Thursday, April 7, 2011

ငါနှင့်သင်္ကြန်



သင်္ကြန်ဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး
တစ်နှစ်တစ်ခါလာနေတဲ့ အမူးသမား ဇာတ်လမ်းပါပဲ၊
တစ်မတ်ဘိုးပဲမူးမူး ငါးမူးဘိုးပဲမူးမူး
တစ်ကျပ်ဘိုးလောက် အမြဲမူးပစ်လိုက်တယ်၊
တနှစ်လုံးမသောက်ဖြစ်လဲ အသစ်ဆုံးနှစ်ရောက်ဖို့ပဲ
သင်္ကြန်အခါမှာ မူးလိုက်ရမှ ကျေနပ်တဲ့ငါ
သင်္ကြန်ဆိုတာမူးရမယ်
သင်္ကြန်ဆိုရင် ရူးကြတယ်။

ငယ်ငယ်တုန်းကသင်္ကြန် အပျော်ကြံခဲ့တာမဟုတ်ပေမဲ့
တကယ်ပျော်ခဲ့တာအမှန်ပါ၊
အိုးမဲသုတ်ခံဘူးတာ၊ အိုးမဲပြန်သုတ်ဘူးတယ်
ငါ့အိမ်ရှေ့ဖြတ်သွားတဲ့လူ ငါရေပက်နိုင်တဲ့သူ
ဥပုသ်တွေဂျိုးရုပ်တွေ လာမပြောနဲ့ ငါကတော့ပက်မှာပဲ
ဘွာလာမခတ်ကြေး ငါတွဲလောင်းနှပ်ချေးနဲ့
ရေပက်တာကို အဿပြာနဲ့တောင်မလဲခဲ့၊
ပင့်ခုတ်မလား၊ ဖြတ်ခုတ်မလား၊ စောင်းခုတ်မလား
ခွက်စောင်းခုတ်ရမှ ကျေနပ်တဲ့ငါ၊
တစွတ်စွတ်နဲ့လည်း ပြွတ်မထိုးချင်ဘူး
ရေသေနပ်နဲ့လည်း အသေမသတ်ချင်ဘူး
ငါအတွက် အမြဲပြုံး ရေပုံးနှင့် နို့ဆီခွက်။

မန္တလေးသင်္ကြန် အလှမ်းဝေးနေတာမှန်ပေမဲ့
အရမ်းဆွေးစရာတွေနဲ့ပေါ့ အသဲကွဲစရာတွေရှိသလို
အမြဲပြောစရာတွေလည်း ရှိခဲ့တယ်၊
ဒီသင်္ကြန်မှာပဲ စမူးတတ်ခဲ့သလို
အရူးစတာကလည်း ဒီသင်္ကြန်မှာပဲ
ကားနဲ့လည်ဘူးတယ် ဆိုင်ကယ်နဲ့လည်ဘူးတယ်
စက်ဘီးနဲ့လည်ဘူးတယ် လမ်းလျှောက်ပြီးလည်းလည်ဘူးတယ်
ဘာနဲ့ပဲလည်လည် တကယ်မူးနေတာတော့အမှန်ပဲ၊
ရည်းစားတစ်ယောက်က ဒီသင်္ကြန်မှာပဲ လမ်းခွဲခဲ့တယ်
ဒီသင်္ကြန်မှာပဲ ရည်းစားတစ်ယောက် ကောက်ရဘူးတယ်၊
အမှုအရာပိုတဲ့ ထွန်းအိန္ဒြာဗိုလ်ကို အနောက်ကသိုင်းဖက်ဘူးသလို
ခိုင်သင်းကြည်က အသံလေးချီလို့ အမယ်လေးတော့သွားတယ်
ရေခဲရေနဲ့ ပက်လို့ပါ၊
ဒွေးကိုဘီယာနဲ့လောင်းဘူးသလို အတွေးပိုသွားတာက
ရန်အောင်ဖြတ်ကနဲ့ နမ်းလိုက်လို့ပဲ ငါမှာ ကြက်သီးတွေထ
တီဟုန်းမှာ ဂျင်းနီး ကော့ကော့ကတာ သွားကြည့်တော့
အဲဒီမှာ ဂျီပုန်းတွေလည်း သင်္ကြန်ဆို ရော့ရော့ထတယ် ဆိုတာသိခဲ့ရတယ်၊
ဟိုယိုင် ဒီယိုင်ချင်လို့ မူးချင်တဲ့သူတွေရှိသလို
ဟိုကိုင် ဒီကိုင်ချင်လို့ မူးချင်တဲ့သူတွေလည်းရှိတယ်
နှမချင်းမှ မစာနာ
ပိုဆိုးတာက ဟိုတိုင်ဒီတိုင်လုပ်ချင်တဲ့သူတွေ
စကားပြောစက်လေးကိုင်ရတာကို တိုင်းပြည်ကို သူတို့ပိုင်တယ်ထင်နေကြတာ
အော့နှလုံးနာစရာ
သူတို့ကမူးနေတဲ့လူတွေမဟုတ်ဘူး ရူးနေတဲ့သူတွေ၊
ပြောမနေနဲ့တော့ ရောထွေပြီးတော့မူးကြတယ်ဆိုရင် ကျုံးဘေးမှာ
စင်ပေါ်ကလည်းမူး ကားပေါ်မှာလည်းမူး ဆိုင်ကယ်သမားလည်းမူး
စက်ဘီးနဲ့လူလည်းမူး လမ်းဘေးကလည်းမူး ရဲတွေလည်းမူး
မီးသတ်လည်းမူး စစ်တပ်လည်းမူး
မူးမူးကြပုံက ရူးရူးနဲ့ကကြပြီး ထချကြပြီဆိုရင်
တုတ်တွေနဲ့လေးခွ အုတ်ခဲတွေနဲ့ပေးကြလေတော့
ငါလည်းရှောင်ရင်းပြေးရင်း အမူးငါးမူးဘိုးလောက်ပျောက်သွားတာ
မတန်လိုက်တာ၊
နောက်ဆုံး အဖြစ်ရှုံးတာက တရုန်းရုန်းဖြစ်နေတဲ့ကြားက
အပင်ပေါ်တက်ကြည့်နေတဲ့ ကလေးတွေပဲ ရဲအရိုက်ခံရတယ်
တကယ် အမူးနဲ့အမိုက်တွေရဲ့ပွဲပါကွယ်။ 

ရန်ကုန်သင်္ကြန် အကြံကုန်စွာနဲ့
တစ်ခါနှစ်ခါတော့ကြုံဘုးတယ်
ဒါပေမဲ့ အထာတင်းပြီးကျန်ခဲ့တဲ့
ငါအတွက်တော့ ဟာလာဟင်းလင်းကြီးပါပဲ၊
ရင်ခုန်စရာတွေချည်းပေါ့
အမှန်အကန်တွေရှာရင်း အကြံအဖန်တွေပဲတွေ့ခဲ့တယ်
အဲဒီ့အချိန်မှာ ဟော်တယ်တွေကလည်းဈေးတက်၊
ဘယ်နေရာကိုမင်းသွားမလဲမေးရင် တစ်ခါလာလဲအင်းလျားဘေးပါပဲ
မူးလာရင် ကန်တော်ကြီးပတ်ဆိုလို့ အရူးတစ်ကောင်လို့ ဗလာကြီးဟတ်ထိခဲ့ဘူးတယ်
တော်သေးရဲ့ ဗုံးသီးကြွေတဲ့နှစ်က ငါမရှိပဲလစ်နေလို့၊
ရာဇာနေဝင်းကို ငါထိုးဘူးတယ်အင်းလျားမှာပဲ
အဲဒီ့မှာ ဟေမာနေဝင်း ရန်ဖြစ်တတ်တာငါသိခဲ့တယ်
ချာတိတ်တွေဆင်းသွားဆိုပြီး ငါကိုများ
ထိုးထိုးဆိုလို့ ဆိုးနေတဲ့လူကိုထိုးခဲ့တာအမှားတဲ့၊
ဒီသင်္ကြန်မှာပဲ ဆေးပြားကိုင်ဘူးတယ် ပေါချက်ကလည်းမပြောနဲ့တော့
ရောတတ်ရင် အကြော်ဆိုင်မှာတောင်ဝယ်လို့ရတယ်
ပြဲနေကြတာလည်း ရဲဆေးတွေတင်ထားသည့်အလား ဘေးကလူဗလာမြင်လို့
ချွတ်ကတဲ့လူကက အပျိုလားအအိုလားမသိ အလကားကြည့်လို့ကောင်းတုန်း
မင်းအမေ မင်းအစ်မတွေစလို့ အတင်းအသေရိုက်ကြတာ
ကားတွေချိန်းတွေမျက်မှန်နက်တွေနဲ့ သက်တော်စောင့်နောက်လိုက်တွေက
ငါများနိုင်ငံခြားရောက်သွားသလိုပ ဂိုဏ်းတွေရဲ့ပွဲဆိုလား
အဲဒီ့မှာသင်္ကြန်ဆို ဆေးမမူးတော့ဘူးဆိုတဲ့အမြင် ငါမသင်ပဲရခဲ့တယ်။

ပြောမဆုံးတာကတော့ တောသုံးတောင်ဇာတ်လမ်း မဟုတ်ပါဘူး
အသွင်ထူးခြားတဲ့ စင်ကားပူးယားက ပင်နီစူးလား သင်္ကြန်ပါ
တစ်ခါဆိုတစ်ခါလောက် ငါမူးတာတွေပျောက်သွား
ထူးတာတွေဖြစ်လားဆိုတော့လည်း ရူးတာတွေတွေ့ခဲ့ရတယ်၊
ဆယ့်ငါးကျပ်ပေးပြီး ငါကွင်းထဲကိုဝင်တော့ အမြင်ဆိုးလှလေခြင်း
စင်ကာပူရဲ့ အထင်ကရကွင်းမှာလုပ်ပေမဲ့ မြင်ရတဲ့မြင်ကွင်းက ရွာကျောင်းပွဲထက်ဆိုးတယ်၊
အခွင့်ထူးခံလူတန်းစားဆိုတာကိုမကြိုက်တာမို့ အမြင့်ဖူးစံခုံတန်းလျားအပျောက်ခံလို့
ငါနိုင်ငံခြားကိုထွက်ခဲ့တာ
ဒီမှာ ပင်နီစူးလားဈေးရောင်းတဲ့လူတွေများ ကလေးကလားဆန်တာလား
ဘေးစကားမှန်နေရင်တော့ သူတို့ကိုယ်သူတို့ အခွင့်ထူးခံတွေလုပ်လို့ ခြံခတ်ပြီးကြည့်ကြတယ်
စင်ရှေ့တည့်တည့်ပါပဲ၊
လူတွေကို စော်ကားလို့စော်ကားမှန်းမသိ ခွင်ကိုဒီအထိဖန်ချင်ကြတယ်
မြန်ပြည်ကအကျင့်တွေမပျောက် တခြားသူတွေကိုမောက်မာခဲ့ကြတာ
ရောက်လာတဲ့သူအဆဲခံရတာ သူတို့ပါပဲ၊
ဘေးနားကတစ်ယောက် ရေသန့်ဗူးထဲသေးပန်းပြီး ခြံခတ်ထားတဲ့ဝင်းထဲ သေးဖြန်းလေတော့
ငါတောင်မနည်းလွတ်အောင်ရှောင်ရတဲ့ သြော်သေးဖြန်းတဲ့ပွဲ၊
စင်ပေါ်ကသီချင်းငါကြားမိတယ်တကယ် သင်္ကြန်ရေအေး သေးနဲ့စင်တယ် ခင်ရယ်ကွယ်ပေါ့
VIP တွေကတော့ သေးစင်လို့စင်မှန်းမသိ ခပ်မိမိနေကြတုန်းပါပဲ၊
မြန်မာပြည်လိုဗုံးမထိတာတော်သေးတယ်
စင်တော်နား ဘယ်လိုမှမကပ်နိုင်တာကြောင့် အနောက်နားအထွက်မှာ
အထောက်အထားပြစရာက ပေါက်နေကြတာပါပဲ၊
ပေါက်စရာရှားပါဘိတယ်
ဟိုကလပ်ဘ်နားကလူတွေသိရင် မြန်မာတွေသူတို့ကိုပန်းပြနေတယ်ထင်မိလိမ့်မယ်၊
သေးမပေါက်ကြပါနဲ့ သေးမပေါက်ကြပါနဲ့
စင်ပေါ်ကတစ်ယောက်က တစာစာအော်
အောက်ကလူတွေက တန်ပြန်ဆော်
အောင့်ထားလို့ရတဲ့အရာမှ မဟုတ်တာ
စင်ပေါ်မှာ ငနဲလေး ရဲလေးတောင် အရှုံးပေး နှလုံးမအေးနိုင်ဘူး
တွေးသာကြည့်ပေတော့ ဘာထူးသလဲဆိုတာ
ငါလည်းမမူးလိုက်ရတဲ့ပွဲပဲ
တော်ပါပြီ နောက်ခါ VIP မရှိ အစဉ်အလာရှိတဲ့ ဆမ်ဘာဝမ်ပဲသွားမယ်
အဲဒီမှာ အလကားစားရတာတွေရှိတယ်။

သင်္ကြန်ဆိုတာ ထူးထူးခြားခြား မဟုတ်ပါဘူး
တစ်နှစ်တစ်ခါလာနေတဲ့ အမူးသမား ဇာတ်လမ်းပါပဲ
တစ်မတ်ဘိုးပဲမူးမူး ငါးမူးဘိုးပဲမူးမူး
တစ်ကျပ်ဘိုးလောက် အမြဲမူးပစ်လိုက်တယ်၊
တနှစ်လုံးမသောက်လဲ အချစ်ဆုံးတစ်ယောက်မရှိတော့
သင်္ကြန်မှာ
ငါမူးလိုက်ချင်လို့ ရူးချင်ကြတယ်ဆိုရင်လာခဲ့
သင်္ကြန်ဆိုတာမူးရမယ်
သင်္ကြန်ဆိုရင် ရူးကြတယ်။





………………………………….
 
သင်္ကြန်ဆိုရင် မူးကိုမူးရမှ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ

26 comments:

ahphyulay said...

အင်းလေ..
ကျွန်တော်တို့  မြန်မာ ( ရွှေ ) မှန်သမျှတော့ 
ပျိုပျို အိုအို ငယ်ငယ်ကြီးကြီး တစ်နှစ်တစ်ခါ ပိုး ထ
လာတတ်တဲ့ အချိန်က သင်္ကြန်ပါပဲ။ တစ်နှစ်လုံး
အောင့်  ထားသမျှ ဖွင့်ထုပ်ကြတယ်ဆိုပဲ။
သင်္ကြန်မိုး ရုပ်ရှင်မရိုးသလို သင်္ကြန်မှာတိုးပြီး ရှုပ်ချင်
တဲ့  ပိုး ကလည်းမရိုးဘူးပေါ့ နော်။
သင်္ကြန်မှာ
ငါမူးလိုက်ချင်လို့ ရူးချင်ကြတယ်ဆိုရင်လာခဲ့
သင်္ကြန်ဆိုတာမူးရမယ်
သင်္ကြန်ဆိုရင် ရူးကြတယ်။
အင်းလေ.. အဲ့ လိုပဲ ရူးကြအုံးပေါ့ ..။

SOS said...

မူးခဲ့တာ ရူးခဲ့တာ သတိရနေပြီး
ငယ်ငယ်တုန်းကပါ

Anonymous said...

ဟိုယိုင် ဒီယိုင်ချင်လို့ မူးချင်တဲ့သူတွေရှိသလို
ဟိုကိုင် ဒီကိုင်ချင်လို့ မူးချင်တဲ့သူတွေလည်းရှိတယ်
နှမချင်းမှ မစာနာ
ပိုဆိုးတာက ဟိုတိုင်ဒီတိုင်လုပ်ချင်တဲ့သူတွေ
စကားပြောစက်လေးကိုင်ရတာကို တိုင်းပြည်ကို သူတို့ပိုင်တယ်ထင်နေကြတာ
အော့နှလုံးနာစရာ

မိုက်တယ်ဗျာ

MM

ကိုဇော် said...

ကောင်းလိုက်တာဗျာ . . .
ရှိသမျှ အဖြစ်တွေ အိတ်သွန် ဖာမှောက် အကုန်ကို ချပြလိုက်တာကိုး။
ဒီကဗျာကို ဖတ်ပြီးတော့ သင်္ကြန် အတွက် ရေးနေတဲ့ ကဗျာလေး ဆက်မရေးတော့ပါဘူး။ လေးစားပါတယ်။

rose of sharon said...

သြော်...သင်္ကြန်ဆိုတာဒီလိုလား...း)

ညိမ်းနိုင် said...

ရန်အောင်ကြီးဖက်နမ်းတယ်လား...ဟိ...။
ဟုတ်တယ်..ဆမ်ဘာဝမ်ပွဲပဲကောင်းတယ်....:)

အင်ကြင်းသန့် said...

သင်္ကြန်အကြောင်း ဖော်ကျူးလိုက်တာ
ပြည့်စုံ လွန်းလှပါဘိ ကိုဆိုဆီ.... :)

Angelhlaing(May everybody be happy and healthy! said...

ဘယ်လိုပဲ သင်္ကြန်ကို အဓိပ္ပါယ်ဖွင့်ဖွင့် လွမ်းနေရတာတော့ အမှန်ပဲ.....အကိုရေ..
ကောင်းသောနေ့လေးဖြစ်ပါစေ အကို။

မိုးယံ said...

ကောင်းပဗျာ..လက်စောင်းထက်သူများ ခုတ်တော့ ဟက်ခနဲပဲ။

ဘယ်နှယ့်တော် မြင်ရကြားရ အော့နှလုံးနာလို့ သင်္ကြန်ဆို နှစ်ခါပြန်ငိုချင်တယ်..

နှစ်သက်စရာမြင်ကွင်းတွေ မြင်ခဲ့ဖူးပါတယ်..ဒါပေမယ့်....ဦးတို့ ငယ်ငယ်တုန်းကပါဘာာာာာာာာ

nyan gyi said...

‘ငါ့အိမ်ရှေ့ဖြတ်သွားတဲ့လူ ငါရေပက်နိုင်တဲ့သူ’
ကျနော်ဗျာ ငယ်ငယ်တုန်းကကို သတိရသွားတယ်
အဲဒီတုန်းက ခွက်နဲ့ပဲပက်ကြတာ၊ ရေလည်းပေါပါသေးတယ်၊
ခုတော့ဗျာ တစ်နေရာမှာစီ တစ်နေရာမှာခြောက်ကပ်ကပ်
ရန်ပွဲတွေကလည်းများ ရေကလည်းရှား ဖီလင်ကို မရှိပါဘူး၊
သင်္ကြန်ကို ထွက်ပေါက် တစ်ခုလို့များ သတ်မှတ်နေကြတာလား၊

ချော(အစိမ်းရောင်လွင်ပြင်) said...

သင်္ကြန်ဆိုတာ ငယ်တုန်းက ပျော်သလောက် အသက်ကြီးလာလေ ကိုယ်နဲ့ ဝေးလေဖြစ်သွားတယ်။
ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ သင်္ကြန်ဆိုရင် မူးမှ ရူးမှ လို့ လက်ခံတဲ့သူတွေ များလာတာကြောင့်လည်း ပါတယ်။ မျက်စိနောက်လွန်းလို့ အပြင်ကို မထွက်ဘဲ စာအုပ်ကြီးတွေနဲ့ အချိန်ဖြုန်းနေမိတော့တယ်။
သင်္ကြန်ရောက်တောင် သင်္ကြန်ရေမစိုတာ အတော်ကြာပြီ။

ZT said...

သောက်လို့တော့ သိပ်ကောင်းတာပေါ့။ မူးလိုက်။ ရေလေး ထိလိုက်။ အမူးပြန်ပြေ သွားလိုက်။ ထပ်သောက်လိုက်နဲ့။ ဒီလိုနဲ့ သင်္ကြန်ပြီးသွားတာပေါ့။ :D

Anonymous said...

သူငယ်ချင်းတစ်ယောက်သို့ အမှတ်တရ
သူငယ်ချင်းအတွက်ဆိုလို့ တော်သေးတာပေါ့၊

Anonymous said...

အားလုံးပဲ ဆမ်ဘာဝမ်းမှာ ဆုံမယ်လေ လာလေ

LP said...

 ဟုတ်တယ် သင်္ကြန်ဆို မူးလိုက်ရမှ ပျော်ပျော်ပါးပါးပေါ့

အလင်းသစ် said...

သင်္ကြန်ဆိုတာမူးဖို့..ဟုတ်လိုက်လေ။။။
သင်္ကြန်ဆိုတာမူးဖို့ပဲပေါ့။။။
တန်ခူးလေနဲ့ အရူးတွေလို ရေတွေကြားမှာ
ကကြ၊ခုန်ကြဖို့ မူးနေဖို့တော့လိုတာပေါ့။။။
ကဗျာမိုက်တယ်ဗျ။။။။။။။။။

myomyo said...

ခေတ်သစ် လက်တွေ့ သင်္ကြန်ပေါ့၊
ပျောင်းတာလား ပျက်တာလားတော့ မသိဘူး။

အဖြူရောင်နတ်သမီး said...

သင်္ကြန်နဲ့ပတ်သက်ရင် အဆွေးတွေပဲရှိတယ်...
ဧပြီ...
သင်္ကြန်...
ပိတောက်...
ကျမအတွက်တော့...
မျက်ရည်ပေါက်တွေပါပဲ...

ကိုအောင်(ပျူနိုင်ငံ) said...

သင်္ကြန်နီးပြီး ကိုစိုးစီ၊ ရိပ်သာ ၀င်ပါ ... :P

TYZ said...

သက်ြန်မဆော့ဖူးပေမဲ့ ကိုဆိုစီကဗျာလေးနဲ့ မူးသွား ရူးသွာပါတယ်။

ခနွဲ said...

VIP အစီအစဉ်မရှိတဲ့ ဆမ်ဘာဝမ်းပဲ ကောင်းပါတယ်။ ကဗျာလေးတွေတော့ သဘောကျတယ်။ ငယ်ဘ၀ကို အဲဒီအတိုင်းပဲ ဖြတ်သန်းဖူးတယ်။

Anonymous said...

ကိုဆိုဆီ ရေ

ရင်ကိုထိရှစေတဲ့ သင်္ကြန်ကဗျာလေးပါဘဲ ကဗျာလေး အတိုင်းဘဲ မူးတော့မယ်ဗျို့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မြစ်ကျိုးအင်း said...

သင်္ကြန်ကို ခေါင်းစဉ်တပ်ပြီး မမူးရတာတောင် ကြာပေါ့ဗျာ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
ကျနော်ကတော့ဒီနှစ်နဲနဲပါးပါးပျော်လို့ ကတာကို-
ကျနော့်ကိုမူးနေသလား-သောက်ထားသလားတဲ့ဗျာ-
မေးလိုက်ကြတာလူတွေသောက်သောက်လဲလေ-
အမှန်ကတော့ပျော်လို့ ကတာမဟုတ်ပါဘူးစိတ်ညစ်လို့ 
ူသဋ္ဌင်္ကန်နဲ့အတူရောပြစ်လိုက်တာပါ။သတိတွေရနေလို့ -
စိတ်တွေထွေနေလို့-ဒီကြားထဲ တည်ငြိမ်အေး ကရေခဲရေ
တွေနဲ့လာလောင်းတော့မျက်ရည်တွေပါရေခဲရေနဲ့အတူတူ
မြောပါသွားလေရဲ့ :)

Anonymous said...

ကိုဆိုဆီ ရေးထားတာ့ ကဗျာထဲပါအောင်ရေးလိုက်တယ် ထင်မိတယ်၊
ဒါပေမဲ့ 10/04/2011 က လက်တွေ့တွေ့လိုက်ရတဲ့ ပင်နီဇူးလား သင်္ကြန်ကတော့
စီစဉ်သူတွေညံ့တာပဲလို့ ပြောရမှာပဲ၊ ကိုယ့်မြန်မာတွေအကြောင်း ကိုယ်သိရမှာပေါ့၊ ခုတော့ရှက်စရာကြီး၊
တော်ပါပြီ ပင်နီဇူးလား သင်္ကြန်ရေ၊
AI

ဟန်ကြည် said...

ပေါက်ကွဲသံစဉ်တွေထင်ပါ့...ဖတ်လို့တော့ ကောင်းတောင်းတောင်းဗျာ...မန်းလေးသင်္ကြန်တောင် ပြန်လွမ်းလာတယ်...ကိုယ်ကလည်း ဒီသင်္ကြန်ပဲ ကြုံဖူးတာကိုး...