Sunday, December 26, 2010

ဖိုးမောင်ရဲ့ ၂၀၁၀



နှစ်ထောင့်တစ်ဆယ်
အကွက်ကျယ်တယ်
ခွင်မကြမ်းပေမဲ့ အမြင်ဆန်းသလိုလိုနဲ့
အသွင်ကန်းနေတဲ့ ကမ်းလှမ်းချက်တွေက
ကလိမ်ကကျစ်တွေ၊
တမင်ညစ်တာသိပေမဲ့လဲ
အသွင်သစ် အမြင်သစ်တွေကို မှန်းလို့
ဖိုးမောင်တို့ လုံးရင်းပါးရင်း သုံးရင်းစားရင်း
ခပ်လန်းလန်းပါပဲ နောက်ဆုံးတော့
အပြတ်တွယ်ရအောင်ဆိုလဲ
အဖတ်ဆယ် မရအောင် မဖြစ်ခဲ့တာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် ကလိမ်ကကျစ်တွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
အပေါက်ကျယ်တယ်
ပေါ်နေတာကို လုံအောင်မဖုံး
ကြော်ငြာတွေတောင် ဝေကသုံးလိုက်သေးတယ်
လိမ်ပြီးနိုင်ခဲ့သူတွေ ကြိမ်ပြီးလာပြောနေလဲ
တိမ်ထဲက ကဝေလို ဘဝင်ထတက်ပေလဲ
သီလပျက်လေတော့ လူသူကမလေးစား၊
အပြုံးတွေကိုဘေးဖယ် အမုန်းတံထွေးတွေဆေးခြယ်
အောင်ပွဲဆင်နေလိုက်တာ သောင်ထဲလွတ်နေသလားပဲ
အဖေ့အစား သမီးရှက်တယ် အဖိုးအစား မြေးရှက်သင့်တယ်
ရှက်တတ်ရင် တဆွေလုံးတမျိုးလုံး ရှက်ဘို့ကောင်းတယ်၊
အမြတ်ထွက်တာပဲ ဖိုးမောင်တို့လုပ်ရင်း
အပြတ်အသတ် နိုင်တယ်ပဲထားဦး
အရပ်က ဝိုင်းမပယ်တာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် မရှက်တတ်သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
လုံးလည်ချာလည်
အထာတွေအသစ်အဆန်းမရှိ ဘာတွေဖြစ်နေမှန်းလဲမသိ
ကြေညာချက်တွေ ထပ်တလဲလဲထုတ်
ခပ်မရဲတရဲလုပ်လို့ ဘယ်သူမှမခွဲပဲ ကိုယ့်ကိုကိုယ် ရှစ်ခြမ်းကွဲ
ကွဲပြဲနေလိုက်တာ ဝဲစွဲနေတဲ့သူ
သုံးယောက်နဲ့ တစ်ပိုင်းပဲကျန်တယ်
ကိုယ့်အကွဲအပြဲတောင် ကိုယ်မနိုင်တာကို
တို့ပြောတာ မင်းတို့ယုံသလားမေးရင်
အဖိုးတို့ရယ် အဖွားတို့ရယ်
ဆယ်ကျော်သက်က စခဲ့တဲ့ဇာတ်လမ်း
ဖိုးမောင်တောင် အသက်သုံးဆယ်ကျော်သွားခဲ့ပြီ၊
အများအတွက်လုပ်ရင် အများတွက်ပဲဖြစ်ရမှာပေါ့
အဖွဲ့အတွက်ပဲလုပ်ရင် အဖွဲ့အတွက်ပဲဖြစ်သွားမှာပေါ့
ဘာမှမဖြစ်ရင် ဘာမှမဖြစ်တာမို့
အများအထင် အများအမြင် အများလိုချင်တာတွေဖြစ်အောင်
အစွဲအမြင်တွေချွတ်လို့် အကွဲအပြင်တွေကြားကထွက်
အန်တီရယ် အများအားလုံးအတွက် လုပ်ပေးစမ်းပါ၊
အဟုတ်မေးကမ်းတာပါ တရုတ်ဈေးကွက်စမ်းသလို
တဖြုတ်ဖြုတ်နဲ့မသေတာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် မသိတတ်သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။

နှစ်ထောင့်တစ်ဆယ်
အပြတ်မရှယ်
ဟိုတုန်းက ဘာဖြစ်ခဲ့တယ် ဒီတုန်းကညာဖြစ်ခဲ့တယ်
ရာဇဝင်ပါးစပ်နှင့် သမိုင်းလပ်လို့ အကြောင်းမလှခဲ့တဲ့ကပ်တွေ
အချစ်ရယ် နင့်ကိုငါသိပ်ချစ်တယ်၊
ထပါတော့လား လုပ်ပါတော့လား လားလားတွေနဲ့
မြှောက်ပေးနေကြတာ မဟားတယားနဲ့ မျောက်သေးပန်းသလိုပဲ
ဟောင်လွန်းတဲ့အပြင်ကခွေး
အချစ်ရယ် နင်နှင့်ငါအတူနေချင်တယ်၊
ကလေကချေ မီးမလင်းတဲ့အရပ်ကလူ
အခြေအနေ အထွေထွေပြောင်းလဲ ဘလောင်းဘလဲနဲ့သူ မင်းကရော ဘယ်မှာမွေးသလဲ
အရိပ်ရောင်းစားတဲ့သူ ဖြစ်မှာစိုးလို့ အတိတ်ကြောင်းတရားတွေလဲ
မပြောတော့ပါဘူး ဖြစ်ကြောင်းရယ်မှကုန်စင်၊
မတူမတန်ရအောင် ငါကငဇင်ကာလိုလူမဟုတ်ပါဘူး
အဖြူကိုပဲတမ်းတတယ်ဆိုရင် ငါ့အတွက်တော့ မင်းဟာနူနေတာနဲ့ မထူးဘူး
ပြောလိုက်စမ်းပါ နင့်ကိုငါအမုန်းဆုံးပဲ၊
အရိုင်းအစိုင်းတွေလို့ ပြောလို့ရအောင် အသိုင်းအဝိုင်းချင်း နှိုင်းကြမယ်ဆိုရင်
ပြောစမ်းပါဦး မင်းဘေးကလူတွေက ဘယ်လောက်ယဉ်ကျေးသလဲ
မဝင်ရ ဆိုတဲ့မှတ်ချက် ဖို့ဒ်ဝိန်းမှာဖြစ်သွားတာ သတိရမိ
သိရှိရမှာက သူတို့အမြင်မှာ မင်းလဲ မီးမလင်းတဲ့အရပ်ကလူပဲ၊
လက်ညိုးထိုးမှားနေတာကို ပါးစပ်ပိုးဆိုးစားနေသလို
ပေါက်ကရပြောနေ နောက်ကဗျောတွေ
အနားမှာမရှိလို့ ထရိုက်မမိတာကိုပဲ
ကျေးဇူးတင်ရမယ်၊
သြော် အချစ်မရှိတဲ့သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။





…………………………………………………..

ဖိုးမောင်ရဲ့ နှစ်ထောင့်တစ်ဆယ် ကတော့ လောလောဆယ် ပြီးဆုံးသွားပါပြီ။



24 comments:

ပေါ့ဆိမ့် said...

အဖေ့အစား သမီးရှက်တယ် အဖိုးအစား မြေးရှက်သင့်တယ်
ရှက်တတ်ရင် တဆွေလုံးတမျိုးလုံး ရှက်ဘို့ကောင်းတယ်၊
ကောင်းလိုက်တာ...

ကာရံလေးတွေနဲ့ ခြယ်သထားတာ ကဗျာလေးက လတ်ဆတ်နေတာပဲ တော်လိုက်တာဗျာ ...

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီ...ကဗျာကို ဒီလို တစ်တစ်ခွလေးဆို ကြိုက်သဗျ...အဟဲ...နားလည်တာလဲပါတယ်..

ကိုဇော် said...

သြော်. . .ပြောကျယ်ခဲ့တဲ့
နှစ်ထောင့် တစ်ဆယ် . . .
စပွန်ဆာတွေ ခေတ်စားလာတဲ့
နှစ်ထောင့် တစ်ဆယ် . . .

ကိုအောင် said...

၂၀၁၀ မှာ အချစ် မတွေ့သေးရင် ၂၀၁၁ မှာ
တွေ့အောင် ရှာပါ ... :P

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ
ရေးတတ်ပါ့ ဗျာ- ပြောကိုမပြောချင်တော့ဘူး(ဒေါမြလေး
လေသံနဲ့ ပြောသွားတယ်လို့ ပြောရအောင်ကလည်း
အဲဒီဒေါ်မြလေးကိုမမှီလိုက်လို့ ဘယ်သူလေသံနဲ့ ပြောပြရ
မယ်မသိတော့ပါ)ဘယ်လိုဘဲပြောပြောတကယ့်ကိုရေးတတ်
ပါပေ့ ဗျာ-

Anonymous said...

ကိုဆုံဆီရေ
ဒီလိုကဗျာတွေ ကြိုက်တယ်ဗျို့
ဒါတွေလဲရတာဘဲ စာတွေကဗျာတွေများများရေးနိုင်ပါစေ
ခင်မင်စွာဖြင့်
seesein

အင်ကြင်းသန့် said...

ကိုဆိုဆီရေ....
ကျနော်လည်းမရောက်ဖြစ်တာ အတော်ကြာသွားပြီ။ လာလည်တဲ့အချိန်လေးမှာ အခုလို အားရပါးရ ဖွဲ့စပ်ထားတဲ့ကဗျာကိုဖတ်လိုက်ရတော့ တော်တော်သဘောကျသွားတယ်။ :))

nyan gyi said...

“ အများအတွက်လုပ်ရင် အများတွက်ပဲဖြစ်ရမှာပေါ့
အဖွဲ့အတွက်ပဲလုပ်ရင် အဖွဲ့အတွက်ပဲဖြစ်သွားမှာပေါ့
အစွဲအမြင်တွေချွတ်လို့် အကွဲအပြင်တွေကြားကထွက်
အန်တီရယ် အများအားလုံးအတွက် လုပ်ပေးစမ်းပါ၊”
တောင်းပန်နေတာလား ဝေဖန်နေတာလား
သြော် မရှက်တတ်သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။
အတွေးကိုချီးကျူးမိပါတယ်.

Anonymous said...

ဘာမှမဖြစ်ရင် ဘာမှမဖြစ်တာမို့
ဘာမှမဖြစ်တာတော့ အမှန်ပဲ
အဲဒီ့အဖွဲ့ကလည်းကွဲပြဲနေတော့
အားလုံးအတွက်ဆို အဲဒီ့အဖွဲ့ထဲကထွက်လာသင့်ပြီ
Min Min

မေဓာဝီ said...

ကဗျာမိုက်တယ် ကိုဆိုဆီရေ ...
နဘေထပ်ထားတာလေးတွေလဲ သဘောကျတယ်။

ဖိုးမောင်ရဲ့ ၂၀၁၀ ပြီးဆုံးရင် ဂဂျိုးဂဂျောင် ၂၀၁၁ လာလေအုံးမလား မသိ ... ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းလိုက်တဲ့ ကဗျာ
ဖတ်ရင်းနဲ့ သဘောကျပြီး ပြုံးမိသေး
ကာရံနဘေ အတော်နိုင်တာဘဲ ကိုဆိုဆီ ဒါမျိုးတွေလည်း ဖြစ်သကိုး.. လေးစားအားပေးသွားပါတယ်..
ဒီလို သရော်တဲ့ ကဗျာလေးတွေ ထိထိမိမိရှိလို့ သိပ်ကြိုက်
မရှက်တဲ့သူတွေကတော့ သတင်းစာထက်မှာ ကြော်ငြာတွေအခန့်သားနဲ့ ကျေးဇူးစကားဆိုနေကြလေရဲ့..
ခိုးတာကို လူသိရှင်ကြား ကြော်ငြာနေသလိုပါဘဲ။
ကြည့်ပြီး အော်ဂလီဆန်တယ်...

Anonymous said...

:) မီးမလင်းတဲ့ အရပ်ကပါဗျို့

Note; အချိန်ပိုင်းလင်း၍ အချိန်ပိုင်းချစ်ပါ မီးလင်းမှချစ်မဲ့သူရေ၊

ahphyulay said...

ဟားဟား..
မိုက်တယ်ဗျာ.၊ ထေ့ လုံးငေါ့ လုံးလေးတွေ..၊
ကာရံနဘေလဲ မိတယ်၊
ရင်ထဲမှာ တော်တော်တင်းနေပုံရတယ်နော်..။
ရေးထားတာ အသံတွေထွက်နေတယ်။
အချိန်တန်တော့  ဖြစ်လာမှာပေါ့  ၂၀၁၀ ရယ်..။

မြစ်ကျိုးအင်း said...

ကလိန်ကကျစ်တွေနဲ့ သမိုင်းတွင်ခဲ့တဲ့ ၂၀၁၀ ကို
ကြက်ခြေခတ်ပဲ ခြစ်ဖို့ကောင်းတယ်ဗျာ။

(မအားမလပ်လို့ ခုမှရောက်ဖြစ်တာ ခွင့်လွှတ်ပါဗျာ)

Anonymous said...

မျောက်သေးပန်းတာ တွေ့ဖူးလို့လားးD

SHWE ZIN U said...

ကိုဆိုဆီ ရေ

အရှက်မရှိတဲ့ ၂၀၁၀ လို့ဘဲ ကုန်းကုန်းအော်လိုက်ချင်တယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

SHWE ZIN U said...

ကိုဆိုဆီ ရေ

အရှက်မရှိတဲ့ ၂၀၁၀ လို့ဘဲ ကုန်းကုန်းအော်လိုက်ချင်တယ်


ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကြည်ဖြူပိုင် said...

ကိုတည်ငြိမ်ရေ
လာလည်တာကျေးဇူးအများကြီးတင်ပါတယ်နော်
အရေးအသားလေးကိုဝေဖန်သွားတဲ့အတွက်ရောပေါ့
အနော်လဲ အလုပ်တွေအရမ်းရှုပ်နေလို့
မရောက်ဖြစ်တာတော်တော်ကြီးကိုကြာနေပြီ။
ဖတ်လက်စ မျက်ဝန်းလဲ့ပြာရီ ဇာတ်လမ်းလေးတွေကိုတော့
လာလာချောင်းကြည့်ပါတယ်။
ကိုတည်ငြိမ်ရေ
ကျန်းမာပျော်ရွှင်ပြီး ရင်ခုန်ကြည်နူးဖွယ်ကောင်းတဲ့
၂၀၁၁ ဆိုတဲ့နှစ်သစ်ကိုပိုင်ဆိုင်ဖြတ်သန်းနိုင်ပါစေ

အဖြူရောင်နတ်သမီး said...

လွှတ်ကောင်းဗျို့.......
များများလေး လွှတ်ပေးပါ..အဲဒါမျိုးလေးတွေ...
ဘေးတီးပေးသွားပါတယ်...

Anonymous said...

It is great.
Happy New Year

Zaw Zaw Lwin

flowerpoem said...

Happy New Year 2011 ပါ ကို Sosegado. . .

Anonymous said...

Happy New Year..

မိုးယံ said...

တတ်လဲတတ်နိုင်လိုက်တာကွယ်.. တစ်တစ်ခွခွ ပျစ်ပျစ်နှစ်နှစ် ကွက်ကွက်ကွင်းကွင်း ဘွင်းဘွင်းရှင်းရှင်း

သြော် အချစ်မရှိတဲ့သူတွေရဲ့ နှစ်ထောင့်တစ်ဆယ်။

blackcoffee said...

အပြုံးတွေကိုဘေးဖယ် အမုန်းတံထွေးတွေဆေးခြယ် သတဲ့လား ရေးတတ်လိုက်တာဗျာ....