော့မည် ဆိုသော်ကြောင့်

 ထိုးရတော့မည် ဆိုသော်ကြောင့်



ကာကွယ်ဆေးကိုထိုးရတော့မည်ဖြစ်သဖြင့် နည်းနည်းလေ့လာမိခဲ့သည်။

ကာကွယ်ဆေးရာဇာဝင်တွင်  Risk % အများဆုံးကာကွယ်ဆေးဖြစ်သည်၊ စမ်းသပ်မှု အပြည့်မလုပ်၊ safety လည်းမလုံလောက်၊ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ပြည့်ပြည့်စုံစုံ မသိရသေးခင် အရေးပေါ် သုံးစွဲ လိုက်ရသော ကာကွယ်ဆေးဖြစ်သည်။

လက်ရှိကာကွယ်ဆေး စရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဘယ်နိုင်ငံက ဘယ်ဆေးကို ကိုယ်ကို ထိုးမှာလည်း ဆိုတာလေ့လာနိုင်သည်။

The current list of coronavirus vaccine


vaccine ဘယ်လိုဘယ်နည်း အလုပ်လုပ်လည်း ဆိုတာလေ့လာကြည့်လျှင်

coronavirus vaccine သည် mRNA-XXXX မော်လီကျုး တစ်မျိုးဖြစ်သည်၊

The coronavirus vaccine is known as mRNA-XXXX. (Moderna is mRNA-1273).  A clinical trial demonstrated that the vaccine has an efficacy rate by Percentage in preventing Covid-19.

The Coronavirus

The SARS-CoV-2 virus is studded with proteins that it uses to enter human cells. These so-called spike proteins make a tempting target for potential vaccines and treatments.

coronavirus vaccineသည် virus ​၏ spike protein gene ကို အခြေခံထားခြင်းဖြစ်သည်။

The vaccine is based on the virus's genetic instructions for building the spike protein.


Properties of mRNA

The vaccine uses messenger RNA, the genetic material that our cells read to make proteins. The molecule — called mRNA for short — is fragile and would be chopped to pieces by our natural enzymes if injected directly into the body.  There is a technology to protect the vaccine and release the mRNA, and different maker companies may use different technology. It is an important part of the formula. To protect the vaccine, Moderna wraps the mRNA in oily bubbles made of lipid nanoparticles.


Because of their fragility, the mRNA molecules will quickly fall apart at room temperature. Most of the vaccine will need to be refrigerated shipped and stored at low temperature (–20°C (– 3°F) to –1°C) depended on formula. It should be stable for up to six months.

A Cell and Vaccine

After injection, the vaccine particles bump into cells and fuse to them, releasing mRNA. The cell's molecules read its sequence and build spike proteins. The mRNA from the vaccine is eventually destroyed by the cell, leaving no permanent trace.

ဘယ်လိုတိုက်သလဲဆိုရင်

Some of the spike proteins form spikes that migrate to the cell's surface and stick out their tips. The vaccinated cells also break up some of the proteins into fragments, which they present on their surface. The immune system can then recognize these protruding spikes and spike protein fragments.

  ခုခံသူ နဲ့ ကျုးကျော်သူ

The Antigen and Intruder

When a vaccinated cell dies, the debris will contain many spike proteins, and protein fragments, which can then be taken up by a type of immune cell called an antigen-presenting cell. The cell presents fragments of the spike protein on its surface. When other cells called helper T cells detect these fragments, the helper T cells can raise the alarm and help marshal other immune cells to fight the infection.

အသေတိုက်ခိုက်ခြင်း


Antibodies

Other immune cells, called B cells, may bump into the coronavirus spikes on the surface of vaccinated cells, or free-floating spike protein fragments. A few of the B cells may be able to lock onto the spike proteins. If these B cells are activated by helper T cells, they will start to proliferate and pour out antibodies that target the spike protein.

Fighting the Virus

The antibodies can latch onto coronavirus spikes, mark the virus for destruction and prevent infection by blocking the spikes from attaching to other cells.

Killing and Clear the Virus

The antigen-presenting cells can also activate another type of immune cell called a killer T cell to seek out and destroy any coronavirus-infected cells that display the spike protein fragments on their surfaces.


Memorizing the Virus

Most of the vaccine requires two or three injections, given days apart ( 14, 28, 30, 45 days), to prime the immune system well enough to fight off the coronavirus. But because the vaccine is so new, researchers don't know how long its protection might last. Moderna's vaccine requires two injections, given 28 days apart.

It's possible that the number of antibodies and killer T cells will drop in the months after vaccination. But the immune system also contains special cells called memory B cells and memory T cells that might retain information about the coronavirus for years or even decades.

Moderna's vaccine


Refer to Sosegado, ISPE, CDC, Moderna  (Jonathan Corum and Carl Zimmer)



Friday, January 5, 2018

500 miles ကိုခံစားခြင်း



Five hundred miles ဆိုသော သီချင်းလေးကို အရမ်းကြိုက်ပါသည်၊
အထူးသဖြင့် ရထားဖြင့် ခရီးသွားနေချိန် လေယာဉ်ဖြင့် အကြာကြီး ခရီးသွားချိန် တွေမှာ နားထောင်ခံစားဖြစ်ပါသည်။ ကျနော်အတွက်တော့ ဒီသီချင်းလေးကို ထူးအိမ်သင်၏ အမေ့အိမ် သီချင်းထက်ပင် ပိုကြိုက်နှစ်သက်ပါသည်။

သီချင်းလေး၏ သက်တမ်းသည် ကျနော်တို့ ထက်ပင်ကြီးပါသည်၊ သို့သော် သီချင်းလေးက ရရှိသော ခံစားမူ ဖီလင် အရသာသည် ယနေ့ထိ လူများ၏ အသဲကို ဖမ်းစားနိုင်လေသည်၊ Intro လေးမှ အစပြုကာ တစ်စစီ တစ်စစီ မြင့်ကာမြင့်ကာ ခံစားရသော သီချင်းဖြစ်ပါသည်။

If you miss the train I'm on, you will know that I am gone……
You can hear the whistle blow a hundred miles,,,,,,
a hundred miles, a hundred miles, a hundred miles, a hundred miles,,,,
You can hear the whistle blow a hundred miles.
Lord I'm one, Lord I'm two, Lord I'm three, Lord I'm four, Lord I'm 500 miles from my home.
500 miles, 500 miles, 500 miles, 500 miles
Lord I'm five hundred miles from my home.

Peter, Paul, Mary တို့မှ Mary ၏ နွဲနွဲအသံလေးသည် စိတ်ထဲက သီချင်းကို လိုက်ဆိုဖြစ်အောင် စွဲဆောင်သွားလေသည်။

ထိုမျှ ကျနော်ကြိုက်နှစ်သက်သော 500 miles ဆိုသော သီချင်းလေးသည် 2017 အကုန် 2018 အကူးမှာတော့၊ ကျနော် ဘယ်လိုပြောရမှန်း မသိသော ခံစားမူတစ်ခုကို ပေးခဲ့လေသည်၊ မိမိမြတ်နိုးရသော အရာတစ်ခု ပျက်စီးသွားသလိုမျိုး ဖျက်ဆီးခံလိုက်ရသလိုမျိုး အရှင်လတ်လတ် ခံစားရသော ခံစားမူမျိုးဖြစ်နိုင်ပါသည်၊ တစ်ဘက်ကပြန်ကြည့်လျှင်လည်း နားထောင်မိသူအမှား ကြည့်မိတဲ့သူအပြစ် ဖြစ်နေပေလိမ့်မည်၊

 တကယ်ပဲ ကျနော်အမှားပါ Angelababy ဖျော်ဖြေသော Happy New Year ညကို ကြည့်မိလိုက်လေသည်
ကျနော်ရဲ့ 500 miles ဆိုသော သီချင်းလေးသည် ဒီအမျိုးအမည် မသိသော ခံစားမူကို ကျနော်ကို ပေးခဲ့လေသည်၊  ရက်စက်ပါပေ့ Angelababy ရေ ………

မနေ့က သူငယ်ချင်း တစ်ယောက်လည်း ဒေါသတွေထွက်လို့နေသည် သူအလွန်တစ်ရာ ကြိုက်နှစ်သက်သော ခင်မောင်တိုး သီချင်းတစ်ပုဒ်ကြောင့်ဖြစ်ပါသည်၊ တကယ်တော့ သူသည် သူ၏မှားယွင်မူကြောင့် ကျနော်လိုပင် အမျိုးအမည် မသိသော ခံစားမူကို ခံစားလိုက်ရခြင်း ဖြစ်ပေလိမ့်မည်။

အဲဒီခံစားမူမျိုး ခံစားချင်ရင်တော့ ခုထွက်နေသော ခင်မောင်တိုး ပြန်ဆိုသီချင်းတွေကို နားထောင်ကြည့်လိုက်ပါတဲ့။

တကယ်တော့ 500 miles ဆိုသော သီချင်းကို ပြန်ဆိုခဲ့ကြသည်မှာ အကြိမ်များစွာပင် ရှိသည်၊ Japan မှ Junko Yamamoto လည်း ဆိုခဲ့ဘူးသည်၊ Justin လည်း ဆိုခဲ့ဘူးသည်၊
Angelababy လောက် ရက်စက်တဲ့သူ မရှိပေ။

သူငယ်ချင်း ကတော့ပြောပါသည် မင်း Angelababyက mood ပါသေးတယ်၊ ငါ့ခင်မောင်တိုးကတော့ သွားရော။

ခံစားနိုင်ကြပါစေ။


Peter Paul and Mary 500 Miles

AngelababyFive Hundred Miles


Friday, October 21, 2016


Looking for downgrade moon

လမင်းငယ်ကိုရှာဖွေခြင်း

ရက်ရက်စက်စက်ပါပဲ ငါ လမင်းငယ်ကို ရှာဖွေခဲ့မိတယ်။
မိုးမိုးမောက်မောက် တောင်တန်းတွေပေါ် သွားပါ ဆိုလို့လည်း ငါသွားခဲ့
မားမားမတ်မတ် ချောက်တွေကျော် အပြီးမှာတော့ ငါ ရေပြင်ကျယ်ကို တွေ့ခဲ့ရ
ကြမ်းကြမ်းထန်ထန် လှိုင်းတွေကြား ငါ သမုဒ္ဒရာကို ဖြတ်
ဝုံးဝုံးဒိုင်းဒိုင်း မုန်တိုင်းတွေကြား ငါ မသေရုံတမယ်၊
အဲဒီကတဆင့် ရှည်ရှည်းလျားလျား ကန္တရတွေ အိုအေစစ် တွေ့မလားလို့ အပြေးသွားမှာတော့
ကျယ်ကျယ်လောင်လောင် စစ် စစ် မဖြစ်ရဘူး လူတွေ အော်ဟစ်၊ တကယ်တော့ ငါက အိုအေစစ်ကိုပြောနေတာပါ၊
သေသေချာချာ နားထောင် ငြိမ်းခြမ်းရေးအတွက် စစ်တိုက်နေတာ  ဒီမှာတွေ့လား စစ်ကြောင့် ငြိမ်းခြမ်းသွားတာ
အိုးမိုင်ဂေါ့ ရေရေလည်လည် နာဂါစကီးကို ငါဖက်ငိုမိပြီ၊
ဆူဆူညံညံ အမေရဲ့ခေါ်သံတွေကြား လူဆိုးတွေရဲ့ အော်သံတွေကြား၊ ဆရာကြီးတွေ ဆရာမကြီးတွေ စစ် တရား စဟောတော့ ငါ အဝေးဆုံးပြေးပြီပေါ့။
ဖြည်းဖြည်းမှန်မှန် အဝေးပြေးလမ်းမပေါ်ပြေး၊ ပြေးရင်း ခေါင်းချင်းဆိုင် တိုက်မှုတွေရှောင်
များများစားစား ရှိတာက မီးလင်းနေတဲ့ မြို့ရွာတွေ စက်ရုံ ကုန်တိုက်ကြီးတွေ မဟုတ်၊ အန်ဂျီအိုတွေ ပရဟိတတွေ
ကောင်းကောင်းမွန်မွန် လူတစ်ချို့နဲ့ တွေ့
ကောက်ကောက်ကျစ်ကျစ် လူတစ်ချို့နဲ့ တွေ့
ရရစားစား ပွဲစား ဝယ်ရောင်းတွေများ မြန်မာပြည်ဖြစ် ဆိုတာ တိတိပပကို ရေကြည့်လို့ရတယ်၊
ဖြစ်ဖြစ်ပျက်ပျက် တည်ပြီးတာနဲ့ပျက်တဲ့ လမ်းတွေ၊ ဆောက်ပြီးတာနဲ့ ပျောက်တဲ့တံတားတွေ။
မှန်မှန်ကန်ကန် အသက်ကို ဖက်နှင့်ထုပ် မဟုတ် တရုပ် ဇာတ်လမ်းတွေကြား လယ်ကွင်းတွေကိုကျော်
စွန့်စွန့်စားစား ရေစီးထန် မြစ်တွေချောင်းတွေ ငါ ဖြတ်ခဲ့တော့
တစ်စုံတစ်ယောက်က ဒါ ရေစီးကြောင်းပါလို့ နက်နက်နဲနဲ ကောက်ချက်ချပြ
ဆိုးဆိုးဝါးဝါး  မဟုတ်ဘူး မဟုတ်ဘူးလို့  နောက်တစ်ယောက်က အော်ဟစ် သူသိတာက သဘာဝတရားတဲ့
ပေါက်ပေါက်ရှာရှာ မငြင်းကြပါနဲ့ မငြင်းကြပါနဲ့ ရှင်းရှင်းလင်းလင်း ဖြစ်စဉ် ဒါဟာ ဘုရားသခင်က ဖန်တီး တာ
ကြံကြံဖန်ဖန် အမျိုးကိုချစ်ကြပါ အမျိုးကိုချစ်ကြပါ အော်ဟစ်သူလည်း တွေ့ခဲ့ရ
ထိုးထိုးထောင်ထောင် မကသ ပဲဖြစ်ဖြစ် ဗကသ ပဲဖြစ်ဖြစ် မင်းတို့အသက်တွေကြီးနေပြီ အချိန်စီးအောင်လုပ်ကြပါ၊
ဟိုးဟိုးဟားဟား မရယ်လိုက်ပါနဲ့ နှစ်လောင်းပြိုင် သုံးလောင်းပြိုင် ငါးလောင်းပြိုင် မင်းအဘ တွေ လက်သည် မရှာနိုင်ခဲ့ဘူး ဒါသမိုင်းပဲ။
ရေရေရာရာ ဘာမှ မဖြစ် အော်သံတွေ တဖြည်းဖြည်းကျယ် အဆဲတွေက မိုးမွန် ငါ့ကိုရှင်းပြနေတာတဲ့
နီနီရဲရဲ အဖိနှိပ်ခံနင်းပြား ပစ္စည်းမဲ့တော်လှန်ရေး ကိုရဲဘော် မရဲဘော်တို့ ငါ ကွန်မြူနစ်ကို မုန်းတာ သူတို့ မသိ၊
ငိုငိုယိုယို ဒရာမာ ဇာတ်ခင်း ကမ္ဘာ့ ပါဆီကျူတက်လူတွေရဲ့သတင်း၊ တစ်ဘက်မှာတော့ အလာအခါဘာ လုပ်နေကြ
သေသေချာချာ နားထောင်၊ ဒီဇာတ်လမ်းမှာ ပိုက်ဆံနဲ့ သတင်းရေးတဲ့ မီဒီယာရှိတယ်၊
အဘတွေအကြောင်း အကောင်းရေးတဲ့ မီဒီယာရှိတယ်၊ အမှန်တရားသွေး သူတို့နှလုံးသားထဲမှာ မရှိဘူး တိတိကျကျပဲ။
ပြောပြောဆိုဆို တစ်ယောက်က လက်ညိုးထိုးပြောမယ်ဆို၊ တစ်ယောက်က စောက်ရူး စောက်ရူးလို့ပြော၊
အို
ပိုပိုလိုလို မရှိ တကယ်တော့ နောက်ဆုံးပေါ် ဂိမ်းတစ်ခု ငါဆော့နေ၏ လမင်းငယ် ခုလက်ထိ ငါမမိ။

ရက်ရက်စက်စက်ပါပဲ ငါ လမင်းငယ်ကို ရှာဖွေခဲ့မိတယ်။

20/10/2016

Friday, September 12, 2014

ကျနော်နဲ့ အပေါ်ထပ် ဇာတ်လမ်း


အပေါ်ထပ်ကို တက်ဘူးကြပါသလား၊ အပေါ်ထပ်ကို တက်ဘူးကြပါလိမ့်မည်၊

အိမ် ရုံး အဆောက်အဦး တို့တွင် အပေါ်ထပ်ရှိပါသည်၊
စာသင်ကျောင်း၊ ဆေးရုံ၊ ဘုန်းကြီးကျောင်းတွေမှာလည်း အပေါ်ထပ်ရှိ ကြပါသည်၊

တစ်ချို့ အဆောက်အဦးတွေမှာ အပေါ်ထပ်ပေါင်း များစွာ အထပ်ထပ် ရှိကြပါသည်၊
ထို အပေါ်ထပ်ပေါင်းများစွာကို လူပေါင်းများစွာက အတက်အဆင်း အကြိမ်ပေါင်းများစွာ လုပ်နေကြသည်မှာ အချိန်နဲ့အမျှ ဖြစ်ပါသည်။

ဒီလို လူပေါင်းများစွာက တက်လိုက်ဆင်းလိုက် အကြိမ်ပေါင်းများစွာ လုပ်နေသည့်ကြားက အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ရှိပါသည်၊
ဟုတ်ပါသည်၊ ထို အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက်ကတော့ ကျနော် ကိုယ်တိုင်ပါပဲ။

------------------------------------

ခုတလော ခရီးတွေထွက်ခဲ့ရသည်၊ လုပ်ငန်းအားလုံးကိုလည်း စုပုံပြီး ဖြေရှင်းခဲ့ရသည်၊ သည့်အတွက် လူသည် စိတ်ရော ကိုယ်ရောပင်ပန်းလျှက် ရှိနေသည်၊

မိန်းမက မောင်ရေ စပါ (spa) သွားပါလားလို့ ကိုယ်ဖြစ်နေပုံကိုကြည့်ပြီး အကြံပေးလာသည်၊ ကိုယ်ယောက်ျား ဘာဖြစ်နေသည်ကို အလိုက်သိသော တော်လိုက်တဲ့ မိန်းမလို့ စိတ်ထဲက ချီးကျူးလိုက်သည်၊
ဒါပေမဲ့ ခက်နေပါပြီ၊
ဘန်ကောက်၊ စင်္ကာပူ၊ တိုင်ပေ၊ တိုကျို တို့မှာ စပါ (spa) ကို အကြိမ်ကြိမ် သွားရောက်ခဲ့ဘူးသည်၊ ကိုယ်နေတဲ့ မြို့မှတော့ စပါ (spa) ဘယ်ဆီရှိမှန်းမသိပါ၊ ကိုယ်ရဲ့ညံ့ဖျင်းချက်လည်း ဖြစ်နိုင်သလို၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေး သောကြောင့်လည်း ဖြစ်နိုင်ပါသည်၊ ဒါကလည်း ကြုံခဲ့ရတဲ့ လက်တွေ့ အခြေအနေတွေကြောင့်ပဲ ဖြစ်သည်၊ ဒါအပြင် လူတွေရဲ့ အမြင်တွေကြောင့်လည်း ဖြစ်နိုင်ပါသည်၊ စပါ (spa) ကို သွားတယ်၊ အနှိပ်ခန်းက ပြန်လာတယ်ဆိုရင် လူတွေရဲ့ အကြည့်က တစ်မျိုးဖြစ်လို့နေသည်၊ ဒါတွေကလည်း စပါ (spa) တို့ အနှိပ်ခန်းတို့ကို ဘန်းပြပြီး လုပ်စားကြသော လူတစ်ချို့ကြောင့် ဖြစ်ပါလိမ့်မည်၊ စပါ (spa)တို့ အနှိပ်ခန်းတို့ကို တရားဝင်ဖွင့်ခွင့်ပေးမပေး မသိပါ၊ ဒါပေမဲ့ ဖွင့်နေကြပါသည်၊ တကယ်တော့ အကြောဖြေချင်သူ အညောင်းဖြေချင်သူ စိတ်အပန်းဖြေလိုသူတွေ Relax, Refresh တွေလုပ်ချင်နေသူတွေ အတွက် လိုအပ်နေသည် မဟုတ်ပါလား။

“ဘယ်က စပါ (spa) ကို သွားမှာလဲ”၊ မိန်းမကို မေးလိုက်သည်၊
‘စုံစမ်းလိုက်ရင် ရပါတယ် မောင်ရယ်’ ဆိုတဲ့အဖြေနဲ့အတူ မိန်းမကတော့ စပါ (spa) သွားရေးကို စတင် လုပ်ဆောင်နေပါပြီ၊ အမေ ရော မင်းရော သွားလို့ရတဲ့ စပါ (spa) ကို ရှာပါလို့၊ လိုလိုမယ်မယ် ပြောလိုက်သည်၊
မကြာခင်မှာပဲ “တွေ့ပြီ မောင်ရေ မြို့ထဲ ဘုရားသွားတဲ့လမ်းမှာပဲ၊ အမေ ကိုမေးပြီး ကျမ အချိန်ကို တောင်းလိုက်တော့မယ်”၊ ဒီလိုနဲ့ ကျနော်တို့ ဒီညနေ စပါ(spa) သွားဖြစ်တော့မှာပါ၊ ကိုယ်နိုင်ငံမှာ ကျနော် ပထမဦးဆုံးအကြိမ် စပါ(spa) သွားဘူးခြင်းဖြစ်ပါလိမ့်မည်။
မြို့ထဲမှာ ရှိတဲ့ စပါ (spa) ကို နေ့လယ် ၂နာရီခွဲ အရောက်သွားရမည် ဖြစ်သည်၊ လမ်းမှာကားကြပ်နိုင်၍ နေ့လယ်တစ်နာရီလောက် အိမ်ကထွက်ဖြစ်ကြသည်၊ မိန်းမက စီစဉ်ထားသည့် အတွက် သူနောက်ကိုပဲ လိုက်ရန် ဆုံးဖြတ်ထားသည်၊ ဘယ် စပါ(spa) လည်း ဆိုတာလဲ မမေးမိပါ၊ အမေသည်လည်း ဘန်ကောက်တို့ စင်္ကာပူတို့တွင် စပါ (spa)ကို သွားဘူးသဖြင့် သူ့အတွက် မစိမ်းပါ၊ တကယ်တော့ ကျနော်တို့ သုံးယောက်လုံးသည် ကိုယ်နိုင်ငံမှာ ပထမဦးဆုံးအကြိမ် စပါ(spa) သွားကြခြင်းဖြစ်ပါသည်။

စပါ(spa) ကို ရောက်သွားသောအခါ ဝင်လိုက်သည်နဲ့ ကောင်မလေး တစ်ယောက်က လာကြိုသည်၊ appointment ယူထားသလားလို့မေးသည်၊ မိန်းမက ယူထားကြောင်းနဲ့ သူ့နာမည်ကို ပြောလိုက်သည်၊ ခဏစောင့်ပါ ဆိုပြီး ဆိုဖါတွေမှာ ကျနော်တို့ကို ထိုင်ခိုင်းထားသည်၊ ထိုင်စောင့်ရင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့် လိုက်သည်၊ အပြင်ခန်းကို ကြည့်တော့ အပြင်အဆင်က ယိုးဒယားက အနှိပ်ခန်းတွေနဲ့တူသည်၊ အထဲမှာတော့ ဝင်မကြည့်ရ၍ မသိရသေးပါ။

များမကြာမီ ပိုင်ရှင် ဖြစ်ဟန်တူသော အမျိုးသမီးတစ်ယောက် ထွက်လာသည်၊ အသက်သုံးဆယ်ကျော် လေးဆယ်နီးပါး ဖြစ်နိုင်သည်၊ ဝတ်စားထားပုံကတော့ ခေတ်မှီ စမတ်ကြသည်၊ ထိုအချိန်တွင် ကျနော်တို့ကို ဂရင်းတီး နွေးနွေးလေး လာတိုက်သည်၊ ပိုင်ရှင်အမျိုးသမီးသည် ကျနော့်မိန်းမကို spa package တွေ အကြောင်းရှင်းပြနေသည်၊ တကယ်တော့ ရောင်းချနေခြင်းဖြစ်ပါသည်၊ ကျနော်ကတော့ ကျနော်ဘာလုပ်ချင်သည်ကို မိန်းမကို ပြောထားပြီး၍ စောင့်၍ပဲနေလိုက်ပါသည်၊ ခဏနေကြတော့ ‘မောင်ရေ ကျမတို့ နှစ်ယောက်အတွက်တော့ သုံးမျိုးပေါင်း၊ အမေ့အတွက်ကတော့ အကြောဖြေ တစ်မျိုးပဲ ယူလိုက်တယ်၊ သူတို့လာခေါ်လိမ့်မယ်’ ဆိုလာပါသည်၊ ကျနော်ကတော့ အဆင်ပြေသလိုပေါ့လို့ ပြန်ပြောလိုက်မိသည်။

ခဏနေကြာတော့ ဝတ်စုံပြည့်ကောင်မလေး တစ်ယောက်ရောက်လာပါသည်၊ ကျနော်တို့ကို spa အဝတ်အစားတွေလဲရန်ပေးပါသည်၊ ကျနော်တို့အသီးသီး အခန်းထဲ ဝင်လဲပြီးသောအခါ၊ ကျနော့်မိန်းမအတွက် အခန်းသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ကောင်မလေးက သူနှင့်လိုက်ခဲ့ရန်ပြောသည်၊ ကျနော်နဲ့ အမေကို ဆယ်ငါးမိနစ်လောက် စောင့်ပါလို့ဆိုသည်၊ တဆက်ထဲမှာပင် အမေနှင့် မိန်းမက အောက်ထပ် အခန်းတွေမှာဖြစ်ပြီး၊ ကျနော့်အတွက်တော့ အပေါ်ထပ်အခန်းမှာလို့ဆိုသည်၊ အမေ့အတွက် အကြောဖြေတာက တစ်နာရီပဲဖြစ်သည်၊ ကျနော်တို့ နှစ်ယောက်ကတော့ နှစ်နာရီကျော်ကျော် ကြာမည်ဖြစ်သည်လို့ ဆိုသည်၊ ဒီလိုနဲ့ မိန်းမကတော့ ပြုံးပြုံးလေးနဲ့ ကောင်မလေးနောက်သို့် လိုက်သွားတော့သည်။

ကျနော်တို့ စောင့်နေတုန်း ပိုင်ရှင်အမျိုးသမီးထွက်လာပြီး ဒီနေ့မှ အခန်းတွေပြည့်နေလို့ ခုလိုစောင့်ပေးနေတာ ကျေးဇူးတင်ပါတယ်လို့ ဆိုပြီး ရုံးခန်းထဲသို့ ပြန်ဝင်သွားသည်၊ စောင့်နေတဲ့အခန်းမှာတော့ ကျနော်တို့ရယ် ဧည့်ကြိုကောင်မလေးရယ်ပဲရှိသည်၊ အခန်းတစ်ခုလုံးကတော့ ငြိမ့်ညောင်းသော တေးသံဖြင့် ဖုံးလွှမ်းလျှက် ရှိပါသည်၊ ခဏနေကြာ ကျနော်စိတ်ထဲမှာ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့တစ်ခုကို ရရှိလိုက်သည်၊ ထိုအချိန်မှာ အပေါ်ထပ်မှ အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး တစ်ယောက် ဆင်းလာပါသည်၊ ထိုနောက် အလွန်ယဉ်ကျေးပျူငှာစွာဖြင့် ကျနော်ကို အပေါ်ထပ်ကို လိုက်ခဲ့ဖို့ ခေါ်ပါသည်၊ ကျနော်လည်း အမေကို သားအပေါ်ထပ် လိုက်သွားလိုက်ဦးမယ် ဆိုပြီး ကျနော်လိုက်သွားခဲ့သည်၊ အမေက အမေအရင်ပြီးလို့ရှိရင် ဒီမှာပဲ သားကိုစောင့်နေမယ်လေ ဆိုပြီး ကျန်ရစ်ခဲ့ပါသည်။

………………………………………

အစိမ်းရောင် ဝမ်းဆက်နဲ့ ဆံပင်ရှည်ရှည် ကောင်မလေး နောက်သို့ လိုက်ရင်း အပေါ်ထပ်ကို ရောက်လာတော့သည်၊ လှေခါးထိပ်အဝမှာပင် ခါးတောင်းကျိုက်ထားသော ကောင်လေးတစ်ယောက်နဲ့ ထမိန်ရင်ရှားပုံစံ ဝတ်ထားသော ကောင်မလေး တစ်ယောက်တို့က ခရီးဦးကြိုဆိုသလို လက်ကလေးတွေနဲ့ ကျနော်သွားရမည့် နေရာကို ညွှန်ပြနေပါသည်၊ အစိမ်းရောင် ကောင်မလေးက အခန်းတစ်ခုကိုပြရင်း ဒီအခန်းထဲက စောင့်နေပါဆိုပြီး ခေါင်းလေးငြိမ့်ကာ တရိုတသေ ထွက်သွားသည်၊ ကျနော်လည်း အခန်းထဲသို့ ဝင်လိုက်ပါသည်။


အခန်းတစ်ခုလုံးသည် အေးစိမ့်နေပါသည်၊ ဖယောင်းတိုင် တစ်တိုင်အားထက် တစ်ဝက်နည်းသော အလင်းရောင် ရှိသည်၊ အခန်းအလယ်တွင် ခုတင်တစ်လုံးရှိနေသည်၊ ကုတင်သည် ကတ္တီပါ အပြည့်ခင်းထားပါသည်၊ ကတ္တီပါ စွတ်ထားသော ခေါင်းအုံးတစ်လုံးလည်း ရှိပါသည်၊ စပါ(spa) တို့ ထုံးစံအတိုင်း ခုတင်ပေါ်တွင် မှောက်လျက်အိပ်ကာ စောင့်နေပါသည်၊ အလွန်သာယာဖွယ်ရှိသော အမွေးရနံ့သည် အခန်းထဲမှာ ခုနကထက်ပိုပါသည်၊ တေးသံကလည်း တကယ့် ရေစီးဆင်းနေသလို အေးငြိမ့်နေပါသည်၊ အကြောမဖြေရခင်မှာပင် တစ်ဝက်လောက်ပြေလို့ နေပါပြီ၊ ကိုယ့်လူမျိုးတွေရဲ့ ဆားဗစ်ကို အထင်သေးသော ကျနော်သည် ဒီမှာတွေ့ရတာတွေက တခြားစီဖြစ်လို့ နေပါသည်၊ ဒီအချိန်မှာပဲ ထူးခြားသော အမွေးရနံ့ တစ်ခုကို ထပ်ရလိုက်ပါသည်၊ တစ်ချိန်ထဲမှာပင် ‘မောင်တော် နှမတော် စပြီးပြုစုပါရစေ’ ဆိုတဲ့ သာယာစရာအကောင်းဆုံး အသံကိုကြားလိုက်ရပါသည်၊ ရပါတယ် ရပါတယ်လို့ ပြောပြီး စဉ်းစားလိုက်မိသည်၊ ဒီ စပါ(spa)က သူ့ဝန်ထမ်းတွေကို ဆားဗစ်ကို တော်တော် လေ့ကျင့်ပေးထားတာပဲ၊ လာတဲ့ customer ကို မောင်တော်တို့ အစ်ကိုယ်တော်တို့ အစ်မတော်တွေ ခေါ်ခိုင်းထားတယ်လို့ ဖြစ်ပါသည်၊ သူမကတော့ ကျနော့်ကို ဆီမွှေးနံ့သာတွေ လိမ်းပေးကာ အကြောတွေ စဖြေနေပါပြီ။

ကျနော်သေချာ ကြည့်လိုက်မိသည် ကျနော့်ကို အကြောဖြေပေးနေသော အမျိုးသမီးသည် ရွှေဝါရောင် ဝမ်းဆက်ကို ဝတ်ထားသော်လည်း ဒီဇိုင်းက အဆန်းဖြစ်သည်၊ ထမိန်ရင်ရှားပုံစံဖြစ်သော်လည်း အစိမ်းရောင် အထက်ဆင်က ကြီးမားကာ ဗိုက်ကစပြီး ရင်ကိုဖုံးစေသည်၊ ရွှေဝါရောင်ပုဝါကို ခြုံထားသည်မှာလည်း ဘယ်လိုလှုပ်ရှား လှုပ်ရှား ပုဝါသည် မကျပေ၊ ခဏအတွင်းမှာပင် အညောင်းအညာတို့သည် ယူပစ်သလို ပျောက်သွားခဲ့သည်၊ ‘အဆင်ပြေပါရဲ့လား မောင်တော်’လို့ သူမေးလာသည်၊ ကျနော်က အလိုက်သင့်ပင် ခေါင်းထဲမှာ stress တွေများနေလို့ ဆိုပြီး ဖြေလိုက်မိသည်၊ နှမတော် ဖြေပေးပါမယ် မောင်တော်လို့ ဆိုသည်၊ ထိုနောက် ကျနော်ကို တင်ပလ္လင်ခွေ ထိုင်ခိုင်းလိုက်သည်၊ သူမသည် ဒူးထောက်ခါ ကျနော်ရှေ့မှာနေသည်၊ သူမမျက်နှာကို ခုမှကြည့်မိပါသည်၊ အလွန်တစ်ရာမှ ကျက်သရေရှိလှသည်၊ နောက်ပြီး သူမ၏ သန့်ရှင်းလှပသော အပြုံးတို့ကို တွေ့လိုက်ရလေသည်။

‘မောင်တော် မျက်စေ့လေးမှိတ်ပြီး ကျမ ပြောတာတွေ စိတ်ထဲကနားထောင်၊ မောင်တော်ရဲ့ အပူအပင်အမောတွေ ပျောက်သွားရလိ့မ်မယ်’၊ ‘ကဲ မျက်စေ့လေးမှိတ်လိုက်’ ဆိုပြီး ကျနော်ရဲ့ နားထင်လေးကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါသည်၊ ပြီးနောက်နဖူး၊ နောက်ဆံပင်လေးတွေကို လက်ချောင်းလေးတွေနဲ့ ပွတ်ပေးပါတော့သည်၊ အလွန်ညှင်သာသော ထိတွေ့မှုပါပဲ၊ တကယ်ပါ ဒီလိုမျိုး ကျနော် ပထမဦးဆုံး အကြိမ် ခံစားဘူးခြင်းဖြစ်ပါသည်၊
‘မောင်တော်’
‘နှမတော် မောင်တော်ကို အရင်တုန်းက တစ်ဝကြီး မပြုစုပေးလိုက်ရဘူး ခုမှပြုစုရမှာပါ၊ အဲဒီစိတ်က နှမတော်ကို အစွဲအလန်းကြီးစေခဲ့ပါတယ် မောင်တော်’
‘ခုတစ်ဝကြီှးပြုစုပါရစေ မောင်တော်’
ကျနော်ကတော့ သူမ ပြောနေတာတွေကို သိပ်မသိတော့၊ သေချာတာကတော့ ဒီကို ကျနော် ပထမဦးဆုံးအကြိမ် လာဖူးခြင်းဖြစ်သည်၊ ဒီကောင်မလေး လူမှားနေတာဖြစ်နိုင်သည်လို့ တွေးလိုက်မိသည်၊ ပြီးနောက် အထိအတွေ့က ကျနော့်ကို ဖမ်းစားသွားသည်၊ သူမ ပြောနေသည့် စကားတွေထဲတွင် နားထောင်ရင်း မျောပါသွားခဲ့ပါပြီ။

မောင်တော် နှမတော်တို့ ရွှေတိဂုံ ဘုရား သွားဖူးရအောင်လေ၊ နှမတော်တို့ ဖူးခဲ့ဘူးကြတယ်လေ၊
ကျနော်သည် ရွှေတိဂုံ ဘုရားကို သွားနေသည်လို့ ခံစားလိုက်ရသည်၊
ဒီမုဒ်ဦးကို မှတ်ထားနော် မောင်တော် ဒီဘက်မှာ မယ်တော်ကြီး နန်းရှိတယ် မောင်တော်ရောက်လို့ရှိရင် ဝင်ပြီးကန်တော့ပေါ့၊ အရိုသေ ပေးတဲ့ သဘောပေါ့၊
ဒီလိုနဲ့ ကျနော်တို့ နှစ်ယောက် ရွှေတိဂုံဘုရား ပတ်ကြသည်၊ သူမသည် ကျနော်ကို အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုထဲက ဘုရားတို့ကို ဖူးစေခဲ့သည်၊ နောင်ရောက်လျှင်လည်း ဖူးရန်မှာလေသည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ မောင်တော် နောင်အခက်အခဲတွေ ရှိခဲ့လျှင် ဒီစေတီလေးမှာ လာဆုတောင်းပါလို့ ဆိုသည်၊ ခုမှ သတိထားမိသည် ကျနော်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည်၊ နောက်ပြီး ဘုရားပေါ်တွင် လူရှင်းနေသည်လို့ ထင်နေမိသည်၊

ဒီလိုနဲ့ ကျနော်တို့ စေတီလေးနှစ်ဆူကြား ရောက်ခဲ့ကြသည်၊ ကွက်လပ်ကလေးရှိသည်၊
လာ မောင်တော် နှမတော်တို့ ဒီနေရာကနေ ဘုရားကို အာရုံပြုကြရအောင်၊ ကျနော်ထိုင်လိုက်သည် ထိုနေရာလေးသည် ရွှေတိဂုံစေတီ တစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း ဖူးမြင်ရသည်ကို တွေ့ရလေသည်၊
ဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ် မောင်တော်
အဲဒီ ဆည်းလည်းသံတွေကို အာရုံပြုလိုက်ပါ မောင်တော်
မောင်တော်ရဲ့ စိတ်မော လူမော ရင်မောတွေ ပျောက်သွားပါလိမ့်မယ်၊
အာရုံပြုထားသော ဆည်းလည်းသံတွေ တိုးတိတ်သွားချိန် မှာတော့၊
မောင်တော်ကို နှမတော် ပြုစုလို့ ဝခဲ့ပါပြီ၊ မောင်တော် ရေချိုးသန့်စင်ပြီး ပြန်ဆင်းလို့ရပါပြီ၊
ဆိုပြီး ကျနော်ကို ရေချိုးခန်းသို့ ပြပေးပါသည်၊ ကျနော်လည်း ပြန်ဆုံကြသေးတာပေါ့လို့ ပြောပြီး ရေချိုးခန်းထဲသို့ ဝင်လိုက်ပါသည်။

---------------------------------

ရေချိုးပြီးသောအခါ ကျနော်သည် တကယ်ကို တက်ကြွလန်းဆန်းလို့နေပါသည်၊ စိတ်သစ်လူသစ်ကဲ့သို့ ဖြစ်လို့နေပါသည်၊ တကယ့် Refresh ဖြစ်လို့သွားခဲ့ပါသည်၊ ဒီလိုနဲ့ ကျနော်အောက်ထပ်ကို ပြန်ဆင်းခဲ့ပါသည်၊ လှေခါး အဝတွင် အရင်လို ကြိုဆိုနေသော ကောင်လေးနှင့် ကောင်မလေးတွေကို မတွေ့ရတော့ပါ၊ ငြိမ့်ညောင်းသော တေးသံလည်း မကြားရတော့ပါ၊ အမွှေးရနံ့တို့လည်း ပြောင်းလဲလို့နေသည်၊ မိတ်ကပ် အလှဆီ အနံ့များသာ ရရှိလို့နေလေသည်။

ကျနော်အောက်ထပ်ကို ရောက်ခါနီး လှေခါးအဆုံးမှာ အလန့်တကြား အော်သံများကြားလိုက်ရသည်၊ လူတစ်ယောက် အပေါ်ထပ်ကဆင်းလာတယ်၊ ယောက်ျား တစ်ယောက် ဆင်းလာတယ် စသဖြင့် အော်နေကြသည်၊ ‘ရှင်ဘယ်သူလဲ ဒါမိန်းမသီးသန့် အလှပြင်တဲ့နေရာ ရှင်ဘယ်လို ဝင်လာသလဲ’၊ ကျနော်ကို ရပ်ကာ မေးတော့သည်၊ မိန်းမကြီးကြီးသုံးယောက်လောက်က ကျနော်ကို ဝိုင်းထားသည်၊ ကျနော်ကလည်း “ငါအားလုံးပြီးလို့ အဝတ်လဲဖို့ ပြန်လာတာလေ မင်းတို့ကဘယ်လိုလဲ ဘာတွေလာမေးနေတာလဲ”၊ ကျနော်ပြန်မေးလိုက်သည်၊ ကျနော် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ အခန်းတွေသည် လုံးဝပြောင်းလဲနေသည်၊ အမေစောင့်နေမည်ဆိုသော ဆိုဖါတွေလည်း မရှိတော့ပါ၊ ကျနော်ခုမှ လုံးဝအံ့အားသင့်ရပါတော့သည်၊ အားလုံးသည် ပြောင်းလဲလို့နေသည်၊ ကျနော်ဘယ်ကို ရောက်နေတာလဲ၊ လှေခါးကတော့ ဒီလှေခါးကြီးပဲဖြစ်သည်၊
ထိုသို့ ကျနော်စဉ်းစားနေချိန်တွင် အန်တီလာပြီဆိုသော အသံနှင့်အတူ မိန်းမကြီးတစ်ယောက်နဲ့ ကောင်မလေး နှစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်၊ သူတို့သည် ကျနော်ဘေးနားက ခွာပေးလိုက်သည်၊ အန်တီလို့ သူတို့ခေါ်သောမိန်းမကြီးကို ကျနော်မြင်ဘူးသလိုလိုဖြစ်နေသည်၊ ဟုတ်သည် စပါ(spa) ပိုင်ရှင်အမျိုးသမီးနဲ့ တော်တော်တူသည် အသက်ကြီးတာပဲ ကွာပါလိမ့်မည်၊ အန်တီလို့ခေါ်သောမိန်းမကြီးသည် ကျနော်ကိုကြည့်ပြီး တုန်လှုပ်နေသည်၊ ‘မင်း မင်း ရှင် ရှင်ဘယ်လိုပြန်ရောက် လာတာလဲ’၊ တုန်တုန်ရီရီနဲ့မေးသည်၊ အန်တီကြီး၏ တုန်တုန်ရီရီနှင့် မေးခွန်းတွေကြောင့် အားလုံးကြောင်၍ နေကြသည်၊ “ခုပဲကျနော် အားလုံးပြီးလို့ အပေါ်ထပ်က အဝတ်လဲဖို့ ပြန်ဆင်းလာတာလေ”၊ ‘မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး’ ‘ခုမှ ရှင်ပြန်ရောက်လာတာ၊ ဘယ်ကပြန်ရောက်လာတာလဲ’၊ ထိုသို့ပြောရင်း ကျနော်ကို သေချာသိုက်ကြည့်နေရင်း ထိုမိန်းမကြီးလဲကျသွားတော့သည်၊ အားလုံးက မိန်းမကြီးကို အာရုံဝိုင်းစိုက်နေကြတဲ့ အချိန်မှာ၊ ရှုပ်ရှုပ်ယှက်ယှက်နဲ့ ငါဘာသာ ဒီအတိုင်းပြန်တော့မယ် ကျန်တာတွေ မိန်းမကိုရှင်းခိုင်းမယ်ဆိုပြီး ကျနော် စပါ(spa) အပြင်သို့ ထွက်လာခဲ့သည်။

လမ်းမကိုရောက်သော အခါ ဘုရားလမ်းသည် ပြောင်းလဲလို့နေကြောင်း တွေ့ရသည်၊ လမ်းသည် သေသေသပ်သပ်နဲ့ ဖြစ်လို့နေသည်၊ လူတွေ မထူထပ်တော့ပါ၊ လူများ ကားများသည်လဲ အနည်းငယ် သစ်လွင်နေသည်ကို တွေ့ရသည်၊ ကျနော်မမြင်ဘူးသော ကားမော်ဒယ်များဖြစ်လို့နေသည်၊ အိမ်ကိုပြန်ချင်သော စိတ်ကြောင့် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်အားပါ၊ Taxi လို့ရေးထားသော ကားတစ်စီးကို တားလိုက်သောအခါ ရပ်ပေးသည်၊ ကားထဲဝင်လိုက်ပြီး အိမ်လိပ်စာကို ပြောလိုက်သည်၊ ကားသမားသည် ကျနော်ကို ဘာမှပြန်မပြောပဲ မောင်းလို့သွားသည်၊ ဒီ Taxi မျိုးကို ကျနော်တစ်ခါမှ မစီးဘူးပါ အဆင့်မြင့်ပါသည်၊ ကျနော်ဝတ်လာသော စပါ(spa)က အဝတ်အစားကိုလည်း ယာဉ်မောင်းကဘာမှ မပြောပါ၊ စဉ်းစားနေရင်းနဲ့ပင် Taxi သည် အိမ်ပေါက်ဝသို့ ရောက်လာလေသည်၊ ကျနော်က ခဏနေဦး ကျနော်ကားခ တောင်းပေးမယ်ဆိုပြီး အိမ်ထဲသို့ “မချိုရေ မချိုရေ ဒီမှာ ကားခလာပေးပေးဦး” လှမ်းပြောလိုက်သည်၊

ထိုအခါ အိမ်ထဲက ကျနော် မသိသော မိန်းမကြီးတစ်ယောက် ထွက်လာသည်၊ ကျနော်ကို မြင်တော့ အမယ်လေးတော့ ဆိုပြီးလန့်အော်သည်၊ ဘာအော်တာလဲ ကားခပေးလိုက်ဆိုပြီး ပြန်အော်လိုက်မိသည်၊ မိန်းမကြီးလည်း ကြောက်လန့်သော ပုံစံဖြင့် ကားခသွားပေးလေသည်၊ ပြီးနောက် ကျနော်အိမ်ထဲသို့ဝင်နေသည်ကို ရှေ့ကအတင်းဖြတ်က အိမ်ထဲသို့ ပြေးဝင်ရင်း ‘ဆရာပြန်ရောက်လာပြီ’ ‘ဆရာပြန်ရောက်လာပြီ’ အော်ကာနေလေတော့သည်။

ကျနော်သည် အိမ်ထဲသို့ ဝင်လာရင်း ဘယ်နှယ် ငါ့အိမ်က ဟောင်နွမ်းသွားပါလိမ့်၊ ဆိုဖါအပါအဝင် ပရိဘောဂ တွေက အရောင်မှိန်လို့နေပါသည်၊ ထိုအချိန်တွင် လူငါးယောက်လောက် ဧည့်ခန်းထဲ ထွက်လာပြီး အံ့သြသော တုန်လှုပ်သော မျက်နာတွေနဲ့ ကျနော်ကို ကြည့်လို့နေသည်၊ ကျနော်လည်း သူတို့ကို တစ်ယောက်ချင်း လိုက်ကြည့်လိုက်မိသည်၊ ခင်ဗျား ကိုစိုးဝင်း မဟုတ်လား၊ မိန်းမကြီးကို ခင်ဗျားက မချို၊ နောက်တစ်ယောက်ကြတော့ နွယ်နီ သူတို့ကို ကျနော်မှတ်မိသွားသည်၊ “ခင်ဗျားတို့ ဘာလို့အသက်တွေ ကြီးသွားကြတာလဲ” ကျနော်မေးလိုက်မိသည်၊ ခင်ဗျာ ရှင်ဆိုပြီး အံ့သြသံတွေကြားရသည်၊ ဆရာထွက်သွားတာ အနှစ်နှစ်ဆယ် ရှိပြီလေ၊ ဗျာ ကျနော် အလန့်တကြားအော်လိုက်မိသည်၊ ဘယ်လိုဘာ ကျနော် ပြန်မေးလိုက်သည်၊
‘ဟုတ်တယ် ဆရာ၊ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဆရာ စပါ ဆိုတာသွားပြီး အပေါ်ထပ်တက်သွားတာ ပြန်မဆင်းလာပဲ ပျောက်သွားခဲ့တယ်’၊
“ဟာ မဟုတ်တာ”ဆိုပြီး ကျနော် အနီးနားက မှန်ထဲ ကျနော်ကိုယ်ကျနော် ပြေးကြည့်လိုက်သည်၊ ကျနော်သည် ဘာမှ မပြောင်းလဲပါ အရင်အတိုင်းအသက် သုံးဆယ် မပြည့်သေးတဲ့ အရွယ်ပါပဲ၊ ‘ဟုတ်တယ် ဆရာရုပ်က ဘာမှမပြောင်းလဲလို့ ကျမတို့က သရဲထင်ပြီး လန့်နေတာ’လို့ မချိုကဆိုသည်၊ “ဒါဆို အမေနဲ့ မီမီရော”၊ မီမီက ကျနော်မိန်းမဖြစ်သည်၊ မချိုက
‘အမေကြီးအခန်းထဲမှာရှိတယ် လာကြ လာကြ အမေကြီးဆီသွားရအောင် အမေကြီးတအားဝမ်းသာသွားမှာပဲ’၊
‘ဘယ်သူတွေဘာပြောပြော အမေကြီးက ငါ့သားတစ်နေ့ပြန်လာမှာ ဆိုပြီး ဆရာကို စောင့်နေတယ်၊ နေ့တိုင်နည်းပါးပါပဲ စပါဖွင့်ခဲ့တဲ့အိမ်နားသွားပြီး ဆရာကိုသွားရှာခဲ့သည်၊ ဆရာစိတ်နဲ့ အမေကြီးနှလုံးရောဂါ ရသွားခဲ့တယ်လေ၊’
‘ရောဂါက တော်တော်ဆိုးဝါးခဲ့တယ်၊ လွန်ခဲ့တဲ့၂နှစ်လောက်က ဆေးကျောင်းသူ ကလေးမလေးတစ်ယောက်နဲ့ စပါဖွင့်ခဲ့တဲ့အိမ်နားမှာ အမေကြီးတွေ့ခဲ့ရပြီး အဲဒီကလေးမလေးက အမေကြီးကို လာပြီးပြုစုခဲ့တယ်၊ ဒါနဲ့ တဖြည်းဖြည်း အမေကြီးရောဂါသိသိသာသာ သက်သာလာပြီး တရားတွေအားထုတ်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ရောဂါအခံတော့ ရှိနေပါသေးတယ်၊ အမေကြီးက အရင် မချိုနေတဲ့ အခန်းထဲမှာနေတယ်လေ’၊ ကျနော်တို့အခန်းဝရောက်တဲ့ အချိန်မှာတော့ ကိုစိုးဝင်းတို့ အမေအခန်းထဲရောက်လို့နေပါသည်၊ ‘ငါ့သားပြန်ရောက်လာပြီ မဟုတ်လား ငါ အသံကြားရတယ်’ ဆိုတဲ့ အမေ့အသံကို ကျနော်အခန်းဝက ကြားနေရသည်၊ အမေ အသံသည် အရင်အတိုင်း မပြောင်းလဲသေးပါ။

----------------------------------

အမေက ကျနော်ကိုဖက်၍ ငိုသောအခါ ကျနော်လည်း ငိုမိပါသည်၊ အမေသည် တကယ့် အဖွားကြီး တစ်ယောက်လိုဖြစ်သွားပါပြီ၊ အမေနဲ့သားတို့ကြားတွင် အသက်တွေ အရွယ်တွေကို သတိမပြုနိုင်အားပါ၊ အမေနဲ့သားတို့ရဲ့ အလွမ်းသည်မှုသည် နှစ်နာရီလောက်ကြာခဲ့လေသည်၊ ပြီးနောက် အမေသည် ကျနော်နဲ့အတူ အိမ်ရှေ့သို့ ထွက်လာခဲ့သည်၊ အိမ်ရှိ လူအားလုံးတို့သည်လည်း အိမ်ရှေ့ဧည့်ခန်းသို့ ရောက်ရှိလို့နေပါသည်၊


အမေသည် ကျနော့်မျက်နှာကို တစိမ့်စိမ့်ကြည့်၍ နေသည်၊ “အမေ သားဘယ်ကိုမှ မသွားဘူးအမေ၊ သားအပေါ်ထပ်တက်ပြီး ပြန်အဆင်းမှာ အားလုံးဟာ ပြောင်းလဲနေတယ် အမေ”၊
“ယုံပါအမေရယ်” “ယုံပါအမေရယ်”၊ ကျနော် တုန်တုန်ရီရီနဲ့ အမေ့ကိုပြောလို့နေပါသည်၊
အမေယုံပါတယ် သားရယ်၊ ဒါကြောင့် ငါ့သားပြန်ရောက်လာမယ် ဆိုတဲ့ ယုံကြည်မှုဟာ အမေဆီမှာ အမြဲရှိခဲ့တာပေါ့၊

ဒါပေမဲ့ သားရယ်၊ သားအပေါ်ထပ်တက် သွားခဲ့တာ အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ တကယ့်ကို အနှစ်၂၀ကျော်ကြာခဲ့ပါတယ်၊ ငါ့သားလည်း ယုံပါ၊ အမေတို့ မချိုတို့ ကိုစိုးဝင်းတို့ ရုပ်တွေနဲ့ အသက်တွေကိုပဲကြည့်လေ၊ သားပြောသလို သားအပေါ်ထပ်တက်သွားနေတုန်း ဘာတွေဖြစ်ခဲ့သလည်း ဆိုတာ အမေပြောပြမယ်လေ၊ အမေသည် လက်ရှိဖြစ်နေတာကို ပကတိအခြေအနေလို့ ယူဆကာ ကျနော်ကို တည်ငြိမ်စွာဖြင့် ပြောပြပါတော့သည်။

ငါသား စပါအပြီးကို အမေရော သမီး မီမီပါ ဆိုဖါပေါ်မှာထိုင်ပြီးစောင့်နေခဲ့ပါတယ်၊ နှစ်နာရီလောက်ကြာတဲ့အထိပေါ့၊ သားပြန်မဆင်းလာတော့ တစ်ခုခုမှားနေပြီ ဆိုပြီးတော့ မီမီက ကောင်တာကို သွားမေးပါတယ်၊ သူတို့က အပေါ်ထပ်တက်ကြည့်ပေးပါတယ်၊ အပေါ်ထပ်မှာ သားမရှိတော့ဘူးလို့ပြောတယ်၊ ပိုင်ရှင်အမျိုးသမီးလည်း ဝင်ရှာတာပေါ့သားရယ်၊ သားကိုလုပ်ပေးရမဲ့ ကောင်မလေးက၊ သားမလာလို့ တခြားတစ်ယောက်ကို လုပ်ပေးလိုက်တယ်ဆိုတယ်၊ ဒီလိုပဲ တစ်ချို့သူတွေလို မစောင့်နိုင်လို့ ပြန်သွားကြတယ် ထင်လို့ပါလို့ ဆိုတယ်၊ စပါ(spa) တစ်ခုလုံးကတော့ ရှုပ်ယှက်ခတ်လို့သွားခဲ့ပါတယ်၊ မီမီကလည်း သေချာအောင် သားအိမ်ပြန်သွားလား ဆိုပြီး အိမ်ကိုဖုန်းဆက် ရှာခိုင်း၊ ကိုစိုးဝင်းတို့က သားပြန်မလာဘူးလို့ ရှာပြီးတော့ ဖြေကြတယ်၊ နောက် အဝတ်လဲခန်းက လော်ကာဘူးထဲမှာ သားအဝတ်အစား၊ နာရီ၊ ဖုန်း နှင့် ပိုက်ဆံအိတ် တွေက ဒီအတိုင်းရှိနေတုန်းပဲလေ၊ သား ဒီ စပါ(spa) ဝတ်စုံ တစ်ခုထဲနဲ့ အပြင်ကို ဘယ်လိုမှ မထွက်သွားနိုင်ဘူးပေါ့၊ မီမီက ပိုင်ရှင်တွေနဲ့ ငြင်းတော့တာပါပဲ။

ဒီနောက် သူတို့က သား အပေါ်ထပ် တက်မလာဘူးလို့ ဆိုကြပြန်တယ်၊ အမေက အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ်ကို တက်သွားတာလို့ ပြောရတာပေါ့၊ သားကို အစိမ်းရောင် ဝတ်ထားတဲ့ ကောင်မလေး လာခေါ်သွားတာလို့ ပြောတော့၊ အဲဒီမှာ သူတို့ကပြောတယ် သူတို့ဝန်ထမ်းတွေထဲမှာ ဘယ်သူမှ အစိမ်းရောင် မဝတ်ဘူးပေါ့၊ သေချာတာကတော့ အမေမျက်စိရှေ့မှာပဲ၊ သား အပေါ်ထပ် တက်သွားတာလို့ အမေလည်း ငြင်းတာပေါ့၊ အမေနှင့် သမီး မီမီတို့ အပေါ်ထပ် တစ်ခန်းပြီးတစ်ခန်း ဝင်ရှာပါတယ်၊ သားကို မတွေ့ရပါဘူး၊ နောက်ဆုံး အငြင်းအခုံတွေက ပိုပြီးပြင်းထန်လာတယ်၊ သူတို့က သား စပါ(spa) မလုပ်ပဲ၊ ဒီအတိုင်းပဲ ထွက်သွားတာလို့ ပြောတယ်၊ အမေတို့ကလည်း သား ဒီ စပါ(spa) မှာ ပျောက်နေတာ ဆိုပြီးတော့ပေါ့၊ ဒီလိုနဲ့ သမီး မီမီက နောက်ဆုံး ရဲကို အကြောင်းကြားလိုက်တယ်၊ ရဲတွေရောက်လာပြီး စစ်ကြမေးကြတာပေါ့၊ ရဲတွေလည်း စပါ(spa) တစ်ခုလုံးရှာ၊ အနံ့ခံ ခွေးတွေပါ ခေါ်ပြီး ရှာကြပါတယ်၊ ရှာလို့ မတွေ့ကြပါဘူး၊ သေချာတာ တစ်ခုက စပါ(spa)ရဲ့ တံခါးပေါက် CCTV မှတ်တမ်းထဲမှာ သားပြန်ထွက်သွားတာ လုံးဝ မရှိဘူးဆိုတာပေါ့။

ဒီလိုနဲ့ မေမေတို့လည်း အိမ်ပြန်ရောက်လာကြတယ်၊ မယုံနိုင်စရာကောင်းတဲ့ သားရဲ့ ပျောက်ဆုံးခြင်းပါပဲ၊ လူပျောက်ကလည်း သုံးရက်နေမှ အမှုဖွင့်လို့ရတယ်၊ စပါ(spa)ကိုလည်း ရဲတွေက ခဏပိတ်ခိုင်းလိုက်တယ်၊ နောက်ပိုင်း CID မှုခင်းရဲတွေတောင် စပါ(spa)ကို သွားထပ်ရှာကြသေးတယ်လို့ ဆိုတယ်သားရယ်၊ အမေလည်း နေ့တိုင်းနည်းပါး စပါ(spa)နားကို သွားပြီး သားပြန်အလာကို သွားစောင့်နေတာပေါ့၊ နောက်ပိုင်း စပါ(spa)လည်း ပိတ်သွားခဲ့တယ်၊ သမီး မီမီလည်း သားခုလို ရုတ်ခြည်းပျောက်သွားတော့ ဘယ်လိုခံစားရမလဲဆိုတာ သားပဲ တွေးကြည့်ပေါ့ကွယ်၊ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊ တစ်နှစ် နှစ်နှစ်၊ ရက်တွေကြာလာခဲ့ပါတယ်၊ သမီး မီမီလည်း သားရဲ့ လုပ်ငန်းတွေကို သူတတ်သလောက် ဆက်လက်လုပ်တာပေါ့၊ သူလုပ်နိုင်တာတွေကိုပေါ့၊ တစ်ချို့ လုပ်ငန်းတွေကိုတော့ ၊ အမေပဲ ရောင်းခိုင်းလိုက်ပါတယ်၊ နောက်ပိုင်း ကိုယ့်သား အတွက်နဲ့ သမီး မီမီကို မခံစားစေချင်တော့ဘူး၊ မနစ်နာစေချင်တော့ဘူး၊ သား ပျောက်သွားပြီး ဆယ်နှစ်ပြည့်ပြီးတာနဲ့၊ ရဲစခန်းကလည်း အမှုလာပိတ်တယ်၊ တဆက်တည်းမှာပဲ သမီး မီမီ အရွယ်ရှိတုန်း မေမေကိုယ်တိုင်ပဲ သူ့မိဘတွေ ရွေးချယ်ခဲ့တဲ့ သင့်တော်တဲ့ သူတစ်ယောက်နဲ့ အိမ်ထောင်ထပ်ပြုစေခဲ့ပါတယ်။

ရဲစခန်းအမှုကိုတော့ အမေမပိတ်ခဲ့ဘူး၊ သားလေးကို ရှာရင်း၊ သားလေး ပြန်အလာကို အမေစောင့်နေခဲ့တာပေါ့၊ နောက်ပိုင်း အမေ နှလုံးရောဂါ ရခဲ့တာလေ၊ ဒါပေမဲ့ အမေ ဘုရားလမ်းကို သွားပြီး သားရှာတော့ မပျက်ခဲ့ပါဘူး၊ တစ်နေ့ပေါ့ စပါ(spa) ဖွင့်ခဲ့တဲ့ အိမ်အနားမှာ အမေမူးလဲမလို ဖြစ်နေတုန်း၊ ကလေးမလေး တစ်ယောက်က အမေကို ကူညီခဲ့တယ်၊ အိမ်အထိ ပြန်လိုက်ပို့ပေးခဲ့တယ်၊ နောက်ပိုင်း အဲဒီ့ကလေးမလေးက အမေကိုခင်ပြီး အမေ့ကို လာလာပြုစုပေးတယ်၊ နောက်ပြီး ကလေးမလေးက ငယ်ပေမဲ့ အမေကို တရားဓမ္မတွေနဲ့ နီးစပ်စေခဲ့တာ၊ ဒီလိုနဲ့ အမေလည်း ရောဂါသက်သာလာပြီး တရားတွေလုပ်ဖြစ်ခဲ့တာပဲ၊ ကလေးမလေးကြောင့် ခုသားနဲ့ အမေကျန်းကျန်းမာမာပါ ပြန်တွေ့ရတာပါ၊ အဲဒါ ကလေးမလေးရဲ့ကျေးဇူးပေါ့သားရယ်၊

အမေ ပြောပြလို့ ဘာတွေဖြစ်ခဲ့တာဆိုတာ ကျနော်သိခဲ့ရပါသည်၊ ကျနော် ကလည်း အပေါ်ထပ်မှာ ကျနော့်ကို ပြုစုပေးတဲ့ အကြောင်း၊ ပြီးနောက် အောက်ထပ်ကို ဆင်းလာတဲ့ အကြောင်း ဒီထက် ကျနော်ပို၍ မပြော နိုင်ခဲ့ပါ၊ အကြောင်းစုံကို နားထောင်ပြီးတဲ့ နောက် မချိုတို့ကတော့ သူတို့အချင်းချင်း ကျနော့်ကို နတ်ဖွက်လိုက်တာ၊ နတ်ရေတွေချိုးလာလို့ ရုပ်နုနေတာလို့ မကြားတကြား တီးတိုးပြောနေကြပါသည်။
ကျနော် ပြန်ရောက်ရှိလာသော သတင်းသည် ပျံ့နှံ့သွားခဲ့ပါသည်၊ နောက်နေ့မှာ ရဲတပ်ဖွဲ့ ဝင်တွေရောက်လာပါသည်၊ စစ်ဆေးမေးမြန်းပြီး လက်ဗွေတွေနှိပ် မှတ်ချက်တွေ ယူပါသည်၊ ကျနော်သည် ကျနော်ဖြစ်ကြောင်း ထောက်ခံပေးကြပါသည်၊ ကျနော် အပေါ်ထပ်တက် ပျောက်သွားတုန်းက အမှုလိုက် အရာရှိလေးသည်၊ အခုတော့ ရဲမှုးကြီး ဖြစ်လို့နေပါပြီ၊

မီမီလည်း ရောက်လာပါသည်၊ သူ့အမျိုးသားလည်း ပါလာပါသည်၊ မီမီသည် မိန်းမကြီး တစ်ယောက် ဖြစ်လို့နေသည်၊ အသက် လေးဆယ်ကျော်သွားခဲ့ပြီကိုး၊ ကျနော်ကိုကြည့်ပြီး ပထမတော့ ငိုပါသည်၊ နောက်တော့ စကားတွေပြောဖြစ်ကြပါသည်၊ သူတွင် ရှစ်နှစ်အရွယ် သားလေးတစ်ယောက် ရှိလို့နေပါပြီ၊ ကံတရားသည် မီမီနှင့် ကျနော်ကို ဒီလောက်ပဲ ပေါင်းခွင့်ပေးခဲ့တာပဲလို့ ဆိုပြီး ကျနော် ဖြေယူရပါသည်။

ဆွေမျိုးသူငယ်ချင်းတွေ အသိမိတ်ဆွေတွေ အိမ်သို့ လာရောက်နူတ်ဆက်ကြသည်ကို လက်ခံရင်း ကျနော်အတွက် အချိန်တွေကို ကုန်စေခဲ့ပါသည်၊ ပြန်ရောက်ပြီးကတည်းက အပြင်ကို ကျနော် မထွက်ဖြစ်ခဲ့ပါ၊ အသိမိတ်ဆွေတို့သည် အနှစ်နှစ်ဆယ်ပျောက်ပြီး ပြန်ရောက်လာသူ ကျနော်ကို သူတို့နည်း သူတို့နားလည်မှုနဲ့ လက်ခံကြပါသည်၊ ကျနော်သည် အောက်ထပ်က စာကြည့်ခန်းကို ကျနော့်အခန်းအဖြစ်ပြောင်းလဲ နေထိုင်ပြီး၊ ကျနော်သည် ကျနော် အနှစ်နှစ်ဆယ် ပျောက်သွားသည် ဆိုခြင်းကို လက်ခံ၍ မရသေးပါ၊ ကျနော်အတွက်ကတော့ ကျနော်သည် အပေါ်ထပ်တက်ကာ ပြန်ဆင်းလာခြင်းပဲ မဟုတ်ပါလား။

-----------------------------

ဒီနေ့ထိ အပြင်သို့ မထွက်သေးသော ကျနော်ကို အမေသည် ရွှေတိဂုံဘုရားသွားဘို့ ခေါ်ပါသည်၊

ဒီနေ့ ဘုရားမှာ ကလေးမလေးနဲ့ အမေ ချိန်းထားတယ်သားရယ်၊ သားလဲလိုက်ခဲ့ပေါ့၊ အမေ့ကျေးဇူးရှင်လေးကို သားတွေ့ရတာပေါ့၊
စိတ်ထဲတွင် တိုက်တွန်းမှု တစ်စုံတစ်ရာ ရှိနေသည် အလား၊ အမေနှင့်အတူ ဘုရားသွားချင်စိတ်တွေ ဖြစ်ပေါ်လာသည်၊ ဒီလိုနဲ့ ကျနော်သည် အမေနှင့်အတူ ဘုရားလိုက်ဖြစ်ခဲ့သည်။

ကျနော်တို့ ဘုရားကို အရှေ့ဘက်မုဒ် ဓါတ်လှေခါးမှ တက်ဖြစ်ခဲ့သည်၊ ဓါတ်လှေခါး တံခါး အဆုံးမှာ ကျနော်တို့ အမေကကျေးဇူးရှင်လို့ ခေါ်တဲ့ ကလေးမလေးကို စောင့်ရပါသည်၊ ခဏနေကြာ ကလေးမလေး ရောက်လာပါသည်၊ လက်ထဲတွင် ကြာပန်းတွေနဲ့
ဒီနေ့အမေကြီးက ကြာပန်းလှူမယ်ပြောထားလို့ သမီးသွားဝယ်နေတာနဲ့ ကြာသွားတယ်၊ တော်တော် သွက်လက်သော ကလေးမလေးပဲ၊ ကလေးမလေးကို သေချာကြည့်လိုက်တော့ ကျနော် ရင်တွေခုန် တုန်တုန်ရီရီ ဖြစ်သွားရပါသည်၊ ‘သားရေ ဒါက နှင်းမိုးသူဇာတဲ့ အမေပြောတဲ့သူလေးပဲ’၊ ‘သမီးလေး ဒါက အမေသား ဇော်နိုင်ထက် ပြန်ရောက်လာတာ’၊ ‘ဝမ်းသာလိုက်တာ ကိုကြီးရယ်၊ နှင်းမိုးလေ အမေကြီးနဲ့အတူ ဆုတွေတောင်းလိုက်ရတာ၊ ခုလိုတွေ့ရတာ အရမ်းဝမ်းသာတာပဲ’ ဆိုပြီး ပြုံးပြီးတော့ ကျနော်ကို နုတ်ဆက်ပါသည်၊
‘ဟုတ်တယ်သားရေ၊ သားလေးအတွက် အမေဒီမှာ ဆုလာတောင်း၊ အဓိဋ္ဌာန်ပြီး ပုတီးစိတ် တရားထိုင်ရင် သမီးလေးပဲ လိုက်ပေးတာလေ’၊
‘သမီးလေးနှင်းမိုးရေ ဒီနေ့ အမေ အင်္ဂါဒေါင့်မှာ ဘုရားရိုခိုးပြီးရင် နောက်က ဇရပ်သွားပြီး တရားထိုင်လိုက်တော့မယ်၊ အဓိဋ္ဌာန်ပြီး ပုတီးတော့ သွား မစိတ်တော့ဘူး သားလေးပြန်ရောက်လို့ ပြည့်သွားပြီလေ၊ အနှစ်နှစ်ဆယ်လောက် ဘုရားပေါ် မရောက်တဲ့ သားကိုသာ ဘုရားတစ်ပတ် လိုက်ပို့ပေးလိုက်နော်’၊ ‘ဟုတ်ကဲ့ပါ အမေကြီး’၊

အမေသည် ဇရပ်တွင် တရားထိုင်ရန် နေခဲ့သည်၊ ကျနော်နဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးတို့ ဘုရားပတ်ဖြစ်ကြသည်၊ ကောင်မလေးကတော့ ဦးဆောင်သူပေါ့၊ ကောင်မလေး၏ အသက်သည် နှစ်ဆယ်လောက်ပဲရှိဦးမည်၊ ဆေးကျောင်းတက်နေသည် ပြောသည်၊ ‘အစ်ကိုကြီးကို ဓါတ်ပုံထဲမှာ တွေ့ဘူးကတည်းက အပြင်မှာ တွေ့ဖူးချင်နေတာ၊ ဓါတ်ပုံထဲမှာ အစ်ကိုကြီးကို မြင်လိုက်ကတည်းက သမီးစိတ်ထဲမှာ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်’၊ ကျနော်လည်း ဒီလိုပါပဲလို့ အလိုက်သင့် ပြန်ဖြေလိုက်သည်၊ ‘နှင်းမိုး ဖူးနေကြ ဘုရားတွေ အစ်ကိုကြီး ကိုလိုက်ပို့ပေးမယ်လေ’၊ ဒါဆိုလည်း ဖူးရတာပေါ့ ဆိုပြီး ကျနော်လည်း နှင်းမိုးသူဇာဆိုသော ကောင်မလေးနောက်ကို လိုက်ခဲ့မိသည်။

အောင်မြေ၏ အနောက်ဘက်၊ မဟာဗောဓိဘုရား၏ အနောက်ဘက်တို့ကို ခေါ်သွားခဲ့သည်၊ ထိုမှာရှိသော ဘုရားတို့ကို ဖူးကြသည်၊ ကျနော် သတိထားမိသည်မှာ ကျနော် နှင်းမိုးနဲ့အတူ လိုက်ဖူးခဲ့သော စေတီလေးများ၊ ဘုရားဆင်းတုတော်များတွင် နတ်ဘီလူးရုပ်ပုံတွေနဲ့ ရှိလို့နေသည် ကိုပဲဖြစ်သည်၊ နောက်ဆုံးစေတီလေး တစ်ဆူစီကို ရောက်လာသည်၊ စေတီပတ်လည်တွင် နတ်ဘီလူးရုပ်တွေ ဝိုင်းရံထားသည်၊ ‘ဒီစေတီလေးမှာ နှင်းမိုး အခက်အခဲတွေ တွေ့တိုင် လာဆုတောင်း နေကြလေ၊ အမေကြီးသား ဘေးမသီရန်မခ ပြန်ရောက်လာပါစေလို့လဲ ဆုတောင်းပေးခဲ့ဘူးပါတယ်’၊ ကျနော်စိတ်ထဲမှာ ဒီစေတီလေးကို တစ်စုံတစ်ယောက်နဲ့ လာဖူးဘူးသလိုပဲ မသေချာတဲ့ သဘောမျိုးနဲ့ပဲ ကျနော်သူကို ပြောလိုက်သည်၊ စိတ်ထဲမှာတော့ ငါတကယ်ဖူးခဲ့ဘူးတာပါ၊ စေတီလေးက မွမ်းမံပြင်ဆင်ထားတာကလွဲလို့ အားလုံး အတူတူပဲ၊ ဒီဘက်မှာ ဦးမောင်ဝိတ် ပြုပြင်မွမ်းမံသည်ဆိုတဲ့ကမုဒ်ပဲ ပိုလာတာ ပြောနေမိသည်။

‘နှင်းမိုးလေ ဟိုအထက်ပစ္စယံပေါ်က ဘုရားစေတီနှစ်ဆူနားက ရွှေတိဂုံ ဘုရားကြီးကို တကယ်ဖူးချင်တာပဲ၊ တက်လို့မရလို့ အဲဒီနေရာလေးကနေ ဘုရားထီးတော်နားက ခေါင်းလောင်း ဆည်းလည်းသံတွေကို ကြားရတယ်တဲ့၊ အစ်ကိုကြီး တက်လို့ရလျှင် သွားဖူးနော်၊ နှင်းမိုးအတွက်ပါ ဖူးခဲ့ပေးပါ’။
ဒီလိုနဲ့ နှင်းမိုးသူဇာဆိုသော ကောင်မလေးနဲ့ ကျနော်တို့သည် တစ်ပတ်တစ်ခါ ဘုရားဖူး ဖြစ်ကြပါသည်၊ ကျနော်တို့၏ ခင်မင်ရင်နှီးမှုသည်လည်း ဘုရားဖူးသည့် အဆင့်မှ ကျော်လွန်ခဲ့ပါသည်။

ကျနော်ပြောဘို့ မေ့ခဲ့ပါသည်၊
ယခု ကျနော်သည် အပေါ်ထပ်ဆိုသည့် အသံကိုကြားတာနဲ့ တုန်လှုပ်နေသူ တစ်ယောက် မဟုတ်တော့ပါ၊
နောက်ပြီး နှင်းမိုးသူဇာဆိုသော ကောင်မလေးသည်၊ အပေါ်ထပ်တွင် ကျနော်ကိုပြုစုပေးခဲသော အမျိုးသမီးနဲ့ ရုပ်ရည် အသံ အမှုအရာတို့ ချွတ်စွတ်နည်းပါး တူ၍နေပါသည် ဆိုသည်ကိုပါ။


ပြီးပါပြီ။

ကျေးဇူးတင်ပါသည်။

လောကကြီးတွင်၎င်း ၊ ကမ္ဘာပေါ်တွင်၎င်း၊ လက်တွေ့အရ၎င်း၊ နည်းပညာအရ၎င်း၊ မဖြစ်နိုင်သော၊ မယုံကြည်နိုင်သော၊ မရှိနိုင်သော အရာများသည်၊ ဖြစ်ခဲ့ကြသည်၊ ပေါ်ခဲ့ကြသည်၊ ရှိခဲ့ကြလေသည်၊ ရှေးခေတ် စာပေ များတွင်၎င်း၊ ဘာသာတရား ကျမ်းစာအုပ် များတွင်၎င်း၊ သမိုင်းမှတ်တမ်း များတွင်၎င်း၊
ဖေါ်ပြခဲ့ကြလေသည်၊ အမေရိကန် နိုင်ငံမှာတော့ ထိုမှတ်တမ်းများကို X file လို့ခေါ်လေသည်။

Thursday, January 23, 2014

ဟန်ကျို (Hangzhou) 杭州 သို့တစ်ခေါက်


နှင်းတွေကျနေသည်၊ အအေးဓါတ်က သုညဒီဂရီလောက်ရှိနိုင်သည်၊ မိုးလည်ရွာနိုင်သည်ဟု ဆိုသည်၊ ဒါကတော့ ကျနော် ဟန်ကျို (Hangzhou) ဆိုသောမြို့ကို သွားလည်မည်ဟု ပြောသောအခါ မိတ်ဆွေများက မှတ်ချက်ပေးခြင်းဖြစ်ပါသည်၊ ဘယ်လိုပဲဖြစ်ဖြစ် ရှန်ဟိုင်းရောက်ပြီး နှစ်ရက်တာ အားနေသောရက်တွေကို ဟန်ကျို မြို့သို့ သွားလည်ပတ်ချင်ပါသည်၊ အင်တာနက်ထဲတွင်လည်း
ဟန်ကျိုမြို့အကြောင်း အနည်းငယ် ဖတ်ကြည့်ပြီးဖြစ်သည်၊ နောက်ဆုံးတော့ သွားရောက် လည်ပတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဟန်ကျိုမြို့ကို သွားရောက်လည်ပတ်လိုခြင်း အဓိက အချက်မှာ တရုတ်ပြည်၏ ဗုဒ္ဓဘာသာ သမိုင်းဝင်မြို့တစ်မြို့ ဖြစ်နေသောကြောင့်ဖြစ်ပါသည်၊ ဟန်ကျိုသည် ကျုကျန်း Zhejiang ပြည်နယ်၏ မြို့တော်ဖြစ်သည်၊ တကယ်တော့ ဟန်ဆိုသည် လူဦးရေ ကိုးသန်းနီးပါးနေထိုင်သော မြို့ကြီးတစ်မြို့ ဖြစ်ပါသည်၊ ဟန်ကျိုသည် တရုတ်ပြည်၏ ရှေးကြသော မြို့တော်ကြီး ခုနှစ်ခုအနက် တစ်ခုဖြစ်သည်၊ သက်တမ်းနှစ်ပေါင်း ၅၀၀၀ ကျော်ပြီဖြစ်သည်၊ ယုဟန်မြို့ အဖြစ်ထင်ရှားခဲ့သည်၊ ဆောင်မင်းဆက်တွင် Song Dynasty ဟန်တရုတ်ပြည်၏ မြို့တော်ဖြစ်ခဲ့ဘူးသည်၊ ချင်တန်၊ လင်းအန် ဆိုပြီး အမည်အမျိုးမျိုးပြောင်းခဲ့သည်၊ ရှန်မင်းဆက်တွင် ဟန်ကျို杭州လို့ အမည်တွင်ခဲ့သည်၊ နှစ်ပေါင်း ၂၂၀၀ ကျော်ခဲ့ပြီဖြစ်သည်၊ ခုတော့ ယဉ်ကျေးမှု မြို့တော်ဖြစ်နေပါပြီ၊ ၂၀၀၈ ခုနှစ်နောက်ပိုင်း မြို့ပြ ဖွံဖြိုးမှု အထူးတိုးတက်ခဲ့သည်၊ ဒေသ၏ တရုတ်ရိုးရာ လက်မှုပညာများ၊ တရုတ်ရိုးရာ ဆေးပညာများ၊ တရုတ်ရိုးရာ ဗုဒ္ဓအနုပညာ၊ တရုတ်ရိုးရာ ကျောက်စိမ်း လက်မှုပညာများ၊ လက်ဖက်လုပ်ငန်း၊ ပိုးထည်လုပ်ငန်း၊ ကြွေထည်မြေထည် လုပ်ငန်းများသည် ထင်ရှားပေသည်။
တရုတ်ပြည်သို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိသော နေရာထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်၊ ဟန်ကျိုသည် ကွန်မြူနစ်စနစ် မတိုင်မှီအထိ ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၊ စေတီများ၊ ဘုန်းကြီးကျောင်းများဖြင့် ဗုဒ္ဓစာပေနှင့် အနုပညာများ ထွန်းကားခဲ့သည်၊ တရုတ်ပြည် တံခါးဖွင့်ဝါဒကျင့်သုံး ပြီးနောက် ဗုဒ္ဓစာပေနှင့် အနုပညာများ ပြန်လည် ထွန်းကားခဲ့သည်၊ ဘုန်းကြီးကျောင်းများကို ပြန်လည်ဖွင့်ခွင့် ပေးခဲ့သည်၊ ယနေ့အထိ အနောက်ပင်လယ်ရေကန် West Lake ပတ်ဝန်းကျင်တွင် ဘုရားကျောင်းများ၊ စေတီများ၊ ဘုန်းကြီးကျောင်းများ အများအပြား မြင်တွေ့နိုင်ပါသည်၊ မဟာတံတိုင်းကြီး Great Wall ကဲ့သို့ မဟာတူမြောင်းကြီး Grand Canal京杭大运河 တည်ရှိသည်၊ ပီကင်းမြို့သို့ ဆက်သွယ်ထားသည်၊ ကမ္ဘာကျော် ဗင်းနစ်မြို့သား မာကိုပိုလိုသည် ဟန်ကျိုမြို့ကြီးကို ရောက်ရှိခဲ့ဘူးသည်၊ ထိုအချိန်က ကမ္ဘာ့လူဦးရေ အများဆုံးမြို့အဖြစ် မှတ်တမ်းတင်ခဲ့သည်၊ တရုတ်ဂျူးများ စတင်အခြေချရာ နေရာလည်း ဖြစ်ခဲ့သည်။
အိန္ဒိယ ဗုဒ္ဓဘာသာ ရဟန်းတော်များနှင့် ဟင်ဒီဘုန်းကြီးများသည် ဟန်ကျိုတွင် လာရောက် နေထိုင်ခဲ့ဘူးသော သမိုင်း အထောက်အထားများ ရှိခဲ့သည်၊ ဟန်ကျိုမှ တရုတ် ဗုဒ္ဓဘာသာ ရဟန်းတော်များသည် အိန္ဒိယပြည် နာလန္ဒာ Nalanda နှင့် တခြားဘုန်းကြီးကျောင်းများတွင် သွားရောက် ပညာသင်ကြားခဲ့ကြသည်၊ ဟန်ကျိုမှတဆင့် ဂျပန်နှင့် ကိုရီးယားသို့ ဗုဒ္ဓဘာသာ ရောက်ရှိသွားသည်လို့ မှတ်တမ်းများနှင့် ပညာရှင်များကဆိုကြသည်၊ ဟန်ကျို လင်ရင်စု ဘုရားကျောင်းနှင့် ဘုရားဆင်းတု ပုံစံများသည်၊ ဂျပန်နှင့် ကိုရီးယားတို့မှာ ပုံစံနဲ့ အရမ်းတူညီပေသည်၊ ဂျပန်ပြည် နယားမြို့က ပထမဦးဆုံး ဂျပန် ဗုဒ္ဓဆင်းတုတော်သည် လက်ရှိ ဟန်ကျိုရှိ လင်ရင်စု ဘုရားကျောင်းက ဆင်းတုတော်ပုံနဲ့ တစ်ပုံစံထဲပင်ဖြစ်သည်။
ရှန်ဟိုင်းမှ ဟန်ကျိုသို့ bullet train နဲ့လိုက်ပါရသည်၊ guide ကဟော်တယ်ကနေ ဘူတာရုံထိလိုက်လာပြီး ရထားပေါ် တင်ပေးလိုက်သည်၊ ကျနော်နှင့်အတူ နောက်ထပ်လေးယောက် စုစုပေါင်း၅ယောက်ဖြစ်သည်၊ တစ်နာရီလောက်စီးပြီး ဟန်ကျိုသို့ရောက်သည်၊ နောက် guide တစ်ယောက် အဆင်သင့်စောင့်နေသည်၊ ကျနော်စီစဉ်ခဲ့သည်က personal private tour ဖြစ်သည်၊ ကိုယ်ကြိုက်ရာကို ရွေးချယ်သွားသော ခရီးစဉ်ဖြစ်ပါသည်၊ ဘူတာမှာလာကြိုသော guideက ကျနော်ကို ဗန်ကားလေးစီခေါ်သွားသည်၊ ခဏနေ အဖိုးကြီးနှင့်အဖွားကြီး လင်မယားနှစ်ယောက် ရောက်လာသည်၊ ကျနော်နှင့်အတူ သွားကြမဲ့သူများဖြစ်ပါသည်၊ စုစုပေါင်း ကျနော်တို့ သုံးယောက်ဖြစ်သည်၊ guide က ရှယ်လီဆိုသော အမျိုးသမီးဖြစ်သည်၊ အသက်သုံးဆယ်ကျော် ပဲရှိသေးသည်၊ အော်စီနဲ့ မလေးရှားတွင် နေထိုင်ခဲ့ဘူးသည် ဆိုသည်၊ အဖိုးကြီးနှင့်အဖွားကြီးက အမေရိကန်တွေဖြစ်သည်၊ တိဘက် ဗုဒ္ဓဘာသာကို လိုက်စားကြသူများဖြစ်သည် ကျနော်ရွေးသော ခရီးစဉ်အတိုင်း လိုက်ကြမည်သူများဖြစ်သည်
ကျနော်တို့၏ ခရီးကို West Lake နဲ့အစပြုလေသည်၊ သိုင်းစာအုပ်များတွင် အနောက်ပင်လယ်ကန်ကြီးဟု လူသိများသော West Lake 西湖 သည် ဟန်ကျို မြို့နဲ့ခွဲ မရပေ၊ အလွန်လှပသော ကြည့်စရာရှုခင်းများနှင့် မြို့၏ကျက်သရေဆောင်ဖြစ်သည်၊ ဘေးပတ်ဝန်းကျင်တွင် တောင်ကုန်း တောင်တန်းများ ပန်းခြံများ မြို့ပြအဆောက်အဦးများဖြင့် လှပတင့်တယ်စွာရှိသည်၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက West Lakeက ရေလယ်ကျွန်းကို မော်တော်ဘုတ်လေးဖြင့် ထွက်ခဲ့ကြသည်၊ အဖိုးကြီးတို့စုံတွဲက ဘေးတံခါးကို အနည်းငယ်ဖွင့်က ဓါတ်ပုံရိုက်လို့နေလေသည်၊ ကျနော်ကတော့ မှန်ထဲကပင် ဟိုကြည့်ဒီကြည့် ကြည့်လိုနေသည်၊ ရှယ်လီကလည်း ပါးစပ်က အဆက်မပြတ်ရှင်းပြလို့နေသည်၊ ရေလယ်ကျွန်းတွင် တွမ်ရှောင်လို့ခေါ်သော တံတားတစ်ခုရှိသည်၊ Broken Bridge လို့လဲခေါ်သည်၊ တံတားပေါ်လျှောက် ရှုခင်းတွေ ဓါတ်ပုံရိုက်ပြီး၊ တံတားဟိုဘက်ထိပ်ထိသွားရသည်၊ တံတားသည် ကွေ့ကွေ့ကောက်ကောက်နဲ့ ရှည်ပါသည်၊ တံတားကို ဖြောင့်ဖြောင့် မဖေါက်ရခြင်းမှာ သရဲတွေ မလိုက်နိုင်အောင်လို့ ဆိုသည်၊ တရုတ်သရဲတွေက ခုန်ဆွခုန်ဆွနဲ့ ဖြောင့်ဖြောင့်ပဲသွားလို့ရသည်လို့ ဆိုကြသည်၊ ဒီတံတားနဲ့ ဒီကန်ကြီးတွင် အဖြူရောင်မြွေနတ်သမီးဇာတ်လမ်း ခေတ်စားခဲ့ဘူးသည်ဟု ရှယ်လီကပြောပြပါသည်၊ တရုတ်ရိုးရာပုံပြင်များ၊ ရာဇဝင်နှင့် သိုင်းဇာတ်လမ်း အများအပြားသည် ဒီအနောက်ပင်လယ်ကန်ကြီးကို နောက်ခံထားခဲ့ကြသည်ဟု ဆိုပြန်သည်။
တံတားဟိုဘက်ထိပ်က ဘုတ်ပြန်စီးကာ ဆိပ်ကမ်းကိုပြန်လာပြီး ‘လီဖုန်တ’ Leifeng Temple ဘုရားကျောင်းကို ထွက်ခဲ့ကြသည်၊ ပြန်လည်ပြုပြင်ထားသော ရှေးဟောင်းဘုရားကျောင်းဖြစ်သည်၊ ထိုမှာ ရှိသော စကျင်ကျောက် ရုပ်ပွားတော်တစ်ဆူသည် မြန်မာပြည်က ဖြစ်နိုင်သည်ဟု ကျနော်ထင်မိသည်၊ အောက်ထပ်တွင် ပြခန်းနှင့်ဈေးဆိုင်လေးတွေရှိသည်၊ ဓါတ်လှေခါးဖြင့် အပေါ်တက်ပြီး ဟန်ကျိုမြို့ကြီးနဲ့ အနောက်ပင်လယ်ကန်ကြီးကို တစ်ဝကြီးကြည့်နိုင်သည်။
ထိုမှတဆင့် ‘ရုဝမ်ရှန်ဂုံရင်’လို့ခေါ်တဲ့ Jade Emperor Hill ကိုသွားခဲ့ကြသည်၊ ဘုရားကျောင်းတွေ အများကြီးပဲရှိသည်၊ ပိုးပြတိုက်လည်း အနားမှာရှိသည်၊ နာမည်ကြီး စားသောက်ဆိုင်များလည်း ရှိသည်၊ ညကြရင် ဒီနားက စားသောက်ဆိုင်ကို ငါပြန်ခေါ်လာမယ်ဆိုပြီး ရှယ်လီကပြောသည်၊ ယခုသွားသော နေရာများသည် အနောက်ပင်လယ်ကန်ကြီး၏ အနီးနား နေရာများဖြစ်ပါသည်။
နောက်တော့ ကျနော်တို့ လျှိုဟိုတ စေတီသို့ထွက်ခဲ့ကြသည်၊ ‘လျှိုဟိုတ’ 六和塔 ကို Liuhe Six Harmonies Pagoda လို့ကျော်ကြားသည်၊ ဘုံအဆင့်ဆင့်ဖြင့် ဆောက်ထားသော မန်ချူးပုံစံစေတီဖြစ်သည်၊ မရင်းမှာ ဟန်တရုတ်ပုံစံဖြစ်သောလည်း ပြည်တွင်းစစ်အတွင်း ပျက်စီးခဲ့သည်၊ မင်နှင့် ချင်မင်းဆက် နောက်ဆုံး မန်ချူးမင်းဆက်တွင် ပြန်လည်ပြုပြင်တည်ဆောက်ခဲ့သည်၊ ဗုဒ္ဓဘုရား၏ ၆မျိုးသော ordinances ကို ပေါင်းစည်းထားခြင်းဟု အဓိပ္ပါယ်ရသည်၊ တောင်ပေါ်သို့တက်ရသည်၊ လမ်းခရီးသည် အေးသောအချိန်ဖြစ်သောလည်း လက်ဖက်ခင်းများ စိုက်ခင်းများဖြင့် လှပပါသည်၊ ပန်းစိုက်ခင်းတစ်ခုတွင်ရပ်ကာ နေ့လည်စာ စားကြသည်၊ အချိန်က နေ့လည်စာနဲ့ ညနေစာ ပေါင်းစားသလိုဖြစ်နေသည်၊ အေးလွန်းလှ၍ ဘယ်သူမှ ပန်းခင်းထဲ လိုက်မကြည့်ကြပါ။
အပြန်တွင် ‘ဘိုချုတ’ Baochu Pagoda ကိုဝင်ပို့ပြန်သည်၊ ရှယ်လီသည် ကျနော်တို့ ဗုဒ္ဓဘုရားကျောင်းတွေ သွားချင်တယ်ဆို၍ ရှိသမျှ ဘုရားတွေ စေတီတွေ လိုက်ပြနေတာလား ကျနော်မသိပါ၊ ဟော်တယ်ကိုပို့ပေးပြီး ည ၆နာရီခွဲ လာခေါ်မည်ပြောသည်၊ တစ်ရေးအိပ်စရာ အချိန်မရတော့ပါ၊ ထိုညက အနောက်ပင်လယ်ကန်ကြီးဟု လူသိများသော West Lake ကန်ဘေးက ကမ္ဘာကျော် စားသောက်ဆိုင်ကြီးတွင် ကျနော်တို့ ညစာစားသောက်ခဲ့ကြသည်၊ West Lake၏ နာမည်ကြီး ဒိုကိုရုံ Dongpo ဝက်သား၊ ကြာဖက်နဲ့ထုပ်ထားသော ဝက်ထမင်း荷叶粉蒸肉အနောက်ပင်လယ်ကန် ငါးချိုချဉ်ကြော်၊ အော့ဖန်လို့ ခေါ်တဲ့ အနောက်ပင်လယ်ကြာစေ့ ပူတင်းတို့ကို West Lake ဝိုင် နဲ့ စားသောက်ဖြစ်ခဲ့သည်။
နောက်နေ့မှာတော့ အနည်းငယ်ဝေးသော ‘ဟုပေါင်မန့်ချွှင်’ Tiger Dreaming Spring သို့ထွက်လာခဲ့သည်၊ လမ်းတွင်မိုးတွေရွာလာသည်၊ မိုးရပ်သွားသောအခါ မိုးခဲတွေကျလာသည်၊ ရာသီဥတုအေးနေသောကြောင့် ဖြစ်သည်၊ တကယ်တော့ ရှေးတုန်းက ဘုန်းကြီး တစ်ပါး တရားထိုင်သော တောရ တစ်နေရာဖြစ်သည်၊ တစ်ခါသောအခါ ဒေသတစ်ခုလုံး မိုးခေါင်လေသည် ထိုဘုန်းကြီးက အဓိဋ္ဌာန်ပြီး ရေထွက်စေခဲ့သည်၊ ရေထွက်သာ နေရာသည် ကျားရှိသောနေရာဖြစ်သဖြင့် Tiger Spring ဟု ခေါ်သည် ဆိုသည်၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက ထိုနေရာလေးသည် အလွန်လှပပါသည်၊ ဘုန်းကြီးကျောင်းနဲ့ ဘုရားစေတီလေးရှိသည်၊ လမ်းတော်တော်လျှောက်ရသည်။
ထိုမှတဆင့် Dragon Well Tea Plantation သို့ ထွက်လာခဲ့ကြသည်၊ တော်တော်လေးသွားရပါသည်၊ အေးအေးချမ်းချမ်းထဲတွင် လိုက်ကြည့်ရင်း နေ့လ်စာ စားကြသည်၊ မိုးတွေမရွာရင် သိပ်ကောင်း သိပ်လှတဲ့နေရာပေါ့လို့ ရှယ်လီကပြောပါသည်၊ ဒီဒေသသည် တစ်နှစ်တွင် ရက်ပေါင်း၂၀၀ကျော် မိုးရွာသည်လို့ဆိုသည်၊ ပြီးနောက် ‘လင်ရင်စု’ ဘုရားကျောင်းသို့ Lingyin Temple ကျနော်တို့ထွက်လာခဲ့ပါသည်၊ လင်ရင်စု ဘုရားကျောင်းသည် တရုတ်ပြည်၏ ကြီးကျယ်သော ဘုန်းကြီးကျောင်းများတွင် တစ်ခုအပါအဝင်ဖြစ်သည်၊ တောင်နှင့်အနောက်ပိုင်း တရုတ်ပြည်တွင် အကြီးဆုံး ဗုဒ္ဓဘုရားကျောင်းလည်းဖြစ်ပါသည်၊ ယနေ့တရုတ်ပည် ဗုဒ္ဓဘာသာ ပြန်လည်ထွန်းကားမှု၏ အဓိက တစ်နေရာလည်းဖြစ်သည်၊ ထိုကျောင်း၏ နာမည်ကြီး ဆရာတော်တစ်ပါးကို တရုတ်အစိုးရကရော ပြင်ပနိုင်ငံများကပါ လေးစားကြသည်ဆိုသည်၊ ရှယ်လီပြောသည့် ဆရာတော်နာမည်သည် ကျနော့်အတွက် တော်တော်မှတ်ရခက်၍ မမှတ်တော့ပါ။
တကယ်တော့ လင်ရင်စု ဘုရားကျောင်းသည် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပါသည်၊ သွားရင်းလာရင်း နာမည်ကြီး ဘုရားများကို ဖူးသွားရသည်၊ အနည်းငယ်လျှောက်လိုက်သော အခါ ကျောက်နံရံပေါ်တွင် ဗုဒ္ဓဘုရားပုံများ ရဟန်းပုံများ ဥတည်ဘွားပုံများ ထုထားသောနေရာကို ရောက်ပါသည်၊ ထုံးကျောက်ဂူများ အများအပြားလည်းရှိသည် ဂူတော်တော်များများတွင် ဗုဒ္ဓဘုရားပုံနှင့် ဗုဒ္ဓဝင်များပုံများ ထုထွင်းထားသည်၊ ထိုနေရာကို ‘ဖိလိန်ဖန်’ Feilai Feng ဟု ခေါ်လေသည်။
ထိုမှဆက်သွားသောအခါ ဘုန်ကြီးကျောင်း အများအပြားကိုတွေ့ရသည်၊ ဘုန်းကြီးများ ထောင်နဲ့ချီရှိကြောင်း ရှယ်လီကပြောပြသည်၊ လင်ရင်စု ဘုရားကျောင်းသည် နှစ်ပေါင်း၁၇၀၀ နီးပါရှိလေပြီ၊ ပြည်တွင်းစစ်ဒဏ်ကို အကြိမ်ကြိမ်ခံဘူးသည်၊ ကွန်မြူနစ် တပ်နီဝင်ရောက်၍ ယဉ်ကျေးမှုတော်လှန်းရေး ကာလကိုလည်း ကျော်ဖြတ်ခဲ့ပြီးဖြစ်သည်၊ လင်ရင်စု ဘုရားကျောင်းကို အင်ပါယာ၏ ခွင့်ပြုချက်ဖြင့ိန္ဒိယဗုဒ္ဓဘာသာ ရဟန်းတစ်ပါးက စတည်ထောင်ခဲ့သည်၊ ရဟန်းအမည်ကို ခွေ့လီ Hui Li လို့ ရှယ်လီကပြောပြသည်၊ တပ်နီဝင်ရောက်လာသောအခါ ကျောင်းကြီးနဲ့ ကျောင်းပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့သေးသည်၊ ဘုန်းကြီးတစ်ချို့ကို အလုပ်ကြမ်းစခန်းသို့ ပို့ပစ်ခဲ့သည်၊ တိန်ရှောင်ဖိန် အာဏာရလာ၍ ပြုပြင်ပြောင်းလဲရေး လုပ်သောအခါ ဒီကျောင်းကြီး ပြန်လည်ပြုပြင်ရေးလည်း လုပ်ခဲ့ပါသည်၊ ဘုန်းကြီးအချို့ကို ဦးဆောင်စေပြီး တိန်ရှောင်ဖိန်ကိုယ်တိုင် ပြန်လည်ဖွင့်ပေးခဲ့သည်၊ ယနေ့အချိန်တွင် လူလတ်ပိုင်းနှင့် လူငယ်များမှာ တရုတ်ရိုးရာဗုဒ္ဓဘာသာကို လေ့လာလိုက်စား လာကြသည်မှာ ဒီကျောင်းကြီး စည်ကားနေသည်က သက်သေပြလို့နေပါသည်။
လင်ရင်စု ဘုရားကျောင်းသည် အတော်ကျယ်ပါသည်၊ နိုင်ငံခြား ခရီးသွားများ အများအပြားလာရောက်ကြ၍ သန့်ရှင်းသပ်ရပ်လို့ နေသည်၊ အင်္ဂလိပ်၊ ကိုရီးယား ဂျပန် လမ်းညွှန်များရှိသည်၊ ဝင်ကြေးပေးပြီးသောအခါ လွတ်လပ်စွာ ကြည့်ရှုခွင့်ရှိသည်၊ ကြိုက်သလို ဓါတ်ပုံရိုက်လို့ရသည်၊ မြန်မာပြည်မှာလို ရိုင်းစိုင်းစွာ ကင်မရာခွန်လိုက်တောင်းမဲ့သူမရှိပါ၊ ဝင်လို့မရသည့် နေရာကို ဝင်လို့မရကြောင်း ညွှန်ပြထားသည်၊ စီစီကင်မရာများက နေရာမလွတ်ပေ၊ ဝန်းထဲတွင် ဘုရားကျောင်းဆောင်များ အများအပြားရှိ၍ ကျနော်အတွက် ကျောင်းတွေရောလို့နေသည်၊ ထင်ရှား၍ အရေးကြီးသော ဘုရားကျောင်း ခုနှစ်ကျောင်း ရှိသည်ဆိုသည်၊
ိန္ဒိယရဟန်း ပြာအိုးရှိရာ လီကုံထ ဘုရားကျောင်း
ရှင့်ဝမ်တင့် Heavenly King ဘုရားကျောင်း
ပင်မကျောင်းကြီး Grand Hall 
ရောက်ဆွေးတင့် ခေါ် ဆေးပညာကျောင်း
Sutra Library စာကြည့်တိုက်
ဝှားရန်တင့် စင်္ကြာမုနိဗုဒ္ဓကျောင်း
ဝုပိုင်လိုဟန်တန် ရဟန္တာ ၅၀၀ကျောင်း (Hall of Five Hundred Arhats)
တို့ဖြစ်သည်။
ရှင့်ဝမ်တင့်နှင့် ပင်မကျောင်းကြီးမှတော့ ဆုတောင်းဆုယူပြုသူများ အများအပြားပင်၊ အမွှေးတိုင်ကြီးငယ်ဖြင့် ပူဇော်နေကြသည်၊ စာကြည့်တိုက်ထဲတွင် ဘုန်းကြီးတစ်ပါးနဲ့ စကားပြောဖြစ်ခဲ့သည်၊ အမေရိကားမှာ စာသင်ဘူးသည်ဆိုသည်၊ ဒီကျောင်းကြီး၏ ဘာသာပြန်ခြင်း အလုပ်ကို သူအဓိကလုပ်ကိုင်နေသည် ဆိုသည်၊ မဟာစည် ဆရာတော်၏ ဝိပဿနာအခြေခံနှင့် အရှင်ဇနကာဘိဝံသ၏ စာအုပ်အချို့ကို သူဖတ်ဘူးသည်၊ တရုတ်ဘာသာသို့ အနည်းငယ်ပြန်ဆိုဘူးသည်ဆိုသည်၊ သာဓုခေါ်လိုက်မိပါသည်၊ လိုက်ဘရီမှ လက်ဆောင် စာလွှာလေးတစ်ခု ဝယ်ဖြစ်ခဲ့ပါသည်။
ဝုပိုင်လိုဟန်တန် ရဟန္တာ ၅၀၀ကျောင်းကတော့ အကြီးကြီးဖြစ်ပါသည်၊ တရုတ်တို့ ယုံကြည်သော ရဟန်း များကို ကြေးသွန်းရုပ်ကြီးများ သွန်းလုပ်ပူဇော်ထားခြင်းဖြစ်ပါသည်၊ အလယ်တည့်တည့်မှာတော့ Bodhisattvas ရုပ်တုကြီးရှိပြီး ကမ္ဘာအမြင့်ဆုံးလို့ရေးထားသည်၊ ကျနော်ကတော့ ဗိုလ်တစ်ထောင်က ကျော်ဟိန်းဘုရားကြီးလောက်ပဲ ရှိမယ်ထင်သည်၊ ဒါပေမဲ့ ကမ္ဘာပေါ်မှာ ကြေးသွန်းရုပ်တု အကြီးကြီးများ တစ်စုတစ်ဝေးရှိသော နေရာတစ်ခုဖြစ်သည်မှာ သေချာပါသည်၊ ဝင်္ကပါလို လျှောက်သွားရသည်၊ တရုတ်ရိုးရာဗုဒ္ဓဘာသာ အယူအဆ  တရုတ်စာလုံး ဖြန့် (), ခွေ့(), အီ(), ကုန်() ကို အခြေခံကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်ဟုဆိုသည်၊ နောက်ဆုံး ပင်မဟောကြီးသို့ပြန် စင်္ကြာမုနိဘုရားမှာ ဆုတောင်းရင်း လင်ရင်စု ဘုရားကျောင်းခရီးစဉ်ကို အဆုံးသပ်လိုက်သည်၊ ဟော်တယ်အထိ ပြန်ပို့ပေးသော ရှယ်လီကို ကျနော်တို့ တစ်ယောက် တစ်ရာစီ ဘောက်စူးပေးလိုက်ပါသည်၊ ရှယ်လီလည်း ပျော်ရွှင်စွာပြန်လို့သွားခဲ့ပါသည်။
ဒီညကတော့ Free & easy မို့၊ ဟန်ကျို၏ Night life ညအလှကိုကြည့်ကာ ဈေးဝယ်ထွက်ဖို့စိတ်ကူး လိုက်ပါသည်၊ မနက်ဖြန် ရှန်ဟိုင်းပြန်ရတော့မည် မဟုတ်ပါလား၊ မိုးထဲ နှင်းထဲ အေးခဲလှတဲ့ကြားထဲက ဟန်ကျို ခရီးစဉ်သည် ပြီးဆုံးခဲ့ပါသည်။
ကျေးဇူးတင်ပါသည်
sosegado
ကိုးကား
http://eng.hangzhou.gov.cn/   http://en.lingyinsi.org/
Tiger Spring


west lake


လျှိုဟိုတ စေတီ




လင်ရင်စု ဘုရားကျောင်း



ဝုပိုင်လိုဟန်တန်


 ‘ဖိလိန်ဖန်’ Feilai Feng