Friday, March 26, 2010

တီယန်မင်သို့ ရောက်ရှိခြင်း


Tiananmen 承天门, 承天門

မကြာသေးခင်က ပီကင်းကိုရောက်ခဲ့သည်။
ပီကင်းကိုရောက်ရင် တီယန်မင်ကို ရောက်ရမည် ဆိုသဖြင့် တီယန်မင်ကိုရောက်ခဲ့သည်၊ တီယန်မင် သမိုင်းသည်1420 မှအစပြုကာ ယနေ့ morden တရုတ်ပြည်ထိဖြစ်သည်၊ ကမ္ဘာအကြီးဆုံး ပြည်သူ့ရင်ပြင်ကြီးဖြစ်သည်၊ 880 m x 500 m ရှိကာ ယခုတိုးချဲ့ထားသည်။

တီယန်မင်ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် "Gate of Heavenly Peace", ငြိမ်းချမ်းရေး ကောင်းကင်ဘုံ သို့သွားရာလမ်း အဝင်ဝ ဟုပြန်ဆိုထားသည်၊ နိုင်ငံခြားသားများပါမက တရုတ်ပြည်သူ တို့လည်းလာရောက်လေ့ရှိသော သမိုင်းဝင်နေရာဖြစ်သည်။



တီယန်မင် ရင်ပြင်တွင် သမိုင်းဝင် အဖြစ်အပျက်တို့ ဖြစ်ပွားခဲ့သည်၊

၁။ မေလ ၄ရက် လှုပ်ရှားမှု့ 1919
၂။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ပေါက်ဖွားခြင်း 1949
၃။ တီယန်မင် အရေးအခင်း 1979
၎။ တီယန်မင် အရေးအခင်း 1989
၅။ ပီကင်း အိုလံပစ် အပြည်ပြည်ဆိုင်ရာ စင်မြင့် 2008
Cultural Revolution ကိုလည်းကျော်လွှားခဲ့သည်၊ များပြားသော လူထုချီတက်ပွဲ၊ စစ်ရေးပြပွဲများ ကျင်းပခဲ့သည်။



ယနေ့ morden တရုတ်ပြည် တွင် တီယန်မင် အရေးအခင်းများသည် ပုံပြင်ဖြစ်ခဲ့ပြီး၊ ပီကင်း အိုလံပစ်သာ ပြောစရာ ကျန်ရစ်ခဲ့သည်။

ပီကင်း အိုလံပစ်သည် ပီကင်းမြို့တော်ကြီးကို အပြောင်းလဲကြီး ပြောင်းလဲခဲ့ပေသည်။
Forbidden City နန်းတော်ဟောင်းမှ မော်စီတုံး ပြတိုက်ထိ ရှည်လျှားပြီး ဘေးပတ်ဝန်းကျင်တွင် အစိုးရ အဆောက်အဦးကြီးများနဲ့ ခမ်းနားထည်ဝါသော တီယန်မင် ရင်ပြင်ကို တစ်နေ့တာ သွားရောက် လည်ပတ်ခဲ့ခြင်းဖြင့် တရုတ်ပြည်ကြီး၏ တိုးတက်ပြောင်းလဲမူကို သိသာမြင်တွေ့လိုက်ရသည်။
ဟုတ်သည် အရင်တုန်းက တရုတ်ပြည် မဟုတ်တော့။

တီယန်မင် ရင်ပြင်ကိုပတ်၊ မော်စီတုံး ပြတိုက်ထဲဝင်၊ Forbidden City နန်းတော်ဟောင်း လှည့်ပတ်ကြည့်ရှုရင်း တရုတ်ပြည်ကြီး ဘယ်လဲဆိုတာကို တွေးမိနေသည်။


တီယန်မင် ပုလိပ်


လှုပ်ရှားမူ့ ကျောက်တိုင်


မော်စီတုံး ကြီးရေ မင်းနာမည် တော်တော်ခေါ်လို့ကောင်းတာပဲ၊


မော်စီတုံး ကြီးရေ မင်းနဲ့ငါ ခုတော့ မျက်နှာချင်းဆိုင်ပေါ့၊                       

မော်စီတုံး ကြီးရေ မင်းကြောင့် ငါတို့ဆီမှာ ဆူပူမူ့တွေ ဖြစ်ခဲ့တယ်၊

မော်စီတုံး ကြီးရေ မင်းကြောင့် ငါတို့ဆီမှာ မတည်မငြိမ် ဖြစ်ခဲ့တယ်၊

မော်စီတုံး ကြီးရေ မင်းဝါဒနဲ့ မင်းလက်နက်တွေကြောင့် ငါတို့နယ်စပ်တွေမှာ မငြိမ်းချမ်းခဲ့ဘူး ခုထိတောင် ကျန်နေတုန်းပါပဲ၊


မော်စီတုံး ကြီးရေ မင်းပြည်ကြီးကတော့ မင်းဝါဒတွေကို ပြောင်းလဲပစ်ပြီး တိုးတက်နေလိုက်တာ ကြည့်စမ်း၊

မော်စီတုံး ကြီးရေ မင်းပြည်ကြီးက လူငယ်တွေကတော့ မင်းသမိုင်းကြောင်းကို တူးနေကြပြီ၊ ယဉ်ကျေးမူ့ တော်လှန်ရေး မှားလား၊ ဖြုတ်ထုတ်သတ် မှားလား၊ မှားလား…..မှားလား……..

မော်စီတုံး ကြီးရေ မင်းပြည်ကြီးက လူတွေကတော့ မင်းကိုအငမ်းမရပဲ မင်းဓါတ်ပုံပါတဲ့ အသပြာ ကိုပါ၊

မော်စီတုံး ကြီးရေ မင်းပြည်ကြီးက ချမ်းသာတဲ့လူတွေ သုံးပုံဖြုန်းပုံ၊ ကုန်တိုက်တွေမှာရောင်းရဆုံးက၊ ကမ္ဘာကျော် တံဆိပ်တွေ၊ မင်းဘာလုပ်ဦးမလဲ ဒေါသဖြစ်ဦးမလား၊ အမိန့်တွေပေးဦးမလား၊

မော်စီတုံး ကြီးရေ မင်းပြည်ကြီးက ဆင်းရဲတဲ့လူတွေ မရှိပုံ ငတ်ပုံ၊ တွေဝေမနေဘူး မြို့တက် နိုင်ငံခြားထွက် ပစ္စည်းမဲ့လူတန်းစား ရှားလာပြီ၊ မင်းဘာလုပ်မလဲ လူထုအစည်းအဝေးလုပ်ဦးမလား၊ တော်လှန်ရေး တစ်ရပ် ထပ်လုပ်ဦးမလား၊
                           
မော်စီတုံး ကြီးရေ ဒီ တီယန်မင် ရောက်တိုင်း မင်းဓါတ်ပုံ ရှိသေးရဲ့လား အမြဲကြည့်မိတယ်၊ ဒါပေမဲ့ မင်းလဲအရင်လို မဟုတ်တော့ဘူးလို့ကြားတယ်၊ ညည လူတွေမရှိတဲ့ အချိန် မင်းပြုံးပြုံးနေတယ်တဲ့၊

မော်စီတုံး ကြီးရေ မင်းကြိတ်ပြီး သဘောကြ နေတယ်ပေါ့၊ မင်းအရုပ်တစ်ရုပ် ငါဝယ်ခဲ့ပါတယ်၊ ကြောင်တွေကို ချောက်မလို့၊ ငါ့ခလေးတွေကိုတော့ ပေးမှာ မဟုတ်ဘူး၊                               
                             
မော်စီတုံး ကြီးရေ မင်းနာမည် တော်တော်ခေါ်လို့ကောင်းတာပဲ၊




New generation of China

ပြတိုက်ရှေ့မှာ Generation gap

လမ်းတနေရာ
မြေအောက်ဘူတာရုံ Taxi နဲ့သွားရင်ပိုကောင်းတယ်

မြေပုံ


Forbidden City ကိုဆက်ရေးပါမည်၊

Note: ဝါဒဖြန့်ခြင်းမဟုတ်ပါ။

Friday, March 19, 2010

ပုံပြင်မဟုတ်တဲ့ ငါ့ရဲ့မှတ်စု (တတိယပိုင်း)





မန ္တလေး ဆင်းမည့်ကား၊ အိမ်ထိလာကြိုသည်၊ လက်ဆောင်လာပေးတဲ့သူများသား၊ ကျမကိုမဟုတ်၊ ရဲလင်းအောင်ကိုဖြစ်သည်၊ သူ့စက်ပြင်ခတွေပေါ့၊ နန်းထွေးက ကျမကို ရှမ်းဝတ်စုံတစ်စုံ လက်ဆောင်ပေးသည်၊  ကျမစုထားသော ပန်းခြောက်တွေကို ပလပ်စတစ်အိတ်တွေနဲ့ သေချာ စုစည်းပေးလိုက်သည်၊ ရဲလင်းအောင်ကလည်း သူရလာသော ချယ်ရီပန်းတွေ ကျမကိုလာပေးသည်၊ ကျမဝမ်းသာလိုက်သည်ဖြစ်ခြင်း၊ ကျမတို့လင်မယား ဦးစိုင်းလှအေးနှင့် ဒေါ်ထွေးကို ကန်တော့ပြီး            မန ္တလေးကို ခရီးဆက်ခဲ့သည်၊ ကျမတို့ကို ဆုတွေပေးသည်၊ ရှမ်းလိုပေး၍ ကျမနားမလည်၊ ဗမာလိုပေးသော စိတ်သွားတိုင်းကိုယ်ပါပါစေ ကိုတော့သိလိုက်သည်။

မန ္တလေးကို ညနေပိုင်းတွင်ရောက်သည်၊ မန ္တလေးအဝင်တွင် ကျမ ကိုဇော်ဦးကို သတိရမိသည်၊ 
မန ္တလေးဘယ်နားကပါလိမ့်၊ စကားပြောပုံနှင့် သူ့မျက်နှာကို ပြန်မြင်ယောင်လာသည်။
မန ္တလေးတွင် မျက်ပါးရပ်အလွန် ဂရိတ်ဝေါ ဟော်တယ်တွင်တည်းဖြစ်သည်၊ ရောက်ရောက်ချင်းညမှာ၊    မန ္တလေးမှဆွေမျိုးများက ထမင်းဖိတ်ကျွေးသည်၊ ဟော်တယ်ရောက်တော့ ကျမ မူးပြီးအံပါသည်၊ ခရီးပန်းလို့လား၊ စားတဲ့အစာတွေကြောင့်လား မသိ၊ ကျမ ရှမ်းပွဲရပ်က ဆေးခန်းတစ်ခုသွားပြပြီး အကြောဆေးတစ်လုံး ထိုးလိုက်ရပါသည်၊ အိပ်ဆေးလဲပေးလိုက်သောကြောင့်၊ ထိုညက မန ္တလေးမှာ ကျမ နှစ်ချိုက်စွာ အိပ်ပျော်ခဲ့ပါသည်။
ကျမ ညကမူးသောကြောင့် ဘတ်စ်ကားနဲ့ ရန်ကုန်ပြန်မည့် အစီအစဉ်ဖျက်ကာ၊ လေယာဉ်ပျံ ဖြင့် ပြန်ရန်စီစဉ်လိုက်သည်၊ ငပိန့ံ ငါးခြာက်န့ံ တွေကြားမှာ ၂နာရီ နီးပါး ယူဘီ လေယာဉ်စီးကာ ကျမတို့ ပြန်ခဲ့ကြသည်၊ အတွေးများစွာဖြင့် မန ္တလေးကို ကျမ ထားရစ်ခဲ့သည်။

ကျမတို့ ရန်ကုန် ကျမတိုက်ခန်းမှာပဲ နေဖြစ်သည်၊ ကျမ၏အစီအစဉ်ပင်ဖြစ်သည်၊ ကျမတိုက်ခန်းလေးသည် ကန်လမ်းတွင် ဖြစ်ပြီး အင်လျားကန်နှင့်နီးသည်၊ အခန်းနံရံများကို အစိမ်းရောင်သုတ်သည်၊ အိပ်ခန်းအပြင်ဘက် နံရံကိုမူ အစိမ်းရင့်ရောင်၊ အမိုးစီလင်ကို အပြာရောင် သုတ်ထားသည်။ အရောင်ရွေးချယ်မူနှင့် ပတ်သက်၍ ရဲလင်းအောင်က ကျမသဘောအတိုင်းဖြစ်စေသည်၊ ဧည့်ခန်းနှင့် တဆက်တည်း ဘုရားခန်း လုပ်ထားပြီး ဘုရားစင်ကို ကျမစိတ်ကြိုက်လုပ်ထားသည်။

ဒီတိုက်ခန်း ပိုင်ဆိုင်ရခြင်းသည် ဖေဖေ ကျေးဇူးပင်ဖြစ်သည်၊ ကျမ အသက်ကြီးလာလေလေ အဖေကို ပိုနားလည်လာလေလေ၊ ဖေဖေသည် ရှေ့ရေးကိုကြိုမြင်သည့်အလား အိမ်အတွက် ကျမပို့ပေးသော ငွေများမှ ဒီတိုက်ခန်းလေးကို ဖြစ်အောင်ဝယ်ခဲ့သည်၊ ဒီတိုက်ခန်းလေးကို ကျမသွေးဖြင့် မရင်းရပေမဲ့၊ ကျမ၏ ချွေးနဲ့ ရင်းခဲ့ရသည်၊ ကျမ၏ အိပ်ချိန်၊ နားချိန်တွေနဲ့ ဖြစ်ခဲ့သည်၊ နောက်ဆုံး ကျမ မျက်ရည်တွေ ပေးဆပ်ခဲ့ရသည်၊ ကျမက မျက်ရည်တိုက်ခန်းလေးဟု အမည်ပေးထားသည်။

ကျမသန်လျင်အိမ်တွင် သိပ်သပ်သပ်ရပ်ရပ် မနေခဲ့သော်လည်း ကျမ၏တိုက်ခန်းကို အမြဲသပ်ရပ်စွာနှင့် အားလုံးအစီအစဉ် တကျ ဖြစ်စေသည်၊ စာအုပ်၊ ဂျာနယ်၊ သတင်းစာတို့ သူ့နေရာနှင့်သူ၊ စာကြည့်စားပွဲသည်၎င်း၊ ဧည့်စားပွဲသည်၎င်း၊ အမြဲရှင်းလင်းသပ်ရပ်နေရမည်၊ ဘုရားပန်းတို့ ဘယ်တော့မှ မညိုးရ၊ ထမင်းစား စားပွဲပေါ်တွင် စားကြွင်းကျန်များ တစ်ဝက်လက်ကျန်များ မရှိစေရ၊ ပန်းကန်များ အားလုံးဆေးပြီးမှောက်ထားမှကြိုက်သည်၊ ထိုကြောင့် ကျမတိုက်ခန်းလေးသည် အမြဲ ပြောင်ရှင်းနေသည်၊ ကျမအားနေသည့်အချိန် အိမ်သန့်ရှင်းရေးလုပ်၊ ပန်းကန်တွေကို ဆေးပြီးရင်းဆေးနေတော့သည်၊
‘ရဲလင်း ဂျာနယ်တွေကို ဘာလို့ စားပွဲပေါ်မှာ ပစ်ထားတာလဲ၊’
‘ပစ်ထားတာ မဟုတ်ဘူး၊ တင်ထားတာ ဖတ်လို့ မပြီးသေးဘူး၊’ 
‘ဟာ အောက်ထဲထည့်ထား ဖတ်တော့မှ ပြန်ထုတ်၊’
‘အိုကေ၊ အိုကေ၊’
‘ထမင်းစားစားပွဲပေါ်မှာ နင့်ရေခွက်၊’
‘မေ့သွားတာ’
‘မမေ့နဲ့၊ စားပြီးရင်ရှင်း’
ကျမတို့အိမ်၏ နေ့တိုင်းကြားနေရသော စကားများပင်။

ကျမတို့အိမ်ကို ကျမနှင့် ရဲလင်း သူငယ်ချင်းများ၊ မိဘ ဆွေမျိုးများလာလည်သည်၊ ကျမ သူတို့ ပြောနေတာကို တစ်ခါတစ်လေ ဘာမှမသိလိုက်၊ ကျမအိမ် ဘာဖွသွားမလဲ လိုက်ကြည့်နေမိသည်၊ သူတို့ပြန်သွားလျှင် ကျမနှင့် ရဲလင်းအောင်တို့ စကားများကြသည်၊
‘အိမ်ကို ဘယ်သူမှ မလာရင်ကောင်းတယ်၊’
ကျမက ‘ငါလဲ အဲဒါပဲကြိုက်တယ်၊’
ကျမ သန်လျင်အိမ် သွားဖြစ်သည်မှလွဲ၍၊ ဘယ်သူ့ အိမ်မှ မလည်ဖြစ်ချေ။

အစ်မဝမ်းကွဲ မရီခိုင်မှတဆင့် ဟိုနိုင်ငံတွင် ဖြစ်ခဲ့သည့်ကိစ္စ ကျမ မိဘများသိရှိသွားသည်၊ ဖေဖေသည် ယူကျုံးမရဆုံးဖြစ်လေသည်၊ ရဲလင်းအောင်နှင့် ကျမ မိဘတွေကြား အမြင်သိတ်မကြည်လင်တော့။ 

ညည အိပ်မပျော်ခြင်းကို် ကျမစွဲလို့နေပြီ၊ ၊ ကျမ စာတွေပိုဖတ်ဖြစ်လာသည်၊ ကျမ အိပ်သောအချိန်တွင် ရဲလင်းအောင် အိပ်ကောင်းနေပြီ၊ ရဲလင်းအောင် ထသောအချိန် ကျမ အိပ်ကောင်းနေပြီ။ အိပ်ဆေးများသည် ကျမအတွက် အသုံးမဝင်တော့ပါ။ ထိုအတူ ခေါင်းကိုက်ခြင်း ဝေဒနာကို တစ်ခါတစ်လေ ကျမခံစားရသည်၊ ရဲလင်းအောင်အကြံပေး၍ ကျမ အင်္ဂလိပ်စာပေ သင်တန်းကို သံရုံးတစ်ခုတွင်တက်ဖြစ်သည်၊ ညည အိပ်မပျော်ခြင်း နည်းနည်းတော့လျှော့လာသည်၊ ကြည်အေး ဝထ္ထုထဲကလို ‘ညကြီးမင်းကြီးထပြီးထိုင်နေ’ ကျမညလူဖြစ်ခဲ့သည်။
တစ်ခါတစ်လေ မနက်မနက် အလုပ်သွားခါနီးတိုင်း ကျမရဲ့နဖူး သို့မဟုတ် ပါးကို ရဲလင်းအောင် နမ်းသွားတတ်သည်၊ ညည အိပ်နေသော ရဲလင်းအောင်ကို်ကြည့်ပြီး ကျမစိတ်ထဲမှာ ငါကို အလိုလိုက်သားပဲ၊ နင်ကိုငါ့ချစ်ပါတယ် ရဲလင်းရယ် ပြောနေမိသည်။
တစ်ခါတစ်လေ နံနက် ၂ နာရီ ၃ နာရီလောက် ကျမ ဟင်းတွေချက်၊ ခေါက်ဆွဲတွေကြော်၊ မနက် ရဲလင်းအောင် စားရန်ဖြစ်သည်၊ သုံးလေးမျိုးလောက် ချက်ဖြစ်သော နေ့များတွင် ရဲလင်းအောင် ညည်းသည်၊ ကျမကလည်း နင်စားစေချင်လို့ပါ ဆိုရင် ဘာမျှမပြောတော့ပါ။

ခေါင်းတအားကိုက်၍ ဆရာဝန်သွားပြရာမှ ကျမတွင် ကိုယ်ဝန်နှစ်လ ရှိနေပြီဖြစ်ကြောင်းသိရသည်၊ ကျမဘယ်လိုမှမနေ လင်ယူရင်သားမွေးရမည်မဟုတ်ပါလား၊ ရဲလင်းအောင်နှင့် သူ့မိသားစုကတော့ တအားပျော်ကြသည်၊ ကျမမိဘတွေကတော့ ကျမကျန်းမာရေးအတွက် စိုးရိမ်သည်၊ အမေ နှင့် မောင်လေး ကျမဆီတစ်ပတ်တစ်ခါ လာတော့သည်၊ ရဲလင်းအောင်က ကျမကိုယ်ဝန်ကို ပါမောက္ခ ဆရာဝန်မကြီးထံတွင် အပ်သည်၊ ဒီလိုနှင့်ကျမ အပြုစုခံဖြစ်နေရသည်၊ ညများမှာတော့ ကျမရင်သွေးလေးအတွက် စိတ်ကူးယဉ်မိသည်။
ဆေးခန်းသွားတိုင်း၊ ပါမောက္ခ ဆရာဝန်မကြီးက၊
လာသမီးဘယ်လိုနေသလဲ၊ ဆရာမကြီး ခလေးမလေးကို သေချာစစ်ပေးလိုက်၊
တို့ ဘယ်သူ့အိမ်ကခေါ်ထားလို့ သွားလိုက်ဦးမယ်၊
ကျမကို ကိုင်တောင်မကြည့်၊ ဒီလိုနဲ့ ဆရာမကြီးနဲ့ပင် ရက်ချိန်းတွေ ပြီးခဲ့ရသည်၊
အဲလိုဆိုလဲ အဲဒီ့လူတန်းစားတွေပဲ ကုသည် ဟုရေးထားပါလားလို့၊ ကျမ ရဲလင်းအောင် ကိုတောင်ပြောမိသည်။
ကျမကိုယ်ကျမ ကိုယ်ဝန်ဆောင်နှင့်မတူ၊ သာမန်ဖြစ်နေသည်၊ Morning sickness လဲသိပ်မဖြစ်၊ တစ်ခါတစ်လေ နောက်ကျောဘက်နာ၍ ဆီးခဏခဏသွားသည်၊ ဓမ္မတာတောင်ပြန်လာသလိုလို။ ပါမောက္ခ ဆရာဝန်မကြီးက နောက်တပတ် ultrasound ရိုက်မည်တဲ့။

အမေ နှင့် မောင်လေး ဒီနေ့မနက် ရောက်လာသည်၊ မနေ့ညကကျမ ဖျားသည်၊ ဆေးခန်းသွားပြရမည် ဟုဆိုသည်၊ ဆေးခန်းသွားရန် ရဲလင်းအောင် အလာကိုစောင့်နေကြသည်။ ကျမ ဗိုက်နာလာသည်၊ ဗိုက်နာတာပိုဆိုးလာကည်၊ ကျမခံနိုင်ရည်မရှိတော့၊ 
‘အမေရေနာလိုက်တာ’
‘အမေရေနာလိုက်တာ’
‘သမီးလေး၊ သမီလေး၊’
‘မဖြစ်ဘူးဆေးရုံပို့မှပဲ၊’
သွေးတွေစီးလာသည်၊
အမေ နှင့် မောင်လေး အောက်ထပ် အကူအညီနှင့် ကျမကို ဆေးရုံပို့ကြသည်၊ 
နာကျင်မူ့၏ ဝေဒနာကြောင့် ကျမလောကကြီးနှင့် ခေတ္တ အဆက်အသွယ်ပြတ်သွားသည်။

ကျမ ပြန်သတိရလာတာပဲဖြစ်မည်၊ အဖြူရောင် အမိုးစီလင်ကိုမြင်နေရသည်၊ စကားပြောသံအချို့ ကြားနေရသည်၊ 
ERPC ၊ Unusual ၊ ၁၆ ပတ်ကျော်ပြီ၊ Gestation ၊ IUFT ၊ ပါမောက္ခ ဆိုတဲ့ဂုဏ် နှင့် လူကိုလေးစားလို ့ အပ်လိုက်တာ ဘာတွေမှန်းမသိ မသဲကွဲ၊ တဖြေးဖြေး စကားသံတွေ သဲကွဲလာသည်၊
‘ပါမောက္ခ တစ်ယောက်လုံးလုပ်နေပြီး Symptoms ကိုမသိဘူးလား၊ ကျနော်တော့ ဖိဘက်လုပ်မယ် အစ်မကြီး’  အမျိုးသား အသံ၊
သူက မိခင်စောင့်ရှောက်ရေး နှင့် အချိန်ကုန်နေတာ၊ နင့် ဖိဘက် ဘာအရာရောက်မှာလဲ၊’ ‘မိခင်စောင့်ရှောက်ရေး ဘယ်သူတွေလဲဆိုတာ နင်သိသားနဲ့၊’ အမျိုးသမီးအသံ၊
‘လူနာက တော်တော်ခံလိုက်ရမှာ၊’ ယောက်ျားအသံ၊
‘သမီးလေးကို ကြည့်ပေးကြပါဦး၊’ ကျမ ယောက္ခမကြီး၏အသံ ကြားလိုက်ရသည်၊
ဆရာဝန်ဟုထင်ရသော အမျိုးသား တစ်ယောက်ဝင်လာသည်၊
‘လူနာ သတိရနေပြီ၊’
ယောက္ခမကြီးက ‘ဟေ့ သား၊ သမီးအမေတွေကို ခေါ်လာခဲ့၊’
ဆရာဝန်မကြီးက
‘ခဏ နေကြပါဦးရှင်၊ ကျမတို့ လူနာကို အရင်စစ်ပါရစေ၊ ပြီးရင်ခေါ်လိုက်ပါမယ်’။

ကျမ ကိုယ်ဝန်ပျက်ကျသွားခဲ့ပါသည်၊ သားအိမ်ခြစ် လိုအပ်တာတွေလုပ်ရင်း၊ ဆေးရုံတွင် တစ်ပတ်နေလိုက်ရပါသည်။
ဆေးရုံဆင်းသည့်နေ့တွင် တာဝန်ကျ သမားတော်ကြီးက ကျမတို့ကိုခေါ်တွေ့သည်၊ နောက်ထပ််ကိုယ်ဝန်ယူဘို့ တစ်နှစ်လောက်စောင့်ရန်၊ အအိပ်အစားမှန်ရန်၊ ပျော်ပျော်နေရန်၊ အသေးအဖွဲလေးကအစ မိမိဆရာဝန်နှင့် တိုင်ပင်ရန်၊ နောက်ဆုံး ရဲလင်းအောင်ကို ကျမကို ပိုမိုဂရုစိုက်ရန် မှာကြားလိုက်သည်။
နှစ်သိမ့်စကားတွေ ကြားမှာ ကျမဘယ်လိုခံစားရမှန်းမသိ၊ ဝမ်နည်းနေသည်တော့မှန်သည်၊ သြော် ငါ မိခင်မဖြစ်ထိုက်သေးလို့၊ ဒီရင်သွေးလေးကငါကို အမေလို့မခေါ်ချင်လို ့နေမှာ၊ ငါတို့နှင့် မနေချင်လို့နေမှာ ဟုတွေးမိသည်။ ရဲလင်းအောင်က ငါနင့်ကို ပိုဂရုစိုက်ပါမယ်၊ ပျော်အောင်နေ စိတ်ဆင်းရဲစရာတွေ စိတ်ကူးထဲတောင် မထည့်နဲ့၊ နောက်တစ်ခါအတွက် ငါတို့ပြင်ဆင်ရအောင်ပေါ့။

တစ်လအတွင်းမှာ ကျမစိတ်တွေ ဘယ်လိုဖြစ်လာသည်မသိ၊သန့်ရှင်းမူ ့ကို ကျမပိုခင်တွယ်လာသည်၊ လက်ခဏခဏ ဆေးမိသည်၊ အပြင်ထွက်ခါနီး၊ အပြင်ကပြန်လာရင် ကျမရေချိုးမှ၊ မချိုးပါက ကျမကိုယ်ကျမ မသန့်ရှင်းဟုခံစားရသည်။

ပိုဆိုးသည်က ကျမနှင့် ရဲလင်းအောင်ကြားမှာ ကျမဘက်က ဘာဖြစ်လာမှန်းမသိ၊ ရဲလင်းအောင် မျက်လုံးကို ကျမ မကြည့်ချင် မျက်လုံးချင်းမဆုံအောင် ကြိုးစားသည်၊ စကားပြောလျှင် မျက်နှာကို လွှဲထားသည်၊ စကားသံတွေကို တခြားသို ့ပို ့ပစ်သည်၊ ရဲလင်းအောင်ရဲ့ စကားပြောသံကြားရင် ကျမ အလိုလို ဒေါသထွက်လာသည်၊ သူ ့ကိုယ်နံ့ကိုကျမ မခံနိုင်တော့၊ ညညအိပ်မပျော်ဘူး ဆိုတဲ့ အကြောင်းပြချက်ဖြင့် ကျမ တခြားအခန်းသို့ ပြောင်းအိပ်လိုက်သည်။

ဘုရားရှိခိုးချိန်မှ လွဲ၍ ကျမ အခန်းထဲမှာပဲနေသည် စာဖတ်နေသည်ကများသည်၊ ရဲလင်းအောင်ကလည်း ဧည့်ခန်းမှာအနေများသည် သီချင်းနားထောင် နေတာများသည်၊ ဖွင့်မပြောပဲ ကျမက စည်းခြားထားခြင်းဖြစ်သည်၊
သူ ဘာလုပ်လုပ် ကျမအမြင်မကြည်တော့၊ ကျမကို အဆိုးလုပ်နေသည်ဟုထင်သည်၊ သူဖွင့်သည်သီချင်းများသည် ကျမကိုတိုက်ခိုက်နေသည်ဟုထင်မိနေသည်၊ သူကြိုက်သည့်အဆိုတော်များကလည်းကြည့်ဦး လေးဖြူ ၊ မျိုးကြီး၊ ဇော်ဝင်းထွဋ်၊ 
ကျမကလဲ ကျမအတွေးနဲ့ကျမ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ ထူးအိမ်သင်် တို့ကိုကြိုက်သည်၊
‘ရန်သူကြီးတစ်ယောက်လိုထင်နေပြီလား၊’
‘ရန်သူကြီးတစ်ယောက်လိုထင်နေပြီလား၊’
ဒါငါ့ကို စောင်းဆိုနေတာ၊ ကျမလည်း အခန်းထဲကနေ ထူးအိမ်သင်သီချင်းတွေ ကျယ်လောင်စွာဖွင့်လိုက်သည်၊ အပြင်ဘက်က အသံတိတ် သွားသည့်အထိ၊ မယုံမရှိနဲ ့ ကျမ စစ်ချီသီချင်းခွေတောင် ဝယ်ထားသေးသည်၊ အပြိုင်ဖွင့်ရန်။

ရုံးပိတ်ရက်တစ်ရက်မှာ၊ ကျမဘယ်လိုမှ သည်းမခံနိုင်ဖြစ်ခဲ့သည်၊ မနေ ့က သူ့သူငယ်ချင်းတွေလာသည်၊ ကျမ မရှိဘူးအထင်နဲ ့ ကျမအကြောင်းပြောကြသည်၊ တကောင်က မင်းမိန်းမ စိတ္တဇတဲ့၊ နေမြင့်အောင်မထားနဲ ့ ဆိုလား၊ ရဲလင်းအောင်က ဘာမှပြန်မပြောတော့၊ ချစ်ဒုက္ခ ကြီးဖြစ်နေပြီ၊ ကျမကိုထားခဲ့ပြီး စင်္ကာပူ သွားရန်တိုက်တွန်းကြသည်၊ ဘာဆက်ပြောမလဲ နားထောင်ရင်း ကျမအိပ်ပျော်သွားသည်၊ ညကထမသောင်းကျန်းလိုက်ရ။
မိုးလင်းတော့ ကျမ မီးစ ရသွားသည်၊ ဒီနေ့မှ အသစ်လဲမယ်ဟုထားထားသော ဘုရားပန်းများကို ရဲလင်းအောင် မနက်စောစောစီးစီး စွန့်လိုက်သည်၊ ကျမထလာတော့ သီချင်းနားထောင် နေသည်၊ သီချင်းကလည်း မျိုးကြီး ဘာတွေအော်နေမှန်းမသိ၊ 
‘ရဲလင်းအောင် နင်ငါ့ဘုရားပန်းတွေကို ဘာလုပ်လိုက်သလဲ၊’
‘စွန့်လိုက်တယ်လေ၊ အသစ်တင်လိုက်တော့၊’ 
‘ငါ့ပန်းတွေကို မထိနဲ ့လို ့နင့်ကိုငါပြောထားတာ၊’
‘ဒီလောက်တောင် နွမ်းနေတာ၊ ကူညီတာဟ၊’
‘ကူညီစရာမလိုဘူး၊ ထိစရာကိုမလိုဘူး၊’ ‘နင့်သီချင်းပိတ်လိုက်၊’ ကျမအသံမြင့်လိုက်သည်၊
‘ဟာ ဒါငါကြိုက်လို့ဖွင့်ထားတာ၊နင့်ဟာနင့် အခန်းထဲဝင်နေ’ ကျမကိုအော်ပြောလိုက်သည်၊
“ရဲလင်းအောင် နင့်ငါကိုဘယ်နှစ်ခါအော်ပြောဘူးလိ့ုလဲ၊” “သေနာကောင်၊” ကျမပြန်အော်လိုက်သည်၊
‘မနေ့က သေနာတွေ မြှောက်ပေးတာနဲ့ နင်ကဲတာပေါ့လေ၊ အဲဒီသေနာတွေ ဘယ်တော့မှ မလာစေနဲ ့၊’
‘လူဆိုတာ အပေါင်းအသင်းနဲ့နေရတာကွ၊ ဘယ်သူမှ ငါ့ကိုမြှောက်ပေးတာမဟုတ်ဘူး၊’ ကျမကို ပြန်အော်သည်၊
‘အော်ဦးကွာ၊ မြှောက်ဦးကွာ၊’
“အော်အော် မျိုးကြီးနဲ့ အပြိုင်အော်၊” ကျမ HiFi ကို အသံကုန်သွားမြင့်လိုက်သည်၊
‘ဂလွမ်း၊ ဒိုင်း၊’ “အော်အော် မျိုးကြီးနဲ့ အပြိုင်အော်၊” 
ကျမ ပန်းအိုးကိုခွဲပစ််လိုက်သည်၊ စာအုတ်စင်ကို ကန်ပစ်လိုက်သည်၊
‘သွားငါဆီမှာ မနေနဲ ့၊’ ‘သွား၊’
‘စိတ်ကူးထဲမှာတောင် ငါကို မအော်နဲ ့၊’
‘ဂျိန်း’ အခန်းတံခါးကိုပိတ်၊ အထဲကသော့ခပ်ကာ ကျမငိုပစ်လိုက်သည်။ အပြင်မှာ ဆူညံသံများကျန်ရစ်ခဲ့သည်။
တစ်နာရီလောက်နေတော့ ရဲလင်းအောင်သော့ဖွင့်ပြီး အခန်းထဲဝင်လာသည်၊ ကုတင်ခြေရင်းတွင် ခွေခွေလေးအိပ်နေသော ကျမကို၊ ကုတင်ပေါ်ချီပွေ့တင်ရင်း၊ ငါလဲအလုပ်ထဲမှာ အဆင်မပြေဖြစ်လာလို့ပါ၊ 
ဆယ်မိနစ်လောက် ကျမကိုချော့သည်၊ ပြီးနောက် အေးအေးဆေးဆေးဆက်အိပ်တော့ ဟုဆိုကာ အခန်းပြင်ပြန်ထွက်သွားသည်။
နောက်နေ ့ အိမ်အောက်ဆင်းတော့၊ အောက်ထပ်က ကလေးလေး ဘောလုံးကစားနေရာမှ သူ ့ဘောလုံး
ကျမ ကိုလာထိသည်၊ ကလေးလေး အလန့်တကြား ကျမကိုကြည့်ပြီး ‘ထိမိသွားတာပါ၊’ ‘မတော်တဆပါ၊’ ‘ကျနော် အော်တာမဟုတ်ဘူး၊’ ‘ကျနော် မျိုးကြီးလဲ မဟုတ်ဘူး၊’ ကလေးကို ဒီအတိုင်းကြည့်ပြီး ဘောလုံးကို ပြန်ပေးလိုက်သည်၊ မုန့်ဆိုင်က အဒေါ်ကြီးတွေကလဲ ကျမကို တမျိုးကြီး ကြည့်နေကြသည်၊ သူတို့ပြောသလို ငါတကယ်ပဲ တခုခု ဖြစ်နေသလား။

အဲဒီနေ့က သန်လျင်ပြန်ပြီး အမေ့ရင်ခွင်ထဲမှာ ကျမငိုပစ်လိုက်သည်၊ အမေကတော့ နားလည်နှစ်သိမ့်သည်၊ ဟုတ်တယ်မဟုတ်လား အမေတွေဟာ သမီးတွေကို နားအလည်ဆုံးဆိုတာ၊ ညနေကြ ရဲလင်းအောင်လာခေါ်သည်၊ အေးအေးဆေးဆေး စကားပြောရအောင် ကျိိုက်ခေါက်ဘုရားပေါ်တက်ခဲ့ပါသည်၊ ဒီတစ်ခါတော့ လင်မယား ဘဝပေါ့။

မိဘ မေတ္တာ ဟာ တကယ်ကို အေးမြစေခဲ့ပါတယ်၊ ကျမ ငိုချင်သမျှကို အမေ့ဆီမှာ သွားငိုလိုက်ခြင်းသည် ကျမ အတွက် အနည်းငယ်တော့ ပေါ့ပါးသွားသည်၊ မေမေ၏ နှစ်သိမ့်စကားများသည် ကျမရင်ကို တစ်ချို့တစ်ဝက် ငြိမ်းအေးစေခဲ့သည်။

ကျမစဉ်းစားမိသည်၊ ငါဘာတွေလုပ်နေတာလဲ၊ ရဲလင်းအောင်က ငါ့ယောက်ျားပဲ၊ သူလဲခံစားချက်ရှိမှာပေါ့၊ ကျမ ကိုယ့်ကိုကိုယ် ဝမ်းနည်းမိသည်၊ တစ်နှစ်တာ ကျော်သွားသည်၊ ရဲလင်းအောင်ကို ငါဘာပျော်ရွှင်မူတွေ ပေးခဲ့လဲ၊ သူလိုအပ်တာ ဖြည့်စွမ်းပေးခဲ့လို့လား၊ တစ်ခုခုလုပ်သင့်တာပေါ့။

ဘုရားဖူးပြီးနောက် စောင်းတန်းက ထိုင်ခုံတွင် ရဲလင်းအောင်ကို ထိုင်စေ၍ ကျမကန်တော့လိုက်သည်၊ ပြစ်မှားခဲ့သည် အားလုံးကိုကန်တော့ခြင်းဖြင့် ခွင့်လွတ်ဘို့ ကျမပြောလိုက်သည်၊
ရဲလင်းအောင်က ကျမကို နှစ်သိမ့်သည်၊ 
‘ငါစိတ်ထဲ မထားပါဘူး မ ရယ်၊’
ရဲလင်းအောင်က သူ ့အလုပ်တွင် အဆင်မပြေတော့၊ စစ်တပ်ခေါင်းဆောင် အပြောင်းအလဲက သူတို့ကုမ္မဏီကို ထိခိုက်စေခဲ့သည်၊ လုပ်ငန်းတော်တော်များများသည် အကြီးပိုင်းများနှင့် ဆက်စပ်နေသည် မဟုတ်ပါလား၊ စကာင်္ပူက သူ ့သူငယ်ချင်းများက ထွက်ခဲ့ရန်၊ အလုပ်ရှာပေးမည်၊ ဒီအတွက် သူစဉ်းစားရကျပ်နေကြောင်း ရှင်းပြသည်။
‘ငါ နင်ကိုပြောမလို ့ပဲ မ၊ နင် ့မျက်နှာကို ကြည့်ပြီး အချိန်ကိုစောင့်နေတာ၊’
‘ငါကလည်း လွန်ပါတယ် ရဲလင်း၊ ကိုယ်ဟာကို ရှုပ်နေတာ၊’
‘နင်ဘာဖြစ်နေမှန်း ငါမသိခဲ့ဘူး၊’
‘နင်ကို ငါကပြန်ခေါ်ထားပြီး၊ ခုငါက သွားဘို ့ပြောတာ၊ ငါ မတရားဘူးဖြစ်နေတယ်၊ မဟုတ်လား၊’
ကျမက ‘အေးလေ၊ နိုင်ငံခြားအလုပ်ထွက်လုပ်ဘို ့က ငါတို ့ရဲ့ ထွက်ပေါက်တစ်ခုပဲ၊ မဟုတ်လား၊ စင်္ကာပူက 
ငါတို ့မြန်မာတွေကို အခြေအနေနှင့် လက်ခံထားတာ၊ ငါ ရောက်ခဲ့တဲ့နိုင်ငံ ဘေးပတ်ဝန်းကျင်           တွေနဲ့ ကြည့်ရင် အများကြီးသာပါတယ်၊ စကာင်္ပူဟာနင့်ရဲ့ခြေတစ်လှမ်း ဖြစ်ချင်ဖြစ်လာမယ်၊      တိုးတက်မူ့ကို ရှာရမှာပေါ့၊
နင်တကယ်လုပ်ချင် ကြိုးစားချင်တာကို ငါဝမ်းသာပါတယ်၊ ငါကို ယုံကြည်စိတ်ချစွာထားခဲ့ပါ၊ ဖေဖေမေမေတို့လည်း ရှိတယ်လေ၊’
‘အဲဒီလို မဟုတ်ဘူး၊ ငါတို့နှစ်ယောက်အတူတူ သွားကြမှာ၊ နင်ကိုငါ မထားခဲ့နိုင်ပါဘူး၊’ 
‘နင့်ကို မပြောရသေးတာ၊ နင့်အိမ်ကို ငါပြောပြီးပြီ၊’
‘ငါ နိုင်ငံခြားကို ထပ်မသွားချင်တော့ဘူး ရဲလင်း၊’
ရဲလင်းအောင်က ‘နင်သေချာ စဉ်းစားပါ၊ စင်္ကာပူဟာ နင်ရောက်ခဲ့တဲ့နိုင်ငံနှင့်မတူဘူး၊ ငါလဲပါတာပဲ၊ နင်ပြောသလိုပေါ့ တိုးတက်မူ့အတွက် အဲဒီမှာ အသစ်ပြန်စရအောင်၊’
ကျမပြန်ဖြေမိတာတော့ ‘ငါ မသွားချင်တော့ဘူး ရဲလင်း၊ စင်္ကာပူဟာ မတူပေမဲ့ တူတာတွေရှိတယ်၊ ငါတို့ဟာမြန်မာတွေ၊ အလုပ်သွားလုပ်ကြတာပဲ မဟုတ်လား၊’
‘နောက်မှ အေးအေးဆေးဆေး ဆွေးနွေး တိုင်ပင်ကြတာပေါ့၊ ခုနင် အေးနေပြီ ပြန််ကြရအောင်၊’ 
ရဲလင်းအောင်က ပြောရင်း သူ့အနွေး အင်္ကျီ ကို ကျမကိုခြုံပေးသည်၊
ဘုရားပေါ်မှ ဆင်းကာ၊ ရန်ကုန်သို ့ ကျမတို့ပြန်ခဲ့ကြသည်။

အိမ်ပြန်ရောက်တော့ ကျမ အသေအချာ စဉ်းစားသည်၊ ရဲလင်းအောင်က အသစ််ပြန်စချင်သည်၊ 
လောလောဆယ်ကို ကျေနပ်မူ့ မရှိလို့နေမှာဟု တွေးမိရင်း၊ ကျမ ကိုယ့်အကြောင်းကို ကိုယ်ပြန်လည်သုံးသပ် ကြည့်မိသည်၊ ဘယ်လိုမှ မထင်မှတ်တာတွေ ဖြစ်ခဲ့သည်၊ ချစ်သူနှစ်ဦး အတူနေရရင် ပျော်ရွင်ဖွယ်ဟုထင်မှတ်ခဲ့သည်၊ တကယ်တန်း လောကကြီးကို ရင်ဆိုင်ရသောအခါ မလွယ်ကူ့ခဲ့၊ ငါ့ဘဝပေးကံ ကြောင့်ဖြစ်ခဲ့တာကို ဘာလို့ကိုယ့်ချစ်သူကို ခံစားစေသလဲ၊ ငါခံစားသလို မဟုတ်တောင် တမျိုးတော့ ခံစားရမှာသေချာသည်၊ ရဲလင်းအောင်က အလျှော့ပေးခဲ့တာပဲ၊ မဟုတ်ဘူး ငါအဆင်သင့် မဖြစ်သေးပါဘူး ဆိုတာ သူဇွတ်လုပ်ခဲ့တာပဲ၊ ကျမ အတွေးတွေ လည်နေသည်။

မေမေကတော့ ပြောသည်၊ လင်မယားဖြစ်သွားပြီသမီး၊ လင်မယားလိုစဉ်းစား တွေးခေါ်၊ နှစ်ဘက်မျှတွေး၊ အေးအတူပူအမျှပေါ့တဲ့၊ အင်း အေးအတူပူအမျှဖြစ်ခဲ့ရဲ ့လား၊ ငါတို့ကချစ်သူဘဝကနေ လင်မယားဖြစ်ခဲ့တာ၊ တစ်ချို့တွေဆို မိဘပေးစားလို့ ၊ အောင်သွယ်ပေးလို့ လင်မယားဖြစ်ခဲ့ကြတာ၊ တစ်ကယ်တော့ သူစိမ်းတွေပဲ၊ 
သူ့အကြောင်း ကိုယ်မသိ၊ ကို်ုယ့်အကြောင်း သူမသိ၊ ဒီလိုနဲ့အဆင်ပြေနေကြတာများသား၊ ငါတို့လဲ အဆင်ပြေသွားမှာပါ။

အဲဒီလို အကြာကြီး စဉ်းစားပြီးနောက် ကျမ ရဲလင်းအောင်ကို နားလည်အောင် ကြိုးစားသည်၊ ရဲလင်းအောင်ဘက်က ပြန်တွေး ကြည့်ခြင်းဖြစ်သည်၊ ရဲလင်းအောင် ပေါ်ကျမအချစ်တွေ သေဆုံးခဲ့ပြီလား၊  ဒါမှမဟုတ် အချစ်ကျောက်ရုပ်ဖြစ်နေပြီလား၊  သေချာတာက ရဲလင်းအောင် ကျမအပေါ်နားမလည်၊ သူချစ်တာကို ကျမ မခံစားရ၊ ကျမအချစ်တွေ ပြန်လည်နိူးထ လာအောင် သူလုပ်ပေးရမည် မဟုတ်ပါလား၊ ကျမပဲ နားလည်ပေးလိုက်ပါသည်။

အဆင်ပြေသည်ဟု ဆိုရမလား ကျမတို ့နှစ်ယောက် အခန်းခွဲအိပ်သည်မှ လွဲလို့ တိုင်တိုင်ပင်ပင် ရှိလာသည်၊ ဒီကြားထဲ သာထက် အကူအညီနဲ့ ရဲလင်းအောင်ကို စင်္ကာပူက ဖုန်းနှင့် အင်တာဗျုးကြသည်။

ရဲလင်းအောင် စင်္ကာပူသွားမည့် ကိစ္စ ဖေဖေမေမေတို့နှင့် တိုင်ပင်ကြည့်ရာ၊ ‘လိုက်သွားသမီး နေရာသစ်မှာ သမီးပိုပြီး အဆင်ပြေသွားမှာပါ၊’ ဖေဖေကဆိုရင် ‘သမီးပျော်မယ်လို ့ ဖေဖေလုံးဝ ယုံကြည်တယ်၊ တစ်ခုခုဖြစ်ရင် ဖေဖေရောမေမေရော ချက်ချင်းထလိုက်လာမယ်၊’ ‘လိုက်သွားသမီး လင်နှင့်မယား ဆိုတာ အတူရှိတာ အကောင်းဆုံးပဲ’ ။
သြော် လင်နှင့်မယား ဆိုတော့
ရဲလင်းရေ ငါလိုက်ခဲ့မယ်၊ နင်ဘက်က သေချာပါစေ စီစဉ်လိုက်တော့။ ။

နောက်မှ သိရသည်မှာ၊ ကျမစိတ်ဖိစီးမူ့ သက်သာရစေရန် အတွက် ကျမမိဘတွေ ဆရာဝန်နှင့် တိုင်ပင်ကာ နေရာသစ်သို့ သွားစေခြင်းဖြစ်သည်၊ ရဲလင်းအောင်ကြောင့်မဟုတ်ချေ၊ ကျမကတော့ မျက်ရည်တိုက်ခန်းလေးနဲ့ ဝေးခဲ့ရသည်၊ အပြောင်းအလဲတွေပေါ့၊ ထိုအချိန်မှစ၍ ကျမဆရာဝန်များကို အယုံအကြည် သိပ်မရှိတော့ပေ။

You couldn't understand,
even if you tried,
the reason that she cries at night,
the reason she tries to hide.

Don't try to come close,
she'll just push you away,
there's something that you don't know,
words she couldn't say.

She tries with all her might,
to be herself around her loves,
but something doesn't feel right,
a sad heart that could not mend.

She pretends that she's strong,
a tough outer shell,
but there's always something wrong,
she's trapped in her Hell.

She wants to speak,
to tell you all the truth,
but she is way too weak,
broken without any glue.

Painfully shy;
the bird that couldn't fly.
Dying on the inside;
a body without a mind.

Maybe if you took the time,
find the person she tries to be.
Maybe if you looked inside,
you'd realize she is me.

တတိယပိုင်းပြီး၏











အဖြစ်အပျက်၊ နာမည်များ တိုက်ဆိုင်ခဲ့သော် တိုက်ဆိုင်မူ့သာဖြစ်ပါသည်။

 
 
Rebecca ၏ ကဗ်ာ

Friday, March 12, 2010

သွားလေ့ရှိသော နေရာများ





ခဏခဏရောက်တဲ့ မြို့ဒေသတွေမှာ အဲဒီမြို့ကိုရောက်ရင် သွားလေ့ရှိသော နေရာများ ရှိပါတယ်၊ ဘယ်မြို့ကိုရောက်ရင် ဘယ်နေရာကို သွားလိုက်ရမှ၊ အဲဒီနေရာကို မရောက်ရင် အဲဒီမြို့ဒေသကို မရောက်သလိုပါပဲ။ သွားလေ့ရှိသော နေရာများဟာ အဲဒီမြို့ဒေသရဲ့ နာမည်ကြီးနေရာတွေ ဖြစ်ချင်မှ ဖြစ်မှာပါ။ အဲဒီနေရာတွေကို ကိုယ့်ကြိုက်နှစ်သက်လို့၊ ကိုယ့်အတွက် စိတ်ရောလူရော သာယာကြည်နူး အေးချမ်းစေလို့၊ ကိုယ့်အတွက် အမှတ်တရဖြစ်စေလို့ သွားတာဖြစ်ပါတယ်၊ လူတစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်းမတူကြလို့၊ သွားလေ့ရှိသော နေရာများလဲ တူကြမှာမဟုတ်ပါဘူး။

ဂျပန်နိုင်ငံ တိုကျိုမြို့ကို အလုပ်သဘောအရ ခဏခဏရောက်ဖြစ်ပါတယ်၊ အလုပ်သဘောအရ ဆိုတော့သိတဲ့အတိုင်းပေါ့၊ ဂျပန်တွေနှင့် လုပ်ရတယ်ဆိုတော့ တစ်ခါတစ်လေ စိတ်ပင်ပန်းပါတယ်၊ အဲဒီအတွက် စိတ်အမောဖြေစရာ တိုကျိုမှာ သွားလေ့သွားထရှိတဲ့ နေရာလေးတွေ ရှိပါတယ်။

ညနေပိုင်းနှင့် ညပိုင်းအားရင် လမ်းဘေးသီချင်း၊ လမ်းဘေးအက၊ ဂီတတွေကို သွားပြီး ကြည့်ရှု နားထောင်တာပါပဲ၊ (Free entertainment)

သွားလေ့သွားထရှိတဲ့ နေရာတွေက ရှင်ဂျုကု shinjuku ၊ ရှီဘူရ Shibuya တို့ဖြစ်ပါတယ်၊
ဆန်းဒေးနှင့် ဆုံရင်တော့ ဟာရာဂျုကု Harajuku ထိရောက်ပါတယ်။
မနက်ပိုင်း အချိန်ရရင် ကာမာကူရ Kamakura ကိုသွားပြီး ဘုရားသွားဖူးပါတယ်၊ ရထားတော့ ရှည်ရှည်စီးပြီးသွားရသည်၊ ပထမဦးဆုံး သွားတဲ့အခေါက်က မှတ်မိစရာတွေဖြစ်ခဲ့ပါတယ်၊ ဂျပန်ကိုအရင်ရောက်နေတဲ့၊ သူငယ်ချင်းနှစ်ယောက်က လိုက်ပို့တာဖြစ်ပါတယ်၊ အပိုဧည့်သည်တစ်ယောက်လဲ ပါလာပါတယ်၊ သူငယ်ချင်းရဲ့သူငယ်ချင်း၊ ဂျပန်ကိုမကြာသေးမှီက ရောက်လာသူဖြစ်ပါတယ်၊ ကိုမိုးလို့ခေါ်ပါတယ်။


 မြန်မာတွေက ကာမာကူရ ဆင်းတုတော်ကြီးလို့ ခေါ်တဲ့ဘုရားဝင်းထဲရောက်ရော၊ အားလုံးကို ကိုမိုးက ဘိနပ်တွေချွတ်ခိုင်းပါတယ်၊ ဆင်းတုတော်ကြီး ဘုရားဝင်းထဲမှာ ဘိနပ်ချွတ်စရာမလိုပါဘူး၊ အဲဒီမှာ စကားများ ငြင်းခုံကြပါတယ်၊ နောက်ဆုံး ကိုမိုးတစ်ယောက်ထဲ ဘိနပ်ချွတ်ဝင်ပါတယ်၊ ဘုရားကိုယ်တော်ထဲဝင်တဲ့အထိပေါ့၊ ကျနော်တို့အပါအဝင် ဘုရားဖူးလာသူတွေ ဘယ်လိုပြောမလဲ၊ ခံစားလိုက်ရတာ တစ်ခုရှိပါတယ်၊ အဲဒါကတော့ ကိုမိုးရဲ့ခြေအိတ်က ထွက်လာတဲ့ ဆိုးဝါးတဲ့ အနံ့ပါပဲ၊ ဆောင်းတွင်းကြီးဆိုတော့ သူခြေအိတ် မချွတ်ပါဘူး၊ သြော် မြန်မာပီသမူ့၊ မြန်မာ့ယဉ်ကျေးမူ့ ထိန်းသိမ်းတာပေါ့။

တစ်နေ့တာ အစည်းအဝေးတွေ၊ ရှင်းလင်းပွဲတွေ အပြီး လမ်းဘေးသီချင်း ဂီတတွေ နားထောင်ပြီး refresh ပြန်လုပ်တာပါ၊ လမ်းဘေး entertainment တွေကို နေရာတော်တော်များများမှာ တွေ့ဘူးပေမဲ့ ဂျပန်ကို အကြိုက်ဆုံးပါပဲ၊ တကယ့် အနုပညာပါပြီး feel အပြည့်ဆိုတော့၊ ဂျပန်လိုနားမလည်ပေမဲ့ နားထောင်လို့ကောင်း၊ ခံစားလို့ရပါသည်။


အကြိုက်ဆုံး နေရာကတော့ ရှင်ဂျုကု ဘူတာကနေ တာကာရှီးမားရ ကို သွားတဲ့လမ်းဘေးနဲ့ စက်လှေခါးအဆင်း တို့ဖြစ်ပါတယ်။
ရှင်ဂျုကုမှာနေတဲ့ ဂျပန်က သူငယ်ချင်းတစ်ယောက်က အစပြုပေးလိုက်တာပါ။


Harajuku ဟာရာဂျုကု ကိုသွားရတာက လူငယ်လူရွယ်လေး တွေရဲ့အသစ်အဆန်း ပုံစံတွေ၊ ဖက်ရှင်လို့ ခေါ်မလား တွေကို ကြိုက်လို့ပါ၊ တစ်ခါတစ်လေ entertainment တွေတောင်ပါသေး၊ ဟာရာဂျုကု စတိုင်က ကမ္ဘာကျော် ဖြစ်ပါတယ်။


Mix and mismatch different fashions၊ ဒီအသစ်အဆန်း ပုံစံတွေကိုကြည့်ရင်း၊ အသွင်မတူစွာ ခံစားခြင်း၊ ဆန့်ကျင့်ဘက် ခံစားကြည့်ခြင်း၊ ထိုးဖေါက် ခံစားကြည့်ခြင်း ကို သဘောပေါက်လာပါတယ်၊
ဒါမျိုးကြီးပဲ လုပ်နေတာ၊ ဒီလိုမျိုးလုပ်ရင်မရဘူးလား ခွဲထွက်ကြည့်ပါတယ်။ Box ထဲကထွက်လာတဲ့ အတွေးတွေပါပဲ။


လူအများက ဒါပဲဒါပဲ လုပ်နေတဲ့ အခါ၊ တစ်ခြားဘက်က ဘာလဲဘာလဲ ဆိုပြီး မျှကြည့်တတ်လာတယ်။


နောက်ပြီး ဂျပန်လူငယ်တွေဟာ လွတ်လပ်စွာတွေးခေါ်ခြင်း၊ ခွဲထွက်စွာတွေးခေါ်ခြင်း နှင့် အမြင်သစ်၊ အသွင်သစ်တွေနဲ့ တီထွင်ကြံဆမူ့တွေဟာ ကျောင်းထဲ၊ စာသင်ခန်းထဲမှာတင် မဟုတ်ပဲ၊ လမ်းဘေးကလည်း စနိုင်တယ်ဆိုတာ လမ်းဘေးဂီတ၊ ဟာရာဂျုကု စတိုင် တွေက လေ့လာလိုက်ရပါတယ်၊ အကျိုးနှင့် အဆိုးကတော့ ဒွန်တွဲနေမှာပါ။



Harajuku, mixing different styles and mismatching colors and patterns is encouraged--you can do anything you want, as long as your outfit is a thoughtful expression of your individuality.
Harajuku style originated among teens on the streets near Harajuku Station in Shibuya, Japan. It may have been brought to many people's attention by American singer Gwen Stefani, but the evolution of the style certainly didn't begin with her and it certainly won't end with her. Like many "street fashions" it is difficult to characterize, both because it is constantly changing and because it has many manifestations. There is no cookie-cutter approach to the style, but if you want to dress in Harajuku style, there have some guidelines to get you started.




ဂျပန်ရောက်ရင် ဒုက္ခ သွားပေးတာကို သည်းခံသော သူငယ်ချင်းများ TAK,MKT & KKA တို့ကို ကျေးဇူးအထူးတင်ပါသည်။

တစ်ချို့ကို ဒီကယူသည် 

က

Friday, March 5, 2010

ဘုရားကြီးတခေါက်


မန္တလေး ရောက်ရင် ဘုရားကြီး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်တော့ တခေါက်ရောက်အောင်သွားသည်။ ဘုရားဖူးသွားရင်း၊ မရောက်တဲ့ ကာလအတွင်း ဘာများပြောင်းလဲသွားသလဲ လေ့လာလိုခြင်းဖြစ်သည်။


ရွှေတိဂုံ ရင်ပြင်ကတော့ ကျဉ်းကျဉ်း လာသည်၊ လူတစ်စုကြောင့်ဖြစ်သည်၊ နောက်ဆုံးအချင်းချင်း စာထုတ်ကြသည်၊ အကြီးဆုံးထိရောက်သည်ဆိုသည်၊ ဘုရားဖူးတွေအတွက် ခက်ခဲသလို ရင်ပြင် အလှကိုထိခိုက်စေသည်။

နံနက်မနိုးသော ကိုယ်အတွက် ဘုရားကြီးမျက်နှာသစ်တော်ချိန် ဘယ်တော့မှ မမှီ။
မနက် ၁၀နာရီ ကျော်ကျော် ရောက်သွားသည်၊ ဘုရားဖူး၊ ရွှေချ၊ တစ်ပတ်ပတ်၊ စောင်းတန်းလျှောက် လုပ်မည်ဟု အစီအစဉ်ဆွဲထားသည်။

ပထမဦးဆုံး ရွှေချရန် ရွှေဆိုင်းဝယ်သည်၊ ကပ်ရက်ခုံကိုသွားပြီး တံဆိပ်နှိပ်ရသည်၊ အဆိုင်း ၃ဝ ဝယ်လိုက်သည်၊ တံဆိပ်ဝယ်တုန်း နှိပ်လိုက်ရင်ရတာပဲ၊ အစဉ်အလာ ကိုမဖျက်ချင်တဲ့ သဘောများလား။
ဘုရားဝတ်ပြု ဆုတောင်းဆုယူပြုပြီး ရွှေချရန်ဘုရားဘက်ထွက်လာသည်၊
‘ဟို’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးချိန်းမှာ မို့လို့ပါ၊’
တစ်မိနစ်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချ လို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါသည်၊’
ကိုယ်လဲ ဘုရား ပေါ်တက်ပြီး ရွှေချသည်၊ ပထမ လက်ရုံးတော်၊ နောက်တော့ လက်တော် ချရန်အလုပ်၊
‘ဟာ’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွှေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးပြန်လာလို့ ပါ၊’
မိနစ်ဝက်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချလို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါသည်၊’
ကိုယ်ဘေးနားက ယိုဒယားနှစ်ယောက် နားမလည်၊ ဒါပေမဲ့ ဘေးကလူတွေ လုပ်တဲ့အတိုင်းလိုက်လုပ်သည်၊ နားလည်မူယူလိုက်ကြသည်၊
ရွှေချလို့ ကောင်းတုန်း နှစ်ရွက် သုံးရွက်ပဲကျန်တော့သည်၊
‘ဟော’ အသံကြီးနှင့် မီးပြတ်သွားသည်၊
‘ရွှေချမည့်သူများ ခဏ စောင့်ပါခင်ဗျား၊ မီးပြန်ပျက်သွားလို့ ပါ၊’ ‘မီးချိန်းမှာဖြစ်ပါတယ်၊ ခဏ စောင့်ပါခင်ဗျား၊’
တစ်မိနစ်လောက်ပဲကြာသည်၊ မီးပြန်လာသည်၊
‘ရွှေချလို့ ရပါပြီိ ခင်ဗျား၊ ကျေးဇူးတင်ပါတယ် ခင်ဗျား၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊’
ဒီလိုနဲ့  ရွှေချလို့ ပြီးသွားသည်၊ အောက်ဆင်း ဘုရားထပ် ဝတ်ပြုပြီး၊ မေတ္တာပို့ဖြစ်သည်၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ၊…….ကြပါစေ၊…….ကြပါစေ။

ပြီးနောက် ရင်ပြင်တော် တစ်ပတ်ပတ်သည်၊ သွားပွတ်သည်၊ ကြေးရုပ်ကြီးတွေကိုပြောတာပါ၊ ငယ်ငယ်ကတည်းက ပွတ်နေကြ၊ လက်နှင့်ပွတ်သည်၊ ပါးနှင့်ပွတ်သည်။ ဗိုက်မနာပါစေနဲ့ ၊ နှာမစီး ပါစေနဲ့ ။



တစ်နေရာတွင် အဆင့်မြင့် ရေအိမ်သာသို့ ညွှန်ပြထားသည်၊ အဆင့်မြင့် ကြပြီပေါ့ ၊ အောက်တွင်ဆော့ပန်နဲ့  ရေးထားသည် 'ရေသန့် သုံးသည်၊' အဆင့်မြင့်လှချည်းလား နောက်ထားတာလားတော့မသိ။
စောင်းတန်းလျှောက်ကြည့်သည်၊ စာအုပ်သုံးအုပ် ဝယ်ဖြစ်သည်။ ၄၇၀ဝ ကျသည်၊ ငါးထောင်တန်ပေးလိုက် သည်၊ ၃၀ဝပြန်းအမ်းမလားစောင့်နေသည်၊ မိန်းခလေးက ဟိုလိုလိုဒီလိုလိုနဲ့ ၊ ဒီနေ့ ကံမကောင်းပါလား၊ ရွှေချတုန်းကလည်း မီးပျက်၊ ကိုယ်ကပဲနားလည်မူ ယူလိုက်ပါသည်၊
‘ညီမပြန်းမအမ်းနဲ့ တော့၊’ ‘ဟုတ်ကဲ့ရှင့်၊’ ‘ဟုတ်ကဲ့ရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်’။
ကိုယ်ကိုတိုင်က နားမလည်တာဖြစ်မယ်။

သူငယ်ချင်းက ပြောတယ် မန္တလေးက ‘နားလည်မူ မြို့တော်’ ဖြစ်နေပြီ၊
ရုံးတွေသွားမလား၊ ကျောင်း တွေသွားမလား၊ ဆိုင်ထိုင်မလား………လား နားလည်မူနှင့် လုပ်/သွား။
ကားမောင်းရင်၊ ဆိုင်ကယ်စီးရင်၊ စက်ဘီးစီးရင်၊ နားလည်မူနှင့် မောင်း/စီး မှန်လို့  နားလည်မူလွဲလို့ ကတော့ တိုက်ပြီ၊ မှောက်ပြီ တဲ့၊
ဆိုင်ကယ်တွေကပိုဆိုး၊
သြော် ကြွပ်ကြွပ် အိတ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်ကြီးတွေနဲ့ 

နားလည်မူ မြို့တော်။ နားလည်မူ မြို့တော်။





ကြွပ်ကြွပ် အိတ်ကင်းစင်နယ်မြေ ဆိုင်းဘုတ်ကြီး

အိမ်ပြန်ကြပြီ




(နားလည်မူဆိုတာ……………………မရှိတာကိုပြောတာလား)