Friday, March 18, 2011

ရင်ခုန်သံအသစ် အချစ်စစ်လား


 

‘Hello, Hello, Hi’

‘အဲ ဒီမှာ ဒီမှာ’
“Yes”
‘Sorry, I think you are Burmese’
‘ခုနကမြန်မာလိုများပြောတာကြားမိသလိုလိုဖြစ်သွားလို့ sorry sorry’
မြန်မာလိုရော အင်္ဂလိပ်လိုပါ ရောထွေးပြောလိုက်မိသည်၊
“you are right ကျနော်ကမြန်မာတိုင်းရင်းသားတစ်ယောက်ပါ”
‘ဒါနဲ့များ လူကို ကြောင်အောင်လုပ်လိုက်တယ်’
“ကျနော် Yes လို့ပြောပါတယ်၊ ကဲထားလိုက်ပါတော့ ကျနော်နာမည် စောရဲလင်းသူ ပါ၊
ရှေ့ကလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်မှာလုပ်ပါတယ်၊ ဘာများအကူအညီလိုလို့လဲခင်ဗျား၊”
‘တို့နာမည်က ခင်မျိုးမြင့်သူ၊’ ‘အင်း အင်း’
“သြော် အစ်မက မြန်မာပြည်ကို စာထည့်မလို့လား၊ ဒီလိုပဲ ဒီ UN ရုံးချုပ်ကြီးကိုရောက်ကြရင် ရောက်ကြောင်းအမှတ်တရ ပို့စကဒ်လေးတွေ အိမ်ကိုပြန်ပို့လေ့ရှိကြပါတယ်”။
‘ခက်တော့တာပဲ တို့ကမြန်မာပြည်က မဟုတ်ဘူး စင်္ကာပူက၊’
“သြော်”
‘နောက်ပြီး မင်းက အစ်မ လို့ခေါ်ရအောင် တို့ကတော်တော်ကြီးနေလို့လား၊’
ရဲလင်းသူ ခုမှဒီကောင်မလေးကို အသေအချာကြည့်လိုက်မိသည်၊
“သြော် Sorry ကျနော်ခန့်မှန်းပြီး ပြောလိုက်တာပါ၊ ဟုတ်ကဲ့ တော်တော်မကြီးပါဘူး၊”
‘ဘာပြောတယ် နင်ငါကိုကြည့်ပြီးတော့’
“စိတ်မဆိုးပါနဲ့ အသက်ခန့်မှန်းချင်လို့ပါ၊ ကျနော်ကို သူသူ လို့ပဲခေါ်ပါ၊”
‘ဟွန်းခက်တော့တာပဲ’
“ဘာဖြစ်လို့လဲခင်ဗျာ”
‘တို့ကိုလဲ ခင်တဲ့သူတွေအားလုံးက သူသူ လို့ခေါ်တယ်၊’
“ဟာ စင်္ကာပူက သူသူနဲ့ ဒီ UNက သူသူတို့ တွေ့ကြပြီ၊ ကျနော်အင်္ဂလိပ်နာမည် ရှိပါတယ်၊ တိုနီတဲ့၊ ခေါ်တဲ့သူနည်းတယ်၊”
‘တိုနီ၊ တိုပြီးတော့နီ’
“ဟာ အစ်မ အဲလိုမပြောနဲ့လေ၊”
‘ဘာလာပြန်ပြီလဲ အစ်မ၊ နင်တို့ အမေရိကတို့ UN တို့ကလူတွေက ခန့်မှန်းပြီး ရမ်းတုတ်နေကြပါလား၊’
“မဟုတ်ရပါဘူး၊ Sorry ၊ ကျနော်ထက်တော့ နည်းနည်းကြီးမယ်ထင်တယ်၊ အသက်ပြောတာပါ၊
ရပ်နေတာကြာပြီ ဟိုကော်ဖီဆိုင်သွားရအောင် အမှတ်တရဖြစ်အောင် ကျနော်ကပဲတိုက်မယ်လေ၊”
‘ဟာ လာပြန်ပြီ အမှတ်တရ၊ အိုကေလေ၊’
“Sorry ကျနော်က အမှတ်တရ ပစ္စည်းရောင်းတဲ့ဆိုင်မှာလုပ်တာလေ၊”
UN ကော်ဖီဆိုင်တွင် စင်္ကာပူက သူသူနဲ့ အမေရိကက သူသူ တို့ထိုင်မိကြသည်၊
ရဲလင်းသူက နှစ်ယောက်လုံးအတွက် ရိုးရိုးကော်ဖီသွားယူလာခဲ့သည်၊

‘တို့ခုနက guide နဲ့ အပေါ်တစ်ပတ်လိုက်ကြည့်ပြီးပြီ၊ မြန်တာရယ်ကြည့်ချင်တဲ့နေရာလေးတွေသေချာ မကြည့်ခဲ့ရဘူး၊ တို့မေးတဲ့မေးခွန်းတွေကိုလည်း guide ကပြန်မဖြေနိုင်ပါဘူး၊ သူက guide ပဲလေ၊ policy ပိုင်းနဲ့ပတ်သက်ရင် ဘယ်သူမဆိုစာရေးလို့ရပါတယ်ဆိုပြီး လိပ်စာပေးတယ်၊ email ပို့လို့မရဘူးဆိုတယ်၊ ဘာမှမသေချာပဲနှင့် အောက်ပြန်ရောက်လာတာပဲ၊ အောက်မှာစာတိုက်နှင့် ဆိုင်တွေရှိတယ်ဆိုတာနဲ့ အောက်ကို ရောက်လာတယ်၊ မြန်မာလိုပြောတဲ့ သူတစ်ယောက်တွေတော့ တို့မေးချင်တာတွေမေးလို့ရပြီဆိုပြီး၊ ဝမ်းသာသွားခဲ့တယ်၊ အဲမှာနင်နဲ့တွေ့တာပဲ၊ အဆင်မပြေလိုက်ပုံများ၊ ကဲထားလိုက်တော့၊ နင်ကိုတို့က တိုတို လို့ခေါ်မယ်လေ၊’ ခင်မျိုးမြင့်သူက ရယ်၍ပြောလိုက်သည်၊
“ဟာမလုပ်ပါနဲ့၊ မကောင်းဘူး၊ ဒီလိုလုပ်လေ ကျနော်က အစ်မကို၊ Sorry Sorry၊ လေးစားတဲ့အနေနဲ့ မသူလို့ခေါ်မယ်၊ မသူက ကျနော့်ကို သူသူလို့ခေါ်ပေါ့၊”
‘UN ကလူလည်ကြီးရယ် မတရားဘူးထင်တယ်နော်၊’
“အဆင်ပြေအောင်လို့ပါ၊”
‘ဒီလိုလုပ် နင်ကတို့ကို မျိုးသူလို့ခေါ် တို့လက်ခံတယ်၊ တို့ကလည်းနင့်ကို ငသူ၊ နည်းနည်းမကောင်းဘူး၊ ကဲဒါဆို လင်းသူလို့ပဲ ခေါ်မယ်၊ ကောင်းတယ်မဟုတ်လား၊’
“ မျိုးသူ လင်းသူ ကောင်းပါပြီ မျိုးသူ၊ ဒါနဲ့ဘာလို့ တို့က တို့ကလို့ပြောရတာလဲ၊”
‘အွန်း၊ အဲဒါတော့မသိဘူး၊ တို့က အလယ်တန်းကျောင်းသူဘဝထဲက ပြောလာတာ၊ ဘာထူးဆန်းလို့လဲ၊ ဘာဖြစ်လို့မေးတာလဲ၊’
“ဘာမှမဟုတ်ပါဘူး၊ တို့က အဲယောင်လို့ ကျနော်ကဒီအတိုင်း မေးကြည့်တာပါ၊ ဗဒင်သီချင်းထဲကလို လိုက်ဆိုရင် ပြောတာမှတ်လို့”
‘အဲဒါပဲကြည့် UN ကလူတွေက ဘာမဟုတ်တာတွေကိုပဲ မေးနေကြတာ၊’
“ဟိုးဟိုး ကျနော်က UN မှာလုပ်တာ၊ UN ကမဟုတ်ဘူး၊ အမေရိက ကပါ၊ နယူးယောက် ကပါ၊”
‘အတူတူပဲ၊’
‘နယူးယောက်နှင့် ကယ်လီဖိုးနီးယားနဲ့ ဘာကွာလို့လဲ၊’
“East coast နှင့် West coast ကွာတယ်၊ ကျနော်ကတော့ နယူးယောက်ကာ ဖြစ်ရတာကို ဂုဏ်ယူတယ်၊” ပြောရင်းနဲ့ မျက်ခုံးမွှေးတွေကို အပေါ်ကိုပင့်လိုက်သည်၊
‘အဲဒါပြောတာမဟုတ်ဘူး၊ လူတွေဘာကွာသလဲမေးတာ၊’
“အမေရိကန်တွေတော့ မသိဘူး၊ မြန်မာတွေတော့ ကွာတယ်၊”
‘ဘယ်လိုကွာတာလဲ၊’
“အဲဒါကိုပြောရင် UN Secretariat building ကို အပေါ်ဆုံးထပ်ကနေ၊ အောက်ထိ လမ်းလျှောက်ဆင်းသလိုဖြစ်နေပါမယ်၊
အစ်မနေကြည့်၊ သိလိမ့်မည့်တဲ့၊” ပြောလည်းပြော ရယ်လည်းရယ်ဖြစ်သည်၊
‘လာပြန်ပြီအစ်မ၊’
“Sorry Sorry မျိုးသူ၊”
‘နင်တို့ UN တို့ အမေရိကတို့ ကလူတွေက Sorry Sorry နဲ့တော်တော်ပြောတာပဲ၊ အင်းလေ လွတ်လပ်စွာပြောခွင့်ရှိကြတာကိုး၊’
“မျိုးသူ စင်္ကာပူက အမျိုးသမီးတွေက စွာလားဟင်၊”
‘နင်က တို့ကို စွာတယ်လို့ပြောတာပေါ့လေ၊ စွာမှတော်ရုံကြမှာ၊ တရုတ်တွေကုလားတွေကြားထဲလုပ်နေရတာ၊’
“ဒီမှာလည်း ကုလားတွေအများကြီးပဲ၊ ဒါနဲ့ မျိုးသူက ဘာတွေသိချင်လို့လဲ၊ ကျနော်က အရောင်းစာရေးအဆင့်ပဲရှိတာ၊”
‘တတ်နိုင်ဘူးလေ၊ တို့လူပေါင်းမှားတာပေါ့၊ သိသလောက်ပဲပြောပေါ့၊ အပေါ်တစ်ခေါက်ပြန်တက်ချင်တယ် လင်းသူ၊’
“ဒါဆို မျိုးသူ အပေါ်တစ်ခေါက်ပြန်တက်ရအောင်စီစဉ်ကြည့်မယ်၊ ကျနော်လဲလိုက်မယ်လေ၊ နေဦး ကျနော်ဆူပါဗိုင်ဆာ နှင့် ကျနော့်အဒေါ်ကိုပြောရဦးမယ်၊ အဒေါ်ကပဲလုပ်ပေးလို့ရတာ၊ သူရဲ့ ဧည့်သည်ပေါ့”။

ရဲလင်းသူတစ်ယောက် ဘာဖြစ်လို့ ခုမှတွေ့ဘူးသော ကောင်မလေးတစ်ယောက်ကို အကူအညီပေးချင်နေလည်းမသိ၊ နောက်ပြီး ဒီကောင်မလေးက စင်္ကာပူမှာ နေရတာကို ဘဝင်မြင့်နေသည်ပုံစံ၊ စင်္ကာပူက အမျိုးသမီးတွေက ဟိုမရောက်ဒီမရောက် ခပ်ကြောင်ကြောင်ဆိုတာမှန်လောက်သည်၊
ရဲလင်းသူကတော့ ရွယ်တူ မြန်မာမိန်းကလေး တစ်ယောက်နှင့် စကားမပြောဖြစ်တာ တော်တော်ကြာသွား၍ဖြစ်မည်ထင်သည်၊ စိတ်ကိုလွတ်လပ်ခွင့်ပေးလိုက်တော့မည်၊ ဒီမှာရောက်၍ကြီးပြင်းလာသော သို့မဟုတ် ဒီမှာမွေးသော မြန်မာမိန်းကလေးတွေနဲ့ သူရင်မခုန်၊ စိတ်မကူးရဲ၊ အမေရိကန်မြန်မာဟိုက်စကူးကျောင်းသူတစ်ယောက်က သူ့သူငယ်ချင်းတွေကို၊ Amazing! ငါ့အမေကသူ့ဘဝတစ်လျှောက်လုံးမှာ ငါ့အဖေနဲ့ပဲချစ်ဘူးတာတဲ့ Oh I wonder! ဆိုတာတွေကိုတော့ ကိုယ်ကိုကိုယ်အတွေးသိမ်သည်လို့ပဲ၊ သဘောထားလိုက်ပါသည်၊ ဒီအသိုင်းအဝိုင်းမှာ ဒါမျိုးတွေကပုံမှန်ပင်ဖြစ်နေသော်လည်း၊ မြန်မာစရိုက်နည်းနည်းကျန်နေသောသူ့အတွက် အဖြစ်တစ်ချို့ကိုသူလက်ခံ၍မရ၊ You r crazy, it is not big deal, what up ဆိုပေမဲ့၊ သူ့ရဲ့အားနည်းချက်ပင်ဖြစ်သည်၊ ရောမပြည်ရောက်ပြီး ရောမလိုမကျင့်နိုင်ခဲ့။
…………………………………………………………………………………………….

အားလုံးစီစဉ်ပြီးသွား၍ ရဲလင်းသူတစ်ယောက် ဆိုင်တွင်စောင့်နေသော ခင်မျိုးမြင့်သူကို လာခေါ်သည်၊

ကျနော်တို့သွားကြရအောင်၊
အပေါ်သို့တက်လာခဲ့သည်၊ ဧည့်စားပွဲရှေ့တွင် လူဆယ်ယောက်လောက် ရှိသော အဖွဲ့Group ဆီသို့ ခင်မျိုးမြင့်သူကို ခေါ်လာခဲ့သည်၊
“မျိုးသူ ဒီအဖွဲ့က ဝန်ထမ်းတွေရဲ့ဆွေမျိုးတွေကိုလိုက်ပို့တဲ့အဖွဲ့ဖြစ်တယ်၊ ဒီအဖွဲ့နဲ့လိုက်တော့ ကိုယ်ဟာကိုယ်ရှင်းပြ အချိန်ယူလို့ရတယ်၊ နည်းနည်းလွတ်လပ်ပါတယ်၊”
‘ကျေးဇူးပဲ လင်းသူရေ’၊
“ဟေး အယ်နီ၊ ဟေး သူသူ”၊ guide လုပ်မဲ့သူက ရဲလင်းသူကိုနူတ်ဆက်လိုက်သည်၊
“သူကကျနော်တို့ကို ဦးဆောင်ခေါ်သွားမှာ၊ ဘယ်လိုပဲဖြစ်ဖြစ် လုံခြုံရေးအရ ကျနော်တို့စာရင်းပေးရပါလိမ့်မယ်၊” ရဲလင်းသူက ပြောလိုက်သည်၊
‘တို့စိတ်ဝင်စားတာက ညီလာခံကျင်းပတဲ့နေရာ၊ လူအခွင့်အရေးစာတမ်းတွေနေရာ၊ ယူနက်စကိုနဲ့ပတ်သက်တဲ့နေရာတွေပါ လင်းသူ၊’ ခင်မျိုးမြင့်သူက ရဲလင်းသူကိုကြည့်ပြီးပြောလိုက်သည်၊
“ဟုတ်ကဲ့၊ အဲဒီနေရာတွေကြရင် ကျနော်တို့ အသေးစိပ်ကြည့်ကြတာပေါ့”။
ရဲလင်းသူက “စကားမစပ်၊ မျိုးသူ ဒီကိုရောက်တာကြာပြီလား၊”
‘အစ်ကိုနောက်လိုက်ပြီးလာလည်တာ၊ ဒီနေ့ဆိုသုံးရက်မြောက်၊ ဆယ်ရက်လောက်နေမယ်စိတ်ကူးတယ်၊ Liberty တို့ Time square နှင့် Empire State တို့ရောက်ပြီးပြီ၊ အစ်ကိုလိုက်ပို့တာပါ၊ ၊ အစ်ကိုကအလုပ်နဲ့ဆိုတော့၊ လိုက်မပို့ပေးနိုင်ဘူး၊ ဒါကြောင့် ဒီနေ့တစ်ယောက်ထဲဒီကိုရောက်လာတာ၊ လိုက်မယ်ဆိုကတည်းက NY တင်ပဲဆိုတဲ့ ကတိပေးလိုက်ရတယ်၊ Tour နဲ့ လိုက်မယ်ဆိုတော့လည်း တစ်ယောက်ထဲမလွတ်ဘူးတဲ့၊ နောက်တစ်ခေါက်မှာ ကိုယ်ဟာကိုယ် လာဖြစ်အောင်ကြိုးစားမယ် တစ်လလောက် အမေရိက အနှံလျှောက်လည်မယ်၊’ ခင်မျိုးမြင့်သူ ပြန်ဖြေလိုက်သည်၊

‘ဒါနဲ့ လင်းသူက ဖားအံဘက်ကလား’ ခင်မျိုးမြင့်သူ မေးလိုက်သည်၊
“မျိုးသူကျနော်နာမည်ကြည့်ပြီး ကရင်တွေဆို ဖားအံကလို့ ပြောလိုက်တာမဟုတ်လား၊ ဒါကြောင့်ပြောကြတာ စင်္ကာပူက လူတွေကို နည်းနည်းလေးသိတာနဲ့ အကုန်လုံးသိသလိုလို ဘာလိုလို ညာလိုလို ဆရာကြီးတွေလုပ်၊ ဆရာမကြီးတွေလုပ်နေကြတာ၊ ကျနော်ပြောတာမဟုတ်ဘူးနော် လူတွေပြောကြတာ၊” လင်းသူက အကွက်မိသွားတဲ့လေသံနဲ့ ပြောလိုက်သည်၊
‘ဒါလေးမှားသွားတာကို နင်က တို့ကိုပြန်ခြေတယ်ပေါ့လေ၊ ငါတို့ စင်္ကာပူကအဲလိုမဟုတ်ပါဘူး၊ အင်း တစ်ချို့တော့ဖြစ်ပါလိမ့်မယ်၊’
“ဟဲဟဲဟဲ၊” ရဲလင်းသူ သဘောကျစွာရယ်နေသည်၊
“ကျနော်က ရန်ကုန်ကပါ၊ ကြို့ကုန်းသား၊ ကြို့ကုန်းမှာမွေး ကြို့ကုန်းမှာကြီးတာ၊ ကျောင်းတက်တော့ မရမ်းကုန်း ၁ မှာတက်တယ်၊ ဒီကို ရှစ်တန်းအောင်ပြီးမှ ရောက်လာတာပါ၊ နောက်ပြီးကျနော်က ကရင်တစ်ဝက်ပဲပါတာ၊ အဖေက မော်လမြိုင် ကမာဝက်က၊ BPI မှာလုပ်တယ်၊ အမေက ခဝဲခြံက၊ အဖေက မွန်တရုတ်၊ အမေက ကရင်၊ ကျနော်က မြန်မာဖြစ်သွားရော၊ ကျနော်မှာ အစ်ကိုတစ်ယောက်ရှိတယ် သင်္ဘောလိုက်နေတယ်၊ သူကတော့ သူကိုယ်သူ တရုတ်သိပ်ဖြစ်ချင်တာ၊ အိမ်နာမည်တောင် အန်းကူ လို့ပေးထားတယ်၊ နောက်တော့ ကရင်ဆရာဝန်မလေးနဲ့လည်းရရော ကရင်ဖြစ်သွားရော၊”
ဟာဟာဟား၊ နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
“ကျနော်ဒီကိုရောက်လာဖြစ်ပုံကလည်း၊ ဒီမှာ ကျနော်အဒေါ်ရှိတယ်၊ သူ့ယောက်ျားရော သူရော UN မှာလုပ်ကြတယ်၊ အဒေါ်က အရာရှိကြီးပါ၊ ဟဲဟဲကြွားတာ၊ သူတို့မှာ ကလေးမရှိဘူး၊ ဒါနဲ့ကျနော်လည်းမွေးစားသားဖြစ်ပြီး ဒီကိုရောက်ရော၊ ရောက်ရောက်ခြင်း ပြောမနေနဲ့ တွေ့လိုက်ရတဲ့ အခက်အခဲ၊ ကျနော်က အင်္ဂလိပ်လိုတော်တော်ညံ့တာ၊ ဒါပေမဲ့ကြာလာတော့ အဆင်ပြေသွားရော၊” ရဲလင်းသူ ပြောရင်းနဲ့ပြုံးနေမိသည်၊
‘တို့ကလည်း ရန်ကုန်ကပဲ၊ ဗိုလ်တစ်ထောင်က၊ ဒါပေမဲ့ တို့ကရန်ကုန်မှာမွေး ရန်ကုန်မှာကြီးတာဟုတ်ဘူး၊ ရန်ကုန်မှာအခြေချကြတာ၊ တို့ကိုတောင်ကြီးမှာမွေးတာ၊ အဖေကလခစားဆိုတော့ အမြဲတမ်းပြောင်းနေရတယ်၊ အဖေက အင်းလေးက၊ အမေက မန္တလေးက၊ တို့လည်းမြန်မာဖြစ်သွားရော၊ ဟားဟားဟား၊’
သဘောကျစွာပြောနေသော ခင်မျိုးမြင့်သူကို ရဲလင်းသူတစ်ယောက် သေချာကြည့်နေမိသည်၊
‘ဒီလိုနဲ့ ဆယ်တန်းအောင်ရော၊ စင်္ကာပူမှာ ပေါ်လီတက်ကနစ်ကျောင်းတက်ဖြစ်ရော၊ နင်ပြောသလို တို့လည်း ရောရောနေပြီ ဟားဟားဟား၊ တို့ပေါ်လီပြီးလို့ အလုပ်လုပ်နေတာ လေးနှစ်ကျော်ပြီ၊’
“ဒါဆို မျိုးသူ ငွေတော်တော်စုမိနေပြီပေါ့၊” ရဲလင်းသူမေးလိုက်သည်၊
‘တို့လား စုထားတာ ရန်ကုန်မြို့တောင်ဝယ်လို့ရနေပြီ၊ နောက်တာ အသင့်တင့်တော့ရှိပါပြီ၊ ဘွဲ့တစ်ခုရအောင် ကျောင်းတက်မလို့လေ၊’ ခင်မျိုးမြင့်သူ ပြန်ဖြေလိုက်သည်၊
“ဟဟ ဒါဆိုကျနော်နဲ့ အတူတူပဲ၊ ကျနော်လည်း city college ပြီးထားတာ၊”

ထိုအချိန်တွင် ကျနော်တို့ အလှည့်ရောက်ပြီ ဖြစ်ကြောင်း အယ်နီ လာခေါ်သည်၊ ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် အယ်နီနောက်ကိုလိုက်ခဲ့ကြသည်။

………………………………………………………………………………………………………..


“ဒါက လက်ရှိ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပုံတူ၊

ဒါက အထွေထွေအတွင်းရေးမှူးတွေရဲ့ ဓါတ်ပုံတွေ၊ ဦးသန့်ပုံလည်းပါတယ်၊ အီရန်က လုပ်ပေးထားတာ၊”
‘ခုလို guideက မြန်မာလို ရှင်းပြပေးတဲ့အတွက်၊ ကျမကလည်းကျေးဇူးတင်ပါတယ်လို့ ဟီဟီ၊’
“မျိုးသူကလည်း မနောက်နဲ့လေဗျာ၊”
‘အင်းပါအင်းပါ၊ တော်ကြာစိတ်ဆိုးပြီး ရှင်းပြမဲ့သူမရှိလို့ နောက်တစ်ခေါက် တက်ရကျိုး မနပ်ပဲနေပါဦးမယ်၊’
ပြောရင်းကြည့်ရင်းနဲ့ပင် အထွေထွေညီလာခံကျင်းပသည့်နေရာရောက်လာသည်၊
‘ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးတစ်ဦးက အထွေထွေအတွင်းရေးမှူးဖြစ်ဘူးတာကို ဂုဏ်ယူမိတယ်၊’ ခင်မျိုးမြင့်သူက ပြောလိုက်သည်၊
“ကျနော်လည်း အဲလိုပဲ၊ မျိုးသူ ဟိုမှာတွေ့လား Myanmar လို့ရေးထားတာ၊ မြန်မာကိုယ်စားလှယ်တွေထိုင်တဲ့နေရာ၊
ဒီနေရာတွေကတော့၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း၊ အစိုးရလို့အသိအမှတ်အပြုမခံရတဲ့သူတွေနဲ့၊ လေ့လာသူတွေ၊ အငြင်းပွားနေဆဲသူတွေရဲ့ ကိုယ်စားလှယ်တွေထိုင်တဲ့နေရာ၊ ဥပမာ တိုင်ဝမ်၊ ပါလက်စတိုင်း၊ ကိုဆိုဗို စသဖြင့်ပေါ့၊ မဲပေးပိုင်ခွင့်မရှိဘူး၊” ရဲလင်းသူဆက်ပြောနေသည်၊
‘အဲဒီစင်မြင့်ပေါ်မှာ ခုပြဿနာဖြစ်နေတဲ့ ကဒါဖီ အရှည်ကြီးတက်ပြောသွားတာ၊ နောက်ပြီး အီရန်သမ္မတ၊ ဒီမှာက ပြောဘို့အချိန်သတ်မှတ်ပေးထားတာ၊ အဲဒီအတွက် ထုချေလွှာတွေ တင်လိုက်ကြရတယ်၊ ဒီနေရာလေးက အမေရိကန်နှင့် သူရဲ့မဟာမိတ်တွေ ထပြီးလျှေက်ထွက်သွားတဲ့လမ်း၊ သတင်းထောက်တွေက ဒီနေရာကိုချိန်ထားပြီးဖြစ်တယ်၊ ဒါမှသူတို့ ဆန္ဒပြတာသိမှာပေါ့၊”

‘လင်းသူ တို့ Myanmar ဆိုတာနဲ့ ဓါတ်ပုံရိုက်ချင်လို့၊’ ခင်မျိုးမြင့်သူ အရေးဆိုလိုက်သည်၊
“ဟုတ်ကဲ့ ကျနော်ရိုက်ပေးမယ်၊” ရဲလင်းသူတစ်ယောက် ခင်မျိုးမြင့်သူကို ဓါတ်ပုံနှစ်ပုံလောက်ရိုက်ပေးလိုက်သည်၊
‘“မင်းတို့ကို ငါရိုက်ပေးမယ်၊’” ပြောလိုက်သူက လုံခြုံရေး ဂျွန်ဖြစ်သည်၊
“ဟေးဂျွန်၊ ကျေးဇူးပဲ၊”
ရဲလင်းသူနှင့် ခင်မျိုးမြင့်သူတို့နှစ်ယောက် ညီလာခံစင်မြင့်ကို နောက်ခံထား၍ ဓါတ်ပုံရိုက်ဖြစ်ကြသည်။

‘လင်းသူရေ ဒီနှစ်ကို UN က 2011 International Year of Forests လို့သတ်မှတ်ထားတယ်၊ ဒါပေမဲ့ ခုကြည့်လာရတဲ့ ဆင်စွယ်တွေနဲ့ လုပ်ထားတဲ့ တရုတ်ပြည်က ပန်းပုလက်ရ ကတော့ ပြသလို့မကောင်းဘူးလို့ထင်တယ်၊ သစ်တောတွေထဲမှာ နေထိုင်တဲ့ ဆင်အကောင်ပေါင်းများစွာကို သတ်ပြီးမှ ဒီဆင်စွယ်ရုပ်ထုကြီးဖြစ်လာရတာ၊ ဟိုတိရိစ္ဆာန်အခွင့်အရေးသမားတို့ ဘာတို့က ဆန္ဒတွေမပြကြဘူးလား၊’
“ကြားတော့ကြားပါတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘ဘယ်လိုပဲဖြစ်ဖြစ်လေ၊ တရုတ်ပြည်က လောလောဆယ် အင်အားကြီး၊ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် ဗီတိုအာဏာ သုံးလို့ရတယ်ဆိုတော့၊ နားလည်လိုက်ပါတယ်၊’
‘နောက်ပြီး ကာရေဗီယံ ပစ္စည်းတွေကထားတော့၊ ယိုးဒယားက သူ့ Royal replica ကိုပြလို့ရအောင် နည်းမျိုးစုံ သုံးလိုက်တယ်ဆိုပဲ၊ UN နဲ့ လုပ်စားနေကြနိုင်ငံဆိုတော့ ဒီလောက်တော့ သူတို့အတွက် လွယ်လွယ်လေးပဲ၊’ ခင်မျိုးမြင့်သူ ဆိုလိုက်သည်၊
“အဲဒါလဲကြားလိုက်သလိုပဲ၊ မျိုးသူက တော်တော်သိတာပဲ၊” ရဲလင်းသူပြန်ပြောလိုက်သည်၊
‘အစ်ကို့ သူငယ်ချင်းပြောတာလေ၊ သူက ဒီ သတင်းနဲ့ပြန်ကြားရေးမှာလုပ်တယ်၊’
“ဒါဆို မျိုးသူ၊ UNHCR, UNESCO, UN Human Right တို့ကို ဘယ်လိုထင်သလဲ၊” ရဲလင်းသူမေးလိုက်သည်၊
‘မျှဝေယူနေကြတယ်လို့ထင်တယ်၊ လင်းသူ သေချာကြည့်လိုက်ပါ၊ ၂၆ နှစ်ရှိတဲ့ တို့သက်တမ်းမှာ UN ကကျမတို့ကို ထိထိရောက်ရောက် ဘာလုပ်ပေးခဲ့သလဲ၊ Nothing ၊ အကူအညီပေးတဲ့ စာရင်းထဲမှာ သေချာကြည့်လိုက် မြန်မာနိုင်ငံလောက် မလိုအပ်တဲ့ နိုင်ငံတွေ ရလိုက်ကြတာ၊ အစိုးရကြောင့်လို့ပြောလို့မရဘူး၊ direct အကူအညီပေးလို့ရတာတွေ အများကြီး၊ ဒါကတော့ တို့ကရတဲ့ဘက်ကပဲကြည့်တာကိုး UN policyကို တို့ကမသိဘူး၊’ ခင်မျိုးမြင့်သူ ဆိုလိုက်သည်၊
“UN အဲဒီအကြောင်းပြောရရင် ကိုယ်ပေါင် ကိုယ်လှန်ထောင်းသလိုဖြစ်တော့မယ်၊ ကျနော်က UN မှာလုပ်ခဲ့ပါတယ်၊ ခုကျောင်းတက်ဘို့ ဆိုင်မှာဝင်လုပ်နေတာ၊ ကျောင်းပြီးရင်ပြန်လုပ်ဘို့ စိတ်ကူးရှိတယ်၊ UN ကလည်းတခြား office တွေလို office politic တော့ရှိတာပေါ့၊ တစ်ချို့နေရာတွေမှာ တော်တော်ပြင်းထန်တယ်၊ သူ့အုပ်စု ငါ့အုပ်စု ဖြစ်နေကြတာ၊ တကယ်တော့ လူအမျိုးမျိုး စရိုက်အမျိုးမျိုးကို စီမံခန့်ခွဲဘို့က သိပ်တော့မလွယ်ဘူး၊ နောက်ပြီး UNက စစ်နိုင်တဲ့နိုင်ငံတွေက စဖွဲ့ခဲ့ကြတာ၊ “The United Nations: From War to Development” ဆိုပြီး၊ ဒီလို အခြေအနေမျိုးရလာတာကိုပဲ အကောင်းဆုံးလို့ ကျနော်ထင်တယ်၊ အလုပ်ရဘို့လည်း သူအဆက်နဲ့သူ၊ လွဲချော်နေတာတော့ အများကြီးပဲ၊ တလောက နေရာရဘို့ အပေးအယူ တွေတောင်ဖြစ်သွားသေးတယ်၊ အရေးယူခံရတဲ့သူတွေလည်း မနည်းပါဘူး၊” ရဲလင်းသူဆက်ပြောနေသည်။
“တစ်ခါတစ်လေလည်း အလှူရှင် အကြိုက်လုပ်ရတာတွေရှိပါတယ်၊ တရားမျှတခြင်း Fair လို့ ပြောမယ်ဆိုရင် ကမ္ဘာပေါ်မှာ Fair မဖြစ်တဲ့နေရာတွေ အများကြီးပါ၊ အဆိုးဆုံးထဲက အကောင်းဆုံးတွေ လုပ်နေကြတာလို့ပဲ အကောင်းမြင်လိုက်ပါ၊ ဒီမှာ နံရံမှာကပ်ထားတာတွေကတော့ The Universal Declaration of Human Rights ပဲ၊ ဘရာဇီးက Octavio Roth ကဒီဇိုင်းလုပ်ထားတာ၊ အခု ၃၀ ရှိတယ်၊”

‘ဟို စိတ်ဝင်စားမိတယ်၊ ဒီဟာလေးနဲ့ တို့ကို ဓါတ်ပုံရိုက်ပေး၊’
“အိုကေ၊ ရပြီ၊” ရဲလင်းသူတစ်ယောက် ခင်မျိုးမြင့်သူကို ဓါတ်ပုံရိုက်ပေးလိုက်သည်၊
“မျိုးသူရေ Declaration of Human Rights ဆိုတာ စလုပ်ကတည်းက အသံတွေထွက်ပေါ့၊ ကျနော် အထင်တော့ ဒီအချက် ၃၀ လုံးကို လိုက်နာတယ်နိုင်ငံဆိုလို့ ဘယ်နိုင်ငံမှ မရှိပါဘူး၊ ပိုဆိုးတာက ဒီနိုင်ငံက ချိုးဖေါက်တယ်လို့ပြောရင်၊ ဟိုနိုင်ငံကချိုးဖေါက်တာတော့ ဘာလို့မပြောသလဲ၊ အဲမှာ Fair ဆိုတာဝင်လာတာပဲ၊ ငါနဲ့တည့်သူက ချိုးဖေါက်ရင် ငြိမ်နေမယ်၊ ကိုယ်နဲ့မတည့်တဲ့သူဆိုရင် စွာကျယ်စွာကျယ်လုပ်ပြီ၊ အဲ့ဒီမှာ ဗီတိုအာဏာဆိုတာဝင်လာတာပဲ၊”
‘လင်းသူက ဒီအကြောင်းတော်တော်သိတာပဲ၊’ ခင်မျိုးမြင့်သူ မှတ်ချက်ချလိုက်သည်၊
“ဝင်လုပ်မလားဆိုပြီး လေ့လာထားတာပါ၊ UN မှာလုပ်ဘို့ဆိုပြီးတော့ မြန်မာဆန်ဆန် လေ့လာထားတာရှိတယ်၊ ဥပမာ 24 October ကိုသိရမယ်၊ First Secretary-General Trygve Lie ရယ်၊ Mrs. Roosevelt သူက Declaration of Human Rights ကိုကျေညာတာ၊ တို့ကိုသိရမယ်၊ နောက်ပြီး အတွင်းရေးမှုးတွေထဲမှာ တာဝန်ထမ်းဆောင်ရင်းသေသွားတဲ့ Dag Hammarskjold ကိုသိရမယ်၊ နောက်ဆုံး ဒီနေရာနှင့် အဆောက်အဦးကြီးကို လှူသွားတဲ့သူ Rockefeller family ကိုသိရမယ်၊ သူတို့ကြောင့် New York City မှာ UN က နေရာတစ်နေရာနဲ့ International territory ဖြစ်လာတာ၊”
‘ဟာများလိုက်တာ တော်ပြီ UN မှာမလုပ်တော့ဘူး၊ နေဦး လုပ်ချင်ရင်တော့ ပြန်လာခဲ့မယ်၊ ကူညီမယ်မဟုတ်လား၊’ ခင်မျိုးမြင့်သူ မေးလိုက်သည်၊
“လာခဲ့ပါ၊ ဆိုင်တွေမှာ နေရာလွတ်တွေရှိတယ်၊” ရဲလင်းသူပြန်ဖြေလိုက်သည်၊
‘တို့ကို မနောက်နဲ့နော် လင်းသူ၊’
ဟာဟာဟား၊ နှစ်ယောက်လုံးပြိုင်တူရယ်လိုက်မိကြသည်၊
သူတို့နှစ်ယောက် Security Council ဘက်ကိုကျော်လာခဲ့သည်။

‘တကယ် တို့က UNကိုသိပ်ကျေနပ်တာမဟုတ်ဘူး၊ ဝေဖန်လို့ရတယ်မဟုတ်လား၊ လွတ်လပ်စွာပြောခွင့်ရတယ် မဟုတ်လား၊’ တို့ကမြန်မာပြည်နဲ့ စလုံးကလာတော့ ရှေ့ပြောနောက်ကြည့်ရတယ်၊ ခင်မျိုးမြင့်သူ ဆိုသည်၊
“ဟုတ်ကဲ့၊ ရပါတယ် ရပါတယ်၊” ဆိုပြီး ရဲလင်းသူ ပြန်ဖြေလိုက်သည်၊
‘တို့ကတော့ မြန်မာပြည်ကို ထောက်ပံ့တယ်ဆိုတာ တလွဲတွေဖြစ်နေတယ်ထင်တာပဲ၊ အိမ်နီးချင်းနိုင်ငံတွေလက်ထဲရောက်ကုန်ရော၊ လွှတ်လိုက်တဲ့လူတွေကိုကြည့်ဦး၊ ကိုယ်ပြည်မှာ ဇာတ်ခွဲခြားမှုတောင်မနိုင် ပြဿနာသောင်းနှင့်ချီ ဒီလိုလူမျိုးတွေ၊ လူ့အခွင့်အရေး ပြား၃၀ တောင်မပြည့်၊ အရောင်ခွဲခြားမှုတွေ၊ လူမိုက်ဂိုဏ်းကြီးစိုး၊ ကြီးနိုင်ငယ်ညှင်းအများဆုံး နိုင်ငံကလူက မြန်မာပြည် ဘာဖြစ်တယ် ညာဖြစ်တယ် လာပြောနေတော့၊ ဘယ်လိုလုပ်ပြီးလေးစားရမလဲ၊ ဘာများလုပ်ပေးနိုင်မှာလည်း၊ အချိန်ကျလစာရ လခစားတွေပဲမဟုတ်လား၊’ ခင်မျိုးမြင့်သူ ဆက်ပြောနေသည်၊
‘ဝတ္တရားအရပြောနေရတာကို အဟုတ်ကြီးထင်နေကြတဲ့ သူတွေလည်းရှိတယ်၊’
‘ကြည့်လိုက်ပါဦး၊ ခုထိ ကမ္ဘာပေါ်မှာ၊ ကြိမ်ရိုက်ပြီးအပြစ်ပေးနေတဲ့ နိုင်ငံတွေ၊ မိန်ကလေး စာမသင်ရဆိုတဲ့ နိုင်ငံတွေ၊ ဘာသာပြောင်းခွင့်မရှိတဲ့ နိုင်ငံတွေ အဲဒါမျိုးတွေ အများကြီးပဲ၊ အဲဒါကြောင့်ပြောတာ Fair ဆိုတဲ့စကား ဖီဖာမှာတောင်မရှိဘူး၊’ ခင်မျိုးမြင့်သူ ပြောရင်းရပ်လိုက်သည်၊

“မျိုးသူပြောလိုက်တာနဲ့ ကျနော်တောင် ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီ၊ UN ဝန်ထမ်းတွေကို ဘယ်နိုင်ငံကလည်းလို့မကြည့်ပဲ၊ UN ကဆိုပြီးကြည့်ရင် အမြင်ရှင်းပါတယ၊် UN ဝန်ထမ်းကလည်း၊ ကိုယ်နိုင်ငံကိုမေ့ထားပြီး ငါ့ UNကလို့ပြုမူရင် ပိုကောင်းပါတယ်၊ ဒါပေမဲ့ လက်တွေ့မှာမလွယ်ပါဘူး၊ ဒီ UNရုံးကြီးထဲမှာကိုက နိုင်ငံစွဲ၊ ဒေသစွဲတွေတော်တော်များပါတယ်၊ ဒီလိုပဲလေး ဒီတစ်ချို့ အခွင့်အရေးအခြေခံအချက်တွေက ခေတ်နဲ့အညီ ပြန်ဆန်းသစ်သင့်ပြီပေါ့၊ ကြာခဲ့ပြီကို၊ ခုမှပေါ်လာတဲ့ အင်တာနက်အခွင့်အရေးတို့ ဘာတို့ပါထည့်သင့်တာပေါ့၊ right to Internet access လဲ ဝီကီလိဒ်ပေါ်လာတာနဲ့ အဲဒီစလုပ်တဲ့ နိုင်ငံတွေကိုက ပိတ်ပင်မှုတွေလုပ်လာတယ်၊ တရုတ်တို့ မြန်မာတို့ဆို ဘယ်ပြောကောင်းမလဲ၊ အဆိုးရွားဆုံးပေါ့၊” ရဲလင်းသူ ပြောပြလိုက်သည်၊
“တရားတာကိုကြည့်မယ်ဆိုရင်၊ ဒီဓါတ်ပုံတွေကိုကြည့်လိုက် လူတွေသိန်းနဲ့ချီ အစုလိုက်အပြုံလိုက်သေသွားကြတယ်၊ Nagasaki နှင့် Hiroshima ပါ၊ စစ်ကြီးပြီးသွားအောင် ဒီလူတွေကိုသတ်လိုက်တာတဲ့၊ သတ်လိုက်တဲ့လူသတ်သမားလည်း အရေးယူမခံရဘူး၊ ဒီလူတွေဘက်ကကြည့် တရားသလား၊
ခုန ကျနော်ပြောသလိုပဲ အဆိုးဆုံးထဲက အကောင်းဆုံးတွေ လုပ်နေကြတာလို့ပဲ အကောင်းမြင်လိုက်ပါ၊ အဓိကကတော့ UNရဲ့ Millennium Development Goals တွေပြည့်ဘို့ရယ် စစ်ပွဲတွေရပ်ဘို့ပဲ၊ နောက်ဆုံး အရေးကြီးဆုံးကတော့ အလှူရှင်တွေ ထည့်ဝင်ငွေ မှန်မှန်ထည့်ဘို့ပဲ၊ အဲဒါမရှိပဲ ဘာမှလုပ်လို့မရဘူး၊” ရဲလင်းသူ ပြောရင်းရပ်လိုက်သည်၊
‘လင်းသူကိုကျေးဇူးတင်လိုက်တာ၊ အကုန်ပြောပြတာကို၊ စစ်နှင့်အမုန်းဟာလုံးဝမကောင်းဘူး၊’ ခင်မျိုးမြင့်သူ မှတ်ချက်ချလိုက်သည်၊
‘စစ်လည်းမကောင်းဘူး၊ အမုန်းလည်းမကောင်းဘူး၊ တစ်ချို့ အစိုးရကိုမကြိုက်ဘူး၊ ဆန့်ကျင့်တယ်၊ အဲဒီကနေတဖြေးဖြေး တိုင်းပြည်ကို ဆန့်ကျင့်တယ်၊ နောက်တော့ လူမျိုး၊ အကောင်းဘာမှမပြောတော့ဘူး၊ ကမ္ဘာပေါ်မှာ မြန်မာလူမျိုးနှင့်မြန်မာကို မကောင်းပြောတာ အများဆုံးက မြန်မာလူမျိုးတွေပဲ၊ ရှက်ဖို့ကောင်းပါတယ်၊ အဟုတ်ကြီးလုပ်နေကြတာ၊’
ခင်မျိုးမြင့်သူပြောတာကို နားထောင်ရင်း ရဲလင်းသူ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်၊
“လွတ်လပ်စွာပြောခွင့်ရလို့ ဝေဖန်တဲ့သူတွေဟာ၊ အဝေဖန်ခံရဲရမယ်၊ ကိုယ်ကိုကိုယ်လည်း လွတ်လပ်စွာပြန်ဝေဖန်ရဲရမယ်၊ ကိုယ်မကောင်းတာကိုလည်းပြောရဲရမယ်၊ ဒါသမ္မတ အိုဘားမားပြောခဲ့တာပါ၊ အတိုက်အခံ ရီပတ်ပလင်ကင်တွေကိုပြောတာ၊” ရဲလင်းသူ မှတ်ချက်ပေးလိုက်သည်၊
ဒီလိုနဲ့ ရဲလင်းသူတို့နှစ်ယောက် အောက်သို့ပြန်ရောက်ရှိလာသည်။

………………………………………….

“ခု မျိုးသူ တည်းတဲ့နေရာပြန်တော့မှာပေါ့၊”
‘ဟုတ်တယ် တို့ အစ်ကိုနဲ့ ချိန်းထားတယ်၊ ညစာစားဘို့’
“မနက်ဖြန် ဘာအစီအစဉ်တွေရှိလည်း၊”
‘ပြတိုက်တွေလိုက်သွားမလားလို့ လင်းသူပါလာရင် သိပ်ကောင်းမှာပဲ၊ မနက်ဖြန်အားလား၊’
“ကျနော်မနက်ဖြန် ရက်အားပါ၊ လိုက်ပေးမယ်လေ၊ ဒါနဲ့ဘယ်ကိုသွားမှာလဲ၊”
‘တို့တော့ပျော်စရာကောင်းသွားပြီ၊ ဟိုလေ ရုပ်ရှင်ထဲကပြတိုက်ကိုသွားမယ်၊’




ခဏနားပါမည်၊
ဝထ္ထုဇာတ်လမ်းလေးတစ်ပုဒ်ပါ၊


အမည်တူများ၊ အကြောင်းအရာတူများရှိခဲ့လျှင်တိုက်ဆိုင်မှုသာဖြစ်ပါသည်၊


Sosegado 











တရုတ်ပြည်က ဆင်စွယ်ပန်းပုလက်ရ


 

The Universal Declaration of Human Rights



Nobel ဆု


ဆိုင်တွေ



Thursday, March 10, 2011

ကလဲ့


 
ဒီနေ့ဆို ဒီထဲရောက်နေတာ သုံးညနှင့်နှစ်ရက်ရှိသွားပြီ၊ နှစ်ရက်လောက်နေ ထောင်ကြီးချုပ် ပို့မယ်လို့ကြားသည်၊ ပို့နိုင်အောင် ကျနော်ဆီက စစ်ချက်ရယူနေခြင်းဖြစ်သည်၊
တစ်ကိုယ်လုံးလည်း နာကျင်နေပြီ၊ အထူးသဖြင့် ရင်ဘတ်ထဲက အောင့်အောင့်ပြီးနာသည်၊ စစ်ဆေးတုန်းက စာအုပ်ကာပြီးအထိုးခံထားရလို့ဖြစ်မည်၊ အရိုးများကျိုး အထဲကလီဇာတွေ တစ်ခုခုဖြစ်သွားပြီလား မပြောတတ်၊ လက်ချောင်းတွေလည်း လိမ်ပြီးအချိုးခံထားရသည်၊ ပါးရိုက်ခံရတာတော့ ဘယ်နှစ်ကြိမ်မှန်းမသိတော့၊ နှစ်ရက်ဆက်တိုက်ဆိုတော့ မခံနိုင်တော့ အရုပ်ကြိုးပြတ်ဖြစ်ချင်နေပြီ၊ ဒဏ်ရာကလည်းကိုက်သည်၊ မိုးမချုပ်ခင်လေးတုန်းက လည်ပင်းကိုညစ်ပြီးခေါင်းကိုရိုက်တော့ မခံနိုင်တော့ ‘ဟုတ်ပါတယ် လုပ်ပါတယ်လို့’ ပါးစပ်ကထွက်သွားတော့မလို့၊ ဒါပေမဲ့မထွက် ကိုယ်ကမှမဟုတ်တာ၊ ‘ကျနော်မဟုတ်ရပါဘူး ကျနော်မဟုတ်ဘူး’ ဆိုပြီး ဒါပဲထပ်တလဲလဲပြောနေမိသည်၊ မျက်စိမဖွင့်နိုင်၊ နားလည်းမကြားတော့ သုံးလေးယောက်လောက် ဝိုင်းစစ်နေသည်၊ ဒီတော့ ကိုယ့်ကိုဘယ်သူရိုက်လဲ ဘယ်သူထိုးလဲ မသိတော့၊ စိတ်ထဲမှာ အဖေကိုတမ်းတနေသည်၊ အရင်တုန်းကလိုပဲ အဖေပစ်ထားဦးမလား၊ ဒီတစ်ခါ ကျနော်ဘာမှမလုပ်ရပါဘူး အဖေရယ်လို့။
………………………………………………………………………………………….

‘ဘုန်း ဘုန်း’၊
‘ကိန်အိန်အိန်၊ ကိန်ကိန်’၊
“ဟဲ့ မောင်မျိုး ခွေးကိုအလကားနေရင်း ဘာလို့လိုက်ရိုက်နေတာလည်း၊ မနေ့ကလည်းတစ်ကောင်ရိုက်ပြီးပြီ၊ ခွေးမှလည်းအသက်နဲ့ နာတတ်တာပေါ့ ၊”
ခွေးနက်ကတော့ နာလွန်းလို့လားတော့မသိ၊ ကိန်ကိန်လို့အော်ပြီး ထော့နဲ့ ထော့နဲ့နှင့် ပြေးထွက်သွားသည်၊
‘ဟာ အဖွားကလည်း ဒီခွေးတွေက အိမ်ရှေ့လာပြီး သေးပေါက်ချီးယိုနဲ့ ရိုက်ပေးမှတော်ရာကြမှာ၊’
“ဟဲ့သူတို့ နင့်အိမ်ရှေ့သေးပေါက်တာ နင်မြင်လို့လား၊”
'ခွေးပဲပေါက်မှာပေါ့ အဖွားရ’
“ဒီကလေးတော့ ဝဋ်လည်ဦးမယ်၊ ဟိုနေ့ကလည်း ဟိုဘက်အိမ်ကကြောင်ကို ဂုံနီအိတ်ထဲထည့် ဖမ်းလှောင်ထားတယ်၊ ဟင်းတွေလျှော့သွားလို့ဆိုလား၊
နင်ဝဋ်လည်လိမ့်မယ် တိရိစ္ဆာန်ဆိုပြီး မညှင်းဆဲနဲ့၊ နင်တော့ခက်တော့တာပဲ မောင်မျိုးရယ်၊”
“နင့်ဦးလေးလူမိုက်ရဲ့ အတုတွေမယူနဲ့၊ သတ္တဝါတွေကို မညှင်းဆဲနဲ့၊
ဝဋ်ဆိုတာလည်တတ်တယ်ကွဲ့ ခုခေတ်ကလေးတွေများ သိကိုမသိကြဘူး၊”
အဖွား၏ မြည်တွန်တောက်တီးသံကား ကျန်ခဲ့ပြီ၊ မောင်မျိုးကတော့ လမ်းထိပ်သို့ထွက်လာခဲ့ပြီဖြစ်သည်၊ ဒီလမ်းထဲကခွေးတွေကတော့ မောင်မျိုးလာရင် အကုန်ပြေးပုန်းကုန်ကြသည်၊ အချင်းချင်းသတင်းပေးထားသည်လားမသိ၊ ဒီကောင်ခွေးရိုက်တတ်သည်လို့။

မောင်မျိုးတို့က ကမာရွတ်ကွမ်းခြံမှာနေတယ်၊ ကွမ်းခြံမှာမွေး ကွမ်းခြံမှာကြီးပြင်းခဲ့သည်၊ မောင်မျိုးတို့အိမ်က အိမ်ဆိုင်လေးဖွင့်ထားသည်။
…………………………………………………………………………

လှည်းတန်းဈေးနှင့် ဆင်မလိုက်ဈေးကြားမှာ အိမ်ဆိုင်ဖွင့်ရတာတော့ လွယ်မည်မဟုတ်၊ တကယ်တော့ အဖေရဲ့အလုပ်ကို လွယ်လွယ်ပြောရရင် ချစ်တီး လုပ်စားခြင်းပဲဖြစ်သည်၊ ရှင်းရှင်းပြောရရင် ငွေတိုးချေးစားသည်၊ အဖေဒီအလုပ်ကို လုပ်ခဲ့တာနှစ်ပေါင်းကြာပြီ၊ အရပ်ထဲမှာလုပ်နေသော နေ့ပြန်တိုးသမားတွေနဲ့ကွာသည်၊ အဖေလုပ်သည်က နည်းစနစ်ကျသည်၊ စေတနာပါသည်၊ ကတိသစ္စာကို တန်ဘိုးထားသည်၊ မွေးရာဇာတိ မြစ်ဝကျွန်းပေါ်ဘက်ကို အခြေခံသည်၊ ဟိုမှာလူရင်း ဆွေမျိုးတွေကလှုပ်ရှားပေးသည်၊ နာဂစ်ဖြစ်တုန်းက ဒုက္ခရောက်နေသူတွေကို အကြွေးတွေလျှော်ပစ်တဲ့အပြင် အကူအညီတွေတောင်ပေးလိုက်သေးသည်၊ ဒီလိုနဲ့ အဖေဖောက်သည်များနှင့် အဖေစီးပွားဖြစ်နေသည်၊ လမ်းထဲကအိမ်ဆိုင်ကိုလည်း ဒီလိုပင် အကြွေးများနဲ့လည်ပတ်နေသည်၊ အကြွေးရတော့ ဖောက်သည်ဘယ်ပြတ်မလဲဟုဆိုသည်၊ အဖေကိုအကြွေးပြန်ပေးမှာပေါ့ သူ့ညီကကွမ်းခြံလူမိုက်ကိုး လို့ပြောရင် အဖေဒေါသထွက်တော့သည်၊ မမှန်တာဘယ်တော့မှ မလုပ်ဟုဆိုသည်၊ ဘယ်သူကိုပေး ဘယ်သူကိုကမ်းရမလဲ အဖေသိသည်၊ ဒီလိုနဲ့ နှစ်ထပ်တိုက်နှင့် စက်မူဇုန်ထုတ်ကားတစ်စီးနှင့်နေနိုင်သည်၊ အဖေငွေတွေ ဘယ်လောက်လည်ပတ်နေသည်ကိုတော့ ကျနော်တို့မသိ၊ သူ့စာရင်းဇယားနဲ့သူရှိသည်၊ ကားပွဲစားလုပ်နေသော အစ်ကိုကြီးမောင်စိုးကို နည်းနည်းချင်း ပြောပြနေသည်ကိုတော့သိသည်။

အဖေက ကျနော်ကို လူဆိုးဟုဆိုသည်၊ မင်းလူမိုက်မဖြစ်စေနဲ့လို့ ဒေါသဖြစ်လာတိုင်းပြောသည်၊ ရပ်ကွက်ထဲကတော့ ကျနော့်ဦးလေးလိုပဲ ကျနော့်ကိုလူမိုက်ဟုပြောကြသည်၊ ကျနော်ရန်ခဏခဏဖြစ်သည်၊ ဖြစ်တိုင်းလက်ပါတတ်သည်၊ ရပ်ကွက်ရုံးရောက်တဲ့ အကြိမ်ပေါင်းမနည်းတော့၊ တကယ်တော့ ကျနော်လူမိုက်မဟုတ်၊ ဦးလေးမှ တကယ့်လူမိုက်ဖြစ်သည်၊ ဦးလေးခေတ်တုန်းက ဦးလေးသည် လှည်းတန်းဘူတာဘေး ကွမ်းခြံ (၁)လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင်အမြဲထိုင်တတ်သည်၊ အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကစည်ကားတုန်း၊ ကျောင်းသားတွေတစ်ခါတစ်လေ နယ်ကျွံလာတတ်သည်၊ သံလမ်းဟိုဘက်ခြမ်းမှာပဲနေ ဒီဘက်မလာခဲ့နဲ့၊ စည်းလုပ်ထားသည်၊ ကျောင်းသားတွေထဲတွင် သစ်တောနှင့် ဘူမိကျောင်းသားတွေကနည်းနည်းဆိုးသည်၊ ယောက်ျားလေးတွေပဲမို့ ဖြစ်နိုင်သည်၊ တစ်ခါကသစ်တော ကျောင်းသားနှစ်ယောက်ကို ရိုက်ထည့်လိုက်သည်၊ မူးပြီးရပ်ကွက်ထဲလာရစ်နေလို့၊ ဦးလေးဆော်ထည့်လိုက်မှန်း၊ အဆောင်မှုး ပါမောက္ခတွေကလည်းသိသည်၊ ရဲစခန်းကလည်းသိသည်၊ ဦးလေးဘာမှမဖြစ် အရေးအခင်းတွေလဲမဖြစ်ခဲ့၊ ဦးလေးတို့ရှိလို့ရပ်ကွက်ငြိမ်သည်ဟုဆိုကြသည်။

ကျနော်တို့ခေတ်ရောက်တော့ ပြောင်းကုန်ပြီ၊ လမ်းတွေထဲမှာလည်း ကန်ထရိုက်တိုက်တွေ တစ်လုံးပြီးတစ်လုံး ပေါ်လာသည်၊ လူဟောင်းတွေပျောက်ကုန်ပြီ၊ တိုက်ခန်းတွေနဲ့ လူတွေများကာ လူအမျိုးမျိုးဖြစ်လာသည်၊ ဒီမှာတင်ကျနော်နဲ့ အချိုးမပြေတဲ့ကောင်တွေနဲ့ ချကြသည်၊ သူကွဲကိုယ်ကွဲပင် ဒီလိုနဲ့ရပ်ကွက်ထဲမှာ လူမိုက်ဖြစ်လာသည်၊ ကျနော်ကတော့ ကျနော်လူမိုက်မဟုတ်၊ ရန်ခဏခဏဖြစ်တာနဲ့လူမိုက်ဟုပြောရင် ကမ္ဘာပေါ်တွင် လူမိုက်တွေ ဒုနှင့်ဒေးရှိနေတော့မည်။

ဒီလိုနဲ့ ကျနော် ရဲစခန်းရောက်ခဲ့ရသည်၊ အချုပ်ကျခဲ့ဘူးသည်၊ အဖြစ်က တစ်ခုသော သင်္ကြန်တွင် အင်းလျားလမ်းတွင် ရုပ်ရှင်မင်းသမီးတို့ မောင်နှမတွေ မဏ္ဍပ်ထောင်ကြသည်၊ ရပ်ကွက်ထဲကသူတွေကို အကူအညီငှားသည်၊ ကျနော်မောင်မျိုးတစ်ယောက်လဲပါသွားသည်၊ အကြပ်နေ့မှာ အရက်မှုး ဆေးမှုးနေသော လူငယ်တစ်သိုက်နဲ့ ကျနော်တို့တွေနဲ့ ရန်ဖြစ်ကြသည်၊ ရိုက်ကြပြုကြတော့ ကျနော်တို့ဘက်က တစ်ယောက်ခေါင်းကွဲ၊ တစ်ယောက်ဗိုက်ကိုဓါးနဲ့အထိုးခံရသည်၊ ဟိုဘက်ကအနည်းဆုံး ၅ယောက်လောက် ဆေးရုံရောက်သွားသည်၊ ဟိုဘက်အုပ်စုကVIP နှင့်ပိုက်ဆံရှိ အသိုင်းအဝိုင်းဖြစ်၍ ကျနော်တို့တတွေကို ကမာရွတ်ရဲကဖမ်းသည်၊ သင်္ကြန်တွင်းမို့ အမှုမစစ်တစ်ခါတည်း ထောင်ကြီးချုပ်ပို့လိုက်သည်၊ အမှုစစ်မည်လုပ်တော့ ဓါးနဲ့ထိုးသွားသူက VIPသားဖြစ်နေသည်၊ ဟိုဘက်ကလည်းအမှုမလုပ် ဒီဘက်ကလည်းအမှုမလုပ် ရဲကိုပေးစရာရှိပေးကာ အသီးသီးထွက်သွားကြသည်၊ နောက်ဆုံးကျနော်မောင်မျိုးတစ်ယောက်ထဲ ကျန်ခဲ့သည်၊
ဟေ့ကောင် မင်းအိမ်ကမလာဘူးလား၊ ခဏခဏအမေးခံရသည်၊ အဖေနှင့်အိမ်ကရောက်မလာပါ၊ အမှုတွဲမရှိ၍ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်၊ နောက်ဆုံးကမာရွတ်နယ်ထိန်းက ကျနော်ကိုထုတ်သွားသည်၊ နယ်ထိန်းက ကျနော်တို့ကွမ်းခြံကပင်ဖြစ်သည်၊ သူ့မိန်းမက အဖေဆိုင်နဲ့အကြွေးမကင်း၊ ကျနော်လည်း ခံဝန်ချက်လက်မှတ်ထိုးလိုက်ရသည်၊ အိမ်ရောက်တော့သိရသည်မှာ အဖေကတစ်အိမ်လုံးကို ဒီလောက်ဆိုးတဲ့ကောင်ပစ်ထား လူဆိုးလူမိုက်တွေ သွားရာလမ်းဘာလဲဆိုတာ သိလိမ့်မယ်ဆို၍ ဖြစ်သည်၊ နောက်ဆုံး နယ်ထိန်းမိန်းမက အမေကိုလာပြောကာ အဆင်ပြေသွားခြင်းဖြစ်သည်။
……………………………………….

အဖေကအလုပ်တစ်ခု ကျနော်ကိုခိုင်းသည်၊ အလုံဘက်တွင်ရောက်နေသော မြစ်ဝကျွန်းပေါ်က လူတစ်ယောက်ထံမှ ပိုက်ဆံသွားယူရန်ဖြစ်သည်၊ ပြီးရင်စောစောပြန်လာရန်လည်းမှာလိုက်သေးသည်၊ ကျနော်မောင်မျိုးတစ်ယောက်ကတော့ ထုံးစံအတိုင်း ကြည့်မြင်တိုင်ဘက်လှည့်ဝင်လိုက်သည်၊ လက်ဘက်ရည်ဆိုင် အရက်ဆိုင်တွေလှည့်ထိုင်လိုက်တာ ည ၁၂နာရီကျော်သွားသည်၊ လိုင်းကားတွေမရှိတော့၊ ဒီလိုနဲ့လမ်းမကြီးအတိုင်း လမ်းလျှောက်ပြန်လာသည်၊ လမ်းတွင် တက်ဆီလေးဘာလေးလာရင် တားစီးမည်ပေါ့၊ မိုးဖွဲဖွဲရွာထားသဖြင့် လမ်းတွင်လူသွားလူလာနည်းသည်၊ လမ်းကလည်း ဒီဘက်ကရထားလမ်းနဲ့ဆိုတော့ ပိုဆိုးသည်၊ စလွယ်လွယ်ထားသော အိတ်ထဲတွင် အဖေပိုက်ဆံငါးသိန်းကျော်ရှိသည်၊ ဒီလိုနဲ့ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်လာသည်၊ ဒီလိုပဲပြန်နေကြမဟုတ်လား။

ရှေ့တွင်လမ်းကွေ့ရှိသည်၊ ဆင်မလိုက်ဘက်ကိုချိုးပြီးပြန်ရမည်၊ ကိုယ်ဟာကိုယ်စဉ်းစားနေတုန်း၊ နောက်က လူနှစ်ယောက်လိုက်လာမှန်းသတိထားမိသည်၊ သတိထားနေသည်ကြားက တစ်ယောက်ကကပ်လာပြီး ဓါးနဲ့အနောက်ကထောက်လိုက်သည်၊ ‘ဟေ့ကောင်မင်းအိတ်ပေး နာရီပေး ဆွဲကြိုးချွတ်၊’
“ဟေးမင်းတို့လူမှားနေပြီထင်တယ်၊”
‘ဟေ့ကောင် စကားသိပ်မများနဲ့၊ ပြောတဲ့အတိုင်းပေး ဝင်သွားမယ်အချွန်၊’
မြို့လယ်ခေါင်မှာအလုခံရပြီ၊ ဓါးပြတိုက်ခံရပြီ၊ မောင်မျိုးတို့ ရာဇဝင်ရိုင်းတော့မယ်၊
အဲ့ဒီမှာပင်နောက်တစ်ယောက်က နာရီကို အတင်းဆွဲချွတ်သည်၊
“အေးဆေး၊ အေးဆေး ပေးမယ်၊ အိတ်ထဲမှာတော့ ဘာမှမပါဘူးနော်၊”
သိလိုက်မိသည်က ဒီကောင်တွေ သဘာမဟုတ်ဘူး၊ ကြုံလို့လုတဲ့သဘော၊
“အေးဆေး၊ အေးဆေး ဆွဲကြိုးအရင်ဖြုတ်လိုက်ဦးမယ်၊”
‘ဖုန်း၊ တိန်း’
ဆွဲကြိုးဖြုတ် သလိုနဲ့ ဓါးနဲ့ကောင်ကို လက်သီးကြွေးပြီး၊ ရှေ့ကကောင်ကို နောက်ပေါက်ပေးလိုက်သည်၊ ရှေ့ကကောင်လဲသွားသည်၊ နောက်ကကောင် ဓါးနဲ့ရမ်းနေသည်၊ ဓါးကိုအတင်းလုရင်း နှစ်ယောက်တစ်ယောက်ချနေရသည်၊ လက်တွင်လည်း ဓါးရှမိနေပြီ၊ နှစ်ချက်ဆင့်ကန်လိုက်ရာ တကောင်မှောက်သွားသည်၊ ပါးစပ်ကလည်း ဓါးပြပါဗျို့ လုနေပါတယ်ဗျို့အော်မိသည်၊ လူတွေရောက်လာသည်၊ မြန်သည် နည်းတဲ့လူတွေမဟုတ်၊ သုံးယောက်လုံးကို ခွဲရင်း၊ ဘာဖြစ်တာလဲ ဒီကောင်တွေကျနော်ဆီက ဓါးထောက်ပြီးလုလို့ ကျနော်ပြောလိုက်သည်၊ လူကြီးတွေက ဟာ အဲဒါဆိုရဲခေါ်မှပဲ၊ မင်းလက်ထဲကဓါးပေး လူကြီးတစ်ယောက်ကဆိုသည်၊ နောက်တစ်ယောက်က မင်းဒဏ်ရာ သွေးတအားထွက်နေတယ်၊ ဟေ့ကောင်တွေ ဒီကောင်ကို ဆေးရုံမဟုတ်ရင် ဆေးခန်းခေါ်သွား၊ ကျန်နှစ်ယောက်ကို ရဲလက်ထဲအပ်မယ်၊ ဒီလိုနဲ့ကျနော်ဆေးရုံရောက်သွားသည်၊ ဆေးထည့်ပြီးမကြာမှီ ရဲသုံးယောက်ရောက်လာပြီး၊ မင်းငါတို့နဲ့လိုက်ခဲ့ စစ်ချက်ယူဘို့ ဆိုပြီးကျနော်ကို လက်ထိပ်ခပ်ခေါ်သွားသည်၊
ကျနော်က အစ်ကိုတို့မှားနေပြီနော်၊ ကျနော်ဇွတ်အတင်းပြော ရုန်းရာ၊ အရက်နံ့နှင့်ရဲက ကောင်းကောင်းမွန်မွန်လိုက်ခဲ့၊ စခန်းရောက်မှပြောဆိုပြီး၊ ကျနော်ကိုအတင်းချုပ်ကာ ခေါ်လာသည်၊ ဒီလိုနဲ့ကျနော်ဒီစခန်းကိုရောက်ခဲ့သည်။

စခန်းမှာ အရင်ရောက်နေသော ဟိုနှစ်ယောက်အစစ်ခံရာတွင် ကျနော်ကဓါးထောက်ပြီး သူတို့ဆီကလုသည်၊ သူတို့ကပြန်လည်ခုခံသည်ဟုဆိုသည်၊ ကျနော်က မဟုတ်ဘူး၊ ကျနော့်ကို အဲဒီ့ကောင်တွေလုတာ၊ နောက်ဆုံးအမှုစစ်က ကျနော့်လက်ထဲတွင်ဓါးတွေ့သည်၊ ရဲမှတ်တမ်းလည်းရှိသည် ဆိုကာ ကျနော်ပြောတာကိုမယုံတော့ပဲ စစ်ပြီးရင်းစစ်နေတော့သည်၊ ဒီအချိန်ထိပါပဲ။
………………………………………………..

မနက်နိုး မိုးလင်းလာတော့ အမှုစစ်အရာရှိနှင့် ရဲတစ်ယောက် ပြီးတော့ရဲစာရေးဝင်လာသည်၊ လက်မှတ်ထိုးခိုင်းသည် စစ်ချက်ဖြစ်၍ ကျနော်မထိုး၊
မထိုးဦးကွာဆိုပြီး သုံးလေးချက် အအုပ်ခံလိုက်ရသည်၊
အမှုစစ်အရာရှိက ‘အမှန်တိုင်းလုပ်လိုက်လေ၊ အစ်ကိုတို့ပြောတဲ့အတိုင်းလုပ်ရင် မင်းကိုအများကြီး အစ်ကိုတို့ကူညီနိုင်တယ်၊’ လေပြေသွေးသည်၊
ကျနော်က “အစ်ကိုတို့မှားကိုမှားနေပြီ၊”
‘ဒီလိုပဲပြောကြတာပဲ ငါ့ညီ မင်းကို တစ်နာရီအချိန်ပေးမယ် စဉ်းစားပေါ့၊ ဒီကောင်ကိုပြန်ပို့လိုက်’။
နာလိုက်တာ၊ ဓါးဒဏ်ရာတွေကလည်းကိုက်နေပြီ၊ နာကျင်တာကို နာကျင်ဘူးမှသိပါလိမ့်မည်၊ အဖေကို တမ်းတနေရာမှ၊ အဖွားကိုသတိရသွားသည်၊
“ခွေးမှလည်းအသက်နဲ့ နာတတ်တာပေါ့၊”
“တိရိစ္ဆာန်ဆိုပြီး မညှင်းဆဲနဲ့၊”
‘ဝဋ်ဆိုတာလည်တတ်တယ်ကွဲ့”
သားလည်းနာနေပြီအဖွားရေလို့ စိတ်ထဲမှာပြောလိုက်မိသည်။

ဦးလေးပြောတာတွေလည်းသတိရမိသည်၊ လူမိုက်ဦးလေးသည် ခုတော့ဆရာတော်ဘုရားကြီး၏နောက်လိုက် ကပ္ပိယလုပ်နေပြီ၊ ဆရာတော်ဘုရားကြီး နေရာအနှံ့ တရားတွေဟောသည့်နောက်ကို လိုက်လို့နေပြီ၊ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းသူတစ်ယောက် ဖြစ်လို့နေပြီ၊ ဘယ်သူမှပင်မယုံချင်ကြ။
ဖြစ်ပုံကဒီလိုပါ၊ တစ်နေ့ဦးလေးတစ်ယောက် သူ၏မိုက်ဖေါ်မိုက်ဘက်တစ်ယောက်ရှိရာ မုပ္ပလင်ရဲဘက်စခန်းသို့ လိုက်သွားသည်၊ အနီးနားက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင်တည်းသည်၊ ရဲဘက်စခန်းမှ ပြန်လာပြီးသောအခါ ဦးလေးသည်လုံးဝပြောင်းလည်းသွားခဲ့သည်၊ ထိုဘုန်းကြီးကျောင်းကို ရောက်နေသော ဆရာတော်ကြီးနှင့်တွေ့ခဲ့လို့ဖြစ်သည်၊ “ငါတူမောင်မျိုး ရဲဘက်စခန်းတွေ၊ လမ်းဖေါက်လုပ်ရေးတွေမှာ လုပ်နေကြရတဲ့သူတွေ၊ အဲဒီထဲမှာ မမှန်ပဲနဲ့ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိကောင်းရှိမယ်၊ တကယ်ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိကောင်းရှိမယ်၊ အဲဒါပြစ်မှုကြွေးဆပ်နေကြတာမဟုတ်ဘူး၊ သူတို့ယူထားတာပြန်ပေးနေရတာ၊ ပြန်ဆပ်နေရတာ၊ တစ်ချိန်က တစ်ဘဝတုန်းက နိုင်ငံတော်ငွေတွေပါ၊ အများပိုင်ပစ္စည်းတွေပါဆိုပြီး ကိုယ်ကျိုးအတွက် ယူခဲ့ကြတယ်၊ အလွဲသုံးစားလုပ်ခဲ့ကြတာတွေ ခုပြန်ဆပ်နေရတာ၊ ဘယ်သူပဲဖြစ်ဖြစ် ယူထားမိလို့ရှိရင် ပြန်ပေးရမှာပဲ၊ အကြောင်းကြောင့်အကျိုးဖြစ်လာတာပါ၊ အဲဒီလူတိုင်းဟာ ကလဲ့ ကို စောင့်နေကြရမှာပဲ။”
ဟုတ်ကဲ့ဦးလေးရေ ခုကျနော် ကလဲ့ပေါ့၊ ကျနော်ပြန်ဆပ်နေရတာ၊ နာကျင်ရင်းနဲ့ စိတ်ထဲကပြောနေမိသည်။
………………………………………………….

အချုပ်ခန်းထဲကနေ အပြင်ကအသံအချို့ကိုလှမ်းကြားလိုက်ရသည်၊ တော်တော်ကျယ်သည်၊ ဒါအဖေအသံ၊ ဟုတ်သည် အဖေအသံ၊
‘အမှန်အတိုင်းပဲဖြစ်ချင်တယ်၊ အမှန်အတိုင်းဖြစ်ရအောင်လည်း လာခဲ့တာပဲ၊
ခုကျုပ်သားနဲ့ တွေ့ချင်တယ်၊’
“ဟုတ်ကဲ့၊ ဦခင်မောင်ပြောတဲ့အတိုင်း ကျနော်တို့လုပ်ပေးပါမယ်၊ အမှုတစ်ခုဖြစ်လို့ စစ်ဆေးရင်တော့ ဒီလိုပဲဖြစ်တတ်ပါတယ်၊ ကျနော်တို့တောင်းပန်ပါတယ်၊”
ကျနော်ကို ရဲသားတစ်ယောက် အချုပ်ခန်းထဲကထုတ်လာသည်၊ ပြီးနောက် စခန်းမှူးအခန်းထဲ ခေါ်သွားသည်၊ အခန်းထဲမှာတော့ လူစုံတက်စုံ၊ အဖေ၊ ကျနော့်အစ်ကို၊ ကျနော်တို့ရပ်ကွက်လူကြီး၊ အရပ်ထဲကစွမ်းအားရှင်အစ်ကိုကြီး၊ အမှုဖြစ်တဲ့နေ့ကတွေ့ရတဲ့ အဲဒီရပ်ကွက်ကလူကြီး၊ ပြီးနောက်ပိုက်ဆံပေးလိုက်တဲ့ အဖေ့မိတ်ဆွေ၊ သူတို့အားလုံးရဲ့မျက်နှာတွေပေါ်မှာ အမှန်တရားအတွက် လာခဲ့ကြတာဆိုတာ ပေါ်လွင်နေသည်၊ အဖေက ‘သား စခန်းမှူးရှေ့က စာရွက်မှာလက်မှတ်ထိုးလိုက်၊ သားဓါးထောက်လုခံရတဲ့အကြောင်း တိုင်ချက်ဖွင့်တာ၊ ဟိုဘက်က မင်းပစ္စည်းတွေပြန်ယူလိုက်၊ လောလောဆယ်တော့ ပိုက်ဆံတွေကို စခန်းမှူးစိုက်ထားတယ်၊ အမှုလိုက်နဲ့ ဟိုကောင်တွေလုပ်လို့ တစ်ဝက်လောက်လျှော့နေတာ၊ ရရှိကြောင်းလက်မှတ်ထိုးပေးလိုက်၊’ ကျနော် လက်မှတ်တွေထိုးပေးလိုက်သည်၊ အဖေကအလုပ်လုပ်လျှင် စနစ်တကျလုပ်သည်ကို သိထား၍ဖြစ်သည်။
စခန်းမှူးနဲ့ အဖေတို့ စကားဆက်ပြောနေကြသည်၊ အစ်ကိုက ဟိုကောင်နှစ်ကောင်က သူတို့အတိုက်ခံရတဲ့ငွေကို တစ်သိန်းလို့ပြပါ၊ ဆရာတို့သုံးသိန်းယူပါ၊ ကျနော်တို့ကို လမ်းစရိတ်တစ်သိန်းပေးပါဆိုပြီ အမှုလိုက်နဲ့ညှိပြီးလစ်တာ၊ ပိုက်ဆံလည်းမြင်ရော စစ်တာတွေမှားကုန်ရော၊ ပထမတော့ အဖေကမင်းယူသုံးပြီး အိမ်မပြန်ပဲနေတာထင်နေတာ၊ နောက်တော့ ငါသားဒီလိုမလုပ်တတ်ပါဘူးဆိုပြီး အဖေနယ်ထိန်းဆီသွားတာ၊ နယ်ထိန်းဆီကကြားကြားချင်း အဖေလည်း စလိုက်တာ၊ ဒီမလာခင် တိုင်းရုံး၊ စစ်ဒေသတွေပါဝင်ခဲ့သေးတယ်။
အစ်ကိုစကားကို နားထောင်ပြီး၊ သက်ပြင်းလေးတစ်ခုကို ဖြေးညှင်းစွာချမိပါသည်၊ ပြီးနောက် စခန်းကလူတွေထိုင်နေတဲ့ဘက်ကိုကြည့်လိုက်မိပါသည်၊ ညာဘက်အစွန်ဆုံးက အမှုလိုက်၊ ပြီးတော့ရဲအုပ်နှစ်ယောက်၊ စခန်းမှူး နှင့် စခန်းစာရေးတို့ဖြစ်သည်၊ သူတို့အပေါ်မှာတော့ ဓါတ်ပုံကြီးတွေ၊
ကျနော်သူတို့ကို တစ်ဦးချင်းစီကိုကြည့်လိုက်သည်၊ ပြီးနောက်ဓါတ်ပုံကြီးကိုကြည့်ပြီး ကျနော်အသံမထွက်တထွက်လေး ပြောလိုက်မိသည်၊
“ကလဲ့ဆိုတာရှိတယ်
စောင့်နေကြပါ၊”
စခန်းမှူးက ဘာပြောချင်လို့လည်း ညီလေးဟုလှမ်းမေးသည်၊
ကျနော်ဘာမှပြန်မဖြေပါ၊ ခပ်ပါးပါးလေးပြုံးပြလိုက်သည်။

ပြီးပါပြီ။


မည်သူမဆို ကလဲ့စောင့်သူဖြစ်နိုင်ပါသည်၊
ကလဲ့စောင့်သူ မဖြစ်ကြပါစေနဲ့။

Wednesday, March 2, 2011

မွေတော်ကက္ကူနှင့် အသွင်ပြောင်း ပအိုဝ်း (၂)

 
 မွေတော်ကက္ကူစေတီတွေရဲ့ အရှေ့ဘက်မှာ ရွှေဝက်မင်းရုပ်ထုရှိပါသည်၊ ဒေသခံနှင့်ဘုရားဖူးတွေက ဖယောင်းတိုင်၊ ပန်း၊ အစားအစာတွေ ပူဇော်လေ့ရှိပါသည်၊ တန်ဆောင်မုန်း နှင့် တပေါင်းလပြည့်နေ့တွေမှာ မွေတော်ကက္ကူဘုရားပွဲကျင်းပကြပါသည်၊ ခုတော့ ဘုရားပွဲချိန်ဆိုရင် လှည်းပေါင်းမိုးတွေအပြင် ပစ်ကပ်ကားတွေ၊ ထော်လာဂျီတွေ၊ ဆိုင်ကယ်တွေနဲ့ ပြည့်ကြပ်နေပါသည်၊ဘုရား ပတ်လည်ရှိ ညောင်ပင်ရိပ် အပင်ကြီးရိပ်တွေမှာ စခန်းချ ရပ်နားကြပါတယ်။ တစ်ရွာလုံးနီးပါး တစ်အိမ်လုံး လာတဲ့အလေ့ရှိပါသည်၊ အညာဘုရားပွဲလိုပါပဲ ညနေချိန်ရောက်ရင်တော့ ဖီးလိမ်းပြင်ဆင်ပြီး ဘုရားပွဲခင်းထဲသို့လာကြပါသည်၊ အများအားဖြင့် ရိုးရာ ဝတ်စုံကို အများဆုံးဝတ်ဆင်လေ့ရှိပါသည်၊ ယောက်ျားလေးနဲ့ မိန်းကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံချစ်ကြိုက်ကြတဲ့ ပွဲတော်လည်း ဖြစ်ပါသည်၊ ရိုးရာကစားပွဲများ၊ ဇာတ်ရုံများ စတိတ်ရှိုးများနဲ့ စည်းကားလှပါသည်၊ လောင်းကစားဝိုင်းများလည်းရှိပါသည်။
အထူးသဖြင့် ဘုရားပွဲဈေးသည် စည်းကားလှပါသည်၊ ပွဲတော်လာသူတွေဟာ ဒေသထွက်ကုန်ပစ္စည်းတွေကို ယူဆောင်လာပြီး ပွဲတော်မှာ ရောင်းကြဝယ်ကြပါသည်၊ တူညီတာတစ်ခုကတော့ ဘုရားပွဲလာသူအားလုံး မွေတော်ကက္ကူဘုရားကို ပန်း ဆီမီး သစ်သီး ဆွမ်း ကပ်လှူပူဇော်ကြခြင်းဖြစ်ပါသည်၊ ရဟန်း၊ သံဃာတွေက ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ခြင်း မေတ္တာပို့ဆုတောင်းခြင်းနှင့် သီလပေးတရားဟောခြင်းများ ပြုလုပ်ပေးပါသည်၊ ဘုရားဝင်းထဲမှာ တပေါင်းလပြည့်နေ့ အာရုဏ်ဆွမ်းကပ်ကြတာတော့ ကြိတ်ကြိတ်တိုးပါပဲ၊ ရိုးရာဝတ်စုံ မဲမဲ မဲမဲတွေနဲ့ အလွန်ချစ်စရာကောင်းသော အချိန်ပါ၊ ပြီးရင်ဆွမ်းလောင်းပွဲစပါသည်၊ ဗုံသံဆိုင်းသံတွေနဲ့ တကယ့်ရိုးရာဓလေ့ပါပဲ။

မွေတော်ကက္ကူစေတီတွေရဲ့ထူးခြားချက်တွေရှိပါတယ်၊ စေတီများ၏ ထီးတော်များ၊ ဖေါင်းရစ်များ၊ စေတီတွင်ရှိသော ရုပ်ပွားတော်တွေ နှင့် ရုပ်တုများဖြစ်ပါသည်၊ ပုဂံခေတ်မှသည် အမရပူရခေတ်ထိ တည်ထားကိုးကွယ် ပြင်ဆင်ကိုးကွယ်မှုများကြောင့် လက်ရာကွဲများကိုတွေ့ရသည်၊ ရှေးမြန်မာ ပန်းတော့၊ပန်းတမော့၊ ပန်းပု ပညာတွေကိုထိုနေရာတွင် ထင်ရှားစွာတွေ့ရသည်၊ ထိုရုပ်တုများမှတဆင့် ရှေးခေတ် ဝတ်စားဆင်မှု နှင့် သမိုင်းတို့ကိုပြန်လည်လေ့လာနိုင်သည်၊ ခေါင်းလောင်းစာ ကမ္ဗည်းစာများက ဒေသရဲ့သမိုင်း နိုင်ငံနှင့် တိုင်းရင်းသားလူမျိုးတို့၏သမိုင်းကို ပြန်ပြောပြနေသည်။


ကက္ကူစေတီတော်ရဲ့ ပြင်ပက မွမ်းမံခြယ်သထားမှုတွေဟာရိုးရှင်းပါသည်၊ ကနဦးတည်ခဲ့တဲ့သူတွေဟာ ကျက်သရေရှိရေးကိုသာ အထူးအာရုံပြုပြီး ဆောင်ရွက်ခဲ့ပုံရပါသည်၊ တချို့စေတီတွေမှာတော့ အပြောက်အမွမ်းတွေ ဆင်ယင်ထားသည်၊ ရိုးရာကနုတ်ပန်းတွေနဲ့ ယှက်နွယ်ထားတဲ့ ပုံသဏ္ဍာန်မျိုးရယ်၊ ပင်စည်ရိုးတံတွေ လိမ်ထားတဲ့ ပုံသဏ္ဍာန်တွေကို ရိုးရာပညာနှင့် ဖော်ကျူး ဆင်ယင်ထားပါသည်၊ အမြင့်ဆုံး အနုပညာလက်ရာမြောက်မှုတွေကို အနုစိတ်ဖန်တီးထားတာကို မြင်ရပါလိမ့်မည်၊ လက်ရာအမြောက်ဆုံးကတော့ အင်္ဂတေမှ ထွင်းထုထားတဲ့ ရုပ်လုံးရုပ်ကြွတွေ ဖြစ်ပါသည်၊ ဆေးရောင်တွေလည်းချယ်ထားပါသည်၊ နဂါး၊ ဂဠုန်၊ ခြင်္သေ့ တွေရဲ့ လက်ရာတွေက တစ်မျိုးထူးခြားပါသည်၊ ဆင်ခံဘုရားနှင့် မြင်းရုပ်ကြီးတွေလဲရှိသည်၊ တချို့ ရှေးဟောင်းရုပ်ပွားတော်တွေကို လိုင်ခေါင်း ထွင်းထားပြီး အတွင်းမှာ ထည့်သွင်းပူဇော်ထားတဲ့ နေရာတွေရဲ့ဘေးမှာ ဘုရားရှင်ကို ငြိမ်သက်စွာ ပူဇော်နေတဲ့ ပုံစံမျိုး တည်ထားပါသည်၊ ကချေသည် ရုပ်တုတွေ သီဆိုတီးမှုတ်နေတဲ့ ဂီတအနုပညာသည်နှင့် နတ်သမီးရုပ်တုတွေဟာ ကျွမ်းကျင်တဲ့ အနုပညာနှင့် ထုလုပ်ထားတာကို တွေ့ရပါသည်။



လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာပြီး ကုန်သွယ်စီးဆင်းမှုဖွံဖြိုးလာသဖြင့် ပအိုပ်းလူငယ်လေးများကြားတွင် မြို့ယဉ်ကျေးမှုပျံနှံ့ခဲ့သည်၊ ခေတ်ပေါ်ပအိုပ်းအဆိုတော်များကို ကြိုက်ကြသလို အင်းထဲက လေးဖြူ၊ အငဲနှင့် စိုင်းစိုင်းခမ်းလှိုင်တို့ကိုလည်း ခုံမင်နှစ်သက်ကြသည်၊ အထူးသဖြင့် တောင်ကြီး၊ မန္တလေးနှင့် ကျိုင်းတုံဘက်က အမူအကျင့်များ နီးစပ်သလိုဝင်ရောက်လာသည်။

ဦးဇင်းက “အရက်ဆိုင်နဲ့ဓါတ်ဆီဆိုင် အများဆုံးမြို့ဆိုရင် မန္တလေးလို့ပြောရမှာပဲ၊ ဒီလိုပဲရန်ကုန်မှာ အစည်ဆုံးက အရက်ဆိုင်တွေ၊ အဲဒီ့အရက်ဆိုင်ယဉ်ကျေးမှု ရွာထဲကိုရောက်လာမှာ အစိုးရိမ်ဆုံးပဲ၊ တောင်ကြီးမှာလည်းတူတူပဲ နောက်ဆေးပြားတွေသုံးကြတာ ဒါလဲ အစိုးရိမ်ဆုံးပဲ၊ လူတွေရဲ့ သီလနှင့် စာရိတ္တကိုပျက်စေတယ်၊ နောက်ပြီးချဲထီတို့ နှစ်လုံးတို့ မောင်းလောင်းတာတွေ ရှိသေးတယ်၊ ဒါတွေလည်းမကောင်းဘူး၊ ဝေးတဲ့ဒေသမှာ ဘိန်းစိုက်ကြတယ်၊ ဘိန်းစိုက်သူ ဝယ်သူ ပွဲစားတွေကြားမှာ ပြဿနာတွေဖြစ် သတ်ကြသေကြတယ်၊ အမှုအခင်းတွေဖြစ်တော့ ကြီးနိုင်ငယ်ညှင်းမှုတွေရှိလာတယ်၊ သံဝေဂ ရစရာနှင့် စိတ်မကောင်းစရာတွေအများကြီးပဲ၊ ကိုယ်ကမလုပ်ပေမဲ့ ဆွယ်ကြတယ်၊ ပိုက်ဆံလွယ်လွယ်ရတော့ ပါသွားတယ်၊” ဦးဇင်းကပြောရင်း ခဏရပ်လိုက်သည်၊ ကျနော်စိတ်ထဲမှာတော့ နယ်မြေဒေသတိုးတက်မှုနှင့် နောက်ဆက်တွဲပါလာတာတွေက မနည်းပါလားလို့တွေးမိခြင်း ဖြစ်ပါသည်။


ဦးဇင်းကဆက်၍ “ဒီတော့ ဦးဇင်းတို့က တရားဟောရတယ်၊ ကိုယ်ယဉ်ကျေးမှု မပျက်အောင် မပြောက်အောင်၊ ကောင်းတာကိုယူ ဆိုးတာကိုထားခဲ့၊ သီလမြဲအောင်၊ သီလဟာအဓိကပဲ၊ ပိုက်ဆံနောက်လိုက်သွားရင် ပိုက်ဆံယဉ်ကျေးမှုပဲဖြစ်သွားမှာ၊ အဲဒီမှာ အုပ်ချုပ်တဲ့သူတွေကိုပြောရတယ် လူရိုသေရှင်ရိုသေအောင်နေလို့ ဒါမှထိန်းရသိန်းရလွယ်မှာ၊ အနည်းဆုံးငါးပါးသီလကို ဖြစ်နိုင်အောင်စောင့်၊ အုပ်ချုပ်တဲ့သူ သီလမြဲရင် လူရိုသေရှင်ရိုသေဖြစ်မယ်၊ ထိန်းရသိမ်းရလွယ်မယ်၊ နယ်မြေအေးချမ်းမယ်၊ ဖွံဖြိုးတိုးတက်မှုတွေ နောက်ကလိုက်လာမယ်၊ အုပ်ချုပ်တဲ့သူ သီလမမြဲလို့ကတော့ သွားပြီသာမှတ် လူရိုသေရှင်ရိုသေမဖြစ်ရင် ဘယ်လိုသွားထိမ်းမလဲ၊ ဓားမိုးပြီးအုပ်ချုပ်နေဦး နေရာတိုင်းမှာ ဓားမိုးတိုင်းလဲမရဘူး၊ ပရမ်းပတာနဲ့ပျက်ပြီသာမှတ်ပေတော့၊ ဒါကြောင့် ဦးဇင်းတို့နယ်မြေမှာ အုပ်ချုပ်တဲ့သူတွေကို သီလစောင့်ခိုင်းတယ်၊ ဘုရားမှာ သစ္စာဆိုစေတယ်၊ ဟုတ်တယ်မဟုတ်လား အုပ်ချုပ်တဲ့သူတွေ အနည်းဆုံး ငါးပါးသီလစောင့်၊ ဘုရားမှာသစ္စာဆိုသင့်တာပေါ့ ဒါမှလည်း လူရိုသေရှင်ရိုသေဖြစ်မယ်။”


“လူမျိုးတစ်မျိုး အဆင့်မြင့်တာ မမြင့်တာကို ကိုယ်ကျင့်တရားနှင့်တိုင်းရတယ်၊ ဘယ်လောက်ပဲခေတ်မှီတိုးတက်နေပါစေ ရုပ်ဝထ္ထုတွေပေါ်ပါစေ ကိုယ်ကျင့်တရားမကောင်းတဲ့လူမျိုး ဘာမှ အထင်ကြီးစရာမရှိဘူး၊ မန္တလေးကဆရာတော် တစ်ပါးကပြောပါတယ် ဒီလိုဗုဒ္ဓရဲ့ တရားဓမ္မတွေ ဟောဘို့ဆိုရင်မှာ ခွင့်ပြုချက်ယူရတာတို့ ဘာဟောမယ် ဘယ်လိုဟောမယ်တင်ပြရတယ် ဒါဆိုရင် ဒီခေတ်ပျက်တာပဲ၊ အဲဒီ့ဆရာတော်ကြီးတွေ ဟောတဲ့တရားကြောင့် တစ်ယောက်ယောက်က တရားရသွားနိုင်တယ်၊ နတ်တွေကလည်းတရားနာဖို့စောင့်နေကြတယ်၊ အဲဒါကိုအကြောင်းအကျိုးမသိပဲ တားမြစ်လိုက်ရင်၊ အဲဒီတားမြစ်လိုက်တဲ့ ပုဂ္ဂိုလ်ဟာ သံသာရာအဆက် ဘာအပြစ်တွေဖြစ်သွားသလဲ စဉ်းစားကြည့်ပေတော့၊” ဦးဇင်း တရားလိုလို ဘာလိုလိုပြောသွားတာကို နားထောင်ရင်း ကျနော် လေပူတချက်မှုတ်ထုတ်လိုက်မိပါသည်။


“ဦးဇင်းတို့ ပအိုပ်းတွေက မြန်မာပြည်နေရာအနှံ့ရှိတာ၊ ဒီရှမ်းပြည်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် ကနေ ကယားပြည်နယ်ထိပေါ့၊ ဒီရှမ်းပြည်ဘက်မှ တိုးတက်အောင်စလုပ်နိုင်ပြီ၊ ဝေးလံဒေသတွေနှင့် အခြားဒေသတွေကို တိုးတက်အောင် အပြုသဘောနဲ့ ဆက်လုပ်သွားရမှာပါ၊ ဦးဇင်းတို့မှာစီမံကိန်းတွေရှိပါတယ်၊ ဟိုပုံးလမ်း၊ ဆီဆိုင်လမ်း ကျောက်ဆည်ထိသွားမယ်၊ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားလုပ်မယ်၊ နောက်ကဒေသဖွံ့ဖြိုးမှု လိုက်လာမယ်၊ ခုလိုဂျပန်တွေလာကူညီတာကို ကျေးဇူးတင်တယ်၊ သူတို့ကို မေတ္တာပို့ပါတယ်၊ ရွာထဲမှာတိုက်အိမ်တွေ တစ်လုံးပြီးတစ်လုံး၊ နောက်ဆုံးပေါ်ကားတွေ၊ ဆိုင်ကယ်တွေ ပေါလာတယ် ပေါ်လာတယ်၊ ဦးဇင်းတို့ ဝမ်းသာပါတယ်၊ ဒကာတွေအဆင်ပြေ ချမ်းသာလာကြတာ၊ ဒါပေမဲ့ သမာအာဇီဝဖြစ်ပါစေပေါ့၊” ဦးဇင်းရဲ့စကားကို ဒီမှာတင်ရပ်လိုက်ပါသည်၊ သာမညတောင်ဆရာတော်ဘုရားကြီးဟာ ပအိုပ်းလူမျိုးဖြစ်ကြောင်း ကျနော်ခုမှသိရပါသည်။

များမကြာမှီ အရှေ့တောင်အာရှ နှင့် အိမ်နီးချင်းနိုင်ငံတွေမှာ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေဈေးကောင်းလာပါမည်၊ စိုက်ပျိုးမွေးမြူရေးလုပ်တဲ့ ပအိုပ်းတွေအတွက်ရွှေခေတ်ဖြစ်ပေလိမ့်မည်၊ နည်းပညာအကူအညီရရှိမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် infrastructure တည်ဆောက်မှုသည် အဓိကကျပေသည်၊ ငြိမ်းချမ်းရေးမြတ်နှိုး၍ သီလသမာဓိနှင့် နေထိုင်ချင်သော ပအိုပ်း တိုင်းရင်းသားတွေဟာ ဒေသဖွံဖြိုးမှုကို အပြုသဘောနဲ့ လုပ်ဆောင်လျှက်ရှိပါသည်။


တစ်ဖက်မှာလည်း ပြောင်းလည်းလာသော အခြေအနေနဲ့အတူ အသစ်အဆန်းများ ဝင်ရောက်လာမှု၊ စီးပွားရေးလောဘသမားများ ဝင်ရောက်လာမှု၊ သီလမြဲသူနဲ့ မမြဲသူ၊ သမာအာဇီဝနှင့် ဖြတ်လမ်းလိုက်လိုသူ စတဲ့ ဝိရောဓိတွေကို ရင်ဆိုင်ရပါလိမ့်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ပအိုပ်း တိုင်းရင်းသားတွေကတော့ အသွင်ပြောင်းနေပါပြီ၊ ချစ်စရာကောင်းတဲ့ ယဉ်းကျေးမှု မပျောက်ပဲ တိုးတက်ကြီးပွားနိုင်ကြပါစေလို့……………………………………။


ပြီးပါပြီ။

ပန်းတမော့ အကြောင်းပြောပြသော ပန်းဆယ်မျိုးကျောက်အားကျေးဇူးတင်ပါသည်၊


အနုပညာလက်ရာများ








































































ကိုးကား
မွေတော် ကက္ကူဘုရားသမိုင်း
ကက္ကူစေတီစု လေ့လာရေးမှတ်တမ်း၊ ဦးသိန်းသန်းထွန်း၊ ဦးခွန်ရာမ
မွေတော်ကက္ကူ၊ မိုနိုလေး
ဆရာတော်နှင့် ဦးဇင်းတို့၏ ပြောပြချက်များ၊