Wednesday, August 29, 2012

မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်




အဖေက မေးလာသော မေးခွန်းကို ကျနော်မဖြေပါ၊ အဖေအသံသည် နည်းနည်းဒေါသသံ ပါနေသည်၊ အဖွား၊ အမေ၊ မရီးနှင့် အစ်မဝမ်းကွဲ တို့က ကျနော်ကို ဆိုးဝါးလှသော လူတစ်ယောက်ပမာ ဝိုင်းကြည့်နေကြသည်၊
သူတို့ကို ကြည့်ပြီး ကျနော်ဖြည်းဖြည်းခြင်းပြောလိုက်သည်၊
“မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်”   
‘ဘာရယ် ဘယ်လို’ ဆိုပြီး အသံတွေ ပြိုင်တူထွက်လာကြသည်၊
အဖွား၊ အမေ၊ မရီးနှင့် အစ်မဝမ်းကွဲ တို့သည် မျက်မှန်တတ်ကြသူများ ဖြစ်ပါသည်၊
“နိုးနိုး နိုးနိုး”  “ကျနော်ဆိုလိုတာက အသက်ကြီးမှ ဇရာ အရ မျက်မှန်တတ်ရတဲ့ သူတွေကို မဆိုလိုဘူး”
မရီးနှင့် အစ်မဝမ်းကွဲတို့က ထင်ချင်သလို ထင်ကြပါစေ၊
ကျနော် လောလောဆယ်မှာတော့ မျက်မှန်နဲ့ မိန်းမတွေကို ကျနော်မုန်းတယ်။

××××××××××××××××××××××××××××××××××××××××××-

မိတ်ဆက်ပေးပါရစေ၊ ကျနော်နာမည်က ကျော်စိုးဦးပါ၊ ကျနော်ဘွဲ့တစ်ခုရထားပါပြီ၊ ဘာအလုပ် လုပ်သလဲမေးရင် အိမ်အလုပ် လုပ်တယ်လို့ပဲ ပြန်ဖြေပါရစေ၊ အိမ်၏စီးပွားရေး ပွဲရုံလုပ်တယ်ပေါ့၊ အရောင်းအဝယ် လုပ်သည်ဆိုပါတော့၊ ဒီလိုပဲ ပြောပါရစေ၊ ဒါက ကျနော်တို့ မိသားစု အစဉ်အဆက် လုပ်ကိုင်လာခဲ့တာ ဖြစ်ပါသည်၊ ပွဲရုံခေတ်တုန်းက ပွဲရုံ၊ ကုမ္ပဏီခေတ်ကြတော့လည်း ကုမ္ပဏီဖြစ်ခဲ့ပါသည်၊ ပြောင်းလဲလာတယ်လို့ ပြောရမှာပေါ့၊ ကျနော်တို့က တရုတ်အဆက်တွေပါ၊ ဒါပေမဲ့ မြန်မာဆန်ပါသည်၊ မြန်မာဆန်သလား မမေးနဲ့ အဖိုးအဖွားတွေက နှစ်စဉ်နတ်ကနားပေးကြသည်၊ ဘာပဲဖြစ်ဖြစ် အဲဒီ နတ်ကနားပွဲမှာ ကျနော်တို့ရဲ့ ဖေါက်သည် လယ်သမား ယာသမားတွေ လာကြပါသည်၊ အဖေကတော့ ရင်းနှီးမှု ရယူ ရတယ်လို့ ပြောပါသည်၊ ကျနော်တို့ရဲ့ မရှိမဖြစ် လုပ်ဖေါ်ကိုင်ဖက်တွေပဲ မဟုတ်ပါလား၊ ဒီလိုပဲ တရုတ်နှစ်ကူးကိုလည်း အကြီးအကျယ် ကျင်းပဖြစ်ပါသည်၊ အဲဒီမှာလည်း ကျနော်တို့ရဲ့ ဝယ်လက်တွေ အကုန်လုံးနီးပါးလာကြတယ်၊ အဖေကတော့ ဒါဟာ အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်တယ်လို့ ပြောပါသည်၊ မလာဖြစ်တဲ့သူတွေကိုလည်း နှစ်သစ်ကူးလက်ဆောင်တွေ တကူးတက ပို့ပေးလေ့ရှိပါသည်၊ တစ်ခါတစ်လေ နယ်စပ်ကိုတောင် ကျော်လို့ပေါ့။

ကျနော်တို့မြို့ကလေးသည် မန္တလေးနဲ့ သိပ်မဝေးပါ သုံးနာရီကျော်လောက် ကားမောင်းသွားလျှင်ရောက်ပါသည်၊ ငယ်ငယ်တုန်းကတော့ ခြောက်နာရီလောက် မောင်းရသည်၊ ဒါကိုလည်း ပြောင်းလဲလာတယ်လို့ ပြောရမှာပေါ့၊ မြို့ကလေးလို့သာ ပြောရသည် တကယ်တော့ မြို့ကြီးပါပဲ၊ စိုက်ပျိုးရေး ထွက်ကုန်ကို အဓိက  ရောင်းဝယ်ဖေါက်ကားသော မြို့တစ်မြို့ဖြစ်ပါသည်။

ကျနော်မှာ ညီအစ်ကို သုံးယောက်ရှိပါသည်၊ သားသုံးယောက်မွေးထားသဖြင့် ကျနော်တို့ တရုတ်မျိုးရိုးအယူအရ မြတ်သောမိသားစု ဖြစ်ပါသည်၊ ကျနော်က အငယ်ဆုံးဖြစ်သည်၊ အငယ်ဆုံးဖြစ်သော ကျနော်က ဘာလို့ အိမ်၏စီးပွားရေး တွေကို ဆက်လုပ်နေရသလဲလို့ မေးနိုင်ပါသည်၊ ကျနော့် အစ်ကိုအကြီးဆုံးသည် တစ်မိမှာတစ်ယောက် ထူးချွန်သည်လို့ ပြောရမလား ဆရာဝန်ဖြစ်လာပါသည်၊ ထိုအချိန်က ဆရာဝန်များကို ထူးချွန်သူများလို့ သတ်မှတ်ပါသည်၊ မြို့ငယ်လေးတစ်ခုတွင် အိမ်ထောင်ကျကာ ဆရာဝန် ဘဝကို ပျော်မွေ့နေသည်၊ အစ်ကိုလတ်ကတော့ မြို့ကြီးကို ခုံမင်နှစ်သက်သူဖြစ်သည်၊ ဒီအတွက် မန္တလေးပွဲရုံတွင် လုပ်နေရင်း အိမ်ထောင်ကျသွားခဲ့သည်၊ အကြောင်းကြောင်းကြောင့် အိမ်ကိုပြန်လာရလျှင် တစ်နာရီပြည့်အောင် အိမ်တွင် မနေတတ်သူဖြစ်သည်၊ ဒီအတွက် အိမ်ကလုပ်ငန်းအားလုံးတို့သည် အဖေပြီးလျှင် ကျနော်ဖြစ်လာရပါသည်။

ကျနော်တို့် ညီအစ်ကို သုံးယောက်လုံးသည် မန္တလေးဆေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ် တို့မှ အသီးသီးဘွဲ့ရရှိခဲ့ကြပါသည်၊ ကျနော့် အစ်ကိုကြီးသည် သူနှင့်အတန်းတူ ဆရာဝန်မ တစ်ဦးကို လက်ထပ်ခဲ့သည်၊ ‘ကျနော်သူနဲ့ လက်မှတ်ထိုးယူခဲ့ပြီအဖေ မင်္ဂလာကိစ္စ အဖေတို့ စီစဉ်ပေးပါတော’့ ဆိုပြီး တစ်ခါတည်း ချည်ပြီးတုတ်ပြီး မင်္ဂလာဆောင်ခဲ့သည်၊ ဟိုဘက်ကလည်း စစ်ဘက် လူကြီးသမီး ဖြစ်နေ၍ အဖေတို့ အစ်ကိုကြီးပြောသည့် အတိုင်း လုပ်ပေးလိုက်ရသည်၊ အစ်ကိုလတ်ကြပြန်တော့ အဖေ၏ လုပ်ဖေါ်ကိုင်ဖက် မန္တလေး ကြိမ်နှင့်သစ်လုပ်ငန်းရှင်တစ်ဦးက သူ့သမီးနဲ့ လက်ဆက်စေခဲ့သည်၊ ဟိုဘက်က သားမရှိသော မိသားစုဖြစ်သဖြင့် သူတို့၏ လုပ်ငန်းများကို အစ်ကိုလတ်ကို ဦးဆောင်စေသည်၊ အမေကတော့ သားတစ်ယောက်ဆုံးရှုံးသွားသလို ခံစားရပေမဲ့၊ အဖေက မင်းတို့ငယ်ငယ်လေးထဲက သူ့မိတ်ဆွေက သူ့ဆီက သားတစ်ယောက် တောင်းထားတာဟုဆိုသည်၊ မန္တလေးတွင်နေချင်သော မန္တလေးကို ခုံမင်သော အစ်ကိုလတ်အတွက် ဟန်ကျဖြစ်သွားခဲ့သည်။

ကျနော်တို့ မိသားစုတွင် အဖွားနှင့်အဖေသည် နည်းနည်း တရုတ်ရိုးရာလိုက်ချင်သည်၊ အထူးသဖြင့် အဖွားသည် မြန်မာရိုးရာ တရုတ်ရိုးရာ နှစ်ခုစလုံးကို လိုက်စားသည်၊ နည်းနည်းလေးဖြစ်တာနဲ့ ဗေဒင်သွားမေးတော့သည် စာတွေသွားချတော့သည်၊ သားအကြီးနှစ်ယောက် အိမ်ထောင်ရေးတွင် သူတို့စိတ်တိုင်းကျ မဖြစ်ခဲ့ရချေ၊ ထိုအတွက် အဖွားနှင့်အဖေသည် ကျနော့် အိမ်ထောင်ဘက် ရွေးချယ်ရာတွင် ဝင်ရောက်စွက်ဖက်ကျတော့သည်၊ ကျနော်ကိုယ်တိုင်ကပဲ ခပ်ညံ့ညံ့ ဖြစ်ခဲ့လေသလား မသိပါ ဝင်ရောက်စွက်ဖက်ခြင်းကို ခံခဲ့ရပါသည်၊ ခပ်ညံ့ညံံ့ဖြစ်သူတိုင်းသည် နေရာတိုင်းတွင် ဝင်ရောက်စွက်ဖက် ခံရလေ့ရှိသည်လို့ ဆရာတစ်ယောက်က ပြောဘူးပါသည်။

××××××××××××××××××××××××××××××××××××××××××-

ကျနော်ဒုတိယနှစ်တွင် အတန်းဖေါ် သူငယ်ချင်း မိုးသီတာမှ တဆင့် ကျောင်းသူ တစ်ယောက်နဲ့ သိကျွမ်းဖြစ်ခဲ့သည်၊ သူသည် မိုးသီတာလိုပင် မိုးကုတ်မြို့မှ ကျောင်းလာတက်သူ တစ်ယောက်ဖြစ်သည်၊ သူနာမည်က မြစန်းကြည် ဖြစ်သည်၊ သိခါစက နာမည်ကလည်း အငြိမ့်ဆန်လိုက်တာလို့ နောက်မိသေးသည်၊ မိုးသီတာက ၂၂လမ်း အမျိုးအိမ်မှ ကိုယ်တိုင် ဆိုင်ကယ်စီး ကျောင်းတက်သူတစ်ယောက်ဖြစ်သည်၊ ကျနော်ရော မြစန်းကြည်ပါ မျက်ပါးရပ်တွင် အဆောင်ငှါးနေကြသူများ ဖြစ်ပါသည်၊ ကျနော်က ကျောင်းတက်ရင်း ဆိုင်ကယ်ဝယ်ရောင်းလည်းလုပ် အိမ်ပွဲရုံကိစ္စတွေလည်း ဝင်လုပ်ပါသေးသည်၊ ခင်မင်ရင်းနှီးလာသောအခါ မြစန်းကြည်၏ အဆောင်အပို့အကြိုများကို လုပ်ဖြစ်လာခဲ့သည်။

မြစန်းကြည်သည် မြန်မာမိန်ကလေးများတွင် ရှားပါးသော အရပ်ပိုင်ရှင်ဖြစ်သည်၊ အရပ်ငါးပေဆယ်လက်မကျော်ကျော် ရှိသည်၊ ကျနော်ထက် အရပ်ပိုရှည်သည်၊ မြစန်းကြည်တစ်ယောက် ကျနော်ဆိုင်ကယ် နောက်က လိုက်စီးသောအခါ သူခေါင်းကို ကျနော်ခေါင်းထက် ကျော်၍ မြင်ရသည်၊ သနပ်ခါးကို နေ့တိုင်းလိမ်းလေ့ရှိပြီး ဆံပင်က ခါးလောက်ထိရှည်သည်၊ အရပ်ရှည်သော်လည်း ပိန်ပိန်ရှည်ရှည် မဟုတ်ပါ၊ သူ့နေရာနှင့်သူ အချိုုးအစားကျသူ တစ်ယောက်ဖြစ်ပါသည်၊ စကားပြောလျှင် မန္တလေးသူတွေလို ကျနော် ကျနော်နဲ့ ပြောလေ့ရှိသူ ဖြစ်ပါသည်၊ နောက်ပြီး ထူးထူးခြားခြား လက်ဖက်ရည်ကြိုက်သူ တစ်ယောက်ပါ၊ တစ်နေ့ လေးခွက်လောက် အနည်းဆုံး သောက်လေ့ရှိသည်၊ ကျနော်နှင့် မန္တလေးထမင်းပေါင်း ကြိုက်တာချင်းတူသည်၊ သီချင်းအကြိုက်တွေလည်း တူသည်၊ နောက်တူတာကတော့ ကျနော်တို့ နှစ်ယောက်လုံးသည် အရာရာတွင် လောဘကြီးသူများ မဟုတ်ကြပါ။

တက္ကသိုလ်ကျောင်းသားတွေရဲ့ ထုံးစံအတိုင်း မန္တလေးပတ်ဝန်းကျင်တွေ လျှောက်လည်ကြသောအခါလည်း အတူတူပင်ဖြစ်သည်၊ ထူးထူးခြားခြား သူသည် ကျနော်၏ မွေးနေ့ပွဲကို ကျင်းပပေးသော ပထမဦးဆုံး သူငယ်ချင်း တစ်ယောက်လည်း ဖြစ်ပါသည်၊ ကန်တော်ကြီးဘေးက ကော်ဖီဆိုင် တစ်ခုမှာ ဒန်ဘိုကိက်တွေ ဝယ်လာပြီး ဖယောင်းတိုင် တစ်ချောင်းထဲနှင့် ကျနော်ရဲ့ ၁၉နှစ်မြောက်မွေးနေ့ကို ကျင်းပဖြစ်ခဲ့သည်၊ မွေးနေ့လက်ဆောင်တော့ ကျနော်ကို မပေးခဲ့ပါ၊ နောင်နှစ်မှာ ပေးမည်ဟုပြောခဲ့ပါသည်။

ဒီလိုပဲ သူရဲ့ ၁၈ နှစ်မြောက်မွေးနေ့ကို မေမြို့ ကန်တော်ကြီး နားက ဖီးလ် စားသောက်ဆိုင်မှာ နှစ်ယောက်ထဲ ကျင်းပခဲ့ကြသည်၊ ကျနော်က မွေးနေ့လက်ဆောင်အဖြစ် crystal နားဆွဲကလေးပေးခဲ့ပါသည်၊ မွေးနေ့လက်ဆောင်ပေးရင်းနဲ့ ကျနော်သူ့ကို ချစ်နေမိပြီဖြစ်ကြောင်း သူငယ်ချင်းဘဝမှ ချစ်သူဘဝကို ပြောင်းကြရအောင် အဆိုပြုခဲ့ပါသည်၊ မေမြို့ကို လျှောက်လည် မဟာအ့ံထူးကံသာဘုရားကို ဝင်ဖူးပြီး ဒီဇင်ဘာ စားသောက်ဆိုင်မှာ ညစာစားတဲ့အချိန်မှာတော့ မြစန်းကြည်သည် ကျနော်၏ ပထမဦးဆုံးချစ်သူဖြစ်လာပါသည်၊ သူငယ်ချင်းနှစ်ဦး မေမြို့သို့ သွားရောက်ပြီး မွေးနေ့ကျင်းပရာမှ မန္တလေးသို့အပြန်တွင် ချစ်သူနှစ်ဦးအဖြစ် ပြန်လာဖြစ်ကြပါသည်၊ မန္တလေးကို ကျနော်တို့ ညနက်မှာ ပြန်ရောက်ခဲ့သည်၊ အဲ့ဒီညက မြစန်းကြည်တော့ မသိပါ၊ ကျနော်ကတော့ ဒီကြည်နူးမှုသည် ကျနော်ကို မိုးလင်းစေခဲ့ပါသည်။

တက္ကသိုလ် နောက်ဆုံးနှစ်ကို ချစ်သူနှင့် ဖြတ်သန်းခဲ့ရခြင်းသည် ကျနော်ဘဝအတွက် အပျော်ရွှင်ဆုံး အချိန်များဖြစ်ပါသည်၊ ကျနော်တို့ နှစ်ယောက်သည် လိုက်ဖက်ညီသော စုံတွဲတစ်တွဲဖြစ်ကြောင်း ကိုယ်ဟာကိုယ် မှတ်ချက်ချမိပါသည်၊ ကျနော်သည် မြစန်းကြည်ကို ဘဝလက်တွဲဖေါ်အဖြစ် ရည်ရွယ်ထားသလို မြစန်းကြည်ကလည်း ကျနော်ကို ဘဝလက်တွဲဖေါ်အဖြစ် ရည်ရွယ်ထားခဲ့ကြပါသည်၊ တစ်ခါတစ်လေ ကလေးငယ်လေးများကို မြင်မိ၍၎င်း မိသားစုလိုက် သွားလာတာကို မြင်မိ၍၎င်း ငါတို့အလှည့်ကျရင် ဆိုပြီး စိတ်ကူးတွေ ယဉ်ခဲ့ကြပါသည်၊ မြစန်းကြည်က ငါတို့သားကလေး မွေးရင်သိပ်ချောမှာ နင့်ဆီက အသားဖြူတာ၊ ငါ့ဆီက အရပ်နှင့်ရုပ်ရည် ပေါင်းလိုက်ရင် အရပ်မြင့်မြင့် ဖြူဖြူချောချော ကောင်လေးတစ်ယောက် ဖြစ်လာမှာ ကိုရီးယား မင်းသားတွေထက် သာမှာကြိမ်းသေတယ်လို့ ဆိုသည်၊ မြစန်းကြည်ကို ကျနော်အကြိုက်ဆုံးမှာ မနာလို မရှုစိမ့်စိတ် နည်းခြင်းဖြစ်ပါသည်၊ ဒါပေမဲ့ စိတ်ကူးယဉ်တဲ့ ရင်သွေးလေးကိုတော့ သူများတွေထက် သာစေချင်သည်မှာ မိန်းမတွေရဲ့ စိတ်ဓါတ်လား ကျနော်မသိပါ၊ သူကတော့ ကျနော်သူ့အပေါ်ကို စိတ်ရှည်တာကို အကြိုက်ဆုံးတဲ့၊ တစ်ခါတစ်လေ ငါ့ကိုပဲ စိတ်ရှည်၊ လူတိုင်းကိုတော့ စိတ်မရှည်နဲ့လို့ ပြောတတ်ပါသည်။

နောက်ဆုံးနှစ် စာမေးပွဲနှင့်အတူ ဘဝနယ်မြေကို လှမ်းရတော့မဲ့ အချိန်မှာလည်း ကျနော်ကတော့ ပေါ့ပေါ့ပါးပါး ပါပဲ၊ ကိုယ်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ အများတန်းတူ လုပ်နိုင်ကိုင်နိုင်သူ တစ်ယောက်အဖြစ် ယုံကြည်ထားသောကြောင့်ဖြစ်သည်၊ မြစန်းကြည်နှင့် ကျနော်တို့နှစ်ယောက်ကြားတွင် မတိုင်ပင်ရသေးသော သဘောတူညီမှုများ များစွာရှိသည်လို့ ထင်ပါသည်၊ ကျနော်သည် စီးပွားရေး သမားတစ်ယောက်အဖြစ် ရပ်တည်သွားမည်ကို မြစန်းကြည်သိရှိထားပြီးဖြစ်သည်၊ မန္တလေး စီးပွားရေးလောကနှင့် မန္တလေးကုန်စည်ဒိုင်သည် ကျနော်နဲ့ မစိမ်းပါ၊ ဆယ်တန်းအောင်ကတည်းက ဝင်ဆန့်ခဲ့ပါပြီ၊ ကျနော့်အဖေ ဦးကြင်းမားဆိုရင် မန္တလေးကုန်စည်ဒိုင်နှင့် ပွဲရုံလုပ်ငန်းတစ်ခုလုံး သိကြပါသည်၊ အဖေသည် ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ ကုန်စျေးနူံးတက်လာတိုင်း အထိမ်းသိမ်းခံရတတ်သူဖြစ်ပါသည်၊ ထို့အတွက် အဖေသည် နန်းတွင်းထဲတွင် အိပ်ခဲ့ရပေါင်း များသလို၊ တိုင်းမှုး ပါတီ ကောင်စီ အကြီးအကဲများသည် သောက်ဖေါ်သောက်ဖက်များ ဖြစ်လာပါသည်၊ ထိုအတူ ဦးကြင်းမားရဲ့သား ကျော်စိုးဦးကိုလည်း ဒီလောကမှာ သိပါသည်၊ အဖေက ပြောပါသည် ‘တကယ်တော့ ချမ်းသာအောင် လုပ်ရတယ်ဆိုတာ လုပ်တတ်မှဖြစ်တာ ဘယ်လိုပဲ အခွင့်အရေးတွေ ရနေပါစေ၊ ဆွေစဉ်မျိုးဆက် ဖြစ်နေပါစေ၊ အပေါ်ကပဲဖြစ်ဖြစ် အာဏာတွေရှိနေပါဦး ချမ်းသာအောင် လုပ်တတ်တဲ့သူဟာ ချမ်းသာတာပဲ၊ ချမ်းသာအောင် မလုပ်တတ်တဲ့ သူတွေက မလုပ်တတ်တော့ ဘာမှ ဖြစ်မလာဘူးလေ၊ အဲဒီမှာ ဖြစ်မလာတော့ လုပ်တတ်လို့ ချမ်းသာတဲ့ သူတွေကို အပြစ်ရှာမယ် မနာလိုတွေဖြစ်ကြမယ်၊ ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမဆို ဒါဟာထုံးစံပဲ’ လို့ဆိုသည်။

အဖေ၏ စကားကို မှန်သည်ဟု ကျနော်ယုံကြည်သည်၊ ယနေ့ခေတ်တွင် လူတစ်ချို့သည် ခရိုနီဟုဆိုကာ ချမ်းသာနေသူများကို သိမ်းကျုံးအပြစ်ပြောနေကြသည်၊ ခရိုနီတွင် လုပ်တတ်ကိုင်တတ်၍ ခရိုနီဖြစ်လာသလို အခွင့်ရေး မတရားယူ ညစ်ပတ်၍ ခရိုနီဖြစ်လာသူလည်းရှိမည်၊ ပြောနေသူများထဲတွင် ခေတ်မမှီတော့သည့် ကျဆုံးသွားပြီ်ဖြစ်သော လက်ဝဲအတွေးအခေါ်တွေ ဝင်ပါလာသည်၊ မနာလိုမုန်းတီးမှုတွေပါလာသည်၊ ကမ္ဘာစီးပွားရေး သမိုင်းကို ပြန်မကြည့်ကြ၊ ဂျော့ဝါရှန်တန် ဘယ်လိုလုပ်ခဲ့သလဲကို စဉ်းစားမိသည်၊ ခရိုနီတွေကို နိုင်ငံထူထောင်ရေးတွင် အသုံးချခဲ့သည်၊ အမေရိကားတွင် ခရိုနီတွေ ဒုနှင့်ဒေး ဘရားဇီလ်းတွင် ပိုများလိမ့်မည်၊ မလေးရှား၊ ထိုင်း၊ ကိုရီးယာ ခရိုနီတွေကို ခရိုနီမှန်းမသိ၊ ခရိုနီတွေ ကြီးကျယ်လာသော် ဧရာမစီးပွားရေး အင်ပါယာကြီးဖြစ်လာသည် ကော်ပရိတ်ခရိုနီတွေ ဖြစ်လာကြသည်၊ ထိုကော်ပရိတ်များသည်  တိုင်းပြည်၏ စီးပွားရေးကိုလွှမ်းတော့သည်၊ အဓိကကျလာသည်၊ ကျနော်သည် တီဗီဇာတ်လမ်းတွဲ တစ်ခုဖြစ်သော Too Big to Fail ကိုကြိုက်မိပါသည်၊ စီးပွားရေးသမားတစ်ယောက်သည် ခေတ်နဲ့အညီ ပြောင်းလဲနေရမည် မဟုတ်ပါလား၊ ကျနော်အတွက် စီးပွားရေးလုပ်တော့မှတော့ အောင်မြင်သော စီးပွားရေးသမားပင်ဖြစ်ရမည်လို့ ယုံကြည်ထားသည်၊ မြန်မာတို့သည် ချမ်းသာကြွယ်ဝလာသော တရုတ်နှင့်ကုလားတို့ကို အပြစ်ပြောချင်ကြသည်၊ တရုတ်နှင့်ကုလားတို့ လုပ်တတ်ကိုင်တတ်တာကိုတော့ မမြင်ကြ အတုမယူချင်ကြပေ။

စာမေးပွဲပြီး တစ်လလောက်နေမှ မြစန်းကြည်နှင့်ကျနော်တို့ အိမ်ပြန်ဖြစ်ကြသည်၊ ဘယ်လိုဆက်သွယ်ကြမည် ရှေ့ဆက် ဘယ်လိုလုပ်ကြမည်ကို အနည်းငယ် တိုင်ပင်ဖြစ်ကြသည်၊ ဘာပဲဖြစ်ဖြစ် မြန်မာပြည်ကြီးက အဖေတို့ခေတ်ထက်စာရင်တော့ ကျဉ်းသွားပါပြီ၊ မိုးကုတ်နှင့် မန္တလေးသည်၎င်း မန္တလေးနှင့် ကျနော်တို့မြို့သည်၎င်း လှမ်းခေါ်ရင်မဝေးတော့ ‘ကြားရလား ကြားရလား’ ခေတ်ဖြစ်ခဲ့ပါပြီ၊ ကျနော်သည် မြစန်းကြည်ကို ယုံကြည်သလို၊ မြစန်းကြည်ကလည်း ကျနော်ကို ယုံကြည်ပါသည်၊ ယုံကြည်မှုနဲ့ ဘဝတစ်ခုကို တည်ဆောက်၍ ရမည်ဆိုသော အတွေးအခေါ်သည် ငယ်ရွယ်သော ကျနော်တို့ နှစ်ယောက်ကို လွှမ်းမိုးခဲ့ပါသည်၊ မပြန်ခင်တစ်နေ့ စစ်ကိုင်း ဆွမ်းဦးပုညရှင် စေတီကိုသွားပြီး နှစ်ဦးတွတ်ထိုး စကားပြောမကုန်အောင် ဖြစ်ခဲ့ရပြီး ကိုယ်ဖြစ်ချင်သော အရာများကို လောဘမောဟနှင့်ယှဉ်သော ဆုတွေကို ဘုရားရှင်ဆီမှာ ဆုတောင်းဖြစ်ခဲ့ကြပါသည်။

××××××××××××××××××××××××××××××××××××××××××-

လူနှစ်ယောက်ပေါင်းစည်း၍ အိမ်ထောင်ပြုမည်ကြံသောအခါ လက်တွေ့တွင် မလွယ်ကူသော ပြဿနာတွေ ရှိလာတတ်ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသည်၊ အစ်ကိုကြီး အစ်ကိုလတ်တွေ အိမ်ထောင်ပြုသွားတာကိုကြည့်ပြီး လွယ်လိုက်တာလို့ ထင်ခဲ့မိသည်၊ မိသားစု ဆွေမျိုးအသိုင်းအဝိုင်း ပတ်ဝန်းကျင်တို့သည် လူနှစ်ဦးပေါင်းစပ်ရေးတွင် တစ်ခါတစ်လေ ဘာလို့ကြားခံ အခက်အခဲဖြစ်လာရသည်ကို စဉ်းစားမရပါ၊ ပထမဦးစွာ မြစန်းကြည်တို့မိဘတွေနှင့် ဆွေမျိုးတွေက သူတို့သမီးကို တရုတ်တစ်ယောက်နဲ့ လက်မထပ်စေချင်၊ တရုတ်မိသားစုအကြောင်း ဘာသိလို့လည်း ချွေးမတွေကို ဘယ်လိုနှိမ်သလဲဆိုတာ ကြားဖူးတယ် မဟုတ်လား၊ နင်က ချွေးမအငယ်ဆုံးဖြစ်မှာ စသဖြင့် အမျိုးမျိုးသော တရုတ်မယား မဖြစ်ရေး ဆန့်ကျင်မှုများ မြစန်းကြည်ထံ ဒလစပ်ရောက်လာခဲ့သည်၊ မြစန်းကြည်ပြန်ပြောပြသည်ကို ဖုန်းထဲတွင်ကြားရသောအခါ ထိုအခါကျမှ ကိုယ်ကိုကိုယ် တရုတ်တစ်ယောက်အဖြစ် မေ့နေသော ကျနော်သည် ငါတရုတ်လားဟု ပြန်လည်စဉ်းစားမိခဲ့သည်၊ ဆွေစဉ်မျိုးဆက် မြန်မာပြည်မှာမွေး ကြီးပြင်းလာသော ကျနော်သည် ဗုဒ္ဓဘာသာ မြန်မာတစ်ယောက် ဖြစ်နေပြီ မဟုတ်လား၊ မြစန်းကြည်ကတော့ ကျနော်ဘက်ကနေသည် ကျနော်သည် ဆွေစဉ်မျိုးဆက်အရ တရုတ်တစ်ယောက်ဖြစ်နေပေမဲ့ သူပတ်ဝန်းကျင်က လူများထက်သာသည့် သူ့အပေါ် ချစ်မြတ်နိုးမှုနှင့် နားလည်မှု အရှိဆုံးသောသူသည် ကျနော်တစ်ယောက်သာဖြစ်ကြောင်း အားလုံးကို ပြန်ပြော၍ ငြင်းလို့နေသည်၊ နင်ရဲ့ စိတ်ရှည်သည်းခံမှုတွေကို ခု ငါယူသုံးထားတယ်လို့ ဆိုသည်။

တကယ်တမ်း အိမ်၏စီးပွားရေးကို ဝင်လုပ်ကိုင်လာသောအခါ ကျနော်သည် မန္တလေးမှာတစ်ဝက် မြို့မှာတစ်ဝက် နေဖြစ်သည်၊ အဖေသည် မန္တလေးသို့ တစ်လတစ်ခေါက်လောက်သာ ရောက်တော့သည်၊ မန္တလေးအခြေခံ စီးပွားရေးလုပ်နေသော အဖေသည် ဘာဖြစ်လို့ မန္တလေးမှာ အမြဲနေထိုင်ဖို့ စိတ်မကူးခဲ့သလဲ ကျနော်မသိပါ၊ ဒီမြို့လေးကို သံယောဇဉ်တွယ်နေလို့ ဖြစ်နိုင်သည်၊ ဒီမြို့လေးတွင် အဖေ၏ ဘိုးဘွားဘီဘင်တို့ ခေါင်းချသွားခဲ့သည်၊ ဆွေစဉ်မျိုးဆက် လှူဒါန်းလာသော သိမ် ကျောင်း ဇရပ် တို့ကား ဒီမြို့လေးမှာ ပြည့်လို့နေသည်၊ ကျနော်သည် မန္တလေးပွဲရုံကို ကုမ္ပဏီပုံစံ ပြုပြင်လိုက်သည်၊ ကျနော်၏ မန္တလေးရုံးခန်းသည်လည်း ခေတ်မှီရုံးခန်းတစ်ခုဖြစ်သွားခဲ့သည်၊ ဒါပေမဲ့ အဖွားအလိုကျ ရွှေချထားသော ပေသီးတစ်စုံနှင့် လက်ရပ်ခေါ်နေသော ကြောင်နှစ်ကောင်ကိုတော့ နေရာမရွေ့ဖြစ်ခဲ့ပါ၊ အလုပ်လည်ပတ်လာသောအခါ ကျနော်သည် ပုံမှန်လုပ်ကိုင်နေသော ကြက်သွန် ပဲ နှမ်း သီးနှံသိုလှေင်ရောင်းဝယ်လုပ်ရာမှ အိမ်ခြံမြေဘက်သို့ပါ ခြေလှမ်းစလာခဲ့သည်၊ အဖေသည် ဒီလုပ်ငန်းကို အပြင်းအထန် ကန့်ကွက်ပါသည်၊ နောက်ဆုံး အဖွား၊အဖေ၊ အစ်ကိုလတ်တို့ အမြင်များနှင့် အိမ်ခြံမြေလုပ်ငန်းကို ကန့်သတ်မှုများဖြင့် ကျနော်လုပ်ဖြစ်ခဲ့ပါသည်။

အလုပ်တွေလုံးပမ်းနေရင်းနဲ့ ဒီနှစ်အတွင်းမှာ မိုးကုတ်ကို ကျနော်လေးခေါက်လောက် ရောက်ဖြစ်ပါသည်၊ နှစ်ကိုယ်တူနီးစပ်ရေး ကြိုးပမ်းမှုများအရ မြစန်းကြည်တို့ မိသားစုသည် ကျနော့်အပေါ် ပျော့ပျောင်းလာပါသည်၊ တစ်နေ့ မြစန်းကြည် မန္တလေးသို့ရောက်လာသဖြင့် ကျနော်တို့ မြို့ကလေးကို ခေါ်လာခဲ့ပါသည်၊ အိမ်ကိုခေါ်လာပြီး အဖေ၊အမေ၊ အဖွားတို့နဲ့ မိတ်ဆက်ပေးဖို့ဖြစ်ပါသည်၊ ကျနော့်ကား အိမ်ဆင်ဝင်အောက်ရောက်တာနဲ့ အငယ်ကောင် မိန်းမတစ်ယောက် ခေါ်လာတယ်ဆိုတဲ့ သတင်းဟာအိမ်ထဲမှာ ပျံနှံ့နေပါပြီ၊ အိမ်ထဲရောက်ပြီး မြစန်းကြည်ကို ဧည့်ခန်းတွင် ထိုင်ခိုင်းထားပြီး၊ မိတ်ဆက်ပေးဖို့ အဖေ၊အမေ၊ အဖွားတို့ကို ဝင်ခေါ်တဲ့အခါမှာတော့ ကျနော်ဟာ အမှားတစ်ခုကို ပြုလုပ်လိုက်မိပြီ ဆိုတာ သိလိုက်ရပါသည်၊ အသံကြားလိုက်ရသော အဖေကို ရှာမတွေ့သလို အဖွားသည် အခန်းပိတ်လို့ နေပါသည်၊ အမေတစ်ယောက်သာ အိမ်ရှေ့ကို ထွက်လာပြီး ဟန်ဆောင်ထားသော မျက်နှာဖြင့် မြစန်းကြည်ကို ဘယ်ကလဲ၊ ဘာလုပ်သလဲ စသဖြင့် စကားအနည်းငယ်ကိုသာပြောဖြစ်ပါသည်၊ ပျက်နေသော ကျနော့်မျက်နှာ ညှိုးနွမ်းနေသော ချစ်သူမျက်နှာကြား ကျနော် ဘာလုပ်ရမလဲမသိပါ၊ တစ်နာရီလောက်ကြာသောအခါ အဖေသည် ဧည့်ခန်းထဲသို့ ရောက်လာပါသည်၊ ကျနော်ဘာမှမပြောပဲ ‘အေးအေး မင်းကြိုက်တဲ့မိန်းမကို မင်းပြတော့လည်း ကြည့်ရတာပေါ့’လို့ဆိုကာ မြစန်းကြည်ရှေ့တွင် စိမ်းစိမ်းကြီးကြည့်ကာ ထိုင်နေလေတော့သည်၊ ကျနော်လည်း စိတ်ကိုထိန်းကာ မြစန်းကြည်ကို ငါတို့မန္တလေးပြန်ကြရအောင် ဆိုကာ ပြန်မည်အပြုတွင် အိမ်ခန်းထဲက အဖွားအသံထွက်လာသည်၊ မင်းဟာမင်း ကြိုက်သလောက် ရီးစားတွေ ချစ်သူတွေထား မင်းယူမဲ့မိန်းမဟာ ငါတို့ကြိုက်တဲ့သူဖြစ်ရမယ်၊ ကျနော်ရောမြစန်းကြည်ပါ အဖွားပြောသံကြောင့် တုန်လှုပ်သွားခဲ့သည်၊ နောက်ဆုံး ဘယ်သူ့ကိုဘာမှ မပြောပဲ မြစန်းကြည်ရဲ့လက်ကိုဆွဲကာ ကားပေါ်တက်ပြီး မန္တလေးကို ပြန်ထွက်ခဲ့သည်၊ အဖေနှင့်အဖွား မြစန်းကြည်ကို ဆက်ဆံပုံက ကျနော်ရဲ့ဒေါသတွေ ထွက်ခဲ့ရသည်၊ မြစန်းကြည်ကို ကျနော်အကြိမ်ကြိမ် တောင်ပန်းမိသည်၊ ‘ခုငါတို့ မန္တလေးမှာ လက်မှတ်ထိုးပြီး ယူလိုက်ကြရအောင် ဘယ်သူကိုမှ ဂရုစိုက်နေစရာ မလိုဘူးလို့’ ပြောလိုက်မိသည်၊၊ 

မြစန်းကြည်က အရင်စလိုမလုပ်ဖို့ အချိန်ယူပြီး လူကြီးတွေကို နားလည်သဘောပေါက်အောင် သဘောတူလာအောင် လုပ်ယူကြဖို့ပြန်ပြောသည်၊ 'နင့်ရဲ့ စိတ်ရှည်မှုတွေ ဘယ်ရောက်ကုန်လည်းမေးသည်၊ မြစန်းကြည်က ‘ငါရဲ့ ယောက္ခမတွေဟာ ငါ့မိဘလိုဖြစ်ရမယ် ငါရဲ့ ယောက္ခမတွေဟာ ငါ့ရန်သူတွေ ငါနဲ့မတည့်သူတွေ မဖြစ်ချင်ဘူး’ဆိုလာသည်၊ နောက်ပြီး ဒီည စိတ်တည်ငြိမ်အောင် လုပ်လိုက်ပြီး နောက်တနေ့မှ ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲ ဆိုတာ တိုင်ပင်ကြတာပေါ့လို့ ပြောသည်၊ ကျနော်လည်း သူတည်းခိုတဲ့အိမ်ကို လိုက်ပို့ပေးပြီး ရုံးခန်းသို့ပြန်လာခဲ့သည်၊ နောက်နေ့ မနက်တွင် မြစန်းကြည်က သူအစောဆုံးကားနဲ့ မိုးကုတ်ကိုပြန်သွားပြီလို့ ဖုံးဆက်လာသည်၊ အချိန်ယူအေးအေးဆေးဆေး ထားပြီး လုပ်စရာရှိတာတွေ လုပ်ကြတာပေါ့လို့ ပြောသွားသေးသည်၊ သူသည် ကျနော်တို့ မိသားစုကို စိတ်ထင့်သွားနိူင်ပါသည်၊ ကျနော်လည်း ထိုနေ့မှ စ၍ မြို့ကလေးကို မပြန်ဖြစ်တော့ပါ၊
တစ်ခါတစ်လေ ဘာမှမဖြစ်ပါဘူးလို့ ထင်ထားသော အရာများသည် ကြီးမားသော ပြသာနာများ ဖြစ်လာတတ်သည်ကို ကျနော် တကယ် လက်တွေ့သိလာခဲ့ပါသည်။

××××××××××××××××××××××××××××××××××××××××××-

တစ်လကျော်သောအခါ အမေ မန္တလေးကို လိုက်လာခဲ့သည်၊ ‘သားကလည်း မတိုင်မပင်နဲ့ ကလေးမလေးကို ခေါ်လာတာကိုး၊ မင်းအဖေနှင့် အဖွားက မင်းအစ်ကိုကြီးတုန်းကလို သူတို့နားက မင်းထွက်သွားမှာ တအားစိုးရိမ်သွားလို့ ဖြစ်သွားတာပါ၊ တစ်ခါတစ်လေ အချိန်ကို စောင့်ရတယ်သား’ ဆိုပြီးပြောလာပါသည်၊ ကျနော်ကလည်း အမေကို မြစန်းကြည်သည် ကျနော်ချစ်ရသော၊ ကျနော်ကို နားလည်သော ကျနော်နဲ့ လိုက်ဘက်ညီသော မိန်းကလေးဖြစ်ကြောင်း ပြောပြလိုက်သည်၊ အမေက သူနားလည်ပါကြောင်း ဒါပေမဲ့ အဖွားနှင့် အဖေတို့က နည်းနည်း တင်းမာမှာဖြစ်ကြောင်း၊ အထူးသဖြင့် သားရဲ့ အဖွားက သားကို တရုတ်အမျိုးအနွယ်နဲ့ပဲ လက်ဆက်စေချင်သည်လို့ ပြောသွားပါသည်၊ ဘာပဲဖြစ်ဖြစ် အိမ်ကိုအရင်လိုပြန်လာပြီး အားလုံးကြားတွင် လိမ်မာပါးနပ်စွာနေဖို့ လာပြောသွားသည်၊ ထိုလက ကျနော်စိတ်ညစ်ညစ်နဲ့ မြေကွက်ဆယ်ကွက်လောက် ဝယ်ဖြစ်သွားသည်၊ တကယ်တော့ အဖေကိုအရွဲ့တိုက်ခြင်းဖြစ်ပါသည်၊ ထိုအရွဲ့တိုက်ခြင်းသည် နောင်မှာ ကျနော်ကို ကြွယ်ဝချမ်းသာသူတစ်ယောက် ဖြစ်စေခဲ့ပါသည်။

ကျနော်သည် တန်ဖိုးကြီးသော ကားအသစ်တစ်စီးပြောင်းစီး ဖြစ်ခဲ့သည်၊ မိုးကုတ်ကိုတက်ပြီး မြစန်းကြည်ကို အကျိုးအကြောင်းတွေ ရှင်းပြဖြစ်ခဲ့သည်၊ တစ်ဘက်တွင်လည်း ကျနော့် စီးပွားရေးအောင်မြင်နေကြောင်း ပြောပြခဲ့သည်၊ မြစန်းကြည်သည် ကျနော်၏ စီးပွားရေးအောင်မြင်မှုကို ကြည့်ပြီး တစ်မျိုးဖြစ်လို့နေသည်၊ ငယ်ငယ်ရွယ်ရွယ်နဲ့ နင်အဲဒီလောက်ချမ်းသာတာ ငါ့အတွက် တစ်မျိုးဖြစ်လို့နေတယ်လို့ ကျနော်ကို ပွင့်လင်းစွာ ပြောပြခဲ့သည်၊ ကျနော်ကလည်း အဲဒါကြောင့် ငါကို ထိန်းပေးမဲ့ နင်လိုတယ်လေလို့ ပြန်ပြောခဲ့သည်၊ အခြေအနေနှင့် အချိန်အခါကို စောင့်ကြတာပေါ့လို့ ပြောရင်း ကျနော်ကို ဖြေသိမ့်ခဲ့သည်။

မိုးကုတ်ကပြန်လာပြီး လူတွေအကြောင်းကို တွေးမိနေသည်၊ စာအုပ်တွေ ဖက်လေ့ရှိလာပါသည်၊ ကွန်ဖြူးရှက်၊ ဆန်ဝူနှင့် အမေရိကန်လိုက်ဖ် စာအုပ်များက ကျနော်ကို အတွေးတွေ ပေးလာခဲ့သည်၊ မြန်မာတရုတ်တစ်ယောက်နှင့် မြန်မာတစ်ယောက် လက်ထပ်ယူခြင်းသည် ဒီနေ့ဒီအချိန်ခါမှာ ပြောစရာ မဟုတ်တော့လို့ ကျနော်ထင်သည်၊ ကိုးကွယ်သော ဘာသာ မတူသောကြောင့် ဆိုရင်တော့ ကျနော်လက်ခံနိုင်ပါသည်၊  ကိုးကွယ်သော ဘာသာတူပါလျှက်နဲ့ တိုင်းပြည်အတွင်း အတူနေထိုင်သူ အချင်းချင်း ယူရင်တောင် တစ်မျိုးမြင်နေကြသည် ကျနော်တို့ ပတ်ဝန်းကျင်၏ ဓလေ့ အလေ့အထများသည် တစ်ချို့နေရာတွေမှာ အများကြီး ပြင်းထန်နေပါသည်၊ လူမှုဆက်ဆံရေးနှင့် မျိုးရိုးအစွဲ သို့မဟုတ် မျိုးချစ်စိတ်တို့၏ ပဋိပက္ခကို မြင်နေရပါသည်၊ ဒီနေ့ဒီအချိန်ခါမှာ လူဖြူတွေနဲ့ လက်ထပ် ပေါင်းသင်းနေတဲ့ မြန်မာ အမျိုးသား အမျိုးသမီးတွေ အများကြီးပါ၊ အရေးကြီးတာက ချစ်ခင်ကြင်နာစွာ တစ်ဦးကိုတစ်ဦး နားလည်လေးစားပြီး ငြိမ်းချမ်းအေးမျှတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ပဲလို့ ကျနော်ထင်မိပါသည်၊ ပွင့်လင်းတဲ့ လူအဖွဲ့အစည်းမှာ အမြင်မတူမှု သဘောထား ကွဲလွဲမှုကို ကျနော်တို့ လက်ခံရပါလိမ့်မည်၊ ကျနော်က လက်ခံသော်လည်း တခြားသူတွေက လက်မခံ နိုင်သေးရင်တော့ ဖြေရှင်းနိုင်တဲ့နည်လမ်းကို ကျနော်တို့ တော်တော် အဖြေရှာယူ ရပါလိမ့်မည်။ 

မြစန်းကြည်ဘက်ကလည်း တရုတ်အနွယ်ဖြစ်နေသော ကျနော်ကို သိပ်သဘော မတူချင်၊   မဝေဖန်ချင်ပါ သူတို့ အသိုင်းအဝိုင်း၏ အလေ့အထ ယုံကြည်ချက်ကို ကျနော် လေးစားရပါမည်၊ မိုးကုတ်မြို့တွင် တရုတ်နှင့် လက်ထပ်လိုက်သောသူတွေ အများကြီး ရှိပါလိမ့်မည်၊ ကျနော် ဘက်ကိုလည်းကြည့်ဦး အစ်ကိုကြီးသည် ဗမာ အမျိုးသမီးတစ်ဦးနှင့် သူသဘောအတိုင်း လက်ထပ်ယူခဲ့သည်၊ အစ်ကိုလတ်ကြတော့ နယ်စပ်ကတရုတ်အနွယ်နဲ့ လက်ထပ်လိုက်၍ ဒါတောင် တရုတ်မျိုးရိုးလိုက်သော အဖွားက မကျေနပ်ချေ၊ ကျနော်ကလဲ့မှ တရုတ်မကိုပဲ လက်ထပ်ရမည်ဆိုသော် ကျနော်အတွက် မတရားဘူးလို့ထင်ပါသည်၊ ထုံးစံအရ ကြီးစဉ်ငယ်လိုက် သားကြီးကသာ မျိုးရိုးထိန်းသိမ်းရမှာ မဟုတ်ပါလား၊ ခုတော့ အငယ်ဆုံး ကျနော့်ကို အကျပ်ကိုင်နေသည်ဟု ထင်ပါသည်။

အစ်ကိုကြီးလုပ်သွားပုံ အစ်ကိုလတ်၏ အဖြစ်အပျက်တွေက ကျနော်အပေါ် ပုံကြလာသည်လား မသိပါ၊ လောလောဆယ် ကျနော်က နားလည်ပေးထားသော်လည်း ကျနော်တွင် မျိုသိပ်ထားရတော့ အရာတွေ ရင်ထဲမှာရှိလို့နေပါပြီ၊ တစ်ဘက်တွင်လည်း မြစန်းကြည်က “မိဘတွေ သဘောတူမှ လက်ထပ်မယ်”ဆိုတဲ့ သူ့ရဲ့ခံယူချက်ကို ကျနော်မပြောင်းလဲ နိုင်ခဲ့ပါ၊ သူဘက်တွင် အဆင်ပြေသလိုဖြစ်နေပြီးမှ ခုကျနော်ဘက်ကို ကျနော်ကြိုးစားရပါဦးမည်၊ တစ်ဘက်စွန်းရောက်နေသူများကို စည်းရုံးရမည် ဆိုသည်က လွယ်သည့်အလုပ်တော့ ဟုတ်မည်မထင်ပါ။

အဖွားနှင့်အဖေသည် ကျနော်နဲ့ လက်ဆက်ပေးချင်သော အမျိုးသမီးကို သူတို့ဖါသာသူတို့ လိုက်ရှာနေသည်ဟု သိရသည်၊ အဖွားက အကူအညီတောင်းသဖြင့် အစ်ကိုလတ်၏မိန်းမ ကျနော့်မရီးနှင့် အစ်မဝမ်းကွဲတို့ အိမ်ကို အဝင်အထွက် ရှိလာတော့သည်၊ ကျနော့်မရီးသည် အဖေ့မိတ်ဆွေ၏သမီး ဆိုပေမဲ့ မင်္ဂလာကိစ္စများကို တရုတ်ရိုးရာစေ့စပ်ပေးသူကနေ တဆင့် ပြုလုပ်ခဲ့ကြသည်၊ အစ်ကိုလတ်၏မိန်းမ ကျနော့်မရီးက ကျနော်ကို ‘အိမ်ထောင်ပြုတယ်ဆိုတာ ကိုယ်နဲ့စပ်အပ်တဲ့သူ ကိုယ်မိဘဆွေမျိုး အသိုင်းအဝိုင်းက လက်ခံမဲ့သူကို အိမ်ထောင်ပြုတာအကောင်းဆုံးပဲ၊ မိသားစုဖြစ်လာလျှင် သံယောဇဉ်ဖြစ်သွားကြမှာပဲလို့ ဆိုလာသည်၊ သူဆိုရင် မိဘက ပေစားမယ်လို့ ပြောထားလို့ ရီးစားတောင် မထားဟုဆိုသည်၊ ညီကို ယူရမလား၊ အစ်ကိုကို ယူရမလား စဉ်းစားမိသေးသည်ဆိုသည်၊ နောက်ဆုံး အစ်ကိုလတ်ကိုလည်း တရုတ်ရိုးရာနည်းများအရ တွက်ချက်ပြီး နှစ်ဦးပေါင်းစပ်နိုင်သည်ဆို၍ လက်ထပ်ခဲ့သည်’ဆိုသည်၊ ကျနော်က ‘ကျနော်သည် မြန်မာဖြစ်နေပြီ တရုတ်ရိုးရာတွေလည်း မသိတော့ဘူး၊ တရုတ်စာ စကားလည်း မတတ်ဘူး၊ တရုတ်မပဲဖြစ်ဖြစ် မြန်မာမပဲ ဖြစ်ဖြစ် ကိုယ်ကြိုက်တာပဲ ကိုယ်ယူမယ်လို့’ ပြောလိုက်သည်၊ ဒီတော့ အစ်ကိုလတ်၏မိန်းမ ကျနော့်မရီးက ‘ဒီမှာ မင်းငယ်ငယ်ရွယ်နဲ့ အောင်မြင်ချမ်းသာနေတာ ငါတို့တရုတ်အသိုင်းအဝိုင်းမှာ တော်တော်နာမည်ကြီးနေပါတယ်၊ မင်းကိုယူချင််တဲ့မိန်းမတွေ မင်းကို သမက်တော်ချင်တဲ့ မိဘတွေ အများကြီးပါ’ဆိုပြီး သူတတ်ထားတဲ့ မျက်မှန်ကို အပေါ်တင်လိုက် ချလိုက်လုပ်ပြီး ဘယ်လိုအဓိပ္ပါယ်ဖေါ်ရမလဲ မသိတဲ့ အပြုံးတစ်ခုနဲ့ ပြောပါသည်၊ သူသည် အဖွားတို့အလိုကျ ပေးစားသူနဲ့ပဲ ယူရန် ကျနော်ကို နားချသည့် စကားတွေပြောပါသည်၊ ရှေ့နောက်တွေလည်း မမှန်ပါ၊ ကြာတော့ ကျနော်သည် သူမျက်နှာကိုကြည့်ပြီး ဘာမှ ပြန်မဖြေ ပြန်မပြောပဲ ထွက်လာခဲ့ပါသည်၊ လေးလံသော သက်ပြင်းတစ်ခုတော့ ချလိုက်မိပါသည်၊   
ကျနော်ဘဝတွင် ပထမဦးဆုံး မျက်မှန်တတ်ထားသော မိန်းမတစ်ဦးကို မုန်းမိပါတော့သည်။
ကျနော် ကြိုးစားနေစဉ်မှာပဲ၊ အေးဆေးနေသည် ဆိုသော မြစန်းကြည်ထံမှ သတင်းကြားခဲ့ရပါသည်၊ ဒီသတင်းသည် ကျနော်၏ ကြိုးစာမှုကြီး တစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံ ဖြစ်ရပါတော့သည်။



ဆက်လက်ဖေါ်ပြပါမည်၊

ဝထ္ထုဇာတ်လမ်းတစ်ပုဒ်ပါ။