Sunday, August 29, 2010

မျက်ဝန်းလဲဲ့ပြာရီ


MITမှာ ပြောတာပြတာတွေကို သွားနားထောင်ပြီး Boston ပြန်ရန်အလုပ်တွင် ဖုန်းတစ်ခုဝင်လာသည်၊ နားထောင်လိုက်တော့ မကြားရသည်မှာ ဆယ်စုနှစ်ရှိသွားပြီဖြစ်တဲ့ အသံ၊ အက်ရှရှ ရှိနေတုန်းပါပဲ၊ ဒီကိုရောက်နေတဲ့မို့လား၊ ဖုန်းနံပါတ်ဘယ်လိုရသလဲမမေးနဲ့၊ ခုဒါပြီးရင်ဘယ်သွားမှာလည်း၊ ဘယ်ရောက်နေပြီလည်း စသဖြင့် မေးလည်းမေး ပြောလည်းပြောပြီးမှ၊ သူ့ဘယ်သူလဲ သိလားမှတ်မိလားလုပ်လာသည်၊ ပြန်မဖြေသေးပဲ သက်ပြင်းကိုချမိလိုက်သည်၊ အမှတ်ရစေတဲ့ အကျင့်တစ်ခုကမပြောင်းလဲသေးပါလား၊ ဖြည်းဖြည်းချင်းပဲပြန်ဖြေလိုက်မိသည်၊ အသံက မေ့လောက်စရာ အကြောင်းမရှိပါဘူး၊ ဒီအတွက်မှတ်မိသလား၊ ဘယ်သူဖြစ်မယ်ဆိုတာကို ဖြေစရာလိုလိမ့်မယ်မဟုတ်ဘူးလို့ ပြန်ဖြေလိုက်တော့၊ ဟွန်း ဟွန်း ဟွန်း ရယ်သံလေးနဲ့ အဲဒါကြောင့်ချစ်ခဲ့တာ ဟုဆိုသည်၊ ငယ်မူပြန်နေသေးသည်၊ ကိုယ်ရဲ့ အစီအစဉ်ကို ပြောပြလိုက်သည်၊ လာခဲ့မယ်လုပ်သည်၊ လာရန်မလိုကြောင်း အစီအစဉ်နဲ့လိုက်ရမှာဖြစ်ကြောင်းပြောရင်း၊ မနက်ဖြန် NY မှာတွေ့ဖို့ချိန်းလိုက်သည်၊ Bus ပေါ်ရောက်နေပြီ ဖုန်းချရတော့မယ်လို့ပြောတော့၊ ကျမဘဝမှာ ပထမဦးဆုံးအကြိမ် ပျော်ရွှင်စွာ ပြန်လည်ရယ်မောခြင်းပါပဲမောင်၊ မောင်နဲ့တွေ့တဲ့ အချိန်တွေမှာ မောင်ကို မောင်လို့ပဲ ပြန်ခေါ်ပါရစေမောင်၊
စိတ်ကြိုက်လုပ်ပါ ဟုပြန်ဖြေလိုက်တော့၊ ကျေးဇူးပါပဲမောင်၊ အရမ်းတွေ့ချင်နေပြီ၊ နက်ဖြန်တွေ့ကြရအောင် ဖုန်းမျှော်နေမယ် ဟုဆိုကာဖုန်းချသွားသည်၊ ပျော်ရွှင်ကြည်နူးနေသူ တစ်ယောက်ကို ဆက်လက်ပျော်ရွှင်ကြည််နူးခွင့်ပေးလိုက်ခြင်းသည် အကောင်းဆုံးလုပ်ရပ်တစ်ခုလို့ သတ်မှတ်လိုက်မိသည်။

Bus ကားသည် Boston ရှိတည်းခိုရမည့် ဟော်တယ်သို့ တငြိမ့်ငြိမ့် ခရီးဆက်နေသည်၊ အတွေးတို့သည် အတိတ်သို့ပြန်ရောက်ကာ သူ့အကြောင်းစဉ်းစားနေမိသည်၊ ဘာပဲဖြစ်ဖြစ် ပြန်လည်တွေ့ဆုံချင်သော သူတစ်ယောက်ကို ပြန်လည်တွေ့ဆုံခွင့်ရလေပြီ၊ သူဆိုသည်ကား ‘မျက်ဝန်းလဲဲ့ဲပြာရီ’ ။

ကျနော်သည် ကျနော်ချစ်သော ချစ်သူများကို သူတို့၏ထူးခြားချက်နဲ့ညီစွာ ချစ်စရာ နာမည်လေးတွေပေးထားလေ့ရှိသည်၊ ကျနော်၏ ချစ်သူများကတော့ သူတို့၏ ချစ်စရာ နာမည်များကိုမသိကြပေ၊ မန္တလေးက ပထမဦးဆုံး ရည်းစားကို ‘အပြုံးလှသခင်’ နောက်တစ်ယောက်က ‘မဟူရာမင်းသမီး’၊ ရန်ကုန်က ဆံပင်ရှည်ရှည်လေးနဲ့ တစ်ယောက်ကို ‘နှင်းကေသရာဇာ’ စသဖြင့်ပေါ့၊

‘မျက်ဝန်းလဲဲ့ပြာရီ’ သည်လည်း ရန်ကုန်ကပဲဖြစ်သည်၊ ရန်ကုန်မှာမွေး ရန်ကုန်မှာကြီးသော ရန်ကုန်သူစစ်စစ်ဖြစ်သည်၊ နောက်ပြီး‘မျက်ဝန်းလဲဲ့ပြာရီ’သည် ဆရာဝန်မ တစ်ယောက်ဖြစ်သည်၊ ကျနော်နဲ့တွေ့သော အချိန်က‘မျက်ဝန်းလဲဲ့ပြာရီ’သည် ဆေးကျောင်းပြီးကစ ဟောက်ဆာဂျင်ဆင်းရန် ပြင်ဆင်နေချိန်၊ ကျနော်က အလုပ်လက်မဲ့ အဒေါ်တစ်ယောက်အိမ်တွင် မနေချင်ပဲနေနေရသူ၊ အဒေါ်၏အိမ်သည် အင်းလျားလမ်းတွင်ရှိသည်၊ ရန်ကုန်တက္ကသိုလ်နှင့် ဟိုဘက်ဒီဘက်၊ အင်းလျားဆောင်ကို လမ်းလျှောက်ရင် ဆယ်မိနစ်မကြာ၊ အရင်တုန်းက အဆောင်သူတွေနဲ့ အရမ်းစည်သည် ခုတော့ ခြောက်ကပ်ကပ်၊ လမ်းထိပ်တွင် ခေမာရဉ် ရှမ်းစားသောက်ဆိုင်ရှိသည်၊ ‘မျက်ဝန်းလဲဲ့ဲပြာရီ’သည် နောက်တစ်လမ်းမှာနေသည်၊ ကျနော်သည်ပျင်းတိုင်း လှည်းတန်းသို့ အကြောင်းမရှိ အကြောင်းရှာထွက်လေ့ရှိသည်၊ ဒီလိုနဲ့ လမ်းထိပ်တွင်ခွေးကြောင်းလေ့ရှိသော‘မျက်ဝန်းလဲဲ့ဲပြာရီ’ နှင့်ဆုံမိသည်၊ ဆွဲဆောင်မှု့ရှိသော မျက်လုံးတွေကြောင့် ‘မျက်ဝန်းလဲဲ့ဲပြာရီ’ကို ကျနော် ခင်မင်ရင်းနှီးစေစိတ်ဖြစ်ပေါ်လာသည်၊ တကယ်ပါ ‘မျက်ဝန်းလဲဲ့ပြာရီ’ဟုဆိုရလောက်အောင်ပင် မျက်လုံးတော်တော်လှသော မိန်းခလေးတစ်ယောက်ဖြစ်သည်။

နာမည်ကြီးအဆိုတော်ဖြစ်လာမည့် ဆေးကျောင်းသူအသစ်လေးရဲ့ ဦးထွန်းလင်းခြံလမ်းက စာအုပ်ဆိုင်တွင် မိတ်ဖွဲ့ပေးမှု့ကြောင့် ‘မျက်ဝန်းလဲဲ့ပြာရီ’နှင့် ကျနော်သိခွင့်ရလာသည်၊ သိသိချင်းပဲ သူ့ကိုခြံအလုပ်သမားထင်နေတာ စ၍စကားကို အစီအစဉ်မကျ ပြောတတ်ပုံကို သတိထားမိခဲ့သည်၊ အိမ်နီးနားချင်းဖြစ်သည့်အလျှောက် ကျနော်တို့ နှစ်ယောက်ရင်းနှီးသွားခဲ့ကြသည်၊ ကျနော်ထက် အသက်သုံးနှစ်ငယ်သော်လည်း စကားပြောဖေါ်၊ တီးတိုးဖေါ်၊ သွားဖေါ်လာဖက် သူငယ်ချင်းဖြစ်လာသည်၊ သန်လျှင်ဆေးရုံနှင့် အင်းစိန်ဆေးရုံသို့ သူဟောက်ဆာဂျင်ဆင်းတော့ ကျနော်ပဲ အပို့အကြိုလုပ်ရသည်၊
ထိုအချိန်က ကျနော်တွင် ‘မဟူရာမင်းသမီး’ ဟူသော ရည်းစားတစ်ယောက် မန္တလေးတွင်ရှိသည်၊ ‘မဟူရာမင်းသမီး’သည် သူငယ်ချင်း၏အစ်မ၊ မန္တလေး၏ကျိကျိတက် ချမ်းသာသောအသိုင်းအဝိုင်းမှ ဖြစ်၍ ရည်းစားဖြစ်ခဲ့ကြသော်လည်း တွေ့ဖြစ်ကြသည်ကနည်းသည်၊ တယ်လီဖုန်းရည်းစားဖြစ်ခဲ့သည်။ တီးတိုးဖေါ်၊ စကားပြောဖေါ်ဖြစ်သည့် အတွက်‘မျက်ဝန်းလဲဲ့ပြာရီ’သည် ကျနော်နှင့်‘မဟူရာမင်းသမီး’ အကြောင်းသိရှိခဲ့သည်၊ ရန်ကုန်ကို ခိုးပြေးဘို့ အကြံပြုဘူးသည်၊ ကျနော်ချစ်သော ချစ်သူများကို ချစ်စရာ နာမည်လေးတွေပေးလေ့ရှိသည်ကို သူသိထားသည်၊ ကျနော်နှင့်‘မဟူရာမင်းသမီး’တို့သည် ဆက်ရန်မရှိသော ဇာတ်လမ်းတစ်ပုဒ်ကို ကနေကြသည်ဟု သူကပင် မှတ်ချက်ချခဲ့သည်။

Bus ကားဟော်တယ်သို့ရောက်ပြီဖြစ်၍ အတွေးတို့ရပ်သွားခဲ့သည်၊ အခန်းပေါ်တက် ရေမိုးချိုးပြီး၊ ဒီနေ့ seminar အတွက်ရုံးကိုပေးရန် feedback report ရေးနေမိသည်၊ ပုံမှန်အားဖြင့် တစ်ရက်နှစ်ရက်ကြာမှ ရေးလေ့ရှိသော်လည်း နောက်နေ့တွေမှာ‘မျက်ဝန်းလဲဲ့ဲပြာရီ’နှင့် တွေ့ရန်ရှိသဖြင့် ဘယ်လိုမှ ရေးဖြစ်လိမ့်မည်မဟုတ်ဟု သိထားသဖြင့် ရေးနေရခြင်းဖြစ်သည်၊ နောက်တော့ အမေရိကန် ကိုယ်စားလှယ်က ညစာကို Boston Chinatown တွင်ကျွေးမည်ဟု စီစဉ်ထားသဖြင့် အုပ်စုလိုက် Chinatown စားသောက်ဆိုင်သို့သွားကြရသည်၊ Boston သည် seafood, lobster နာမည်ကြီးသည်ဟုဆို၏ စားကြည့်တော့ freshအရသာမှတပါး ထူးထူးထွေထွေ ဘာမျှ taste မဖြစ်ပါ၊ ဒီလိုနဲ့ဟော်တယ်သို့ ညရှစ်နာရီခွဲတွင်ပြန်ရောက်သည်၊ အမေရိကန် နွေရာသီအတိုင်း အလင်းရောင်ရှိနေတုန်းပါပဲ၊ reportကိုအပြီးသတ်လုပ်ပြီး ရုံးသို့ပို့လိုက်သည်၊ နေ့နှင့်ည ကွာခြားမှု့ကြောင့် ရုံးနှင့် ဆက်သွယ်ချိန်ကို ညကိုးနာရီသတ်မှတ်ထားသည်၊ လိုအပ်သည့်ရုံးနှင့် ဆက်သွယ်မူတွေကို တစ်ခါထဲလုပ်လိုက်သည်၊ မျက်ဝန်းလဲဲ့ဲပြာရီ ပြောသည့်အတိုင်း တိုရန်တိုသို့မသွားမှီ ကြားကာလ ခွင့်ယူလိုက်သည်၊ အကုန်လုံးပြီးတော့ ညဆယ်နာရီထိုးတော့မည်၊ လှဲနေလိုက်မိသည်၊ ခဏနေ ဂျပန်ကကောင် ရောက်လာပြီး အင်္ဂလန်ကတစ်ယောက်နဲ့ စိတ်ဝင်စားစရာ တစ်နေရာသွားမည် လိုက်ခဲ့ပါလားခေါ်၍ ပါသွားခဲ့သည်၊ သွားမဲ့သွားတော့ ခြောက်ယောက်တောင်ဖြစ်နေသည််၊ ကာရေဘီယံ club တစ်ခုဖြစ်သည်၊ ဖျော်ဖြေမှု့ မျိုးစုံနဲ့ အရက်သေစာ ရောင်းခြင်းဖြစ်သည်၊ ကောင်မလေးတွေကစုံသည်၊ ကကြီးတွေ၊ အပြားတွေ၊ စလုံးတွေ၊ ပဲတွေ၊ entertainment အတွက်သေသေချာချာ train ထားကြသည်၊ စလုံးတွေက အများဆုံးပါပဲ အရောင်လည်းစုံသည်၊ အမဲ၊ အဖြူ၊ အနီ၊ အရောတွေ၊ စလုံးမတစ်ယောက်နဲ့ထိုင်ဖြစ်သည်၊ ဂျင်နီဖါလိုပက်နဲ့တူ၍ ဖြစ်သည်၊ အရက်တွေ တစ်ခွက်ပြီးတစ်ခွက် သောက်တော့သည် မဖြစ်ချေဘူးဆိုပြီး တဘက်လှည့်နဲ့ ဂျပန်ဆီပို့လိုက်သည်၊ စလုံးအမဲမလေးနဲ့ထိုင်ဖြစ်သည် စျေးအကြီးဆုံး အရက်ကို တစ်ခွက်ထဲမှာသောက်ပြီး စကားတွေပြောဖြစ်သည်၊ (စလုံးဆိုသည်မှာ ဒီဘက်မှာ စပိန်စကားပြောသော လူမျိုးကို ခေါ်ပြီး၊ ပဲမှာ မက္ကစီကန်တွေကို ခေါ်သည်) ပြန်ခါနီး အညင်သာဆုံးအနမ်းတစ်ခုပေးပြီးဟော်တယ်သို့ လိုက်အိပ်ချင်သည်ဆို၏၊ ရိုးရိုးလေးပဲငြင်းလိုက်မိသည်၊ ဒီလိုနဲ့ တစ်နာရီကျော်လောက်မှ ဟော်တယ်သို့ပြန်ရောက်ဖြစ်ကြသည် ဘယ်သူမှ အဖေါ်ခေါ်မလာကြပါ၊ မနက်ကြရင် အသီးသီး ခရီးဆက်ရဦးမည်မဟုတ်လား၊ ကျနော်ကတော့ ‘မျက်ဝန်းလဲဲ့ပြာရီ’ရှိရာ NY ဆီသို့ ငါးနာရီထသွားရမည်။


မနက်ကြတော့ NYသို့သွားမည့်အုပ်စုမှာ စုစုပေါင်း ငါးယောက်ဖြစ်သည်၊ minibus လေးဖြင့်လိုက်ပို့သည်၊ တည်းခိုရမည့် ဟော်တယ်က မန်ဟ််ဟန်းရှိ Crown Plaza ဟော်တယ်ဖြစ်သည်၊ ကျနော်က Manhattan မန်ဟ််ဟန်းတန်ဟုခေါ်သော်လည်း သူတို့ကမန်ဟ််ဟန်းပဲ ခေါ်သည်၊ တလမ်းလုံးအိပ်လာခဲ့သည်၊ ဆယ်နာရီကျော်ကျော်လောက်မှာ ဟော်တယ်ကိုရောက်သည် ၂ညစာ check in လုပ်လိုက်သည်၊ အမေရိကန်အစိုးရ စရိတ်နဲ့ပေါ့၊ အခန်းထဲမှာ ပစ္စည်းနေရာချပြီးတာနဲ့ ‘မျက်ဝန်းလဲဲ့ဲပြာရီ’ဆီ ဖုန်းခေါ်လိုက်သည်၊ သူအောက်မှာရောက်နေပြီတဲ့၊ ဒီလိုနဲ့ ကျနော်လည်းအောက်ဆင်းလာသည်၊ ဧည့် Lobby ဆိုဖါပေါ်တွင်ထိုင်နေသော ‘မျက်ဝန်းလဲဲ့ဲပြာရီ’ကိုတွေ့ရသည်၊ လှနေတုန်းပါပဲ၊ နေကာမျက်မှန် အကြီးစားတစ်ခုတတ်ထားသည်၊ ကျနော်ကိုတွေ့တော့ နေကာမျက်မှန်ကိုချွတ်လိုက်သည်၊ ကျနော်ကိုစိုက်ကြည့်နေသည်၊ လှပသော ဆွဲဆောင်မှု့ရှိသော မျက်လုံးများက မပြောင်းလဲသေးပါ၊ သူ့လက်ဖဝါးနုနုလေးကို ဖမ်းဆုပ်ပြီးညှစ်ထားလိုက်မိသည်၊
'ရောက်နေတာကြာပြီလား' ဟုမေးလိုက်သည်၊
'အချိန်တွက်ပြီးလာခဲ့တာ' လို့ပြန်ဖြေတယ်၊ ပြီးနောက် ရုတ်တရက်ပဲ ကျနော်ရင်ထဲတိုးဝင်ကာ တင်းကြပ်စွာဖက်ထားရင်း မောင် လို့ခေါ်လိုက်သည်၊
တစ်မိနစ်လောက်ကြာတော့ 'ဒီဆိုဖါမှာထိုင်ပြီး မောင့်ဖုန်းကိုစောင့်နေတာ တစ်ကမ္ဘာလောက်ကြာတယ်ထင်တာပဲမောင်ရယ'် ဆိုပြီး ဆိုဖါမှာပြန်ထိုင်လိုက်တယ်၊
'မောင်ကမပြောင်းလဲဘူးနော် ဆံပင်ပုံစံကလွဲလို့၊'
ကျနော်ကလည်း သူ့ကိုကြည့်ပြီး ပိုပြီးတော့လှလာတယ် ပြည့်လာတယ်၊ လို့ပြောလိုက်တော့၊
'တကယ'် ဟုဆိုပြီး ဝမ်းသာအကြည်နူးဆုံး အပြုံးလေးတစ်ခုကို သူ့မျက်နှာမှာတွေ့လိုက်ရသည်၊
'လာ နင်ရဲ့အိတ်ကို အပေါ်မှာသွားထားမယ်'ဆိုပြီး သူ့အိတ်ကိုဆွဲကာ ကျနော်ရှေ့ကထွက်လာခဲ့သည်၊ ‘မျက်ဝန်းလဲဲ့ဲပြာရီ’ တစ်ယောက် ကျနော်လက်မောင်းကိုဆွဲကာ နောက်မှလိုက်ပါလာသည်၊ (ကျနော်က ‘မျက်ဝန်းလဲဲ့ဲပြာရီ’ကို နင်နဲ့ငါနဲ့ပြောလေ့ရှိသည်၊)
အခန်းထဲတွင် သူ့အိတ်ကိုနေရာချပြီး ခုငါတို့ breakfast သွားစားကြမယ်ဟုကျနော်ကပြောလိုက်ရာ၊
OK ဆိုပြီး ကျနော်မျက်နှာကို လက်ညှိုးလေးနှင့်လိုက်ပွတ်ရင်း အိမ်မက်မဟုတ်ဖူးနော်မောင် ဟုဆိုလာသည်၊
'လာ အိမ်မက်ဟုတ်လားမဟုတ်လား သိရအောင် breakfast သွားစားရအောင်'ဟုဆိုကာ အောက်ဆင်းခဲ့ကြသည်၊ အမှန်ကို ဝန်ခံရရင် ကျနော်လည်း‘မျက်ဝန်းလဲဲ့ဲပြာရီ’ကို ပြန်တွေ့ရသည်ကို အိမ်မက်လို့ပင်ထင်နေမိသည်၊ တကယ်တော့ ကျနော်တို့နှစ်ယောက်သည် ကမ္ဘာ၏ တဘက်ခြမ်းစီတွင် နေနေကြသည် မဟုတ်ပါလား။
ဟော်တယ်အောက်ရောက်တော့၊ ကျနော်က ငါတို့ဘယ်မှာသွားစားကြမလဲ ဟုမေးရာ၊
fast food ဆိုင်တစ်ဆိုင်သွားမယ်လေ ဟုဆိုသည်၊
ကျနော်တို့ မနက်စာနှင့် နေ့လည်စာ ပေါင်းစားကြရင်ကောင်းမယ် လို့အကြံပေးလိုက်သည်၊
‘မျက်ဝန်းလဲဲ့ဲပြာရီ’က ဒါဆို တရုတ်တန်းသွားစားကြမယ်၊ 'ကျမ မောင်နဲ့တွေ့တော့ အရှေ့တိုင်းအစာ စားချင်လာတယ'် ဟုဆိုကာ ခေါင်းတငြိမ့်ငြိမ့်လုပ်နေသည်၊
ကျနော်က 'ကဲဒါဆိုလဲသွားကြမယ် ဘယ်လိုသွားမလဲ'၊ 'Broadways အတိုင်းဆင်းသွားရောက်တယ်၊'
Broadways လမ်းမကြီးကိုရောက်တော့ ကျနော်က ဆင်းရမှာလား တက်ရမှာလား ဟုသူ့ကိုမေးရာ၊
အဲဒီအတိုင်းသွားရောက်တယ် ဟုဆိုကာ လျှောက်ခဲ့ကြသည်၊ တော်တော်နဲ့ တရုတ်တန်းကိုမရောက်
Broadways လမ်းလည်းဆုံးပြီ၊ Brooklyn bridge ကိုရောက်လာသည်၊ တစ်ခုခုတော့မှားနေပြီလို့ သူကိုဆိုလိုက်တော့ မထူးပါဘူးမောင်ရယ် တံတားပေါ်လျှောက်လိုက်ရအောင်၊ ဒီလိုနဲ့ Brooklyn တံတားပေါ် တစ်ဝက်လောက်လျှောက်ပြီး ပြန်လာခဲ့ကြသည်၊ တံတားအဆုံးတော့ Chinatown သို့ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့သည်၊ နှစ်ယောက်သား ဟာဘာလို့အသွားတုန်းကမတွေ့တာလဲ ဆိုပြီး လမ်းညွှန်အတိုင်းလိုက်လာကြသည်၊
လျှောက်ရင်းလျှောက်ရင်းနဲ့ ရဲကားတွေ၊ ရဲတွေ လက်ထိပ်တန်းလန်းနဲ့လူတွေပဲတွေ့သည်၊ ကျနော်က တရုတ်တန်းတော့ မဟုတ်ဘူးထင်တယ်၊ ဟုတ်တယ ်ဒါရဲတန်းဟုဆိုပြီး သူဟာသကို သူသဘောကျစွာရယ်နေသည်၊ အဆောက်အဦးကြီးက New York Detention Center ဖြစ်နေသည်၊ ဟိုမှာတရုတ်တွေတွေ့ပြီ ကျနော်ကိုလှမ်းအော်ပြောလိုက်သည်၊ တရုတ်တွေတွေ့တိုင်း တရုတ်တန်းဖြစ်ရမလား ကျနော်ကပြန်ပြောလိုက်သည်၊ ဟိုမှာတွေ့လားဆိုင်တွေ ဟုဆိုပြီး 'မောင်ဆာနေပြီလား' ဟုမေးလာသည်၊
'ဆာလည်းဆာတယ် မောလည်းမောတယ်' ဟုပြန်ဖြေလိုက်သည်၊
Malaysia and Thai စားသောက်ဆိုင်ကိုတွေ့၍၊ နင်က စင်္ကာပူမလာတော့ နင့်ကိုဒီမှာစင်္ကာပူစာတွေ ကျွေးမယ်လို့ဆိုတော့၊ မောင့်သဘောဟုဆိုသည်၊ ဘာမှမမှာရသေး ချလာသော ရေကိုနှစ်ယောက်လုံး တစ်ခွက်လုံးကုန်အောင် သောက်ပစ်လိုက်ကြသည်၊ စားပွဲထိုးမလေးက အလိုက်သိစွာ တစ်ခွက်စီလာချပေးသည်၊ ကျနော်တို့ chicken rice ၊ ပီနန် fried rice noodle နှင့် ရေခဲသုပ် တို့မှာစားဖြစ်ကြသည်၊ စားပြီးခဏအနားဖြေကာ ဘယ်သွားဦးမလဲလို့ မေးရာ၊ Empire State Building အင်ပါယာစတိတ် ကိုသွားမယ် ဆိုသဖြင့် အရင်တစ်ခေါက်ကရောက်ပြီးပြီ၊ ကျမလည်းတစ်ခေါက်ရောက်ပြီးပြီ မောင်နဲ့သွားချင်လို့ဟုဆိုသဖြင့် သွားရအောင်ဆိုကာ Taxi နဲ့ ၃၄လမ်းကို ထွက်လာကြသည်၊ Taxi က ၃၄လမ်းမှာ ယာဉ်ကြပ်နေသည်ဆိုကာ ၃၅ လမ်းမှာချသွားသည်၊ ဒါနဲ့ပဲ ၃၅လမ်းထဲက ကိုတီးတီး ဆိုင်မှာ အအေးဝင်သောက်ပြီး အင်ပါယာစတိတ်ဘက် နှစ်ယောက်သား ထွက်လာကြသည်။

အင်ပါယာစတိတ်ကိုရောက်တော့ အပေါ်တက်ဘို့ တန်းစီနေတဲ့ လူတန်းကြီးကိုကြည့်ပြီး ရင်မောမိသည်၊ ဘယ်အချိန်တက်ရပ၊ မောင် ဒီဘက်ကိုလာခဲ့ဟုဆိုကာ ကြိုးတန်းနှစ်ခုကိုကျော်ဖြတ်ပြီး တရုတ်တွေကြားထဲရောက်သွားသည်၊ မောင်လက်မှတ်သွားဝယ်လိုက်ဆို၍ ဝယ်လိုက်သည် ခဏနေကြာ လိုင်လိုင် ခေါ်သံကြား၍တရုတ်တွေကြားထဲ အပေါ်ရောက်သွားသည်၊ အပေါ်ရောက်တော့ နင်ကျော်ဖြတ်လိုက်တာလား၊ 'ဟုတ်တယ် တရုတ်တွေက အုပ်စုနဲ့လာတာ သူတို့ကိုဦးစားပေးတယ် tourist မို့လို့၊ တရုတ်တွေက ဟိုထွက်ဒီထွက် စည်းကမ်းမရှိတော့ သူတို့မထိန်းနိုင်ဘူး ဝင်ရောလိုက်တော့ သူတို့မသိတော့ဘူး၊ ရောင်းတဲ့သူကလည်း ရောင်းလိုက်တာပဲ၊ ဘာပဲဖြစ်ဖြစ်ရယ်ရတယ် ပျော်တယ်မောင်၊'
၁၀၂ ထပ်ကို နောက်ထပ် ၁၅ ဒေါ်လာပေးပြီးတက်ကြပြန်သည်၊ New York မြို့ကြီးကို ၁၀၂ ထပ် မှန်ကာတွေကြားက လှည့်ပတ်ကြည့်လိုက်သည်၊ 'ဒီဘက်က Queens ဟိုဘက်က Brooklyn ၊ Liberty ရုပ်တုကြီးက ဒီဘက်မှာရှိတာ၊' ‘မျက်ဝန်းလဲဲ့ဲပြာရီ’က ကျနော်ကိုလိုက်ပြရင်း 'သူငယ်ချင်းကပြောတယ် တကယ်တော့ Top of the Rock ပေါ်က New York မြို့ကြီးကိုကြည့်ရင်ပိုလှတယ်တဲ့ ဒီ အင်ပါယာစတိတ် အဆောက်အဦးကြီးကိုလည်း လှမ်းမြင်ရတယ်တဲ့၊ မနက်ဖြန် ကျမတို့တက်ကြမယ် Libertyကအပြန်ပေါ့' ဟုဆိုလာ၍၊ OKလို့ပြန်ဖြေလိုက်သည်၊ 'ဒီညမောင်ဘာလုပ်ချင်သလဲ၊' 'Time square သွားမယ်၊ Time squareမှာ ရုပ်ရှင်ကြည့်မယ်၊ ခုဟော်တယ်ပြန် ရေးမိုးချိုးပြီးနားမယ်၊ ပြီးမှပြန်ထွက်မယ်လေ' ကျနော်အစီအစဉ်တွေကိုပြောရင်း ကျနော်တို့အောက်ကိုဆင်းလာခဲ့ကြသည်။

ဟော်တယ်ခန်းပြန်ရောက်သောအခါ ငါးမိနစ်လောက်နားပြီး၊ ရေချိုးပါလားလို့မေးရာ၊ မောင်အရင်ချိုးနှင့်ဆို၍ ရေကိုစိမ်ပြေနပြေ ချိုးမိသည်၊ ပြန်ထွက်လာတော့ ရေးချိုးဘို့စောင့်နေသော ‘မျက်ဝန်းလဲဲ့ဲပြာရီ’ကိုတွေ့ရသည် စောင့်နေတာမသိလိုက်ဘူး ကြာသွားသလားလို့မေးလိုက်မိသည်၊ ‘မျက်ဝန်းလဲဲ့ပြာရီ’သည် သူ၏မျက်လုံးရွဲကြီးများဖြင့် ကျနော်ကိုစိုက်ကြည့်ရင်း ဆယ်နှစ်ကျော်လောက်စောင့်နေခဲ့တာပါမောင်ဟုဆိုပြီး ကျနော်ကိုနမ်းလိုက်သည် အချစ်များစွာဖြင့်အနမ်းဆိုတာသိလိုက်သည် တစ်ချိန်တုန်းကကျနော်နမ်းချင်ခဲ့သည် နူတ်ခမ်းအစုံ ခုတော့ကျနော်ကိုနမ်းနေပြီ၊ အတွေ့အထိနှင့် အချစ်၏ဆွဲဆောင်မှု့နောက်ကို ကျနော်ပါသွားခဲ့သည်။

ကျနော်နိူးလာတော့ အချိန်ကိုကြည့်လိုက်မိသည် ညခုနှစ်နာရီတောင်ရှိသွားခဲ့ပြီ၊ အချစ်၏ဆွဲဆောင်မှု့နောက်ကို နှစ်ယောက်လုံးမျှောပါရင်း အိပ်ပျော်သွားကြခြင်းဖြစ်သည်၊‘မျက်ဝန်းလဲဲ့ဲပြာရီ’သည်နှစ်ချိုက်စွာ အိပ်ပျော်နေဆဲဖြစ်သည်၊ စောင်ကိုခြုံပေးလိုက်သည်၊ အိပ်ပျော်နေသော‘မျက်ဝန်းလဲဲ့ဲပြာရီ’ကိုကြည့်ပြီး ယခုအသက်သုံးဆယ်ကျော်သူ့ရဲ့အလှနဲ့ နှစ်ဆယ်ကျော်တုန်းကသူအလှကို ပုံဖေါ်ရင်း ကျနော်စိတ်တို့သည် အတိတ်ဆီသို့ပြန်လည်ရောက်ရှိသွားပြန်ပါသည်။

‘မျက်ဝန်းလဲဲ့ဲပြာရီ’ ကျနော်ကိုချစ်တဲ့ကောင်မလေး
ကျနော်ကလည်း ချစ်တဲ့ ကောင်မလေး
ကျနော်တို့ အမုန်းပွားခဲ့ကြတာမဟုတ်
ကျနော်တို့ လမ်းခွဲခဲ့ကြတာမဟုတ်
ကျနော်တို့ ကွဲခဲ့ကြတာလည်းမဟုတ်
ကျနော်တို့ ဝေးသွားခဲ့ကြတာပဲဖြစ်သည်။


ခဏနားပါဦးမည္၊



ဝထ္ထုဇာတ်လမ်းတစ်ပုဒ်ပါ။
‘မျက်ဝန်းလဲဲ့ပြာရီ’ သည် စိုးလွင်လွင် ၏ သီချင်းစာသားမှဖြစ်သည်။
ကိုယ်ပိုင်ဓါတ်ပုံများဖြစ်သည်။
Liberty ရုပ္တုႀကီး
Time square
၃၅ လမ်းကဆိုင်


New York ကိုအပေါ်စီးက

29 comments:

ကိုအောင် said...

ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာပါလား၊
ကိုစိုးစီတစ်ယောက် ပျော်ရွှင်နိုင်ပါစေ။

:P said...

လျှို့ဝှက်လွန်းတဲ့ မျက်ဝန်းလဲ့ပြာရီမှာ..
ချစ်ခွန်းဖွဲ့သီ ယုံကြည်ပါတယ် ..မေ...

ချစ်ကြည်အေး said...

ကိုတည်ငြိမ်အေး...ရေးဟန်က အမြဲသွက်ပြီး အသက်ဝင်တော့ ကိုယ်တွေ့လို့ပဲ အမြဲထင်မိတယ်...ဟ ဟ ၊ မရောက်တာ ကြာသွားတယ်ဗျာ...နောက်အပိုင်းမျှော်နေမယ်...

TYZ said...

မျှော်ရပြန်ပြီ ကိုစိုးစီ....... မြန်မြန်ရေးနော်. ပရိသတ်အားပေးဖို့အသင့်ပါ။

TYZ said...

မျှော်ရပြန်ပြီ ကိုစိုးစီ....... မြန်မြန်ရေးနော်. ပရိသတ်အားပေးဖို့အသင့်ပါ။

ZT said...

ကိုကြီးကျောက် ဆီမှာ ကွန်မန့် ဖတ်လိုက်တော့ ကိုစိုစီတစ်ယောက် အမေရိကား ရောက်နေပြီလို့တော့ သိလိုက်သေးတယ်။

ကောင်းခန်းကို ဘာလို့ ကျော်ပစ်တာလဲဟင်။ :D

နေ၀သန် said...

အင်း.. ဖတ်ရင်းနဲ့တော့ အတွေးတွေ လည်လည်နေမိတယ်... တကယ့်အဖြစ်လား..၀တ္ထုလားပေါ့.....း))... အောက်ဆုံးမှာ ၀တ္ထုလို့သာရေးလို့ ယုံရတယ်.. တကယ့်အဖြစ်လိုပဲ...


ခင်မင်တဲ့
နေ၀သန်

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကိုဖတ်ပြီး
အင်းစိန်။လှည်းတန်း။ ဦးထွန်းလင်းခြံလမ်း
ကိုယ့်နေရပ်။ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့ပတ်ဝန်းကျင်
အရာအားလုံးကိုသတိရသွားစေတယ်
ဓာတ်ပုံလေးတွေမျှဝေပေးတဲ့အတွက်လဲ
ကျေးဇူးတင်ပါတယ်နော်။
ခရီးထွက်တာပျော်ရွှင်နေမယ်လို့လဲထင်ပါတယ်။
have a happy weekend!

ကိုဇော် said...

ကောင်းလိုက်တဲ့ ဇာတ်..........
အားကျလိုက်တာဗျာ...
အဲဒီလို ရှည်ရှည်လေး ရေးချင်လိုက်တာ......
အခု ဈာန်တွေက လွှင့်ပျံနေတယ်.......

ရွှေရတုမှတ်တမ်း said...

ကိုဆုံဆီကိုအားကျလို့
ညိုပြာရီမှောင်ဂွတ်ထော်၊ တို့ နှင်းမဲတူဒေဝီ တို့နဲ့ လျှောက်လည်တဲ့ ဇတ်လမ်းရှာအုန်းမှ

SHWE ZIN U said...

ကိုဆိုဆီ နော်

ယုံဘူးယုံဘူး... ဝတ္ထုဇာတ်လမ်း ဆိုတာ ယုံဘူး ခရီးတွေ ထွက်နေရတယ် ဆိုပြီး အချစ်ဟောင်း လေးနဲ့ လျှောက်လည် နေတယ်ပေါ့လေ တိုင်ပြောမယ် မန်းလေးက မဟူရာမင်းသမီး လေးကို တိုင်ပြောမယ်

ခင်တဲ့
ရွှေစင်ဦး

nyan gyi said...

ကိုစိုစီ ပုံစံယူပြီး လက်ရှိတစ်ယောက်ကို ဘယ်လိုနာမည်ပေးရမလဲ စဉ်းစားမိသည်၊ ဘုဘုဘောက်ဘောက် ဆို ကောင်းမလား၊ Anyway welcome to NY.

Anonymous said...

ဖတ်လို့ကောင်းပါသည်၊ ပုံတွေကိုကြည့်ပြီးတစ်ယောက်သောသူနှင့်အတူသွားချင်လာတယ်၊ အိမ်မက်မက်ကြည့်တာပါ။ ယမင်း

Anonymous said...

Liberty ပုံကိုဘာလို့ ဖင်ဘက်ကရိုက်ထားတာလဲ ဖတ်လို့ကောင်းပါတယ်

မေဓာဝီ said...

ချစ်သူကောင်မလေးတွေကို နာမည်လေးတွေပေးထားတာ မိုက်တယ်။ များလွန်းအားကြီးလို့ ရောကုန်ရင် ဒုက္ခနော်။ ကိုယ်တွေ့ဇာတ်လမ်းလေးလိုပဲ ဖတ်လို့ကောင်းတယ်။

ahphyulay said...

အင်း..
နာမည် လေး က မျက်ဝန်းလဲ့ ပြာရည် ဆိုတော့ 
ကဗျာ ဆန်ဆန် လေးပါ ပဲ။
နာမည် နဲ့  ရေးဖွဲ့  ထားတဲ့  အဖွဲ့  လေးက နွဲ့ နွဲ့  လေး
နဲ့  ဖတ် လို့  ကောင်းပါတယ်။
ခဏ နားပါအုံးမည် ဆိုတော့ ..
အင်း လေ စောင့် ရအုံးတော့ မှာပေါ့  နော်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဈန်ဝင်ပြီးမျှောပါသွားတယ်
ကိုယ်တွေ့လေးများလားလို့လဲ အထင်တကြီး ရှိရင်းပေါ့လေး)
ဆက်ရန်ကိုမျှော်နေတယ်နော
မတွေ့တာကြာတဲ့ချစ်သူကို ပြန်တွေ့တော့ ဘယ်လိုများ ခံစားခဲ့ရပါလိမ့်.....
ပုဇွန်ဆိတ်ခုန်သလိုများလား သိချင်စမ်းပါဘိနော်...

မြတ်မွန် said...

ဂွတ်တယ်..ဇာတ်လမ်းလေးက..
နောက်တော့ရော ..
ပြန်လည်ဆုံဆည်ပြီး
ကွဲသွားကြပြန်ရောလား..။

အင်ကြင်းသန့် said...

ကိုဆိုဆီရေးတဲ့ ဇာတ်လမ်းတွေက အမြဲတမ်း စိတ်ဝင်စားစရာတွေချည်းပါလား....
တကယ်မျောသွားပါတယ်။ အဆက်ကိုစောင့်ဖတ်မယ်....

မြစ်ကျိုးအင်း said...

ခရီးသွားရင်း ရောက်တဲ့ နေရာလေးတွေကို ဇာတ်လမ်း ဖွဲ့တာဟာ သုတရသ အပြည့်ပါပဲ။
ရည်းစားဟောင်း ဇာတ်လမ်းဆိုတော့ စိတ်ဝင်စားစရာ ပါပဲ။

flowrepoem said...

ဓာတ်ပုံတွေလှသလို ဇာတ်လမ်းလည်းကောင်းတယ်

ဂျစ်တူး ( မုံရွာ ) said...

ဓါတ်ပုံတွေလည်းကြိုက်တယ်ဗျာ-အနမ်းတွေကြားမှာကိုယ်
တောင်မြောပါသွားတယ်-အဟုတ် - - -
ခေမရဉ် ရှမ်းဆိုင်ကိုလည်းလွမ်းတယ် - - -
ငယ်ချစ်ဦးအနမ်းတွေကိုလည်းတမ်းတတယ် - - -
တည်ငြိမ်အေးတစ်ယောက်တော့ငယ်ချစ်ဦးနဲ့ အနမ်းတွေဝေ-အလွမ်းတွေသည်နေကြတယ်ပေါ့လေ -
ဟားဟားဟား-အားကျတယ်ဗျာ-ဆက်ဆရာရေ - -
ဆက် - - -

blackroze said...

ကိုစိုးစီရေ...တကယ့်ကိုယ်တွေ့ဇာတ်လမ်းထင်နေတာ
အရေးအသားကတော့ဂွတ်တယ်ဗျို့...
မတွေ့တာ10နှစ်လောက်ကြာနေတဲ့
ချစ်သူဟောင်းကိုပြန်တွေ့ရင်ဘယ်လိုများ
ခံစားရပါလိမ့်နော်..
ဒုတိယပိုင်းကိုစောင့်မျှော်နေကြောင်းပါ....

Anonymous said...

ဇာတ်လမ်းက ဓါတ်ပုံတွေနဲ့ဆိုတော့၊
ဝထ္ထုသရုပ်ဖေါ်ကြနေတာပဲ၊
ဖတ်လို့ကောင်းပါတယ်၊
စောင့်ရဦးမှာပေါ့။
SS

ဧပရယ်လ်ပူး@ပူးတေ said...

တကယ့်ကိုယ်တွေ့ဖြစ်ရပ်လို့ပဲ ထင်နေတယ်နော်.... :)

မနေ့ကထဲကဖတ်ပြီးသွားတာ .... မအားတာနဲ့ မမန့်ခဲ့ရဘူး... ပျော်နေတယ်ပေါ့လေ... မျက်ဝန်းလက်ပြာရီနဲ့ တွေ့လို့

မျှော်နေပါတယ်နော်... မြန်မြန်လေးဆရာ...

ခင်တဲ့
ပူးတေ

လသာည said...

တကယ်လားလို့ ။ ၀တ္တူဖြစ်နေတာကိုး။ နောက်အပိုင်းဆက်ရန်ကို စောင့်အားပေးနေပါတယ်။

မြသွေးနီ said...

ကောင်းခန်းမှာ မီးပျက်သွားသည်။
ဆက်ရန်ကို စောင့်နေပါမည်။

TYZ said...

ဆက်ရန်လေးဖတ်ရမလားလို့ လာတာ ၃ ခါရှိပြီ။ ဟီး ဟီး မရှိသေးတော့ ရှိတာ ထပ်ဖတ်သွားတယ်။ အရေးကောင်းတော့လည်း ဖတ်လိုက်ရင် အသစ်လိုပဲ။ ကောင်းတယ်။

သဒ္ဓါလှိုင်း said...

တကယ်လို့ပဲမှတ်လိုက်ပါတယ်..။ ဇာတ်ရှိန်ကောင်းတုန်း
ဆက်ရန်ဆိုတော့.....ဟာကနဲ့ ဖြစ်သွားရတယ်။
မျှော်နေပါတယ်..
ခင်မင်စွာ
သဒ္ဓါ