Wednesday, May 11, 2011

ချွန်းဖိုး

မြန်မာစကားတွင် တစ်ချို့ ကိစ္စ၊ ဖြစ်ရပ်များကို စကားများ စကားပုံများ စကားထာများဖြင့် ပြောဆိုတင်ပြလေ့ရှိသည်၊ ပိုမိုလေးနက်စေရန် သို့မဟုတ် လှပစေရန်အတွက်ဖြစ်သည်ဟုဆို၏၊ ဒီအတွက် ချစ်စရာကောင်းသော မြန်မာစာလို့ ကျနော့်၏ မြန်မာစာ ဆရာတစ်ယောက်က ဆိုပါသည်။

ထိုအထဲတွင် ‘ဆင်ဖိုးထက် ချွန်းဖိုးကကြီး’ဆိုသော စကားရှိပါသည်၊ မည်သို့ဖြစ်ပေါ်လာသည်၊ မည်သို့အနက်ရသည်၊ မည်သည့်အခါတွင်သုံးသည် စသည်တို့ကို သေချာမသိ၍ မပြောပြလိုတော့ပါ၊

ကျနော်နားလည်လိုက်ရသည့် ချွန်းဖိုးကိုတော့ သူငယ်ချင်းပြောပြသော ဇာတ်လမ်းလေးနဲ့ တင်ပြလိုက်ရပါသည်။

……………………………………………………………..

ကျုရှင်အပြီး သူငယ်ချင်းအိမ်မှ ဂိမ်းခွေ(CD)သွားယူပြီးအပြန် အိမ်သို့ရောက်ခါနီးတွင် အိမ်ရှေ့လမ်းမကြီးတွင် မီးသတ်များက လမ်းပိတ်ထားသည်ကို တွေ့ရသည်၊ မီးသတ်ကားနှစ်စီး ရပ်ထားသည်ကိုလည်းတွေ့ရသည်၊ မီးသတ်တွေနောက်မှာတော့ ရဲတွေသေနတ်တွေနဲ့ စောင့်နေကြသည်၊ မီးလောင်သည့်အရိပ်အရောင်လည်းမတွေ့ရ၊ ဘာဖြစ်တာပါလဲလို့စိတ်ထဲက စပ်စုလိုက်မိသည်၊ ဆိုင်ကယ်ပေါ်ကဆင်း ဆိုင်ကယ်ကိုတွန်းကာ ဖြတ်ဝင်မည်အလုပ်၊
‘ညီလေးမသွားရဘူး ဒီမှာပြဿနာဖြစ်နေတယ်၊’
“ကျွန်တော်အိမ်က ဒီထဲမှာဗျ၊ ဘာများဖြစ်လို့လဲ၊”
‘အနုကြမ်းစီးတာ၊ ဒမြတိုက်မှုဖြစ်နေလို့ပါ၊ သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းနေလို့ ဘယ်သူမှဝင်ခွင့် ဖြတ်သန်းခွင့် မရှိပါဘူး၊ အန္တရာယ်လည်းများပါတယ်၊’
“ဘယ်မှာဖြစ်တာလဲခင်ဗျာ၊”
‘ပါကီးရွှေဆိုင်လေ၊’
“ဗျာ၊ အဲဒါ ကျွန်တော်အိမ်ပဲလေ၊ အဲဒါ ကျွန်တော်တို့ဆိုင်လေ၊ ဘယ်သူတွေဘာဖြစ်သွားသေးသလဲ၊”
မီးသတ်အကြပ်ကြီးက ရဲတွေဘက်လှည့်ပြီး၊ ဆရာတို့ဒီမှာ ရွှေဆိုင်ကကောင်လေး၊
ကျွန်တော်ရင်ထဲမှာ ဗလောင်ဆူသွားသည်၊ အိမ်မှာ အဖေရယ် အမေရယ် ညီမလေးရယ် အလုပ်သမားတွေရယ် စိုးရိမ်မှုတွေပိုလို့သွားသည်၊
ဆိုင်ကယ်ကိုအတင်းတွန်းပြီး မီးသတ်တွေကိုကျော်ဖြတ်နေမိသည်၊ မီးသတ်နှစ်ယောက်ကကျွန်တော့်ကို လိုက်ဆွဲနေသည်၊ ဒီလိုနဲ့ ရဲတွေနားရောက်လာသည်၊
ရဲအရာရှိတစ်ယောက်က ‘ဟေ့မင်းဘယ်သူလဲ၊’ ကျွန်တော့်ကိုလှမ်းမေးသည်၊
“ကျွန်တော်ပါကီးရွှေဆိုင်ကပါ၊ အိမ်မှာ အဖေ၊ အမေနှင့် ညီမလေးတို့ရှိတယ်၊ ကျွန်တော့်ကသားပါ၊”
‘အဝါး၊ ဒီကောင် အဝါး၊ ပိုင်ရှင်ရဲ့သားပါ၊’ ရပ်ကွက်ထဲကစွမ်းအားရှင်လိုလို အရံမီးသတ်လိုလို တစ်ယောက်က ဝင်ဖြေလိုက်သည်၊
ဒီအချိန်မှာ ရဲအရာရှိက အပြုံးတစ်မျိုးပြုံးပြီး၊ ‘ဒီလိုငါညီရေ၊ မင်းတို့ဆိုင်ကို ဓါးပြဝင်တိုက်တယ်၊ ဗုံးတွေရော သေနတ်တွေနဲ့ရောပေါ့ကွာ၊ ခုတော့ငါတို့ ရဲကွန်မန်ဒိုတွေက အခြေအနေကိုထိန်းထားနိုင်ပါပြီ၊
လုံခြုံရေးအလုပ်သမားတစ်ယောက် ဒဏ်ရာရတာကလွဲလို့ ဘာမှမဖြစ်ပါဘူး၊ လာမင်းငါနောက်ကလိုက်ခဲ့၊’
ရဲအရာရှိ ဒုရဲအုပ်ခေါ်ရာနောက်သို့ ကျွန်တော်လိုက်သွားသည်။

ဆိုင်ထဲသို့ရောက်လျှင် ဒုရဲအုပ်က ‘အန်ကယ်၊ အန်ကယ်သားကျနော်ခေါ်လာခဲ့တယ်၊’
အမေက ကျေးဇူးပဲ ရဲမှူးကြီးရယ်လို့ဆိုလိုက်သည်၊ အဖေ၊ အမေ၊ ညီမလေးနှင့် အလုပ်သမားတွေဆီက စစ်ချက်ယူနေသော အရပ်ဝတ်၊ ယူနီဖေါင်းဝတ်များစွာကိုတွေ့ရသည်၊ ရဲကွန်မန်ဒိုလေးယောက်လောက် အိမ်ထဲတွင်ကျန်နေသေးသည်၊ ပထမဦးဆုံးအကြိမ် ရဲကွန်မန်ဒိုတွေကိုမြင်ဖူးခြင်းဖြစ်သည်၊ ခေါင်းစွတ် မျက်မှန်နက်၊ နက်ပြာရောင်ကျည်ကာလိုအစွပ်တွေ၊ မရှင်းဂန်း၊ ပစ်စတိုသေနပ်နှင့် ဒါးမြှောင်က ခါးမှာ သူတို့ကအသင့်အနေထားနဲ့ ရုပ်ရှင်တွေထဲကအတိုင်း၊ SWAT ဇာတ်လမ်းကိုသတိရလိုက်သည်၊ ဆိုင်အရှေ့တံခါးမြောက်ခြမ်း ပျက်စီးနေသည်၊ ဘေးထွက်ပေါက်လည်းပျက်စီးနေသည်၊ ရွှေသမားတစ်ချို့ အမေကို ဖျော်ရည်တိုက်နေသည်၊ အပြင်ဘက်ကိုထွက်ကြည့်လိုက်တော့ ရဲတွေမီးသတ်တွေနောက်မှာ ဝိုင်းကြည့်နေကြသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်၊ စက်ဘီးတွေ၊ ဆိုင်ကယ်တွေက လမ်းကိုပြည့်နေသည်၊ ဘုန်းကြီးတွေလည်းအများကြီးပင် မန္တလေးရဲ့ ထုံးစံပဲမဟုတ်ပါလား၊ ခဏနေကြာတော့ ရွှေသမား အချို့နဲ့ အမျိုးတွေရောက်လာကြသည်၊ ကိုးကွယ်သော ဆရာတော်ဘုန်းကြီးလည်းကြွလာသည်၊ ညဆယ့်တစ်နာရီလောက် စစ်ဆေးတာအားလုံးပြီးစီးသွားသည်၊ လုံခြုံရေးတာဝန်ယူမည့် ရဲလေးယောက်ကလွဲ၍ ကျန်မီးသတ်၊ ရဲအဖွဲ့အစည်းအားလုံးပြန်သွားကြသည်၊ ရွှေသမားများ အကူအညီဖြင့် ပျက်စီးနေသော တံခါးများကို ညတွင်းချင်းပြုပြင်ကြသည်၊ လူအများက အစုလိုက်အစုလိုက် လာကြည့်နေကြဆဲဖြစ်ပါသည်။
………………………………………………..

အမေနှင့် ညီမလေးတို့ပြန်ပြောပြသည်မှာ

ဆိုင်ပိတ်ပြီဖြစ်၍ အရောင်းအကူများ အားလုံးပြန်သွားကြပြီဖြစ်သည်၊ အမေ ညီမလေးနှင့် လုံခြုံရေးအလုပ်သမားနှစ်ယောက်သာ ကျန်တော့သည်၊ လုံခြုံရေးအလုပ်သမား ကိုမြကြီးက ဆိုင်ရှေ့ တံခါးကိုပိတ်သည်၊ တံခါးသည်လျှပ်စစ်တံခါးဖြစ်ပြီး တဖြည်းဖြည်းအပေါ်ကကျလာသည်၊ တံခါးပိတ်ရန် ၂ပေခန့်အလိုတွင်၊ လူနှစ်ယောက်လှိမ့်ဝင်လာသည်၊ အားလုံးကြောင်နေစဉ်မှာပင် ထိုလူနှစ်ယောက်ထလာပြီး သေနတ်များထုတ်ချိန်ကာ၊ ငွေတွေနဲ့ ဆိုင်ထဲက ရွှေငွေလက်ဝတ်လက်စားများကိုတောင်းသည်၊ ဖြစ်ဖြစ်ချင်း ညီမလေးက ကလေးဆိုတော့၊ အလန့်တကြားအော်လိုက်မိသည်၊ သေနတ်နဲ့ချိန်ခံရသောအခါ ဆက်မအော်တော့၊ ညီမလေးအော်သဖြင့် ဓါးပြတစ်ယောက်က အိတ်ထဲက လက်ပစ်ဗုံးကိုထုတ်ပြီး၊ ပြောတဲ့အတိုင်းလုပ်ရန် မလုပ်ပါက ဗုံးဖေါက်လိုက်မည်ဟု ခြိမ်းခြောက်သည်၊ အမေနှင့် လုံခြုံရေးအလုပ်သမား မောင်မောင်အေးတို့ ပိုက်ဆံနဲ့ ရွှေထည်များကို သူတို့ပေးသော အိတ်ထဲထည့်ခိုင်းသည်၊ ကိုမြကြီးနှင့်ညီမလေးကို ဆောင့်ကြောင့်ထိုင်ခိုင်းထားသည်၊ သူတို့ပေးသော အိတ်မဆန့်တော့၊ အိတ်ရှာခိုင်းသည်၊ ဓါးပြများက စကားဝဲနေသဖြင့် တလွဲတွေဖြစ်ရသည်။

ဓါးပြများသည် ဆိုင်နောက်ထဲသို့ချက်ချင်းဝင်မကြည့်၊ ဓါးပြများဝင်လာချိန်တွင် အဖေသည် ဆိုင်နောက်ထဲတွင်ရှိသည်၊ ညီမလေး အော်သံကြောင့် ဓါးပြတိုက်နေပြီကိုသိလိုက်သည်၊ တံခါးပိတ်သွားပြီမို့ အပြင်ကလူတွေကသိနိုင်မြင်နိုင်မည်မဟုတ်ပေ၊ အဖေသည်ဆိုင်နောက်ထဲကနေ အိမ်ပေါ်ထပ်တက်သွားပြီး၊ ရွှေသမား မိတ်ဆွေများကို အကူအညီတောင်းသည်၊ ထိုမှာတဆင့် ရဲတပ်ဖွဲ့ကိုအကြောင်းကြားဖြစ်သည်၊ သေနတ်တွေဗုံးတွေပါသဖြင့် စစ်ဆင်ရေးကို တိုင်းရဲတပ်ဖွဲ့က ဦးစီးသည်။

ရဲကွန်မန်ဒိုတွေက အိမ်၏ထွက်ပေါက်ဝင်ပေါက်၊ လောလောဆယ် ဓါးပြနှစ်ဦး၏နေရာနှင့် အခြေအနေကိုမေးသောအခါ၊ အဖေအတွက်စွန့်စားမှုပင်၊ သူရှိနေတာသိရင် အခြေအနေပြောင်းသွားနိုင်သည်၊ ဇနီးနဲ့သမီးအတွက်လည်းစိုးရိမ်သည်၊ နောက်ဆုံးစွန့်စားမှုလုပ်ကာ အောက်ထပ်ဆင်းကြည့်ပြီး ဓါးပြနှစ်ဦး၏နေရာကို ရဲတပ်ဖွဲ့ကိုပြောပြနိုင်ခဲ့သည်၊ ဆိုင်တံခါးမကြီးကို အသေပိတ်သော်လည်း၊ မြောက်ဘက်တွင် မလွယ်ပေါက်ရှိသည်၊ သားတော်မောင်ပြန်လာရင် အတွင်းကပင်ဂျက်ဖွင့်ပေးရုံသာဖြစ်သည်၊ သားတော်မောင်အတွက်လည်းစိုးရိမ်လိုက်သည်၊ ဒီအချိန်အတွင်းမှာ တိုက်တိုက်ဆိုင်ဆိုင်ပြန်လာရင် ပစ်ကြခတ်ကြမည်။

ရဲကွန်မန်ဒိုတွေအတွက် အခက်အခဲဖြစ်ရပုံက အိမ်ထဲကိုဘယ်လိုဝင်မလဲ၊ အဝင်မတော်ရင် အိမ်ထဲရှိသူများ ပစ်ကြခတ်ကြပြီး သေဆုံးသွားနိုင်သည်၊ ဗုံးနဲ့ဓါးပြတစ်ယောက်က မလွယ်ပေါက်ကိုမျက်နှာမှုထားသည်၊ ကျန်တစ်ယောက်က ဆိုင်နောက်ဖက်ကို မျက်နှာမှုထားသည်၊ အိမ်ရှေ့ကလည်းဝင်လို့မရ၊ အပေါ်ထပ်နဲ့နောက်ဘက်ကလည်းဝင်လို့မဖြစ်၊ ဘေးဘက်ကလည်းဝင်လို့မရ၊ နောက်ဆုံးသူတို့ဝိုင်းထားပြီဖြစ်ကြောင်း၊ တောင်းသမျှပေးလိုက်ရန်ပြောသည်၊ ထွက်လာမှ ဖမ်းမည်ဖြစ်ကြောင်းအကြောင်းကြားသည်၊ အဖေသည် တထိတ်ထိတ်နဲ့ အခြေအနေများကို စောင့်ကြည့်နေရသည်။

ကြွပ်ကြွပ်အိတ်ခြောက်အိတ်၊ ပလပ်စတစ်အိတ်ငါးအိတ်၊ မြွေရေခွံအိတ်ကြီးတစ်အိတ်၊ ခရီးသွားအိတ်ကြီးတစ်အိတ်နဲ့ ဓါးပြများ ဘယ်လိုသယ်မလဲ အလုပ်ရှုပ်နေကြသည်၊ ထိုအချိန်တွင်ဆောင့်ကြောင့်ထိုင်နေသော ကိုမြကြီး လက်ပစ်ဗုံးနှင့်ဓါးပြကိုဝင်လုံးသည်၊ ပါးစပ်ကလည်း အတူတူသေရအောင်ဆိုပြီး ထိုးကြကြိတ်ကြသည်၊
အဖေလည်း ရဲတွေကို မြကြီးလုံးနေပြီ ဝင်ကြပါတော့လို့ လှမ်းပြောတော့သည်၊ ရဲကွန်မန်ဒိုတစ်ချို့ မလွယ်ပေါက်ကိုဖျက်ပြီး ဝင်သည်၊ တစ်ချို့နောက်ဖေးပေါက် အဖေဖွင့်ပေးသည်ကဝင်သည်၊ တစ်ချို့ဘေးတံခါးကိုဖျက်ပြီးဝင်သည်၊ အခြေအနေကရှုပ်ထွေးနေသည်။

ရဲကွန်မန်ဒိုများ ဘယ်သူမြကြီးလဲ ဘယ်သူဓါးပြလဲခွဲလို့မရ၊ ဘယ်သူမြကြီးလဲ ဘယ်သူမြကြီးလဲ၊ ကွန်မန်ဒိုတစ်ယောက်ကအော်သည်၊ ညီမလေးက ဗုံးကိုင်ထားတာမြကြီးလို့ပြန်အော်သည်၊ မြကြီးနှင့်လုံးနေသောဓါးပြ မလွယ်ပေါက်ကနေထွက်ပြေးသည်၊ ရဲကွန်မန်ဒိုများ အတင်းထိန်းချုပ်ဖမ်းဆီးလိုက်သည်၊ ထိုအချိန်တွင် မြကြီးလက်ထဲကဗုံးအပြင်သို့လိမ့်ထွက်သွားသည်၊
လိမ့်ထွက်လာသောဗုံးသည် ရွှေသမားများဘက်ရောက်သွားသည်၊ ရွှေသမားတစ်ယောက်က တည့်တည့် ကန်ထုတ်လိုက်သည်၊ ထိုဗုံးသည်စွမ်းအားရှင်တွေဘက်ရောက်သွားသည်၊ စွမ်းအားရှင်တစ်ယောက်ဗုံးကို ဆလိုက်ထိုးကန်ထုတ်ပြီး ရေမြောင်းထဲဆင်းဝပ်လိုက်သည်၊ ထိုဗုံးသည်မီးသတ်နှင့်ရဲတွေဘက်ရောက်သွားသည်၊ မီးသတ်တစ်ယောက် ကြောက်အားလန့်အားနဲ့ လက်နဲ့ပုတ်ထုတ်လိုက်သည်၊ ဗုံးသည်ဘယ်မှ မသွားပဲ အလည်မှာ လည်နေသည်၊ (မန္တလေး ရတနာပုံ ဘောလုံးအသင်း ဒီကအစပြုခြင်း ဖြစ်နိုင်သည်) ဗုံးကို ရဲကွန်မန်ဒိုတစ်ယောက်ကောက်ယူလိုက်ပြီး ပင်မဖြုတ်ရသေးဘူးလို့ဆိုလိုက်သည်၊ ဗုံးနဲ့ပစ်နေတယ်ဆိုသော သတင်းသည်၊ ကြည့်နေသည့် လူထုထဲသို့ချက်ချင်းရောက်ရှိသွားပြီး၊ ကြောက်လန့်တကြားပြေးကြရာ၊ စက်ဘီးတွေလဲ၊ ဆိုင်ကယ်တွေလဲ၊ ဒူးပြဲသူပြဲ၊ လက်ကွဲသူကွဲနဲ့ ဘိနပ်ပေါင်းများစွာ၊ လမ်းပေါ်မှာကျန်ခဲ့သည်၊ ဗုံးကိုရဲတွေရသွားပြီ၊ ဓါးပြတွေကိုအရှင်မိသွားပြီ ဆိုတဲ့ သတင်းနဲ့အတူ ထိုလူအုပ်ကြီးသည်ပြန်ရောက်လာသည်၊ ထိုအထဲတွင် ဘိနပ်ရှာနေသူများလည်းပါသည်။

အချုပ်ဆိုရသော ကံကောင်းခြင်းမေးခွန်းတစ်ချို့ကျန်ရစ်ခဲ့သည်၊
ဓါးပြများ၏ သေနတ်တစ်လက်မှာ အတုဖြစ်နေခြင်း၊
ဓါးပြနှစ်ယောက်သည် ဗုံး ကိုမြကြီးလက်ထဲရောက်သွားသောအခါ ကိုမြကြီးဗုံးဖေါက်၍ သူတို့ပါသေမည်စိုး၍ ကိုမြကြီးလက်ထဲကဗုံးကို လုကြခြင်းဖြစ်နိုင်သည်၊ ဒီ့အတွက် သေနတ်ဖြင့်ပစ်ရမည်ကို မေ့နေကြခြင်း၊
အဖေသည် ထိုအချိန်တွင် ဆိုင်နောက်ဘက်သို့ရောက်ရှိနေခြင်း၊ တံခါးတွင် မလွယ်ပေါက်လုပ်ထားခြင်း၊
နောက်ဆုံးရဲတွေဝင်လာမှ ဓါးပြတစ်ယောက် အပေါ်ဆုံးထပ်သို့ တက်ပြေးခြင်းတို့ဖြစ်သည်၊ ဓါးပြများမသိသည်မှာ ကိုမြကြီးသည် ‘သေလိုက်ပါလား၊’ ‘လာသွားသေရအောင်၊’ ‘အတူတူသေမလား’ ‘သေရဲလို့လား’ စသခြင့် သေကြောင်းကို အလွယ်တကူပြောတတ်ခြင်း၊ ပြောလေ့ရှိခြင်းတို့ဖြစ်သည်၊
အဖြေမရှိသည်မှာ ကိုမြကြီးကိုယ်တိုင် ဘာလို့ဗုံးကိုဝင်လုသလဲမသိခြင်း၊ အပြင်သို့ဗုံးကို တမင်ပစ်လိုက်သည်လား မသိခြင်းတို့ဖြစ်သည်။
……………………………………………………..

အဖေကို လူတွေက ကိုကျော်ကီး ခင်ဗျားဆိုင် ဓါးပြဝင်တိုက်တာ ဘာမှမပါသွားဘူးဆို တော်သေးတာပေါ့၊ ခင်ဗျားတို့သိပ်ကံကောင်းတယ်ဟု ဆိုရင် အဖေသည် အပြုံးတစ်ခုပြုံးပြတတ်သည်၊ အဖေ၏ အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ ဇနီးနှင့် သားသမီးတွေဘာမှ မဖြစ်ရင် ပြီးတာပဲလို့ တွေးဖြေနေပုံရသည်။
 
ကျွန်တော်ကတော့ အဖေလိုမဟုတ်၊ ဟုတ်ကဲ့ ဘာမှမပါသွားဘူး ဒါပေမဲ့……………..
 
ကိုမြကြီးအား ဆုချငွေ                                 ကျပ် ၁၀၀၀၀၀ နှင့် ရွှေတစ်ကျပ်သား


ကိုမြကြီးမိန်းမအား                                      ရွှေဘတ်ကြိုးတစ်ကုံး


ကိုမောင်မောင်အေးအား ဆုချငွေ                     ကျပ် ၅၀၀၀၀ နှင့် တစ်မတ်သား ရွှေလက်စွပ်

တိုင်းရဲနှင့်အထူးတပ်ဖွဲ့အား ဆုချငွေ                   ကျပ် ၂၀၀၀၀၀၀


သတင်းနှင့်ထလရတပ်ဖွဲ့အား ရန်ပုံငွေထည့်ဝင်ငွေ ကျပ် ၁၀၀၀၀၀၀


မြို့နယ်ရဲတပ်ဖွဲ့အား ဆုချငွေ                           ကျပ် ၅၀၀၀၀၀


မီးသတ်တပ်ဖွဲ့ ရန်ပုံငွေထည့်ဝင်ငွေ                   ကျပ် ၂၀၀၀၀၀


မဝတ နှင့် ရဝတ ရန်ပုံငွေထည့်ဝင်ငွေ               ကျပ် ၅၀၀၀၀၀


ကြံ့ဖွံ့၊ စွမ်းအားရှင်၊ အရံမီးသတ်ရန်ပုံငွေ            ကျပ် ၂၀၀၀၀၀


ရွှေလုပ်ငန်းရှင်များ ညစာစားပွဲ                       ကျပ် ၁၀၀၀၀၀


ကိုမြကြီးဆေးဖိုး၊ သွားအတုဖိုး                       ကျပ် ၅၀၀၀၀


(ကိုမြကြီး သွားသုံးချောင်းကျိုးသွားပါသည်)

အဖေအလှူဒါနပြုလုပ်ခဲ့ပါသည်၊ ထိုအချိန်က ငွေတစ်သိန်းသည် အတော်အသင့် တန်ဘိုးရှိပါသေးသည်၊
ဘာပဲဖြစ်ဖြစ် အဖေသည်ရုံးဌာနများတွင် မျက်နှာပွင့်ပါသည်၊ ဦးကျော်ကီးက အရမ်းရက်ရောတယ်လို့ဖြစ်ပါသည်၊ TV ကလာသည့် အလှူဒါနပြုကြသူငှာ ထဲတွင် အဖေမပါခဲ့ပါ။

နောက်ဆက်တွဲ အဖြစ်တွေရှိပါသေးသည်၊ ဓါးပြများအား အမှုစစ်ဆေးရာတွင် အမေအားခဏခဏ ဆင့်ခေါ်နေ၍၊
အမှုလိုက်ဆွဲချအား ဆုချငွေ ကျပ် ၁၀၀၀၀၀
တရားရေးဝန်ထမ်းများရန်ပုံငွေ ကျပ် ၁၀၀၀၀၀ နှင့်အပြတ်ဖြတ်လိုက်ရပါသည်။

………………………………………………………….

ကျနော့် သူငယ်ချင်းပြောပြသော ဖြစ်ရပ်ဇာတ်လမ်းလေးတွင် ချွန်းဖိုးကို ကျနော်အဲလိုနားလည်လိုက်ရပါသည်၊ ကျနော်နားလည်မှုသည် လွဲမှားကောင်းမှားနေပါမည်၊ ခေတ်သည်လည်းပြောင်းနေပြီဟုသိရပါသည်၊ ဝန်ကြီးချုပ်သည် သမတဖြစ်လာသလို၊ သမတသည် လူဝတ်ကြောင် တစ်ယောက်ဖြစ်ကြောင်း ပြောကြပါသည်။

ဒါဆိုရင် ချွန်းဖိုး မဟုတ်ရင် ဘာဖိုးလည်းဆိုတာကိုတော့ ပြောပြကြလိမ့်မည်ဟုထင်မိပါသည်။


Note; လူဝတ်ကြောင်=အရပ်သား



27 comments:

မိုးယံ said...

ဓါးပြတိုက်ခံရတာကို အသာတကြည်ပေးလိုက်ရင် အဲလောက် ကုန်မလားဟင်... (သူတို့ အဲလောက် သယ်နိုင်လို့လား သိချင်ယုံပါ)

Anonymous said...

အစ်ကိုကြီးတို့ အစ်မကြီးတို့ပေးမှ ကျွေးမှ စားရသောက်ရတဲ့ဘဝပါခင်ဗျာ

Angelhlaing(May everybody be happy and healthy! said...

အင်းနော်..တစ်ကယ့်ကိုလေးနက်တဲ့ စကားတစ်ခါန်းပါပဲ... ချွန်းဖိုး..တဲ့..
ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို..
ကောင်းသောနေ့လေးဖြစ်ပါစေ။

ကိုဇော် said...

ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ် ကျနော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အစိုးရရုံးတွေ သွားနေကျဆိုရင်လည်း ချွန်းဖိုးကြီးတဲ့ သဘောတရားက အလိုလို နားလည်လာတယ်.
ချွန်းဖို့မကုန်ပြန်ရင်လည်း လုပ်ငန်းမတွင်ဘူး
ခေတ်တွေ ပြောင်းလာတယ်ဆိုတော့ ဒီလိုချွန်းဖိုးတွေ မကုန်ရတော့ဘူး ထင်ပါရဲ့း)

ZT said...

တစ်ချို့နယ်တွေမှာဆို ရဲကို တဝက်ပေးရတယ်လို့ ကြားဖူးတယ်။ တော်ပါသေးရဲ့။ ကျွန်တော့် အစ်ကိုအိမ် အခိုးခံရတုန်းက ၅ သိန်းလောက်နဲ့ ကိစ္စပြတ်သွားလို့။ :)

noblemoe said...

အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ တကယ်မှန်ပါတယ်။



သာယာချမ်းမြေ့ပါစေရှင်း
မိုး

LP said...

ဘဝကတော့ ရွှေပြည်မှာလည်းပေး၊ ယ ရောက်တော့ ယ ရဲကိုပေး၊
မ ရောက်တော့ မ ရဲကိုပေး၊ စလုံးရောက်တော့ သံရုံးကိုပေး
ငါသည်ပေးရကမ်းရသူဖြစ်သည်၊ တောင်းသူ စားသူ ရယူသူမဟုတ်လို့
အကောင်းမြင်ကာ ဆက်လက်ပေးကမ်းနိုင်ပါစေ။

ချစ်ကြည်အေး said...

မရောက်တာ ကြာသွားတယ် ကိုဆီဆိုရေ... လာဘ်ပေး ရန်မလို ဆိုတဲ့အတိုင်းပေါ့ရှင်....:))

ZT said...

ZT wrote...
တစ်ချို့နယ်တွေမှာဆို ရဲကို တဝက်ပေးရတယ်လို့ ကြားဖူးတယ်။ တော်ပါသေးရဲ့။ ကျွန်တော့် အစ်ကိုအိမ် အခိုးခံရတုန်းက ၅ သိန်းလောက်နဲ့ ကိစ္စပြတ်သွားလို့။ :)

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
တည်ငြိမ်အေး လည်းဘဝအထွေထွေမှာငိုရရီရတွေတော်
တော်ကလေးခုန်ပျံကျော်လွှားလာခဲ့ရတာဘဲနော်-
ကိုယ်တွေ့ ကလေးတွေကိုတင်ပြထားတာတွေကဖတ်သူ
အဖို့ ပညာရစေတာမို့ ကျေးဇူးပါဗျာ-
ဒုတိယကွန်မန့်ကိုလည်းအပြည့်အဝထောက်ခံသွားပါတယ်
ခင်ဗျာ-
ကိုဇော် ဆိုသွားတဲ့ လွမ်းမိုး သီချင်းလည်းမိုက်တယ်-
စင်္ကာပူမှာစိန်ဆွဲကြိုးတွေရွှေတွေပိုက်ဆံတွေအခိုးခံရတုံးက
ရဲ ကိုအကြောင်းကြားတော့အလည်ရောက်နေတဲ့မိအို
ဖအိုတွေပါအစစ်ခံရမှာစိုးလို့ အမှု့ ကိုပိတ်ပြစ်လိုက်ခဲ့ရ
ဘူးတယ်ဗျ-
ရဲ ဆိုတာနဲ့မိအိုဖအိုတွေကဒူးတွေတုန်နေကြတာလေ-

noblemoe said...

အပြုံးနောက်ကွယ်တွင် ပြန်မပြောသော စကားတစ်ချို့ရှိနေပါသည်၊ တကယ်မှန်ပါတယ်။သာယာချမ်းမြေ့ပါစေရှင်းမိုး

nyan gyi said...

ပေးကမ်းခြင်းသည်၊ အောင်မြင်ရာ၏၊
ဒါပေမဲ့ ဘာအတွက်၊ ဘာကြောင့်၊ ဘာလုပ်ဖို့ပေးလိုက်ရမှန်း မသိတာတွေတော့ အများကြီးပင်၊
ဆင်တောင် မဝယ်ရသေးပဲ ချွန်းဖိုးပေးသလိုဖြစ်နေပါတယ်၊

LP said...

ဘဝကတော့ ရွှေပြည်မှာလည်းပေး၊ ယ ရောက်တော့ ယ ရဲကိုပေး၊ မ ရောက်တော့ မ ရဲကိုပေး၊ စလုံးရောက်တော့ သံရုံးကိုပေးငါသည်ပေးရကမ်းရသူဖြစ်သည်၊ တောင်းသူ စားသူ ရယူသူမဟုတ်လို့အကောင်းမြင်ကာ ဆက်လက်ပေးကမ်းနိုင်ပါစေ။

Anonymous said...

ပေးရမဲ့ ကုသိုလ် ပါလာတယ်လို့မှတ်ပါ။

flowerpoem said...

ဥပမာပေး အရမ်းကောင်းပါတယ် ကို Sosegado :)

သိင်္ဂါကျော် said...

အင်း ဘယ်လို ပြောရမှန်းတောင် မသိဘူး...
ချွန်းဖိုး ဆိုတဲ့ ခေါင်းစဉ်နဲ့ တော့ တကယ် လိုက်ပါတယ်..

ahphyulay said...

အင်း...
ကိုမြကြီးက သေ စကားကို ပဲလှော်ဝါးသလို
တဂျွတ်ဂျွတ် ပြောနေပေမယ့် ၊ ဗုံးကို လူတွေထဲ
ပစ်လိုက်တဲ့ အခန်းလေးပြုံးမိတယ်။ ဒါးပြတွေ ဗုံးလု
နေလို့  သေနတ်ပစ်ဖို့ မေ့ တာလဲ ကောင်းတယ်၊
အသက်ရှိလို့  သေမှာကြောက်ကြတာသဘာဝမလား၊
ဒီပို့ (စ)ကတော့  ကသောင်းကနင်းနဲ့  ကျွန်တော်
အကြိုက်ဆုံးပဲ။ အားလုံးကို မြင်နေလို့ ။
အဲ.. ဝန်ဂျီးချုပ်၊သမ္မတ မပြောတော့ ပါဘူးဗျာ..
ငရဲကြီးမှာစိုးလို့ ။ အထဲကလူတွေ အပြင်ရောက်ဖို့ 
ပဲ လိုတာပါ။

chitkyi said...

မရောက်တာ ကြာသွားတယ် ကိုဆီဆိုရေ... လာဘ်ပေး ရန်မလို ဆိုတဲ့အတိုင်းပေါ့ရှင်....:))

ခန said...

ဒီလိုလေးတွေလည်း ရှိတယ်။

စော(အဝါရောင်မြေ): said...

အင်း ဈေးကြီးလိုက်တာ

A SHIN THU said...

ကျုပ်ထင်တယ်..ကိုမြကြီး ကို ဗုံးနဲ့သွားခြိမ်းခြောက်တဲ့ ဓားမြ ဗုံးသုံးတဲ့အမှုရယ် ဗုံးကို ကိုမြကြီးလက်ထဲရောက်
အောင် ပေါ့ဆတဲ့ အမှုရယ်ကလည်း ချွန်းဖိုးနီးပါး သွား
လိမ့်မယ်ထင်တယ် :) ဟုတ်တယ်..သူကြောင့် ဝိုင်းထား
တဲ့သူတွေအားလုံး bomb player တွေဖြစ်ကုန်တာ..။

တောက်ပကြယ်စင်: said...

ဟယ်လို မင်္ဂလာပါ...ချွန်းဖိုး...လာဖတ်သွားပါသည်...ကျန်းမာပျော်ရွှင်ပါစေ...

မြစ်ကျိုးအင်း said...

လုပ်ငန်းလည်ပတ်ဖို့အတွက် ချောဆီ ကြေးလေးပါ။

မြတ်မွန် said...

ဆိုင်တော့ အရင်းမပြုတ်သေးပါဘူးနော်..။
ဓာပြတွေ ထပ်လာရင် ဒုက္ခ..။

လသာည said...

ဒီပိုစ်ကို ဖတ်ပြီး ကို sosegado ရဲ့ ချွန်းဖိုးကို တော်တော် နားလည်သွားတယ်။ စာရင်းထဲမှာ ကျန်နေတဲ့ချွန်းဖိုးလေးတွေလည်း တွေ့ရတယ်..။ ဒီတော့..
နောက်ဆက်တွဲ ချွန်းဖိုးဆိုပြီး ရေးပါဦးနော်း))

SHWE ZIN U said...

အဲဒီ အကြောင်းတွေ သိသလိုဘဲ ကိုဆိုဆီ တို့ဆိုင်လား

ချွန်းဘိုး က တကယ်ပိုသွားတာဘဲ