Thursday, July 25, 2013

သိပ် မုန်းဖို့ကောင်းတဲ့ မိန်းမ အပိုင်း၂


ရန်ကုန်မြို့ ကမ္ဘာအေးလမ်းပေါ်တွင် စားသောက်ဆိုင် တစ်ခု ရှိပါသည်၊ ထိုဆိုင်သည် ကျနော့်သူငယ်ချင်းပိုင်သော ဆိုင်ဖြစ်ပြီး၊ ထိုဆိုင်ဖွင့်ဖြစ်ရန် ကျနော်သည် ငွေကြေး အထောက်အကူပြု ခဲ့ပါသည်၊ တစ်နေ့ ကျနော်နှင့် အပေါင်းအသင်း တစ်ချို့ ထောင့်ကြကြ စားပွဲတွင် ထိုင်ကာ အစားအသောက်များကို ဖြည်းဖြည်းခြင်း စားနေကြသည်၊ ဒီစားပွဲသည် ဆိုင်တစ်ခုလုံးကို ခြုံ၍မြင်ရသော နေရာလည်း ဖြစ်သည်၊ တကယ်တော့ ဒီဆိုင်တွင် လူငယ်တွေအများဆုံး လာရောက်စားသုံးကာ အချိန်ဖြုန်းသော ဆိုင်တစ်ဆိုင်ဖြစ်ပါသည်၊ ယနေ့ လူငယ်များသည် လက်ရဲဇက်ရဲရှိလာသည်၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြတော့သည်ကိုလည်း မြန်မာပြည် ပြန်ရောက်လာပြီးမှ ကျနော် ကိုယ်တွေ့သိလာခဲ့သည်၊ မိန်းကလေးငယ်လေးများ အတွက်လည်း ဘီယာသောက်ခြင်း အရက်သောက်ခြင်းများသည် ထင်ထင်ပေါ်ပေါ် ဖြစ်လာခဲ့သည်၊ စားသောက်နေသူထဲတွင် ကျနော်တို့သည် အသက်ကြီးဆုံး ဖြစ်ပါလိမ့်မည်၊ ထိုဆိုင်၏ အလယ်စားပွဲရှည် တစ်ခုတွင် လူငယ် ကောင်မလေး ငါးယောက်နဲ့ ကောင်ကလေး နှစ်ယောက်တို့ ထိုင်ကာ စားသောက်နေကြသည်၊

‘ဟေ့သီရီ ဟိုထောင့်က လူကြီးတစ်ယောက် နင့်ကိုရှုနေတယ်၊ စပွန်စာပေးချင်ပြီ ထင်တယ်’
“ဟေ ဝေးမှာပဲ၊ စိတ်မဝင်စား၊ နင်သွားပြောလိုက် သုံးနှစ်လောက်စောင့်လို့၊ နောက်ဆုံးနှစ်မှ စပွန်စာရှာမယ်လို့၊ ခု အချိန်မကျသေးဘူးလို့ သွားပြောလိုက်”၊
‘ငါးယောက် စလုံးဆို ချက်ချင်းလက်ခံလိုက်မယ်လို့ သွားပြောချီ၊ ဟားဟားဟား’
‘ငါတို့လည်း စပွန်စာ ဘရုတ်ကာဖီးလေး လိုချင်တယ်လို့’၊ “ဟားဟားဟား”

သူတို့ အချင်းချင်း ကျနော်တို့ ဝိုင်းကို ကြည့်ကာ ပြောနေကြခြင်းဖြစ်သည်၊ ကျနော်တို့ကလည်း ကြည့်နေမိသည်ကိုး၊
သူတို့အဖွဲ့ ပြန်ကာနီး သီရီဆိုသော ကောင်မလေး ကျနော်တို့ဝိုင်းကို တည့်တည့်လျှေက်လာပြီးတော့၊ ဘာဖြစ်ချင်လဲ၊ ကြည့်စရာရှားနေလား ဆိုပြီး၊ လက်မနှင့် လက်သန်းထောင်ပြသွားသည်၊ ကျနော်တို့ အဖွဲ့ကတော့ ပြုံးကြည့်ပြီး ကျန်ရစ်ခဲ့သည်၊ ကျနော်တို့ထဲက တစ်ယောက်က ကျနော့်ကို ဆရာရေ ချက်တော့ ထိသွားပြီဆိုပြီး ပြောလိုက်သည်၊ ဟုတ်ပါသည်၊ ကျနော်သည် သီရီဆိုသော ကောင်မလေးကို ပထမဦးဆုံးအကြိမ် တစ်နာရီ ကျော်ကျော်လောက် သေချာကြည့်ခဲ့ဘူးခြင်း ဖြစ်ပါသည်။

သီရီဆိုသော ကောင်မလေးသည် ရဲရင့်ပါသည်၊ သွက်လက်ပါသည်၊ ထက်မြက်ပါသည်၊ သို့သော် ထိုရဲရင့်မှု၊ သွက်လက်မှု ထက်မြက်မှုတို့သည် တစ်လွဲတွေ ဖြစ်နေသည်လို့ ကျနော်ထင်သည်၊ နောက်ပြီး အန္တရာယ်လည်း ရှိပေသည်၊ သူမကို သေချာ လမ်းညွှန် ထိမ်းပေးမဲ့သူ လိုအပ်နေသည်ဟု ကျနော်ထင်မိသည်၊ ကျနော်၏ အတွေ့အကြုံ လေ့ကျင့်သင်ကြားခဲ့မှုတွေအရ သီရီဆိုသော ကောင်မလေးကို အပေါ်ယံသဘော တော်တော်နာလည်း နေပါပြီ၊ သေချာတာ တစ်ခုကတော့ သီရီဆိုသော ကောင်မလေး၏ ရယ်ရွှင်နေမှု ပျော်ရွှင်နေမှုတို့ နောက်ကွယ်တွင် ထိန်းချုပ် ထိမ်ချန်ထားသော အရာများ ရှိပါလိမ့်မည်၊ သူမတို့ သူငယ်ချင်း ငါးယောက်စလုံးတွင် သီရီသည် အိမ်မှာ အနေအနည်းဆုံးလည်း ဖြစ်နေသည်။

တစ်နေ့ ကိုးမိုင်ရှိ ကော်ဖီဆိုင် တစ်ခုတွင် ကျနော် တစ်ယောက်ထဲ မနက်စာ စားနေချိန်မှာတော့ သီရီ ထိုဆိုင်သို့ ရောက်လာပါသည်၊ ကျနော်ထိုင်နေသော စားပွဲကို တည့်တည့် လျှေက်လာကာ ကျနော်ရှေ့တွင် ဝင်ထိုင်လေသည်၊
“ထိုင်မယ်နော် ဖြစ်တယ် မဟုတ်လား”၊ ကျနော်က ‘ထိုင်ပါ သီရိ’၊
“ဒီမှာ သီရိ မဟုတ်ဘူး သီရီ”၊
“ကျမက သီရိလို့ ကျမကို ခေါ်တဲ့ သူတွေကို သိပ်မုန်းတယ်”၊
အမုန်းဆိုသော စကားကို သူမဆီက ပထမဦးဆုံးအကြိမ် ကြားရခြင်း ဖြစ်ပါသည်၊

“ဒီမှာ ကျမတို့ကို လိုက်ကြည့်နေတယ် မဟုတ်လား၊ ကျမတို့ကလည်း ပြန်ပြီးလိုက်ကြည့် နေတယ်ဆိုတာ သိရအောင်၊ ဒီမယ် စားနေကြ ဒီကော်ဖီဆိုင်ကို လာခဲ့တာ”၊
‘တစ်ယောက်ထဲ လာခဲ့တာလား’၊ ကျနော်မေးလိုက်သည်၊
“ဟုတ်တယ် ကျန်တဲ့သူတွေက သူတို့အိမ်မှာပဲ အားဦးမှာ မဟုတ်ဘူး၊ ကျမက အိမ်မှာကို မနေချင်တာလေ၊ လာတုန်းကတော့ ရတဲ့ သတင်း မှန်မမှန်ကြည့်ပြီး ပြန်မလို့၊ နောက်တော့ ခင်ဗျားကို ချဲလင်းချင်စိတ် ပေါက်လာတာနဲ့ ဝင်လာတာ”၊ မျက်ခုံးလေး နှစ်ဘက်ကို ပင့်ကာပင့်ကာ ပြောသည်၊ တကယ်တော့ သီရီသည် တော်တော် ချစ်စရာကောင်းသော ကောင်မလေးပါ၊ တော်တော်လည်း ရဲရင့်သည့် သဘောရှိသည်။

မှာလေ မနက်စာမှာလေလို့ ကျနော်ပြောလိုက်သည်၊ သီရီ မနက်စာကို မှာလိုက်သည်၊ သူမှာသော မနက်စာသည် ကျနော်မှာထားသော မနက်စာနဲ့ တူလို့နေသည်၊
“ကျမက ဟော့ဒေါ့ကြိုက်တယ်၊ ဒီကော်ဖီရဲ့ အနံ့ကိုလည်း ကြိုက်တယ်လေ၊ ကျမကအနံ့နဲ့ ပတ်သက်ရင် နည်းနည်းဆန်းစတစ်ဖြစ်တယ်”၊ မမေးရပဲ ဖြေလေသည်၊
“ဒီမှာ လူကြီး၊ မကြိုက်ရင် ဒီမှာလို့ပဲ ခေါ်မယ်၊ ဒီမှာ ကျမနောက် လိုက်ကြည့်နေတယ်ဆိုရင် ရပ်တန်းက ရပ်ပါ၊ ဒါပြောချင်တာ အဓိကပါပဲ”၊
‘အနှောင့်အယှက် မပေးရပါလား’၊
“အနှောင့်အယှက် မပေးဘူး၊ ဒါပေမဲ့ စိတ် အနှောင့်အယှက် ဖြစ်တယ်၊ သိနေ မြင်နေတယ်လေ”၊
‘သီရီ ဘာမှ မစိုးရိမ်ပါနဲ့’၊
“ကျမက ဘာမှ စိုးရိမ်တတ်တဲ့သူ မဟုတ်ဘူး၊ စိတ် အနှောင့်အယှက်တွေကို ဖယ်ထားတတ်ပါတယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေက ကျမကြောင့်လို့ ပြောလာတော့ ကျမ နေရခက်တယ်”၊
‘အင်း နားလည်ပါပြီ’၊
“နောက်ပြီး ကျမက လူတတ်ကြီး လုပ်တဲ့သူတွေကို သိပ်မုန်းတယ်”၊
“ခု စားပြီးပြီ၊ ပြောပြီးပြီ သွားတော့မယ် ဒါပဲ”၊
ထိုသို့ပြောပြီး သီရီ ဆိုင်ထဲက ထွက်သွားပါသည်၊ ထွက်သွားသော သီရီကို ကြည့်ရင်း၊
ကျနော့်စိတ်ထဲမှာတော့ တစ်စုံတစ်ရာ ကျန်ခဲ့သလိုနေပါသည်။

……………………………..


တစ်ချိန်တုန်းကပေါ့၊
မေဇင်ထွေးနဲ့ တင်မူယာအေး ဆိုတဲ့ ညီမဝမ်းကွဲ နှစ်ယောက်ရှိသည်၊ တကယ်တော့ သူတို့ အဖေတွေက ညီအစ်ကို ဝမ်းကွဲတွေပါ၊ ဒါပေမဲ့ ညီအစ်ကိုအရင်းလို ချစ်ကြသည်၊ နှစ်ယောက်လုံးကလည်း တစ်ဦးတည်းသော သားများဖြစ်လေသည်၊ မေဇင်ထွေးနဲ့ တင်မူယာအေး တို့သည်လည်း တစ်ဦးတည်းသော သမီးများ ဖြစ်ကြသည်၊ မေဇင်ထွေး၏ အဖေက အစိုးရဝန်ထမ်း တစ်ဦးဖြစ်သည်၊ နယ်စုံသို့ ပြောင်းကာ တာဝန်ထမ်းဆောင်ရသည်၊ တင်မူယာအေး၏ အဖေက မိဘလုပ်ငန်းကို ဆက်လုပ်ကိုင်နေသူဖြစ်ပြီး စီးပွားရေးတွင် အဆင်ပြေသည်၊ အလုံဘက်တွင် ခြံနှင့်ဝင်းနဲ့ နေနိုင်သည်၊ တစ်ခါတစ်လေ မေဇင်ထွေး၏ အဖေ ဝေးသောနယ်ဘက်တွေ ပြောင်းရလျှင် မေဇင်ထွေးတို့ မိသားစုကို တင်မူယာအေးတို့ အိမ်မှာ ထားခဲ့လေ့ရှိသည်၊ မေဇင်ထွေး တက္ကသိုလ် တက်သောအခါလည်း တင်မူယာအေးတို့ အိမ်မှ တက်ခဲ့သည်။

တင်မူယာအေးသည် မေဇင်ထွေးထက် အသက်၆လ ကြီးသည်၊ ဒါပေမဲ့ ငယ်စဉ်ကပင် အစ်မကြီးပုံစံနေခဲ့သည်၊ မေဇင်ထွေးသည် ကျောင်းစာထက်မြက်သော်လည်း တင်မူယာအေးသည် ဆယ်တန်းကိုပင် အောင်မှတ်ကပ်၍အောင်ခဲ့သည်၊ မေဇင်ထွေးတို့ မိသားစုသည် အရမ်းမြန်မာဆန်သည်၊ ဒါပေမဲ့ တက္ကသိုလ်ရွေးချယ်သောအခါ သမီးစိတ်ကြိုက်ရွေးချယ်စေသည်၊ မေဇင်ထွေးသည် အမှတ်ကောင်းသော်လည်း ကွန်ပြူတာ တက္ကသိုလ်ကို ရွေးချယ်ခဲ့သည်၊ ကျောင်းမြန်မြန်ပြီး အလုပ်မြန်မြန်ရ မိဘတွေကို ပြန်လုပ်ကျွေးဖို့ ရည်ရွယ်ခဲ့သည်၊ တင်မူယာအေးကတော့ ရွေးစရာသိပ်မရှိပါ သင်္ချာ ဘာသာတွဲကိုသာ ယူခဲ့သည်၊ တက္ကသိုလ်တက်ခါစက တင်မူယာအေးက နောက်ပြောင်သလိုလိုနဲ့ မေဇင်ထွေးကိုပြောသည် ‘နင် ကွန်ပြူတာ တက္ကသိုလ်တက်တာ ငါသိပ်စိတ်ချမ်းသာသွားတယ်၊ နင် ဆရာဝန်ကြီးတွေ အင်ဂျင်နီယာကြီး ဖြစ်မလာတော့ဘူးပေါ့’၊ တင်မူယာအေးသည် ငယ်စဉ်ကပင် အရာရာကို လိုက်ပြိုင် အနိုင်ယူချင်သူ ဖြစ်သည်၊ မေဇင်ထွေးက ဘယ်လိုမှ မနေပါ။

တစ်ခါမှာတော့ တင်မူယာအေး၏ အဖေနဲ့ လုပ်ငန်းဆက်စပ်နေသော လူတစ်ဦး၏ သားသည် တင်မူယာအေး၏ အိမ်သို့ အဝင်အထွက်ရှိလာသည်၊ ထိုသူ၏ အမည်မှာ ကောင်းမြတ်ထူးဖြစ်သည်၊ ကိုကောင်းမြတ်ထူးသည် တင်မူယာအေးအိမ်သို့ ဝင်ထွက်သွားလာရင်း၊ တင်မူယာအေးကိုရော မေဇင်ထွေးကိုပါ သတိထားမိသည်၊ အိမ်နဲ့ကျောင်းသွားရင် ရိုးရိုးလေးနေသော မေဇင်ထွေးကို စိတ်ဝင်စားသလိုလို ရှိနေသည်၊ ထိုသည်ကို ရိပ်မိသော တင်မူယာအေးသည်၊ ကိုကောင်းမြတ်ထူးရှေ့တွင် မေဇင်ထွေးကို ဆူပူခြင်း မကောင်းပြောခြင်းများ လုပ်လာလေ့ရှိသည်၊ နောက်ပိုင်း တင်မူယာအေးသည် ကိုကောင်းမြတ်ထူးနဲ့ တွဲသွားတွဲလာ ပိုများလာသည်၊ တင်မူယာအေးသည် မေဇင်ထွေးထက် ပိုချောသည် ဆိုသည်မှာ မှန်ပါသည်၊ ထိုအပြင် ပိုသွက်၍ ရဲရင့်လေသည်၊ ငယ်စဉ်ထဲကပင် တင်မူယာအေးသည် မေဇင်ထွေးလိုချင်သော အရာများကို လိုချင်တတ်သူဖြစ်သည်၊ ထိုအရာများကိုလည်း သူပဲရပြီး မေဇင်ထွေးကို မရစေချင်ပါ၊ တစ်ခါတစ်လေ ကစားစရာ အရုပ်ကလေးတွေကို မေဇင်ထွေးဆီက ရအောင်ယူပြီး မေဇင်ထွေးကို ပြန်ပေးရမည်စိုး၍ ဖျက်ဆီးလိုက်လေ့ ရှိသည်။

ကိုကောင်းမြတ်ထူးနှင့် တင်မူယာအေးတို့ တစ်တွဲတွဲ ရှိနေသောအချိန်တွင် မေဇင်ထွေးသည် အတန်းထဲက ကောင်လေးတစ်ယောက်နဲ့ ရင်းနှီးနေကြောင်း တင်မူယာအေးသိလာခဲ့သည်၊ ထိုအချိန်မှာပင် မေဇင်ထွေးတို့ မိသားစု ရန်ကုန်တွင် အခြေချနေထိုင်ရန် လှိုင်ဘက်သို့ တင်မူယာအေးတို့အိမ်မှ ပြောင်းရွေ့သွားခဲ့သည်၊ ကိုကောင်းမြတ်ထူးနဲ့ တင်မူယာအေးတို့ ချစ်သူမဖြစ်ကြသေးသော်လည်း မေဇင်ထွေးသည် သူ့တွင် ချစ်သူရှိနေပြီ ဖြစ်ကြောင်း တင်မူယာအေးကို ပြောပြခဲ့သည်၊ တင်မူယာအေးက တွေ့ချင် မြင်ဖူးချင်သည်ဆို၍ ချစ်သူနဲ့ မိတ်ဆက်ပေးခဲ့သည်၊ ထိုအချိန်မှ စ၍ တင်မူယာအေးသည် ကိုကောင်းမြတ်ထူးနဲ့ တွဲသွားတွဲလာ လျှော့လာပြီး၊ မေဇင်ထွေးတို့နဲ့ တစ်တွဲတွဲ ဖြစ်လာသည်၊ မိမိကိုယ်ကို ယုံကြည်၍ ချစ်သူကိုလည်း ယုံကြည်သော မေဇင်ထွေးကတော့ မည်သို့မျှ မဖြစ်ခဲ့ပေ၊ ကျောင်းပြီး၍ အလုပ်တစ်နှစ်လောက်လုပ်ပြီး စင်္ကာပူကို သွားရောက်အလုပ်လုပ်ဖို့ မေဇင်ထွေးတို့ ချစ်သူနှစ်ဦး ပြင်ဆင်ခဲ့ကြသည်၊ မေဇင်ထွေးတို့ စင်္ကာပူကိုထွက်လာသောအခါ တင်မူယာအေးလဲ လိုက်ပါလာသည်၊ စာရင်းစစ် (Accountant) လုပ်ရန် ပြင်ဆင်ခဲ့သည်လို့ဆိုသည်၊ ချစ်သူက ငြိုငြင်ပြောဆို ယူရအောင်ပင် မေဇင်ထွေးတို့ ချစ်သူနှစ်ဦးနှင့် တင်မူယာအေးသည် တစ်တွဲတွဲ ဖြစ်ခဲ့သည်၊ ဒီအတွက် အလိုလိုက်သော နားလည်ပေးသော ချစ်သူကို မေဇင်ထွေး ပိုချစ် ပိုမြတ်နိုးလာခဲ့သည်၊ မကြာမှီ အချိန်တွင်းမှာ ချစ်သူနဲ့ နှစ်ကိုယ်တူ ဘဝခရီး အတူလျှောက်လှမ်းရတော့မည်ဟု မေဇင်ထွေး တစ်ယောက်ယုံကြည် ထားခဲ့ပါသည်။

……………………………..

ကန်တော်ကြီးနားက ဆိုင်တစ်ဆိုင်မှာ သီရီတို့ အုပ်စုနဲ့ တခြား လူငယ်အုပ်စု စကားများရန်ဖြစ်ကြသည်၊ ထိုအုပ်စုသည် သီရီတို့ အုပ်စုကို ရန်စမှုများ ရှိနေသည်လို့ကြားရသည်၊ ထိုအုပ်စုတွင် စစ်တပ်မှ ကြီးကြီးအရာရှိ တစ်ဦး၏ သားလည်းပါလေသည်၊ မိုက်ရိုင်းဆိုးသွမ်းသော အုပ်စုလို့ဆိုသည်၊ တခြားလူငယ် အုပ်စုများကို အနိုင်ကျင့်လေ့ရှိသည်၊ တော်တော်များများက သူတို့ကို ရှောင်ကြသည်ဟုဆိုသည်၊ ပြဿနာဖြစ်ပြီးရင် အရာရှိများ လိုက်လာကာ ပါဝါသုံး ဖြေရှင်းလေ့ ရှိသည်၊ တစ်နေ့မှာတော့ ကမ္ဘာအေးဆိုင်ကို ကျနော်ရောက်သွားသောအခါ သီရီတို့ အုပ်စုနဲ့ ထိုအုပ်စု ရန်ဖြစ်နေသည်ကို တွေ့ရသည်၊ ရန်ဖြစ်သည်ဟုဆိုရာ၌ ထိုအုပ်စုမှ သီရီတို့ အုပ်စုကို အနိုင်ကျင့်နေခြင်းဖြစ်သည်၊ သီရီတို့ အုပ်စုမှ ကောင်လေး ကောင်မလေးတွေသည် ကြမ်းပေါ်တွင် ပုံစံထိုင်နေရသည်၊ မထိုင်သူကတော့ သီရီပါပဲ၊ မထိုင်သူ သီရီကို ထိုကြီးကြီးအရာရှိ တစ်ဦး၏ သားက ဆံပင်ဆွဲကာ အတင်းထိုင်အောင် လုပ်လို့နေသည်၊ ဆိုင်ဝန်ထမ်းတွေလည်း ဝင်မပါရဲကြပါ၊ ကျနော်၏ တောင်းဆိုချက်အရ ကျနော်နဲ့ သူငယ်ချင်းတို့ ထိုအုပ်စုကို သွားပြီး ရပ်ဖို့ပြောသည်၊ ထုံးစံအတိုင်း မင်းတို့က ဘာကောင်တွေလဲ၊ ဘာဝင်ရှုပ်တာလဲ လုပ်သည်၊ ကျနော်ကတော့ အေးအေးဆေးဆေးပင် ဒီမှာ စီစီတီဗီတွေရှိတယ်၊ ဒီလုပ်ရပ် သတင်းပျံ့သွားရင် မင်းအဖေတွေ ဘာဖြစ်မလဲ သိသလား၊ အဘကရော ဒီလိုနေမယ်တဲ့လား၊ အဖေတွေဆိုတဲ့ ချက်ကောင်းကို ထိသွားသောအခါ ထိုအုပ်စုတွေထွက်သွားသည်၊ အဲဒီအချိန်တုန်းက ဒီလိုဆိုင်တစ်ဆိုင်ဖွင့်ဘို့အရေး ကျနော်တို့လည်း အဘတစ်ယောက်လိုသည် မဟုတ်ပါလား၊ ထိုအုပ်စုသည် စွာကျယ်စွာကျယ်လုပ်သော သီရီကို အငြိုးထားနေမည်မှာ သေချာပါသည်၊ သီရီတို့ အုပ်စုမှ ကောင်လေး ကောင်မလေးတွေ၏ မျက်နှာတွင် ခံပြင်းခြင်း စိုးရိမ်ခြင်းများ ရောထွေးနေသည်ကို တွေ့လိုက်ရသည်၊ သီရီ၏ ‘တောက်’ ဆိုသော ခေါက်သံနှင့်အတူ သီရီတို့ အုပ်စု ဆိုင်မှ ထွက်သွားကြသည်၊ ကျနော့်ဘဝတွင် ပထမဦးဆုံး လူကိုလူချင်း အနိုင်ကျင့်ခြင်းကို တွေ့ရှိခဲ့ရခြင်း ဖြစ်ပါသည်။

နောက် နှစ်ပတ်ကြာ တစ်နေ့မှာ၊ သူငယ်ချင်းက ဆိုင်ကိုအမြန်လာရန် ဖုန်းဆက်ခေါ်သဖြင့်၊ ကျနော်ရောက်သွားခဲ့သည်၊ ဆိုင်ကိုရောက်၍ တွေ့ရသည်မှာ၊ ဆိုင်ထဲရှိ လူငယ်တစ်ချို့ကို ရဲနှင့် စစ်တပ် အရာရှိများက ဝိုင်း၍ဖမ်းဆီးနေခြင်းဖြစ်သည်၊ ဆိုင်ထဲရှိ လူငယ်အုပ်စု သုံးစုလောက်ကို သိမ်းကျုံးဖမ်းဆီး ခေါ်ဆောင်သွားသည်၊ သီရီနှင့် သီရီတို့ အုပ်စုလဲ ပါသွားသည်၊ ကျနော်နှင့် သူငယ်ချင်းတို့ လိုအပ်သော ဆက်သွယ်မှုများပြုလုပ်ပြီး၊ ရဲစခန်းသို့ လိုက်သွားရန်ဆုံးဖြတ်လိုက်သည်၊ ကြားသိရသည်မှာ လွန်ခဲ့သော နှစ်ရက်က ထိုကြီးကြီးအရာရှိ တစ်ဦး၏ သားကို လူတစ်ချို့က အလစ်ဖမ်းဆီး၍ တစ်နေရာကိုခေါ်ပြီး ဝိုင်းရိုက်ကြရာ ဆေးရုံရောက်သွားတော့သည် ဆိုသည်၊ ဒီလိုနဲ့ တရားခံရှာပွဲကြီး စတင်လေတော့သည်။

ကျနော်တို့ ရဲစခန်းကို ရောက်သောအခါ ရဲစခန်းမှာ ဆူညံလို့နေပါသည်၊ လူငယ်တွေကို ဖမ်းခိုင်းသော စစ်အရာရှိများကို မတွေ့ရတော့ပေ၊ အဖမ်းခံရသော လူငယ်များ၏ မိဘဆွေမျိုးများ လိုက်လာကြသည်ကို တွေ့ရသည်၊ ဘာလို့ဖမ်းတာလဲက စကာ ရဲတွေနဲ့ အခြေအတင် စကားပြောနေသော လူအများကို တွေ့ရသည်၊ ကျနော်တို့ ဖမ်းတာ မဟုတ်ပါဘူးက စကာ ရဲများ၏ပြန်လည် ဖြေရှင်းသံများဖြင့် ဆူညံနေပါသည်၊ မိဘတွေနဲ့ ပါလာသော အထုပ်များကတော့ ရဲအရာရှိကြီး၏ အခန်းထဲတွင်ကျန်ရစ်ခဲ့သည်၊ ဝဝပုပု လူငယ်တစ်ဦးကိုတော့ ထိုရဲအရာရှိကြီးက သူ့အခန်းထဲတွင် ခေါ်ထားသည်၊ အအေးတွေတိုက် အစားအစာတွေ ကျွေးမွေးထားသည်ကို တွေ့ရသည်၊ ထိုအချိန်တွင် လူတစ်အုပ်ဝင်ရောက်လာသည် ထိုထဲတွင် ပုပုဝဝ လူတစ်ယောက်ပါသည်၊ အရမ်းဒေါသထွက်နေသော မျက်နှာနဲ့ဖြစ်သည်၊ ကျနော်သိပါသည် ထိုသူသည် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးပါ သူသားကိုဘာလို့ စခန်းခေါ်လာရတာလဲက စကာ ရဲတွေကို ဆဲပါတော့သည်၊ စစ်ဗိုလ်တွေကိုလည်း ပယ်ပယ်နယ်နယ် ဆဲပါသည်၊ ရဲတွေက ကျေကျေလည်လည် တောင်းပန်နေသည်၊ နောက်တော့ သူသားကိုယ်တိုင် အရာရှိကြီး အခန်းထဲက ထွက်လာမှ ဆဲဆိုရပ်သွားသည်၊ ငါ့သားက ဒီလိုကြီးကြီးအရာရှိသားနဲ့ မိန်းမပြိုင်လုရအောင် ငါ့သားကို ကြိုက်တဲ့ရုပ်ရှင်မင်းသမီးနဲ့ ပေးစားလို့ရတယ်ကွလို့ အထွက်မှာ ပြောသွားသေးသည်၊ ဒီလိုနဲ့ လူငယ်တွေကို မိဘဆွေမျိုးတွေက လာခေါ်သွားလိုက်တာ သီရီနှင့် ကောင်လေးတစ်ယောက် ကောင်မလေး တစ်ယောက်ပဲ ကျန်တော့သည်၊ ကျနော်တို့ကတော့ ရုံးခန်းတစ်နေရာက အခြေအနေကို စောင့်လို့နေပါသည်။ ကျနော်သည် ပထမဦးဆုံးအကြိမ် ရဲတွေရှေ့တွင် စစ်ဗိုလ်တွေကို ဆဲရဲသော စီးပွားရေးသမားတစ်ဦးကို တွေ့ဘူးခဲ့ခြင်းဖြစ်ပါသည်။

ထိုအချိန်တွင် သန့်သန့်ပြန့်ပြန့် လူတစ်ဦးဝင်လာသည်၊ နည်းနည်းလဲမူးလာပုံပေါက်သည်၊ သူ့ကို ဘာလို့ ခေါ်တာလဲ တာဝန်မှူးကို မေးသည်၊ သမီးကြောင့်လို့ တာဝန်မှူးကဖြေပြီး သီရီကို ခေါ်ထုတ်လာသည်၊ ထိုသူသည် သီရီ၏အဖေဖြစ်ကြောင်း ကျနော်သိလိုက်ရသည်၊ ကျနော် ပထမဦးဆုံး သီရီအဖေကို မြင်ဘူးခြင်း ဖြစ်ပါသည်၊ သီရီကိုမြင်သောအခါ သီရီအဖေ၏ မျက်နှာ ပြောင်းလဲသွားသည်၊ ဒေါသရိပ်တွေပေါ်လာသည်၊ သမီးမိုက်၊ သမီးဆိုး ဆိုပြီး အားလုံးရှေ့တွင် ရစရာမရှိအောင် အပြစ်ပြောပါတော့သည်၊ နောက်ဆုံး သမီးလမ်းသရဲကို ဆုံးမရအောင် နှစ်ရက်လောက် ဆက်ချုပ်ထားဖို့ ရဲတွေကိုပြောတော့သည်၊ ထိုအခါတွင် သီရီသည် ‘ဒက်ဒီကို သိပ်မုန်းတယ်’ ‘ဒက်ဒီကို သိပ်မုန်းတယ်’ ဆိုပြီး ငိုပါတော့သည်၊ နောက်ဆုံး ရဲအရာရှိကြီးက ခင်ဗျားမှုးနေတယ်ပြန်ဦး မနက်ကျမှ ခင်ဗျားသမီးကို လာခေါ်လှည့်ဆိုကာ ပြန်လွတ်လေသည်၊ ထိုသူလည်း ရဲစခန်းထဲက ပြန်ထွက်သွားသည် ပါးစပ်ကလည်း မခေါ်ဘူးကွာ ဘယ်တော့မှ လာမခေါ်ဘူး ဆိုပြီးရေရွတ်နေသည်၊ အဖေနဲ့သမီးတို့၏ ဆက်ဆံရေးကို ကျနော်သိရှိလိုက်ရလေသည်၊ ခုတော့ ကျနော်တို့ အလှည့်ရောက်လာပါသည်၊ ကျနော့်သူငယ်ချင်းက ရဲအရာရှိကြီးကို တီးတိုးစကား အနည်းငယ်ပြောလိုက်သည်၊ ထိုရဲအရာရှိကြီး ပျာပျာသလဲဖြစ်ကာ လုပ်ပေးလိုက်ပါမယ်၊ အဆင်ပြေစေရမယ် ဖြစ်ကုန်သည်၊ ကျနော်တို့လည်း သီရီနဲ့ သီရီ သူငယ်ချင်းကောင်မလေးကို ခေါ်ထုတ်လာခဲ့သည်၊ သီရီဆီမှ ပထမဦးဆုံး ကျေးဇူးတင်ပါတယ် ဆိုသော စကားကို ကျနော်ကြားခဲ့ရသည်၊ ထိုနေ့က သီရီကို သူ့ သူငယ်ချင်းအိမ်သို့ ကျနော်တို့ လိုက်ပို့ပေးခဲ့သည်၊ ကျနော် သီရီကို အချုပ်ခန်းထဲသို့ မဝင်စေချင်ပါ၊ သီရီက ကျနော်တို့ ဘာလို့ အကူအညီ ပေးတာလဲဆိုတာ မမေးခဲ့ပါ၊ အဲဒီနေ့မှာပဲ မြန်မာပြည်တွင် သူထက်သူ လူစွမ်းကောင်းများရှိကြောင်း ကျနော်သိရှိခဲ့လိုက် ရလေသည်။

စနေနေ့တရက်မှာတော့ ကျနော်အိမ်သို့ သီရီရဲ့သူငယ်ချင်းမလေး ရောက်လာသည်၊ ကျနော်ကို ငိုကြီးချက်မနဲ့ သီရီကို ကယ်ပေးဖို့ ပြောဆိုပါတော့သည်၊ သီရီကို သီရီအိမ်ထဲတွင် ချုပ်နှောင်ကာ ထိုအုပ်စုကာ နှိပ်စက်နေကြသည်၊ သီရီအဖေကို ခြောက်တလှည့် မြောက်တလှည့် လုပ်ခဲ့ကြသည်၊ နောက်ဆုံး သီရီအဖေကလည်း မသေရင်ပြီးရောဆိုပြီး ခွင့်ပြုခဲ့သည် ဆို၏၊ သီရီဆီက သူတို့သိချင်တာရအောင် နှိပ်စက် စစ်ဆေးနေကြခြင်း ဖြစ်ပါသည်၊ သူတို့ သိချင်တာက ရိုက်သွားတာ ဘယ်သူလဲ ဆိုတာကိုပင်၊ သီရီမပြောမချင်း အမျိုးမျိုး နှိပ်စက်နေကြသည်၊ ရိုက်တဲ့သူက သမီးတို့မှ မဟုတ်တာ ဘယ်သူလို့ပြောရမှာလည်း ဆိုပြီး ကောင်မလေးသည် ငို၍ ကျနော်ကို ရှင်းပြပါသည်၊ ဒီလိုကောင်မျိုးတွေကို ရိုက်ချင်နေတဲ့ သူတွေ အများကြီးရှိသည်၊ ကျနော် ဒေါသတွေ ထွက်လို့လာသည်၊ လူမဆန်သောအုပ်စုကို၎င်း သီရီအဖေကို၎င်း ဒေါသတွေ ဖြစ်နေမိသည်၊ ဒီကိစ္စသည် အကွက်ချပြီး သေချာလုပ်ရမည် ဖြစ်သည်၊ မဟုတ်ပါက ကြီးကျယ်သွားနိုင်သည်၊ ထွက်ပေါ်နေသော ဒေါသကို ထိန်းယူလိုက်ရသည်၊ ကျနော်လည်း သူငယ်ချင်းတွေနှင့် အဆက်အသွယ်တွေဆီ ဖုန်းဆက်ရတော့သည်၊ သူငယ်ချင်းက ရှစ်မိုင်လမ်းဆုံနှင့် ကုန်းမြင့်သာယာဆီက ပုဂ္ဂိုလ်တွေ ခေါ်လာမည်ဆိုသည်၊ မြန်မာပြည်တွင် သူထက်သူ လူစွမ်းကောင်းများရှိကြောင်း ကျနော်သိရှိထားပြီ မဟုတ်ပါလား။

ဝင်ဒါမီယာ ကြားလမ်းလေးတစ်ခုသို့ ကျနော်တို့ကားတွေ ကွေ့ဝင်လိုက်ပြီး ခြံလေးတစ်ခြံအတွင်းသို့ ဂိတ်ပေါက်ကို အတင်းဖြတ်ဝင်ရောက်လိုက်သည်၊ အိမ်ရှေ့တွင်ရှိနေသော လူတစ်ချို့ကို ကျနော်တို့နဲ့ပါလာတဲ့သူတွေက ထိန်းထားလိုက်သည်၊ ကြိုတင်သိထားသည့်အတိုင်း အိမ်နောက်ဂိုဒေါင်ဆီသို့ ကျနော်တို့ တိုက်ရိုက်သွားလိုက်ကြသည်၊ တံခါးမပိတ် ထားသော ဂိုဒေါင်ကို ကျနော်တို့ ဝင်လိုက်သောအခါ ဂိုဒေါင်ထဲတွင် လူတစ်ချို့ရှိနေကြသည်၊ လူငယ်တစ်ချို့လည်းပါသည်၊ ကုတင်ဟောင်း တစ်လုံးပေါ်မှာတော့ ကြိုးတုပ်ထားသော သီရီကို တွေ့လိုက်ရသည်၊ သီရီအဖေကိုတော့ မတွေ့ရပါ၊ သီရီသည် နှိပ်စက်ထားသော ဒဏ်ရာများဖြင့် မေ့မျောနေသယောင် ရှိသည်၊ ဂိုဒေါင်ထဲတွင် ရှိနေသောသူများသည် မထင်မှတ်ပဲ ကျနော်တို့ရောက်လာသည်ကို အံ့အားသင့်နေကြသည်၊ ကျနော်တို့နဲ့ ပါလာသော သူများကို ဘယ်သူတွေဆိုတာ သူတို့သိပါသည်၊ ကျနော်သီရီဘေးသို့သွားပြီး ကြိုးတွေကို သွားဖြေလိုက်သည်၊ သီရီဆီမှ ညည်းသံတိုးတိုးလေးကြားလိုက်ရသည်၊ နာကျင်လို့ နေမှာပါ၊ တော်တော်ရက်စက်တဲ့ သူတွေပဲ၊ ဒီလိုလူမျိုးတွေကြောင့် အဖွဲ့အစည်းတစ်ခုလုံး သိက္ခာကျ နေရတာဖြစ်သည်၊ သူငယ်ချင်းက ထိုလူတွေကိစ္စ ခေါ်လာတဲ့သူတွေနဲ့ သူလုပ်လိုက်မယ်ဆိုသည်၊ ကျနော်ကို သီရီကိုပဲ ဂရုစိုက်ဖို့မှာကာ ထွက်သွားသည်။

အပြင်က အသံတစ်ချို့ကို ကျနော်ကြားလိုက်ရသည်၊ ဒါငါ့အိမ်၊ ငါ့ခြံ ငါ့ခွင့်ပြုချက်နဲ့ လုပ်နေတာ၊ ဘာဖြစ်ချင်လို့လဲ၊ ဒီကောင်တွေက ဘာကောင်တွေမို့လဲ ဆိုတဲ့ ဒေါသဖြစ်နေသော လူတစ်ယောက်ရဲ့ အသံကိုကြားလိုက်ရသည်၊ ဝုန်းဆိုသော တံခါးကို ကန်ဖွင့်သံနဲ့အတူ ဂိုဒေါင်ထဲသို့ လူတစ်ယောက် ဝင်ရောက်လာသည်၊ သူငယ်ချင်းနဲ့ လူတစ်ချို့လည်း ဝင်လိုက်လာသည်၊ ဝင်လာသူသည် သီရီ၏ အဖေပဲ ဖြစ်ပါသည်၊ သူငယ်ချင်းတို့ကို ကျနော်ကပြန်ထွက်သွားရန် လက်နဲ့အချက်ပေးလိုက်သည်၊ သီရီအဖေသည် ကျနော်ကို သေချာစိုက်ကြည့်နေသည်၊ ကျနော်လည်း ထိုသူ၏မျက်နှာကို အထူးသဖြင့် မျက်လုံးနှစ်လုံးကို သေချာပြန်ကြည့်လိုက်မိသည်၊ ဒေါသနှင့် အမုန်းတွေကို မျက်လုံးတွေတွင် တွေ့နေရသည်။

‘မင်းကိုး၊ ဟုတ်တယ်မဟုတ်လား မင်းမဟုတ်လား၊ သေချာပါတယ် မင်းပါပဲ’၊

ကျနော်နဲ့ ထိုသူသည် သိကျွမ်းခဲ့ခြင်း မရှိပါ၊ မင်းဆိုသော အသုံးအနှုံးကြောင့် ထိုသူသည် ကျနော့်နာမည်ကို မသိတာလား၊ မေ့နေတာလားလည်း မသိပါ၊ နာမည်ကို မခေါ်ချင်တာလည်း ဖြစ်ပါလိမ့်မည်၊ ကျနော်ဘာမှ ပြန်မဖြေပါ၊ ဒေါသကြောင့် အသိတရားကင်းမဲ့နေသော သူတစ်ယောက်ကို ကြည့်သလို ထိုသူကို ကြည့်နေလိုက်မိသည်၊

‘ဟားဟားဟား’ ‘သွေးကစကားပြောတာပေါ့၊ ကယ်တယ်ရှင်ကြီးပေါ့ ဟုတ်လား ခုမှ ပေါ်လာတယ်’
‘မင်းဆိုတဲ့ကောင်ကို ငါကလည်း တွေ့ချင်နေတာ၊ ရှင်းချင်နေတာနဲ့ အတော်ပဲ၊ ဒီမှာကြည့်လိုက်’
ကုတင်ပေါ်တွင်ရှိသော သီရီကို ထိုသူသည် လက်ညိုးထိုးပြလိုက်သည်၊

‘အဲဒါ မင်းရဲ့သမီးလေ၊ သောက်သုံးမကျတဲ့ကောင်ရဲ့ သောက်သုံးမကျတဲ့ သမီး၊ ခံရတာတောင်နည်းသေး
ပြဿနာတွေ လှည့်ပတ်ရှုပ်လာတယ်၊ ငါ့ကို မထိခိုက်အောင် ဒီနည်းပဲရှိတယ်’
‘ဒီသမီးအတွက် မင်းတော်တော်ခံစားနေရသလား’
‘ဟဟဟ၊ ကောင်းလိုက်တာ မင်းတို့အဲဒီလို ခံစားနေရတာ’၊
‘ငါခံစားရသလို မင်းတို့လည်းခံစားရမယ်’၊ ‘ဟားဟားဟား’
‘မင်းဟာ သောက်သုံးမကျတဲ့ကောင်၊ ဘဝကိုဖျက်ဆီးတဲ့ကောင် ခုတော့ မင်းသမီးကြောင့် မင်းနာကျင်ရပြီ မဟုတ်လား’
ထိုသူသည် အဆုံးစွန်ထွက်နေသော ဒေါသတွေနဲ့ ကျနော်ကို စကားတွေ ဆက်တိုက်ပြောဆို စွပ်စွဲလို့နေပါသည်၊ သူရဲ့မျက်နာတွင် အမုန်းမီးလျှံတွေကို ကျနော်တွေ့နေရသည်၊

ထိုသူ၏မျက်နှာ အထူးသဖြင့် မျက်လုံးကို သေချာကြည့်ပြီး ကျနော်မေးလိုက်သည်၊

“သီရီက ကျနော့်သမီး ဖြစ်တယ်လို့ ဘယ်သူကပြောသလဲ”

‘ဟိုဟိုဟို’ ‘သူ့အမေ ကိုယ်တိုင်ပြောတာကွ၊ ဆယ့်ငါးနှစ်လုံးလုံး ငါ့မှာ သမီးလေး သမီးလေးဆိုပြီး ဖြစ်ခဲ့ရတာ၊ အဲဒီမှာ ငါနွားဖြစ်တယ်ဆိုတာ သိလိုက်ရတယ်’၊ ထိုအချိန်တွင် ထိုသူသည် မျက်ရည်တွေကျလာသည်၊
ကျနော်ကလည်း တစ်လုံးချင်း

“ခင်ဗျား အဲဒါကို ယုံသလား”၊ “အဲဒီ မိန်းမပြောတာကို ယုံသလား”၊

‘ယုံတယ်၊ ငါ့မိန်းမ ငါ့ကို ကိုယ်တိုင်ပြောတာလေ၊ မင်းတို့ မလေးရှားမှာ ဖြစ်ခဲ့ကြတာတွေ၊ ကမြင်းခဲ့ကြတာတွေ၊ နောက်တော့ ငါဆီထိုးအပ်တယ်’

‘ပြော မင်း သောက်သုံးကျသလား၊ နောက် ဒီသမီးဟာ ခုနှစ်လနဲ့ မွေးခဲ့တာကွ’၊

“ဒီမယ် ကျနော်တို့ ဖြစ်ခဲ့ကြတာ၊ ကမြင်းခဲ့ကြတာ ခင်ဗျားမြင်သလား”၊
“လူတစ်ယောက်က ပြောလိုက်တာနဲ့ ယုံတယ်ဆိုတဲ့ သူတွေဟာ တော်တော်လေးကို အသုံးမကျတဲ့သူတွေ”၊
“ကမ္ဘာကြီးမှာ ခုနှစ်လနဲ့ မွေးတဲ့ကလေးတွေ အများကြီးပဲ၊ အဲဒါနဲ့ ခင်ဗျား ဆယ့်ငါးနှစ်လုံးလုံး ချစ်လာတဲ့ သမီးလေးကို ငါ့သမီးမဟုတ်တော့ဘူး တခြားတစ်ယောက်ရဲ့ သမီးဆိုပြီး၊ ခင်ဗျား မုန်းပစ်တယ်”၊ “သူ့အမေကို ကလဲ့စားချေချင်တာနဲ့ ကလေးဘာဖြစ်ဖြစ် ခင်ဗျားဂရုမစိုက်တော့ဘူး၊ ငါ့ကလေးမှ မဟုတ်တာဆိုတဲ့စိတ် ခင်ဗျားဝင်နေတယ် မဟုတ်လား၊ ဒီကလေးမှာ ဘာအပြစ်ရှိလည်း”၊
“ခုခင်ဗျားလုပ်လိုက်တာ လူတစ်ယောက်နဲ့တောင် ခင်ဗျားမတူဘူး၊ ဆိုသွမ်းနေတဲ့သူတွေနဲ့ပေါင်းပြီး အဲဒီအမုန်းအတွက် ကလေးကို နှိပ်စက်တယ်လို့”

ထိုသူကလည်း ‘မင်းသောက်ပိုတွေ ပြောမနေနဲ့၊ ခုတော့ မင်းနာနေပြီ မဟုတ်လား၊ မင်း ငါ့မိန်းမအကြောင်း ဘယ်လောက်သိလိုလဲ’၊

“ဒီလိုလူမဆန်တဲ့ လုပ်ရပ်တွေအတွက် နာကျင်တယ်၊ ကိုယ်ချင်းစာတတ်တဲ့ သူတိုင်း နာကျင်မှာပဲ”၊
“ခင်ဗျားဆိုတဲ့သူက တော်တော် အသုံးမကျတဲ့သူ၊ သိပ်ချောတဲ့ မိန်းမတစ်ယောက် ယူထားပြီး ဘယ်လိုထိန်းသိမ်းရမှန်း မသိတဲ့သူ၊ ဒါကြောင့် ခင်ဗျားချုပ်ချယ်သမျှ ခင်ဗျားမိန်းမ စိတ်ဆင်းရဲဖြစ်၊ ခင်ဗျားတို့နှစ်ယောက်အကြား နေ့တိုင်းပြဿနာတွေ ဖြစ်၊ ခင်ဗျားမိန်းမ ခင်ဗျားကို မုန်းနေတာ ခင်ဗျားသိတယ်နော်”၊
“ဒီမှာ ခင်ဗျားမိန်းမ ခင်ဗျားကို တသက်လုံး ခံစားရအောင် လုပ်သွားတာ မဖြစ်နိုင်ဘူးလား၊ အဲဒီ မိန်းမပြောတာကို ခင်ဗျားယုံသလား”၊ ကျနော်ထပ်မေးလိုက်သည်၊

‘အမေ က သမီးကို ခုတုံးလုပ်ပြီး ဒီလိုပြောဆို လုပ်ပါမလား၊ မင်းလည်း စဉ်းစားကြည့်လိုက်ဦး’၊ ထိုသူကပြန်ပြောပါသည်၊

“ပြန်မေးရဦးမယ် ခင်ဗျားမိန်းမအကြောင်း ခင်ဗျားသေချာ မသိဘူးထင်တယ်”၊ ကျနော်မေးရင်း ဆက်ပြောလိုက်သည်၊
“ကိုယ့်ကလေး ဟုတ်မဟုတ် စစ်ကြည့်လို့ရတဲ့ နည်းတွေ အများကြီးပဲ၊ ခင်ဗျားဘာလို့ မလုပ်တာလည်း၊ ခင်ဗျား တစ်ဖက်သတ် ယုံပြီး ခံစားနေလိုက်တယ်၊ အမုန်းတွေပွားနေလိုက်တာ၊ ဟိုမိန်းမသိရင် သိပ်ပျော်နေမှာပဲ”၊ ထိုသို့ ကျနော်ပြောလိုက်သော အခါ ထိုသူ တွေဝေလို့လာသည်၊
ကျနော်ကဆက်၍
“ဟုတ်တယ်၊ ကျနော် ခင်ဗျားမိန်းမ ပြောတဲ့အကြောင်းတွေကို သိခဲ့ရတယ် ဒါကြောင့်မို့လဲ ကျနော် သီရီကို စောင့်ကြည့်ခဲ့တယ်၊ လိုအပ်ရင် စမ်းသပ် စစ်ဆေးမှုတွေလုပ်ဖို့ စီစဉ်ခဲ့တယ်၊ ကျနော်က အဲဒီ မိန်းမပြောတာကို မယုံဘူး၊ မလေးရှားမှ ဘာဖြစ်ခဲ့သလဲဆိုတာ မသေချာဘူး၊ ခင်ဗျားထင်သလို ကျနော်တို့က ကမြင်းခဲ့တာ မဟုတ်ဘူး၊ ခင်ဗျား သေချာစုံစမ်းသင့်တယ်”၊
“ဒါပေမဲ့ ခု ကျနော် သီရီကို ကျနော့်သမီး ဟုတ်မဟုတ်၊ စစ်ဆေးနေမှာ မဟုတ်ဘူး၊ စမ်းသပ်နေမှာ မဟုတ်တော့ဘူး”၊

“ဘာလို့လဲဆိုတော့ ကျနော် သီရီကို သမီးတစ်ယောက်လို ချစ်သွားလို့ပဲ၊ အမေတစ်ယောက်ရဲ့ အသုံးမကျမှု၊ ဖအေ တစ်ယောက်ရဲ့ အသုံးမကျမှုတွေဟာ၊ ကလေးပေါ် သက်ရောက်မှု မရှိစေရဘူး”၊ “ကလေးတစ်ယောက်ကို မွေးကတည်းက ဆယ့်ခြောက်နှစ်ထိ မကျွေးမွေး မစောင့်ရှောက်ခဲ့ပေမဲ့၊ လူငယ်တစ်ယောက်ကို ရှေ့ဆက် လမ်းမှန်ပေါ် ရောက်အောင်တော့ ကျနော် ပြုစုစောင့်ရှောက်သွား နိုင်တယ်လို့ ယုံကြည်တယ်”၊

“သီရီဟာ ကျနော့်သမီး မဟုတ်ခဲ့ရင်တောင်မှ ကျနော်ပြောင်းလဲမှာ မဟုတ်ဘူး၊ ကလေးတစ်ယောက်ကို အဲဒီလောက် မခံစားစေချင်ဘူး”၊ ပြောရင်း ကျနော်အလိုလို မျက်ရည်တွေကျလာပါသည်၊ ထိုအချိန်တွင် သီရီလက်ချောင်းလေးတွေသည် ကျနော့်လက်ကို လာရောက် ဆုပ်ကိုင်လာသည်၊

“ကဲ ခင်ဗျားရဲ့ စိတ်ဆင်းရဲမှု တစ်ခုကို ကျနော်ယူသွားပြီလို့ မှတ်လိုက်ပါ”၊
“လာသမီး သွားကြမယ်” ဆိုပြီး ကျနော်သီရီ ကို ပွေ့ချီပြီး လှမ်းထွက်ခဲ့သည်၊

ထိုသူသည် နောက်က ပြေးလိုက်လာသည်၊ ငါ့သမီးဟုတ်မဟုတ် ငါစမ်းသပ်ဦးမယ် ဟေ့ကောင် နေဦး မပြေးနဲ့၊ ပြောဆိုအော်ဟစ်ရင်း ပြေးလိုက်လာသည်၊

အဲဒီအချိန်မှာပဲ

‘မလိုက်လာနဲ့၊ ကျမ အဖေ မဟုတ်ဘူး၊ ကျမ အဖေ ဘယ်တော့မှ ပြန်ဖြစ်လာမှာ မဟုတ်ဘူး’၊
‘မလိုက်လာနဲ့၊ ကျမ အဖေ မဟုတ်ဘူး’၊

သီရီ၏ အားယူပြီး ပြောလိုက်သံကြောင့် တံခါးဝတွင် လူတစ်ချို့က ထိုသူကိုဖမ်းချုပ်ထားလိုက်သည်၊ ထိုသူကတော့ ပါးစပ်က တတွတ်တွတ်ပြောရင်း ရုန်းလို့နေပါသည်၊

ကျနော်သည် သီရီကို ဆေးခန်းတစ်ခုသို့ အမြန်ဆုံး ပို့နိုင်ဖို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးနေသလို ဖြစ်နေပါသည်၊ ဒါမှမဟုတ် သီရီကို ပြန်မပေးချင်လို့ ဆုံးရှုံးသွားမှာစိုးလို့လဲ ကျနော့်ခြေလှမ်းတွေ ပြေးနေခြင်းလည်း ဖြစ်နိုင်ပါသည်။


……………………………..


စင်္ကာပူတွင် ချစ်သူနဲ့ တွေ့သောအခါ ချစ်သူသည် ကျနော့်ကိုတောင်းပန်းခဲ့သည်၊ ချစ်သူက သူသည် ညံ့သောမိန်းမတစ်ယောက် ဖြစ်ကြောင်း ကိုယ်ချစ်ရတဲ့သူကို လက်လွတ်ဆုံးရှုံးခွင့် ပေးလိုက်ရအောင် ညံ့ဖျင်း သူတစ်ယောက်လို့ ဆိုသည်၊ ဒီလိုနဲ့ ကျနော်တို့ စကားတွေ ဆက်ပြောဖြစ်ကြသည်၊ ချစ်သူပြောတာကို နားထောင်ရင်း အားပေးရင်းနဲ့၊ နောက်ဆုံးတော့ ချစ်သူသည် ကျနော့် ရင်ခွင်ထဲသို့ ပြန်ရောက်ရှိလာခဲ့သည်။

ချစ်သူပြောပြသည့်ထဲတွင် ထိုမိန်းမသည် မြန်မာပြည် ပြန်သွားပြီး ချစ်သူကို ကျနော်နဲ့ အဆက်အသွယ်ဖြတ်ပစ်ဖို့ တိုက်တွန်းခဲ့သည်၊ မဟုတ်ပါက အရှက်ရစရာတွေ ဖြစ်လာနိုင်ကြောင်း အကျပ်ကိုင်ခဲ့လေသည်၊ ချစ်သူက ကျနော်ကို အဆက်အသွယ်ဖြတ်လိုက်ပြီး သိပ်မကြာမှီမှာ ထိုမိန်းမသည် ကိုကောင်းမြတ်ထူးနဲ့ လက်ထပ်လိုက်သည်၊ ကိုကောင်းမြတ်ထူးသည် သဘောထား သေးသိမ်သူဖြစ်ပြီး ထိုမိန်းမကို အရမ်းချုပ်ချယ်လေသည်၊ သူတို့တွင် သီရီဆိုသော သမီးလေးတစ်ယောက် ရှိလာခဲ့သည်၊ ဘယ်လိုပဲဖြစ်ဖြစ် ကျနော် စိတ်မကောင်းဖြစ်ခဲ့ရသည်၊ အကြောင်းမှာ ထိုမိန်းမသည် ရုတ်တရက်ဖျားပြီး ကွယ်လွန်သွားခဲ့သည်မှာ တစ်နှစ်ရှိပြီဆိုသည်၊ ထိုမိန်းမသည် ဆုံးခါနီး ကျနော့်ချစ်သူကို စကားတွေပြောခဲ့သည်၊ သူ့သမီးလေး၏အဖေသည် ကျနော်ဖြစ်သည်ဆို၏၊ နောက်ပြီး ထိုမိန်းမသည် ကျနော်ကို ခုထက်ထိ သူချစ်နေပါကြောင်း သူချစ်ခဲ့ပါကြောင်း ပြောပြီး ဆုံးပါးသွားခဲ့သည်၊ ထိုအတူ သူ့ခင်ပွန်း ကိုကောင်းမြတ်ထူးကိုလည်း သမီးလေး၏အဖေသည် ကျနော်ဖြစ်သည်ဆိုပြီး ထိုမိန်းမသည် မသေခင်ပြောသွားခဲ့သည် ဆိုသည်။

သိပ်မုန်းဖို့ကောင်းသော ထိုမိန်းမသည် ကျနော်ကို တသက်လက်ဆောင် တစ်ခုပေးခဲ့ပါသည်၊ ဒါအပြင် မြန်မာပြည်တွင် ကျနော့်ကို သိပ်မုန်းတီးနေသူ တစ်ယောက်ကိုလည်း ရှိစေခဲ့ပါသည်။

ခုတော့ မြန်မာပြည်မှ ကျနော် ပြန်ရပါတော့မည်၊ အပြန်ခရီးမှာတော့ အသွားနဲ့မတူတော့ပါ၊
ကျနော်တွင် ခပ်ညံ့ညံ့ ဇနီးတစ်ယောက်ပါလာခဲ့ပြီး သမီးတစ်ယောက်လည်း အဆစ်ရလာပါသေးသည်။

လေယာဉ်ပေါ်တွင် သီရီက ကျနော့်ကို အဖေလို့ခေါ်ပါသည်၊ ပြီးတော့ ကျနော့်ကို တီးတိုးစကားဆိုပါသည်၊ အမေက သူ့ကိုပြောခဲ့သည်တဲ့ သမီးရဲ့အဖေ ဘယ်သူလဲဆိုတာ သူလဲမသေချာဘူးတဲ့၊ သိဖို့လည်းမေမေက မကြိုးစားခဲ့ဘူးတဲ့၊ သမီးကတော့ အဖေလို့ပဲယုံသည်တဲ့၊ အဖေသမီးကို ချစ်ရမယ်နော်တဲ့၊
ကျနော့်အတွက် ဒီသမီးရဲ့ အမေလောက် သိပ်မုန်းဖို့ကောင်းတဲ့ မိန်းမရှိမည် မထင်ပါ။
ကျနော့် သိပ်မုန်းတဲ့ မိန်းမတစ်ယောက်ရဲ့ သမီးကို ချစ်ရဦးမည်ပေါ့။

ကံ ကံ၏အကျိုး ကို ယုံကြည်သူတစ်ယောက်၊ အကြောင်းကြောင့် အကျိုးဖြစ်သည်(ပဋိစ္စသမုပ္ပါဒ်) ကို လေ့လာနေဆဲသူ တစ်ယောက်မို့၊ သံသရာမှာ သူကမုန်းလိုက် ကိုယ်ကမုန်းလိုက် မဖြစ်ချင်တော့ပါ၊ ဖြစ်နိုင်ရင် အမုန်းတွေကို ဒီဘဝမှာပဲ ထားခဲ့လို့ နေချင်ပါသည်။



ပြီးပါပြီ၊

ကျေးဇူးတင်ပါသည်။

sosegado

13 comments:

Anonymous said...

ကိုယ်သွေးသား မဟုတ်ပဲ လူတွေ သားသမီး အဖြစ် ချစ်တတ်ကြပါတယ်

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ တည်ငြိမ်အေး
မဖတ်ရတာကြာတော့လွမ်းတယ်ဆို - - -ပိုလေမလား
အသိပညာအတတ်ပညာတစ်ခုကိုမျှဝေခံစားရလို့ 
ဖတ်ချင်တာချဉ်ခြင်းဖြစ်တာဆန်းနေသလား-
အမုန်းတင်မဟုတ်ဘူးဒီဘဝမှာအကုန်လုံးထားခဲ့ ပါ။
ကိုယ့်ဘဝကူးကောင်းအောင်အတွက်ရတာမှန်သမျှအကုန်
ယူသွားပါ။ ကွှန်တော်လည်းကျိုးစားနေဆဲပါ။
တစ်ခါတစ်လေတော့လည်း လည်နေပါတယ်။
ထွက်မည့်အပေါက်ပျောက်နေတတ်ပါသေးတယ်။
မထွက်နိုင်သေးဘူး-မရုန်းနိုင်သေးဘူး-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Ko Boyz said...

DNA တော့ စစ်စေချင်တယ်အေ...။
မတင်မကျ ဖြစ်တာတော့ မခံစားနိုင်ဘူး...။ :(

khin oo may said...

Khin Oo May ကောင်းတယ်။။်
2 minutes ago · Like
Khin Oo May အမြဲကောင်းတာပါဘဲ။
2 minutes ago · Like
Khin Oo May ကိုဘ ပြောတာ နားထောင်လိုက်ပါ အဟိ.
about a minute ago · Like
Khin Oo MayီDNA မစစ်တောင် သွေးတော့စစ်ပါ. A လား ဘီလား. အိုလား. အများကြိးလွဲသွားရင် ဒီအန်အေ ဆီမရောက်တော့ဘူးပေါ့.
A few seconds ago · Like

KJ said...

ဗီလိမ် လူဆိုးတွေက အပြင်ကအတိုင်းပဲ
ဖတ်၍ ကောင်း၍ ခံစားရသည်

Anonymous said...

ကျေးဇူး ကိုဆိုစီ

ခပ်ညံညံ တွေ ဆိုမကြိုက်ဘူး .. သူ့ခမျာ သနားစရာ ခပ်ညံညံ မိန်းမရော သမီးရော .. ရက်စက်ပ

ရွှေစင်ဦး

လသာည said...

တကယ့်ကို သုတရသ စုံအောင် အလွမ်းအကြမ်း စုံအောင် ပုံဖော်ရးတတ်လိုက်တာလို့ ချီးကျူးမိပါတယ်။ တချို့ကိစ္စတွေ (သူ့ထက်သူ လူစွမ်းကောင်းပုံပြင်တွေ အကြောင်းတွေ)ကို အခုမှပိုသိသွားတယ်။

တော်သေးတယ်။ ကိုဆိုဆီလည်း လူစွမ်းကောင်းနဲ့ အပေါင်းအသင်းဖြစ်နေသေးလို့...။

AMK said...

သိပ်ကြိုက်တယ်ဗျာ...

ဟန်ကြည် said...

ဒုတိယပိုင်းအစမှာ ဇာတ်က တစ်မျိုးဖြစ်သွားလို့ နည်းနည်းတွေသွားသေးတယ်...နောက်တစ်ဇာတ်ပြောင်းလိုက်သလားလို့...ဆက်ဖတ်တော့မှ ဇာတ်ရည်လည်သွားတယ်...နှစ်ကန့်ခွဲပစ်လိုက်တော့ ပိုလှသွားတယ် ဆိုရမယ်ထင်ပါရဲ့...

အေးဗျာ...ဇာတ်ကောင်နေရာကနေ ၀င်စဉ်းစားမိတယ်...ကိုယ်သာဆိုရင် ဘယ်လိုလုပ်ရမလဲလို့ပေါ့...အနှီလို မိန်းမျိုးကတော့ ကြောက်သဗျာ...သို့ပေမင့် တူသောအကျိုးပေးသွားတာပါပဲ...

ဟန်ကြည် said...

ဒုတိယပိုင်းအစမှာ ဇာတ်က တစ်မျိုးဖြစ်သွားလို့ နည်းနည်းတွေသွားသေးတယ်...နောက်တစ်ဇာတ်ပြောင်းလိုက်သလားလို့...ဆက်ဖတ်တော့မှ ဇာတ်ရည်လည်သွားတယ်...နှစ်ကန့်ခွဲပစ်လိုက်တော့ ပိုလှသွားတယ် ဆိုရမယ်ထင်ပါရဲ့...

အေးဗျာ...ဇာတ်ကောင်နေရာကနေ ၀င်စဉ်းစားမိတယ်...ကိုယ်သာဆိုရင် ဘယ်လိုလုပ်ရမလဲလို့ပေါ့...အနှီလို မိန်းမျိုးကတော့ ကြောက်သဗျာ...သို့ပေမင့် တူသောအကျိုးပေးသွားတာပါပဲ...

Anonymous said...

I always read your post but i am not interested your first part so i dun read it. Now I read your second post and want to know who are they..

Now i have read the whole post and know who they are.....

Anonymous said...

Hello, all is going well here and ofcourse every one is sharing facts,
that's really fine, keep up writing.

Also visit my web-site; auto blogging

Anonymous said...

a